Wednesday, April 30, 2014

Two birds ကျေးသားညီနောင်

• ‘ကင်းဝန်မင်းကြီး’ ကိုရေးတော့ မှတ်ချက်လေးတွေပေးကြသူတွေကို ကျေးဇူးတင်ပါတယ်။
• မင်းတိုင်ပင်ဘုန်းကြီးကျောင်းထဲက အုတ်ချောဂူ ၂ ခုက ချင်ပြစ်တိုက်ပွဲမှာကျသွားတဲ့ အင်္ဂလိပ်စစ်ဗိုလ်တွေကို မြှုပ်ထားတာဖြစ်ပါတယ်။
• ကင်းဝန်မင်းကြီးအကြောင်း စာအုပ်ရေးစေချင်တယ်လို့ အကြံပြုတာဖတ်ရပါတယ်။ ကျွန်တော်က သမိုင်းသမား မဟုတ်ပါ။ သမိုင်းကိုဖတ်တဲ့သူသာဖြစ်တယ်။ အမျိုးမစပ်သူတွေကနေရေးတာ ပိုသင့်မြတ်မယ်ထင်ပါတယ်။ ညှာစရာ၊ သာစရာမလိုပါ။

• မင်းတိုင်ပင်ရွာက ဦးကောင်း ကောင်းမှုဘုန်းတော်ကြီးကျောင်းပုံ တနေ့က ရထားတာ ပြန်ရှာမရသေးလို့။ ကျွန်တော်ငယ်ငယ်က ဆော့ကစားဘူးတဲ့နေရာလေးပါ။ မယ်မင်းဆီ အုတ်ဂူလေးလဲ ခြုံနွယ်တွေကြားထဲမှာ ငယ်တုံးက သွားကြည့်ဘူးသေးတယ်။ ယက်သွား (ရက်ကန်းသုံး) ရောင်းခဲ့တဲ့အမျိုးကလို့လဲ သိရပါတယ်။
• ကျွန်တော့်အမေရဲ့ အဖေ ဦးထင် က မင်းတိုင်ပင် တိုက်နယ်သူကြီး။ သူဆုံးတော့ မုံရွာမှာပါ။ ဆောင်းတွင်းမှာ ကျွန်တော့်အစ်ကိုကြီးနဲ့ နှစ်ယောက်သား သစ်ကိုင်းခြောက်လေးတွေကို ဘကြီးမီးလှုံဘို့ ဆွဲယူသွားခဲ့ကြရတာ မှတ်မိနေသေးတယ်။

• ဗခက ခင်ညွန့်ကနေ ဗခ ကျော်ဆန်း လက်ထောက်ချလို့ ပုလဲမြို့နယ်၊ မင်းတိုင်ပင်ရွာ ဘုန်းကြီးကျောင်းကနေ ကင်းဝန်မင်းကြီး ဦးကောင်းရဲ့ အသုံးအဆောင်တွေ ယူသွားခဲ့သေးတယ်။
• ကြေးကုတင်ကြီး၊ ပေပုရပိုက်တွေ၊ ပြင်သစ်ကလာတဲ့ တိုင်ကပ်နာရီမျိုးစုံ၊ စတာတွေထဲက ဘယ်လောက် ယူသွားလဲ မသိသေးပါ။ ကျပ်သိန်း ၄ဝ ပြန်လှူခဲ့တယ်လို့လဲ ပြောသံကြားတယ်။
• အဲဒီတုံးက ဗခ ကျော်ဆန်းက ကုန်သွယ်ရေး ဒုဝန်ကြီးပါ။ ဒိနောက် ပြန်ကြားရေးဝန်ကြီးဖြစ်လာတယ်။
• ရှေးဟောင်းပစ္စည်းတွေယူသွားလို့ ဗခ ကျော်ဆန်း ၂ဝ၁ဝ ရွေးကောက်ပွဲ စည်းရုံးရေးလာစဉ်က လူငယ်တွေကနေ ကန့်ကွက်လဲရှိတယ်လို့ ကြားမိသေးတယ်။

