Wednesday, August 6, 2014

ရှစ်လေးလုံး၊ ပြည်ပ နဲ့ ကျွန်တော်

ရှစ်လေးလုံးနှစ်ပတ်လည်ရောက်ပြန်ပါပြီ။ အသက်ကိုပြောကြရင် ကျွန်တော်တို့က (၉ဝ) သမားတွေဆိုတော့ ၂ နှစ် ငယ်ကြတယ်။ ပြည်ပထွက်ရသူတယောက်ရဲ့ ဝေဒနာလေးတွေ နဲနဲလောက်ပြောပါရစေ။

ပြည်ပမှာ NLD ဖြစ်နေတာက တဝက်ကတော့ ကောင်းပြီး၊ ကျန်တဝက်က ကျွန်တော်တို့ကို ကြည့်မရကြဘူးနဲ့တူတယ်။ ပါတီဝင်ထဲကတချို့ကလဲ အနေမတတ်တာလေးတွေ ရှိတာကိုး။ အမှန်က NLD ဆိုတာ အရေးအခင်းကြီးထဲကနေ ဆက်ဖွဲ့လိုက်တာမို့ အစုံပါတယ်။ ဒါလဲ ဖြစ်ရမှာပါ။ ဆူကြုံနိမ့်မြင့် မခွဲရဘူးမဟုတ်လား။ ကျွန်တော်ကတော့ ပါတီထဲမှာ အထမ်းအပိုးလုပ်ရသူလဲ NLD လို့သဘောထားတာပါ။ ဒီမိုကရေစီဆိုပေမဲ့ NLD ဆန့်ကျင်ရေးသမားတွေနဲ့ အနှစ် ၂ဝ လက်တွဲခဲ့ရပါတယ်။

ပြည်ပမှာ ဆရာဝန်ဖြစ်နေတာကလဲ မကောင်းတဝက်၊ ကောင်းတဝက်ဘဲ။ ၁၉၈၈ ကာလမှာ ကျောင်းသားတွေ၊ လူငယ်တွေ အများစုက လက်ဝဲစာပေနဲ့ ရင်းနှီးပြီး၊ “ချေဂွေဗားရား” အတော်ကိုအားကျကြတယ်။ လက်ဝဲကိုလဲ တလွဲယူကြပုံရတယ်။ ဆင်းရဲမှလက်ဝဲ ထင်သူတွေလဲ ရှိတယ်။ မြို့ကြီးပြကြီးက တိုက်ခန်းမှာနေရပေမဲ့ တောထဲ တောင်ထဲမှာ နေရသလို နေပြတာက မွန်မြတ်တယ် ထင်ကြသူတွေရှိတယ်။ ကျွန်တော့် အသက်မွေးမှုက ဆရာဝန်ဆိုတော့ သူတို့အမြင်မှာ တမျိုးထင်ကြပုံရတယ်။ သူများလိုမနေတာက ထူးနေတယ်လို့အထင်ရှိကြတယ်။ ကျွန်တော်လဲ ကျောပိုးအိတ်တလုံးနဲ့ ထွက်ပြေးလာတာပါဘဲ။ နေတာထိုင်တာတော့ သန့်ရှင်းရေးစတာမျိုး ဂရုစိုက်တာပေါ့။ ဒီအစာမကျေရောဂါကိုလဲ ၁ဝ နှစ်လောက်စောင့်မှ ပျောက်တယ်။

ပြည်ပမှာ ဇာတိ၊ မျိုးရိုးနဲ့ လိင်ကို တမျိုးအထင်ခံရတာလဲရှိတယ်ဗျ။ ကျွန်တော်က ဗမာ၊ အညာသား၊ ယောက်ျား။ NGO တွေက တိုင်းရင်းသားမှ တိုင်းရင်းသား၊ အမျိုးသမီးမှ အမျိုးသမီး ဖြစ်နေကြတော့ ဗမာတွေ၊ ယောက်ျားတွေမှာ နေစရာ တကယ်မရှိကြပါ။ စစ်တပ်ကတော့ ဘယ်သူ့မှ ဘာကိုမှရွေးပြီး ဖိနှိပ်တာမဟုတ်ပါ။ တချို့ NGO တွေကလဲ ဗမာမဟုတ်ရင် ပြီးရောတဲ့။ ရွှေဗမာနှစ်ခါနာ ဖြစ်ရတယ်။