• အခုသမ ဝန်ကြီးဦးကျော်ဆန်းလဲ ကင်းဝန်နွယ်ထဲကပါ။ ကျွန်တော်နဲ့ ၂ ဝမ်းကွဲတော်တယ်လို့ သိတာ တနှစ်လောက် ရှိသေးတယ်။ အမတယောက် ဘုရားဖူးလာရင်း အမျိုးစပ်ပြလို့သာ သိပါတယ်။
• သူနဲ့ကျွန်တော်က DSA 11 ကို အတူသွားဖြေကြတာပါ။
• ကျေးသားညီနောင်ပုံပြင်ထဲကလို ဆင်ပါတယ်။ သူကပြန်ကြားရေးဝန်ကြီးလုပ်နေတုံးမှာ ကျွန်တော်ကလဲ NCGUB အဝေးရောက်အစိုးရမှာ ပြန်ကြားရေးတာဝန်နဲ့ပါဘဲ။ သူက နန်းတော်ထဲရောက်သွားပြီး၊ ကျွန်တော်ကတော့ မြိုင်ရပ်နှင်ခံရတာဘဲ ကွာတယ်။

Dr. တင့်ဆွေ
၃ဝ-၄-၂ဝ၁၄

Read more...

Mongoloid မွန်ဂိုလွိုက်

• ‘မွန်ဂိုလွိုက်’ ဆိုတာ လူမျိုးနွယ်စုတခုဖြစ်တယ်။ အရှေ့အာရှ၊ အရှေ့တောင်အာရှ၊ ဆိုက်ဘေးရီးယား၊ အားတစ်ဒေသ၊ တောင်အမေရိက၊ အမေရိကန် (ဌာနေ)၊ ပစိဖိတ်ကျွန်းစုတွေမှာ နေကြတယ်။
• Human species လူသားမျိုးနွယ် အားလုံးရဲ့ ၃ ပုံ ၁ ပုံကျော်ရှိတယ်။
• Mongol စာလုံးကို နောက်ဆက် -oid ထည့်တဲ့သဘောက Mongols တွေနဲ့ ဆင်တူတယ်လို့ အဓိပ္ပါယ်ရတယ်။
• ဒီအသုံးကို နောက်ပိုင်းမှာ သိပ်မတိကျလို့ Forensic anthropologists တွေထဲမှာ လက်မခံချင်ကြသူတွေ ရှိလာတယ်။

• Major Divisions of the Human Race လူသားမျိုးနွယ်ထဲမှာ အဓိက (၃) မျိုး ရှိတယ်။ အောက်မှာ Subgroups ထပ်ခွဲထားတာတွေကလဲ အမျိုးပေါင်း ၃ဝ လောက် ရှိသေးတယ်။
(၁) Konversationslexikon of 1885-90
1. Caucasian races (Aryans, Hamites, Semites)
2. Mongolian races (northern Mongolian, Chinese and Indo-Chinese, Japanese and Korean, Tibetan, Malayan, Polynesian, Maori, Micronesian, Eskimo, American Indian),
3. Negroid races (African, Hottentots, Melanesians/Papua, “Negrito”, Australian Aborigine, Dravidians, Sinhalese)
(၂) နောက်ထပ်ခွဲခြားထားနည်းတခုက (၄) မျိုးဖြစ်တယ်။ Carleton S. Coon in 1962
1. White/Caucasian
2. Mongoloid/Asian
3. Negroid/Black
4. Australoid

• ဆေးပညာမှာ ဥာဏ်ရည်နိမ့်တဲ့ မွေးရာပါ Down's Syndrome ‘ဒေါင်းဆင်ဒရုမ်း’ ရောဂါရှိသူတွေကို ဖေါ်ပြရာမှာလဲ သုံးတယ်။

ဒေါက်တာတင့်ဆွေ ၃ဝ-၄-၂ဝ၁၄

Read more...

Schools not jails ကျောင်းတော်သာအမိ၊ ကျောင်းတော်သာအဖ

• ထောင်ချ၊ ထောင်ပြောင်း၊ ထောင်ပြင်၊ သူတို့လုပ်ချင်ကြတယ်၊
• ကျောင်းထား၊ ကျောင်းဆောက်၊ ကျောင်းပြင်၊ ကိုယ်တို့လုပ်ချင်တာဖြစ်တယ်။

• သူနဲ့ကိုယ်နဲ့မတူ၊ ကိုယ့်ကို သူကရန်သူ၊ ကိုယ်က ခံနေရသူ၊
• သူကဆက်စံရဘို့၊ ဆက်နှံကြဘို့၊ ဆက်လုပ်နေသူ။

• ကိုယ်ကလဲ ခံရလှတသက်သာ၊ နောင်လာတွေ ကိုယ်လိုမခံစေရ၊
• ကျောင်းတွေဆောက်ကြ၊ ကျောင်းတွေပြင်ကြ၊ အားတွေပြင်ကြ။

• ထောင်အပြင်တန်းမရှိ၊ အမိကျောင်းတော်သာရှိ၊ အဖကျောင်းတော်သာရှိ၊
• အာဏာရှိဘို့ ထောင်အားကိုးသူတွေ ဂျောင်း၊
• ကျောင်းတော်သားမှန်သမျှ အကုန်ပါ၊
• စာသင်ကျောင်းကလာတဲ့နိုင်ငံရေး၊ သွေးကိုမင်ရည်နဲ့ဆေးကြလော့။ ။

ကျောက်ဖြူထောင်ကြီး ပြင်နေတယ် (နေမျိုးလင်း) ကိုဖတ်ပြီးရေးပါတယ်။

ဒေါက်တာတင့်ဆွေ
၃ဝ-၄-၂ဝ၁၄

Read more...

U Kaung ကင်းဝန်မင်းကြီး

Britney Honey: သမိုင်းဆရာတော်တော်များများက ကင်းဝန်မင်းကြီးကို သစ္စာဖောက်လို ရေးသားကြတယ်။ ကျမကတော့ အဲလိုမမြင်ဘူး။ သူကနိုင်ငံခြားတိုင်းပြည်တွေ လေ့လာဖူးတော့ အတွေးအခေါ်ခေတ်မှီသူ။ လွှတ်တော်နိုင်ငံရေးစနစ်ကို အကောင်ထည် ဖော်ချင်တဲ့ မျိုးချစ်စိတ်ရှိသူ တိုင်းပြည်ကို တိုးတက်စေချင်သူလို့မြင်တယ်။ တချိန်မှာ စာရေးဖြစ်ရင် ကင်းဝန်အကြောင်း စာတစ်အုပ်ရေးချင်တယ်။

ကျွန်တော်။ အမေ့ရွာ 'မင်းတိုင်ပင်' ဆိုတာ ကင်းဝန်မင်းကြီးရဲ့ရွာပါ။ အမေက ဦးကောင်းရဲ့ မြေးတော်တယ်။ (ဦးကောင်းမှာ သားသမီးအရင်း မထွန်းကားပါ။) အရင်က 'မုံတိုင်ပင်' လို့ ရာဇဝင်-သမိုင်း စာအုပ်ဟောင်းတွေမှာ ရေးတယ်။ ငယ်ငယ်ကတည်းက ကင်းဝန်ရဲ့အမျိုးဆိုတာကို နဲနဲကြွားဘူးခဲ့တယ်။ ကိုးတန်း-ဆယ်တန်း ကဗျာလေး-စာလေး ရေးတုံးက ကင်းဝန်နွယ် ဘာ-ညာ ဆိုပြီး ကလောင် နာမယ်ခံယူခဲ့ဘူးတယ်။ ကိုယ်တိုင်က ပန်းချီဆွဲပြီး၊ မြန်မာစာဆရာ ဘုတလင်ချစ်လေးက ကြီးကြပ်ပေးတဲ့ “ပုလဲသွယ်” နံရံကပ် စာစောင်မှာ အဲဒီနာမည်နဲ့ တခါတလေ ပါဘူးတယ်။ ဆရာ့ကိုရော၊ သူငယ်ချင်းတွေပါ အမှတ်ရလို့ ကျွန်တော့် နိုင်ငံရေး (ဘလော့ခ်) ကို “ပုလဲသွယ်” လို့ နာမည်ပေးလိုက်တယ်။