အပြင်မှာ အဲလို မလိုအပ်ဘဲအခွဲခံကြရတာကနေ နားလည်မှုရအောင် အနည်းဆုံး ၁၅ နှစ်ကြာခဲ့တယ်။ နောက်ပိုင်းမှာတော့ နည်းနည်းသက်သာလာပါတယ်။

ဒေါက်တာတင့်ဆွေ
၇-၈-၂ဝ၁၄

Read more...

ရှစ်လေးလုံး NLD နဲ့ ကျွန်တော်

“သဘိ-သဘိ မှောက်မှောက်”၊ “သဘိ-သဘိ မှောက်မှောက်”၊ ဆိုတဲ့သံပြိုင် ဟစ်ကြွေးသံတွေနဲ့အတူ ကျွန်တော်အိပ်ယာက နိုးလာခဲ့တာဟာ ၈-၈-၁၉၈၈ မနက်မှာဖြစ်ပါတယ်။

ကျွန်တော့်အကြီးဆုံးသားနဲ့ ထားဝယ် သတ္တုတွင်းတည်းခိုရိပ်သာမှာ တည်းခိုနေကြရချိန်ဖြစ်ပါတယ်။ အစိုးရဆရာဝန် ဖြစ်ကတည်းက အညာဒေသခေါ်တဲ့ စစ်ကိုင်းတိုင်းထဲမှာသာ တောက်လျှောက် တာဝန်ကျနေရာကနေ ထားဝယ်မြို့နယ်၊ ဟိန်းဇဲသတ္တုတွင်းဆရာဝန်အဖြစ်ရွေ့ပြောင်းခံရလို့ တာဝန်ထမ်းနေခဲ့တာ တပါတ်တိတိသာ ရှိပါသေးတယ်။ ထားဝယ်မြို့ထဲ လျှောက်ကြည့်ကြပါတယ်။ လူပေါင်းထောင်ချည်တဲ့ ဆန္ဒပြနေသူတွေထဲ ရောက်သွားလိုက်ကြ၊ ဘေးကနေလိုက်လိုက်ကြ။ ထားဝယ်စကားကို နားမလည်ပေမဲ့ ဖြစ်နေတာတွေမှန်သမျှ ဘာသာပြန်စရာမလိုဘဲ သိပါတယ်။

တနေရာမှာတော့ အလှူခံ လူငယ်တယောက်ရဲ့ ခွက်ဖလားထဲကို အကြီးဆုံးပိုက်ဆံစက္ကူတရွက် ထည့်လှူလိုက်ပါတယ်။ ကျွန်တော့ ရှစ်လေးလုံးအတွေ့အကြုံဆိုတာ ဒီလောက်သာရှိတယ် ပြောရမလားမသိပါ။ ဒါပေမဲ့ ကျွန်တော့်မိသားစု တခုလုံးကိုတော့ ရှစ်လေးလုံးအဖြစ်သနစ်ကြီးကနေ မထင်မှတ်တာတွေ၊ မမျှော်မှန်းတာတွေဟာ တသက်တာအတွက် ဆက်တိုက်ဖြစ်လာစေဘို့ သန္ဓေပေးလိုက်ပါတော့တယ်။

တိုင်းပြည်အခြေအနေတွေက အကြီးအကျယ်ပြောင်းလဲလာနေပါပြီ။ (မဆလ) အစိုးရ ဘယ်လိုမှလုပ်မရတော့ပါ။ ထားဝယ်လူထုကိုကြည့်ပြီး၊ အလုပ်ခွင်ရှိရာ ဟိန်းဇဲသတ္တုတွင်းကို ပြန်မသွားတော့ဘို့ ဆုံးဖြတ်လိုက်ပါတယ်။ ကိုယ်ပိုင်ပစ္စည်းလေးတွေ ဒီအတိုင်းထားခဲ့တယ်။ အစိုးရအလုပ်ဆိုတာလဲ ကမ္မသကာ။ လစာ၊ ပြောင်းရွေ့ခရီးစရိတ်လဲ နောင်ခါလာနောင်ခါဈေး။ ကိုယ်လိုပဲ ရှစ်လေးလုံးကနေ ဘဝကို သွက်သွက်ခါ အပြောင်းခံရသူတွေ ထုနဲ့ဒေးရှိပါတယ်။

ထားဝယ်ကနေ မိသားစုရှိရာ မုံရွာ-ပုလဲပြန်ဘို့ ရန်ကုန်ကို လေယာဉ်စီးပြီးမှ မီးရထားနဲ့ သွားရမယ်။ ထားဝယ်ကနေ လေယာဉ် မထွက်တော့ပါ။ လေဆိပ်ကို ၃-၄ ရက် သွားစောင့်ကြရတယ်။ လေယာဉ်ကို လှမ်းမြင်နေရပေမဲ့ အောက်မဆင်းလို့ ပြန်လာရတယ်။ နောက်ဆုံးတော့ ထိုင်ခုံနှစ်နေရာရလို့ မြန်မာ့လေကြောင်းကို ကျေးဇူးတင်ပါတယ်။ ရန်ကုန် မင်္ဂလာဒုံလေဆိပ်ကနေ မြို့ထဲသွားဘို့ တက်စီမရှိပြန်ပါ။ ဟိုမေးသည်မေး၊ နောက်ဆုံး ကားကြုံတစီးရပါတယ်။ အလွန်ကျေးဇူးတင်ပါတယ်။ ရှစ်လေးလုံးမှာ ဘယ်သူဘယ်ဝါတွေကနေ ကိုယ့်ကိုကျေးဇူးပြုခဲ့သလဲလို့ မသိနိုင်တာ စိတ်မကောင်းပါ။ စစ်ထောက်လှမ်းရေးက လူမသိအောင်နှိပ်စက်သတ်ဖြတ်တဲ့အချိန်မှာ ရိုးစဉ်းတဲ့လူတွေကလဲ လူမသိအောင် အချင်ချင်း ရိုင်းပင်းကူညီကြပါတယ်။

တည်းခိုမဲ့ စမ်းချောင်းရောက်အောင် သစ်ပင်တွေ၊ အတားအဆီးတွေ အများကြီးကို ကျော်လွှားကြရတယ်။ တည်းမဲ့အိမ်က မိတ်ဆွေဖြစ်သူ မြို့နယ်ကောင်စီက ဗိုလ်မှူးတဦးအိမ်။ တခြားလဲ အဆင်ပြေတာမရှိပါ။ အိမ်ရှေ့ဝရန်တာ ထွက်ပြီး နေရှင်နယ် ဓါတ်ခဲ ၂ လုံးသုံးရေဒီယိုကို လက်ကမချအောင် သတင်းနားထောင်ရတယ်။ BBC နဲ့ AIR က အဲဒီကာလမှာ ပေါ်ပြူလာအဖြစ်ဆုံးပါ။ ရေဒီယိုနားထောင်တာမှန်ပေမဲ့ စစ်ဗိုလ်အိမ်မှာတည်းနေတာမို့ လမ်းပေါ်ကလူတွေက ထောက်လှမ်းရေးလား အထင်မှားကြတာကို သိလာတော့မှ ဆင်ခြင်ရပါတော့တယ်။

ရန်ကုန်-မန္တလေး မီးရထားလဲ မပြေးပါ။ ၄-၅ ရက်စောင့်ရပြီးမှရတယ်။ နောက်ဆုံးမှာတော့ ၁၅ နှစ်တိတိ တာဝန်ထမ်းခဲ့တဲ့ အစိုးရအလုပ်ကို တကယ့်ဖေါင်ဖျက်သလို နောက်ကြောင်းမကြည့်ဘဲ မိသားစုရှိရာ စစ်ကိုင်းတိုင်း၊ ပုလဲမြို့ကို ပြန်ရောက်ပါတော့တယ်။ မိသားစုပြန်လည်ပေါင်းဆုံမှုကိုလဲ နောင်မှာတခါထပ်ကြုံရပြန်ပါတယ်။ ဖေါင်ဖျက်ရတာလဲ သည်တခါထဲမဟုတ်တာကို နောက်မှသိရပါတယ်။