နောင် နှစ် (၄ဝ) ကျော်တော့ ကယားလူမျိုး နိုင်ငံရေးမိတ်ဆွေတွေက အသိအမှတ် ပြုတာကိုတော့ ကျေနပ် ဝမ်းမြောက်တာ အမှန်ပါ။ ကယားပြည်ကို သီးခြားပြည်တခုအဖြစ် သီပေါမင်းကိုယ်စား လက်မှတ်ထိုး ထုတ်ပြန်ခဲ့တာ ကင်းဝန်မင်းကြီး ဦးကောင်းလို့ ကယား-ကယန်း-ကရင်နီတွေက သူများတွေထက် သိကြတယ်။ ကင်းဝန်မင်းကြီးကို အဲလို အမြင်ရှိသူတွေ အကဲဖြတ်တာကိုရော၊ 'ဦးကောင်းလိမ်ထုတ်' ဆိုတာရော၊ နှစ်ခုလုံးကို သူ့အမျိုးတွေက အမွေခံရမှာပါ။ ကင်းဝန်မင်းကြီးနဲ့ ပတ်သက်ရင် ဆရာမြသန်းတင့်ရဲ့ “တောင်သမန်အင်းက လေညှင်းဆော်တော့” ထဲမှာ ရေးသားချက်ကိုတော့ မြန်မာ့စွယ်စုံကျမ်းထက် နှစ်သက်ပါတယ်။

ဦးကောင်းမွေးနေ့ နှစ် (၁၄ဝ) တုံးက ဦးလေးတယောက်ရဲ့ အစီအစဉ်နဲ့ မင်းတိုင်ပင်မှာ ပွဲတခုလုပ်ခဲ့ဘူးတယ်။ အဲဒီတုံးက ကျွန်တော်က ဆေးကျောင်းသားပဲ ရှိသေးတာ။

Rural Doctor တောသားဆရာဝန် http://my-sayawun-life.blogspot.in/2010/10/jungle-doctor.html

Dr. တင့်ဆွေ
၃ဝ-၄-၂ဝ၁၄ ၁၁-၁၁-၂ဝ၁၃

Read more...

Monday, April 28, 2014

Sedana စေတနာဆိုတာ ပုဂ္ဂိုလ်မပါ

• စေတနာဆိုလာ လူပုဂ္ဂိုလ်ရယ်လို့ ပါခဲတယ်။
• ရွှေအလင်တန်း လူမှုအထောက်ကူပြုအဖွဲ့ (မုံရွာ) မှာ ဘယ်သူတွေ လုပ်နေကြတယ်ဆိုတာ နည်းနည်းလေးသာ သိပါတယ်။ သူတို့ကလဲ အကူအညီမတောင်းပါ။
• လွန်ခဲ့တဲ့ ခြောက်နှစ်လောက်က ‘အီးမေးလ်’ နဲ့ အလှူငွေပို့ချင်လို့ ဆက်သွယ်လာသူတဦး ရှိတယ်။ ‘ဖေ့စ်ဘွတ်’ မသုံးသေးပါ။ ‘ဘလော့ခ်’ ဖွင့်ကာစ ရှိပါသေးတယ်။ ကျွန်တော်လဲ တလေးတစား ဘယ်လိုပို့ပေးပါဆိုပြီး ‘အီးမေးလ်’ နဲ့ပြန်ရေးပါတယ်။ တက်တက်စင်လွဲသွားတာက ကျွန်တော်က အမျိုးသား လူကြီးတယောက်လို့ အထင်နဲ့ ရေးမိသွားတာပါ။ သူ့ဆီကနေ အသံဖိုင်နဲ့ပြန်လာတော့မှဘဲ ‘ဆရာဦးတင့်ဆွေ လုပ်လိုက်မှဖြင့် အဖွါးကြီးကနေ အဖိုးကြီးဖြစ်ရတယ်’ တဲ့။
• သူက တရုပ်+ရှမ်းစပ်လို့ သိလာရပါတယ်။ ယမုန်နာဆေးခန်းလေးအတွက် အလှူငွေလှမ်းပို့ပါတယ်။ ကျွန်တော့်နဲ့ လူချင်းမသိဘဲ၊ ‘ဘလော့ခ်’ မှာတင်ထားတဲ့ ဘာလုပ်တယ်ဆိုတာသာ စေတနာရှင်ကသိပါတယ်။
• ၁၅-၁၂-၂ဝဝ၈ ကွယ်လွန်သူ အဖိုး (Ng Yu Qing) ကွယ်လွန်သူ အဖွား၊ (Zhang Ming Sheng)၊ မိခင်ဖြစ်သူ (Ng Teow Geok)၊ ဖခင်ဖြစ်သူ (Chua Swa)၊ တို့အား ရည်စူး၍ စင်္ကာပူရောက် သား-သမီး-မြေးတစုက စင်္ကာပူဒေါ်လာ ၅ဝဝ တိတိ။

ဒေါက်တာတင့်ဆွေ
၂၇-၄-၂ဝ၁၄

Read more...

Thursday, April 24, 2014

My Friends သူငယ်ချင်းတွေ

• သူငယ်ချင်း မင်း အဲဒီနိုင်ငံသွား အလုပ်လုပ်နေရတာ သိရတယ်။ အေးကွာ ငါလဲ ဒီနိုင်ငံမှာ ကြာပြီဘဲကွ။
• သူငယ်ချင်း မင့်မှာလဲ မြေးတွေရပြီဆို။ အေးလေ ကလေးတွေတုံးကလဲ မင်းတယောက်ဆို ငါတယောက်။ မြေးတွေလဲ အတူလောက်နေမှာပေါ့။
• သူငယ်ချင်း မင်းမျက်စိတွေ မကောင်းတော့ဘူးဆို။ ငါလဲ ငါ့အိမ်ကလေးကို မမြင်နိုင်တာ ကြာလှပြီကွာ။
• သူငယ်ချင်း မင်းလေဖြတ်နေတယ်လို့ ကြားရတယ်။ မင်းဦးစီးဆောက်ပေးခဲ့တဲ့ ငါ့ဆေးခန်းလေးလဲ မလှုပ်နိုင်မယှက်နိုင် ဘဝတူပါဘဲကွာ။
• သူငယ်ချင်း မင်းဆုံးသွားတဲ့သတင်း ချက်ချင်းကြားတယ်။ ငါမရှိတုံး မင်းကြည့်ပေးခဲ့တဲ့ ငါ့အမေဆုံးတော့ ငါက လေးလလောက်နေမှ သိရတယ်ကွ။
• သူငယ်ချင်း မင့်သတင်း တစွန်းတစမှ ငါမကြားရပါလား။ အေးပေါ့ကွာ ငါ့ကိုလဲ သိတဲ့သူကသာ သိကြတယ် မဟုတ်လား။
• သူငယ်ချင်း မင့်သတင်းတွေ ငါနဲနဲကြားတယ်။ အောင်မြင်နေတာ အရမ်းဘဲတဲ့။ မင့်အကြောင်းကို မဲ့ရွဲ့ ပြောကြတာလဲ ငါကြားတာဘဲကွ။ အဲလိုဘဲ ငါလဲ ချီးမွမ်းခံရတာရော ကဲ့ရဲ့တာပါ ခံရတယ်ကွ။
• သူငယ်ချင်း မင့် ငါ့ဆီအရောက်လာတွေ့တာ ဘယ်လိုဝမ်းသာလဲ မပြောတတ်ဘူး။ မင့်အိမ်ထောင်ရေး ကံမကောင်းဘူးဆိုလို့ စိတ်မကောင်းဘူးကွာ။ ငါ့နိုင်ငံရေး ကံမကောင်းသေးတာအတွက်တော့ မင်း နေ့တိုင်း ဆုတောင်းပေးရမယ်နော်။
• သူငယ်ချင်း မင်းနဲ့ပြန်တွေ့ရတာ မင့်အကို မကျန်းမာလို့နော်။ အေးကွာ တိုင်းပြည်ကြီး မကျန်းမာတော့ ငါ့မှာ သူငယ်ချင်းတွေ အများကြီးရတယ်ကွ။
• သူငယ်ချင်း မင်း ငါစာရေးတိုင်း “လိုက်” လုပ်တာ ငါကျေးဇူးတင်တယ်။ မင်းက ငါ့လို နိုင်ငံရေးပါတီထဲ မဝင်တာ ငါသိတယ်။ အတူတူပါဘဲကွာ ငါ့ပါတီတခုထဲအတွက် ငါလုပ်နေတာ မဟုတ်ဘူးကွ။