မြို့က သေးပေမဲ့ ပုလဲမှာလဲ ရှစ်လေးလုံး လှုတ်ရှားမှုတွေဖြစ်ပါတယ်။ လူဦးရေကနည်းတော့ ဘယ်သူဘယ်ဝါ မသိမရှိကြပါ။ အစိုးရဝန်ထမ်းတွေလဲ လမ်းပေါ်ထွက်အော်တယ်။ ကျွန်တော်က အစိုးရအလုပ်ကို မထွက်ရသေးပါ။ ဆန္ဒပြသူတွေအတွက် ကိုယ့်ဖါကိုယ် ကြက်ခြေနီအဖွဲ့လုပ်ပြီး ကူညီရပါတယ်။ နောက်တက်လာတဲ့ စစ်အစိုးရကနေ ကြက်ခြေနီအဖွဲ့ကို သူတို့ရဲ့ အရံအင်အားအဖြစ်သာ အသုံးချခဲ့တာကို တွေ့မြင်ရတော့ အတော်စိတ်နာပါတယ်။

သားတွေကလဲ သူတို့နည်းသူတို့ဟန်တွေနဲ့ လုပ်ကြတယ်။ မခိုင်းရပါ။ ကျွန်တော့်ကိုလဲ ဘယ်သူကမှ လာမခိုင်းပါ။ စစ်အစိုးရကနေဝါဒဖြန့်တဲ့ ရှစ်လေးလုံးဖြစ်အောင် နောက်ကနေသွေးထိုးသူဆိုတဲ့ (ဗကပ) ဆိုတာကို ကျွန်တော် တစွန်းတစမှ မသိသေးချိန်ကပါ။

စစ်တပ်ကအာဏာသိမ်းလိုက်ပါပြီ။ NLD ဖွဲ့ပါပြီ။ NLD စီအီးစီ (ကွယ်လွန်သူ) ဆရာမောင်သော်က ပုလဲအထိ ရောက်လာပါတယ်။ ကျွန်တော် အစိုးရဆရာဝန်အလုပ်က မထွက်ရသေးလို့ သူ့စကားဝိုင်းမှာ မပါနိုင်ခဲ့ပါ။ ဒါပေမဲ့ ပုလဲမှာ NLD ဖွဲ့ဘို့လုပ်ကြတော့ ကျွန်တော့်အိမ်က လူမသိစေတဲ့ဌာနချုပ်ဖြစ်လာပါတယ်။

အစိုးရဝန်ထမ်းမှန်သမျှ အရင်က (မဆလ) ထဲမဝင်ရင် ရာထူးမတိုး၊ ပစားမပေးခဲ့ရာကနေ ရှစ်လေးလုံးတန်ခိုးနဲ့ နိုင်ငံရေး မလုပ်ရဖြစ်လာပါတယ်။ (မဆလ) ကံမကောင်းပေမဲ့ ကျွန်တော်ကံကောင်းပါတယ်။ နိုင်ငံရေးလုပ်ချင်ရင် အစိုးရ အလုပ်ကနေ ထွက်ပါတဲ့။ အဲဒီခေတ်မှာက ဆရာဝန်အလုပ်ရဘို့ထက် ထွက်ဘို့ကပိုခက်ပါတယ်။ ရန်ကုန်ကိုဆင်းပါတယ်။ ကျန်းမာရေးဦးစီး ညွှန်ချုပ်ရုံးသွား အလုပ်ထွက်စာတင်ပါတယ်။ တပါတ်သာကြမယ်ထင်ပါတယ်။ ထွက်ခွင့်ရပါတော့တယ်။ ဒီအတွက်တော့ကျေးဇူးပါ စစ်အစိုးရခင်ဗျား။