ဒေါက်တာတင့်ဆွေ
၁ဝ-၁-၂ဝ၁၄

မှတ်ချက်။ မျက်စိမကောင်းသူ၊ (ဒေါက်တာဌေးလှိုင်၊ လက်ရှိ မန်းတလေး) လေဖြတ်ထားသူ (ဦးသိန်းအောင်၊ ကွေ့ကြီး) နဲ့ လာတွေ့သူ (ဦးဝင်းခင်၊ အားကစားကွင်းဘေး)၊ ၃ ယောက်လုံးက မုံရွာကပါ။ အထက ၂ ထွက်တွေချည်းပါ။ တဆင့်စကား ပါးပေးကြစေချင်ပါတယ်။ ကျန်လူတွေက ဆေး-မန်းက သူငယ်ချင်းတွေဖြစ်တယ်။ ဆုံးသွားသူ ဒေါက်တာသိန်းဇော် (ကျောက်ကာလမ်း)။

Read more...

My house and clinic update

ကနေ့ရလာတဲ့ ပုလဲမြို့၊ ပါရမီရပ်ကွက်က အေးဆေးတိုက် နွယ်-မြက်-သစ်ပင် ဆေးဘက်မဝင်နိုင်တော့ပါ။ ဒေါက်တာတင့်ဆွေ ၂၃-၄-၂ဝ၁၄ (ဓါတ်ပုံပို့ပေးတဲ့ မလှစော၊ အလယ်ဘုံရွာကို ကျေးဇူးတင်ပါတယ်။)
Read more...

Monday, April 21, 2014

High School Friends ကျောင်းတုံးက သူငယ်ချင်းတွေ

• ၁၉၆၄-၆၅ မုံရွာ အထက (၂)၊ ဆယ်တန်း (ဘီ)၊ သိပ္ပံတွဲကျောင်းသားများ၊ အတန်းပိုင်ဆရာ ဦးထွန်းကြင် နဲ့အတူ အမှတ်တရဓါတ်ပုံ။
• ကိုယ့်ပုံကို အတော်ရှာကြည့်ရပါတယ်။ နောက်ဆုံးတန်း အလယ်နားလောက်၊ ကျောင်းဆင်ဝင်တိုင်ရှေ့ကပါ။
• ဆေးကျောင်းကို ၂ ယောက်ရောက်ပေမဲ့ ၁ ယောက်သာ ဆရာဝန်ဖြစ်တယ်။ ၂ ယောက်က စက်မှုရောက်ပေမဲ့ ၁ ယောက်သာ အင်ဂျင်နီယာဖြစ်တယ်။ တိမွေးကုကို ၂ ယောက်ရောက်တယ်။
• တချို့သူငယ်ချင်းတွေ မရှိကြတော့လားမသိပါ။ အစိုးရအလုပ်ထဲဝင်သူ အများစုက ပင်စင်စားတွေဖြစ်နေကြပြီတဲ့။ နိုင်ငံရေးထဲ ၂ ယောက်ရောက်တယ်။ တယောက်က တိုင်းအဆင့်မှာ လူကြီးဖြစ်နေသတဲ့။ စစ်ထဲရောက်တာတော့ မပါဘူးထင်တယ်။
• ဓါတ်ပုံပို့ပေးတဲ့ စိုးတင့်ဝင်းကို ကျေးဇူးတင်တယ်။
• သူငယ်ချင်းတွေအားလုံးကို ငယ်တုံးကလိုဘဲ ချစ်ခင်မြဲချစ်ခင်လျှက်ပါ။ ဆရာ့ကိုလဲ လေးစားချစ်ခင်လျှက်ပါ။