ရှစ်လေးလုံး အရေးအခင်းကြီးကနေ NLD ကို ဖွဲ့စည်းစေဘို့ဖြစ်လာတယ်ဆိုတာ အမှန်ပါ။ ရှစ်လေးလုံးအရေးအခင်းနဲ့ NLD မှာ ဆင်တူတာတွေရှိပါတယ်။ လူပေါင်းစုံပါတယ်။ ပညာအခြေခံအမျိုးမျိုး၊ ပရိဒေသနအမျိုးမျိုး၊ အတွေးအမြင်အမျိုးမျိုး၊ လိုအင်ဆန္ဒအမျိုးမျိုးတွေလာပြီး စုဝေးတဲ့နေရာအတူတူဖြစ်တယ်။ ၂၅ နှစ်အကြမှာအထိ သံမှိုနှက်ထားသလို ဆက်ပြီး မြဲခိုင်နေသူတွေ ရှိသလို၊ ဘဝအမျိုးမျိုးကို ဖြတ်ကျော်ပြီးသကာလ ရောက်ရာကနေ ဆက်ပြီးသံယောဇဉ်းကြီးနေသူတွေလဲ ရှိတယ်။ ဖါသိဖါသာသမားတွေလဲ မရှားဘူး။ အချိန်ကာလဒဏ်၊ နိုင်ငံရေးဒဏ်တွေ ထုထောင်းခံရလို့ ကျေမွသွားသူတွေ၊ ပန်းပဲဖိုမှာ မီးထဲကဆယ်ပြီး ပေပေါ်မှာထုရိုက်ထားလို့ သံကောင်းကောင်းတွေဖြစ်လာသူတွေလဲ မရှားပါ။ သေခွဲခွဲကြရသူတွေ အများကြီးရှိနေပါပြီ။

NLD မှာ မျိုးဆက်သစ်ဆိုသူတွေ မနည်းမနောရှိလာပါပြီ။ ရှစ်လေးလုံးမှာတော့ အသစ်ဆိုတာ မရှိပါ။ အဟောင်းသည်သာ အမာခံဖြစ်တယ်။ သမိုင်းရေးသူတွေ ဖြစ်ကြတယ်။ သမိုင်းကောင်းအမွေ ဆက်လက်ပေးနိုင်ကြပါစေ။

ဒေါက်တာတင့်ဆွေ


Read more...

Elementary politics သူငယ်တန်းနိုင်ငံရေး

• နိုင်ငံရေး ရေးကြ၊ ပြောကြ၊ ဟောကြတယ်။ ပညာရှင်တွေဆီကအသံတွေပါ ထပ်ထွက်လာတာ သတိထားမိတယ်။ အဖြူတွေရော၊ တိုင်းရင်းဖြစ်တွေပါရေးတာတွေ့ရတယ်။ သီအိုရီတွေ၊ ဝေါဟာရတွေလဲပါတယ်။ မျှဝေပေးသူတွေရေးတဲ့ ဗမာစာထဲမှာ ဗိုလ်လိုသုံးတာတွေလဲညှပ်ပါတာတွေ့ရတယ်။
• ရေးတာတွေ၊ ပြောတာတွေကို မလိုက်နာကြလို့လားတော့မသိပါ၊ မြန်မာ့နိုင်ငံရေးဟာ နှစ်အစိတ်ကြာတော့လဲ ဒုံရင်းဘဲရှိသေးတယ်။
• ခက်ခဲတာတွေ၊ မြင့်လွန်းတာတွေ၊ ပညာရှင်ဆန်တာတွေကို ဘေးဖယ်ထားသင့်တယ်လို့ သိလာတယ်။ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့နိုင်ငံရေးဟာ ရိုးရှင်းလွန်းပါတယ်။
• အုပ်စိုး၊ အနိုင်ယူ၊ လူလည်ကျနေသူတွေက လူတွေထဲကဘဲ။ အတ္တကြီးတယ်။ ငါ့ဘို့သာလုပ်တယ်။ ငါမိသားစုနဲ့ ငါ့ဆွေမျိုး၊ ငါနဲ့ ငါ့လူတွေအတွက်သာ ဦးစားပေးလုပ်တယ်။ ကြားကောင်းအောင်တော့ပြောမယ်။ ဝါဒဖြန်ချိရေး လုပ်မယ်။
• လုပ်နိုင်စွမ်းကလဲ အုံနဲ့ကျင်းနဲ့ ဖွဲ့ထားပြီးသားဆိုတော့ အနှစ် ၅ဝ ကလုပ်နေကြအတိုင်းဘဲ၊ ၂၅ နှစ်မှာလဲ လုပ်နေကြတာဘဲ။
• သူတို့ဘက်မှာလဲ၊ လူလိုဘွဲ့တွေ၊ ရဟန်းလိုဘွဲ့တွေ၊ ဒေါက်တာဘွဲ့တွေ ရထားသူတွေက မနည်းပါ။
• မြန်မာ့နိုင်ငံရေးနားလည်ဘို့ရာ ပီအိတ်ခ်ျဒီဘွဲ့ မလိုပါ။ လမ်းပေါ်ကလူတွေသိသလို ရိုးရိုးရှင်းရှင်းနဲ့ ‘ပြောင်းတာမရှိ၊ ကောင်းလာတာမရှိ၊ တိုက်တိုက်တွန်းတွန်း ဝိုင်းဝန်း လုပ်ကြရမယ်’ လို့သာသိရပါမယ်။

ဒေါက်တာတင့်ဆွေ
၃-၇-၂ဝ၁၄

Read more...

Easy-going အလွယ်ခေတ်

• ကျွန်တော်က ပြည်ပမှာ ပြည်ပြေးဘဝနဲ့နေရဆဲဖြစ်ပါတယ်။ ခက်ခဲလွန်းတဲ့ကာလတွေတုံးကလဲ အဖွဲ့အစည်းမှာ ပြည်တွင်းဆက်သွယ်ရေးကို တာဝန်ယူခဲ့ရပါတယ်။ နည်းနည်းလွယ်လာတော့ အထဲကလူတွေလာတိုင်း သွားတွေ့တယ်၊ အိမ်ကိုလဲဖိတ်ပါတယ်။ အခြေအနေအမှန်ကို သိချင်လို့ပါ။
• မခုလို အထဲ-အပြင် သွားရလာရတာလွယ်ကူလာတော့ ပိုသိလာရတွေက ကျေးဇူးကြီးပါတယ်။
• ကျွန်တော် လက်လှမ်းမီသူတွေက အတန်းအစားစုံပါတယ်။ နိုင်ငံရေးနယ်ပယ်မှာ ထဲထဲဝင်ဝင် လုပ်နေသူတွေ၊ နိုင်ငံရေးနဲ့ မဆိုင်သူတွေလဲပါတယ်။
• ‘ဖေ့စ်ဘွတ်’ ခေတ်စားလာတော့ ဆက်သွယ်မှုတွေက သိပ်လွယ်တယ်။ ဒါပေမဲ့ ‘ဖေ့စ်ဘွတ်’ ရဲ့ အားနည်းချက်က သိတာ၊ ကြားတာကို တခါတည်း တန်းတင်ကြ၊ ရေးကြတာက များလှတယ်။ တန်းယုံကြရင် မမှန်တာတွေပါတယ်။ များများဖတ်တော့ နည်းနည်း ပိုသိလာရတယ်။ ဒါလဲ တကယ့်အမှန်ဆိုတာ ဝေဝါးနေသေးတာတွေ ရှိတာဘဲ။
• နောက်ပြီး ‘အဖြူနဲ့အမဲ’ နှစ်မျိုးကသိသိသာသာများတယ်။ အကြောင်းအရာတခုမှာ ကြိုက်-မကြိုက်၊ ကောင်း-ဆိုး၊ ဒီနှစ်မျိုးကို တန်းခွဲခြားလိုက်တယ်။ မရုန့်မလွန်နည်းတယ်။ ဆင်ခြေတွေ၊ အကြောင်းပြချက်တွေပါပေမဲ့ တချို့ကိုတော့ ကျွန်တော် သဘောမတူနိုင်ပါ။
• ရေဒီယိုတွေနားထောင်ရတာက အမှားနည်းတယ်။ အမြဲတန်း အမှန်ချည်းတော့ မဟုတ်ပြန်ပါ။
• အမှန်-အမှားပြဿနာအပြင် ရှုတ်ထွေးအောင်၊ လမ်းလွဲအောင်လုပ်တာကလဲ ရောပါနေသေးတယ်။
• ဒါကြောင့် ဘာကိုမှမယုံရဘူး၊ မဖတ်ဘဲနေတာကောင်းမယ်တော့ မထင်သင့်ပါ။ ကိုယ်ခံအားကောင်းနေရင် သူများတွေညာတာ၊ ဆွဲဆောင်တာကိုမခံရပါ။ ဒီလိုပြောတာကလွယ်ပေမဲ့ လက်တွေမှာကခက်လှတယ်။
• သိရသလောက် ‘ဖေ့စ်ဘွတ်’ ကို ‘စမတ်ဖုန်း’ ကနေ သုံးနေကြတော့ ခေါင်းစဉ်လောက်နဲ့ပြီးကြသူက များပုံရတယ်။
• ဖတ်ရတာ၊ မြင်ရတာကို လွယ်လွယ်လေးနဲ့ ယုံလိုက်ကြတယ်။ ရေးတာသားတာကိုလဲ လွယ်လွယ်နဲ့ မြန်မြန်သာလုပ်လာရတော့တယ်။ ရေးထားတဲ့ စာလုံးပေါင်းအမှား၊ သတ်ပုံအမှား၊ အကြောင်းအရာအမှားတွေနဲ့ နေ့ပြန်ညပြန် နပမ်းလုံးနေကြရတဲ့ဘဝ ရောက်နေကြတယ်။
• ‘အင်တာနက်’ နှေးတဲ့၊ ခက်တဲ့ကြားမှာ နားလည်မှုနဲ့ စိတ်လှုပ်ရှားမှုမှာတော့ ‘အလွယ်ခေတ်’ ကို ရောက်နေတယ်။ လွယ်တိုင်း မကောင်းပါ။
• မြန်မာပြည်မှာ လွယ်သင့်တာကခက်နေပြီး၊ မလွယ်သင့်တာက လွယ်လွန်းနေတယ်။

ဒေါက်တာတင့်ဆွေ
၅-၈-၂ဝ၁၄

Read more...

Naming နာမည်ယူခြင်း

• ကျန်းမာရေးမေးလာသူတွေက ‘အီးမေးလ်’ သုံးပြီး၊ ‘ဖေ့စ်ဘွတ်’ သုံးပြီးမေးတဲ့ မေးခွန်းတွေကို ဖတ်ရတာ ကြာလာတော့ ‘အိုင်ဒီ’ ကိုမြင်တာနဲ့ သူတို့ရဲ့ ပြဿနာ၊ အခက်အခဲတွေကို မှန်းလို့ရသလိုဖြစ်လာတယ်။
• လူနာမည်မှည့်တာမှာ “ပညတ် (ပြစ်ညတ် လို့ဖတ်ပါ) သွားရာဓါတ်သက်ပါ” ဆိုတဲ့စကားရှိတယ်။ အသက်ရှည်စေချင်လို့ပေးတဲ့နာမည်၊ ခွန်အားကြီးစေချင်လို့ပေးတဲ့နာမည် စသဖြင့်။ ဥပမာ ကျွန်တော့်ဇနီးကို သူ့အရင်မွေးတဲ့သားသမီးတွေ အဖတ်မတင် (အသက်မရှည်) ကြလို့ ‘တင်တင်’ လို့မှည့်တယ်။ ကောလိပ်ကျောင်းသူဖြစ်တော့ သူကြိုက်တဲ့နာမည်ပြောင်းတယ်။ ခုထိအသက်ရှည်ပါတယ်။
• အဆင်မပြေသူတွေမှာတော့ မှန်းချက်နဲ့နှမ်းထွက်မကိုက်ကြပါ။ ‘မောင်ဗလ’ ခင်မြာ ပိန်ချိချိဖြစ်နေရတာမျိုး၊ ‘မဖွေးဖြူ’ က အညာသူလို ညိုတိုတိုဖြစ်နေတာမျိုး။
• နိုင်ငံရေးထဲမှာလဲ ထူးခြားတာတွေရှိတယ်။ ဗခကနေဝင်း စစ်အာဏာသိမ်းတော့ ‘တော်လှန်ရေးကောင်စီ’ ဆိုပြီးဖွဲ့တယ်။ အဲဒီခေတ်က ‘တော်လှန်ရေး’ ဆိုတဲ့ဝေါဟာရ ခေတ်စားတယ်။ နောင်နှစ်တွေအတော်ကြာအထိ (အခုထိ) တော်လှန်ရေးအသုံးက သည်းခြေကြိုက်တုံးဘဲ။ ငြိမ်ချမ်းရေးဆွေးနွေးပွဲအဆင့်တခုမှာ ‘တော်လှန်ရေး အင်အားစု’ ဆိုတာကို အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကြား ဆွေးနွေးနေရတယ်။
• ‘ပရိုဂရက်ဆစ်’ ကိုဘာသာပြန်ထားတဲ့ ‘တိုးတက်သော’ ဆိုတဲ့အသုံးလဲ ခေတ်စားခဲ့သေးတယ်။ လက်ဝဲအယူအဆ သဘောကျသူတွေကို နာမည်နဲ့ သိနိုင်တယ်။
• ၁၉၈၈ နောက်ပိုင်းမှာ All Burma ‘အောလ်ဘားမား’ ဆိုတာက ခေတ်သုံးအဖွဲ့နာမည်ဖြစ်လို့ AB နဲ့စတဲ့အဖွဲ့တွေ မှိုလိုပေါက်လာကြတယ်။ ဒါပေမဲ့ ABSDF ‘အေဘီအက်စ်ဒီအက်ဖ်’ တဖွဲ့သာ အခုထိထင်ထင်ရှားရှား ကျန်တယ်။
• ကျန်းမာရေးမွေးခွန်းတွေမေးကြတာထဲမှာ စိတ်လှုပ်ရှားမှု (ကဗျာဆန်ဆန်လို့ အရင်ကပြောတာမျိုး) နဲ့ ‘အီးမေးလ်’ နာမည် သုံးကြသူတွေကနေမေးရင် ကျား-မ ဆက်ဆံရေးမေးခွန်းတွေ၊ သူများမသိစေချင်တာမျိုးတွေများတယ်။ ပုံမှန်မဟုတ်တာတွေလဲလာတယ်။ အရက်သေစာ၊ မူးယစ်ဆေးဝါးနဲ့လဲ ဆိုင်နေတတ်တယ်။ ယောက်ျားတွေရော မိန်းကလေးတွေပါ အတူတူဘဲ။
• နမူနာတွေပေးစရာ အများကြီးရှိတယ်။ ဒါပေမဲ့ ကိုယ်တိုင်ထားတဲ့စည်းကမ်းအရ အတွင်းရေးကိစ္စမျိုးကို သူများတွေကိုသိအောင် ထုတ်မပြောချင်ပါ။
• ရိုးရိုးမဟုတ်ဘဲ အဆန်းထွင်ကြတယ်။ ခေတ်အလျှောက် သစ်ဆန်းကြတာ ကောင်းပါတယ်။ ဒါပေမဲ့ လူကြည့်တာနဲ့ ဘယ်လိုလူစားဆိုတာ အကဲဖြတ်တဲ့ ‘အင်္ဂဝိဇ္ဇာ’ လိုဘဲ၊ နာမည်ကနေ အတွင်းရောဂါကို ပြောနေတယ်လို့ ဆရာဝန်တောင်မှ ‘ကင်ပွန်းဝိဇ္ဇာ’ လုပ်လို့ရလာတယ်။
• တချို့နာမည်တွေက ဘယ်လိုမှ အဓိပ္ပါယ်မရှိတာတွေ၊ အဆီအငေါ်မတည့်တာတွေလဲ တွေ့ရတယ်။
• မိဘတွေပေးတဲ့နာမည်တွေကို ချစ်တတ်ကြပါစေ။ ကိုယ်တိုင်ရွေးရင်လဲ တည်တည်တန့်တန့်ဖြစ်ပါစေ။
• “နာမည်နဲ့လူနဲ့မလိုက်ဘူး” ပြောခံရတာမျိုးရှိတယ်။ ကျန်းမာရေးမှာတော့ တချို့နာမည်နဲ့လူနဲ့လိုက်နေတာက ကောင်းတာမဟုတ်ပါ။

ဒေါက်တာတင့်ဆွေ
၆-၈-၂ဝ၁၄

Read more...