ဒေါက်တာတင့်ဆွေ
၁၉-၄-၂ဝ၁၄
Read more...

Summer holiday နွေကျောင်းပိတ် အတိတ်ကို သတိရ

(မုံရွာ စတိတ်တူး၊ ရတနာပုံရပ်ကွက်၊ မြစ်ဆိပ်၊ ညောင်ပင်ကြီးဆိပ်ကနေတဆင့် နွေရာသီကျောင်းပိတ်ရက်မှာ ပုလဲနယ်၊ မင်းရွာကို အလည်ပြန်ခြင်း)


• ကျောင်းလွယ်အိပ်ထဲက စာအုပ်တွေထုတ်၊
• မစုပ်သေးတဲ့ပုဆိုးနဲ့အင်္ကျီ နှစ်ထည်စီထည့်၊

• စွပ်ကျယ်မလို ဘောင်းတီတိုလည်း နှစ်ထည်၊
• ရွာလည်ပြန်မှာ သွားတိုက်တံမလို၊ ဗိုလ်ကေဖီးဘို့ ဘီးမလို၊
• ခုံဖိနပ်တို အိမ်မှာထား၊ (ဆင်ကြယ်ဖိနပ်၊ ရာဘာဖိနပ်တွေ မပေါ်သေးတဲ့ကာလ) အမေက တာယာဖိနပ် စီးသွားတဲ့။


• ထွက်မဲ့ကားမီအောင် အသော့နှင် ခြေလျင်နဲ့ မြစ်ဆိပ်ဆင်း၊

• သူငယ်ချင်းတွေ မေးငေါ့၊ ငါရွာအလည်သွားတော့မယ်။

• ချင်းတွင်းမြစ်ကြီး ကူတို့စီးပြီး ညောင်ပင်ကြီးကူး၊

• ကားမူးတတ်ပေမဲ့ ကားမူးပျောက်ဆေးဆိုတာ မသိသေး၊

• ချွေးထွက် ဖုန်ထူလို့ လူကိုဘာဖြစ်သလဲ မသင်ဘူးသေး၊

• သွေးဆိုတာ နီတာကလွဲရင် မပြောတတ်သေး။

• ယာဉ် ၃ တန်၊ ကုန် ၃ တန်၊

• စစ်ကျန် ချက်ပလက်ကား၊ ပုလဲသွားဘို့ စောင့်နေ၊

• နေပူရင် ကုက္ကိုပင်အောက်ခို၊ ဟိုဟိုသည်သည် ကြည့်စရာမရှား၊

• စကားပြောတာ နားထောင်၊ အမောင်ကျောင်းသား ပညာပွါး။

• မော်တော်တခါဆိုက် ခရီးသည်တသိုက်တိုး၊ ကုန်ကလည်း အမျိုးမျိုး၊

• ပိုးထည်မပါ၊ ချွေးခံအင်္ကျီ၊ ဇာဘော်လီမတတ်နိုင်၊ နိုင်လွန်ခပ်ရှားရှား၊

• အဝတ်အစား ပါးတာမသုံး၊ တုံးတယ်လို့ အပြောခံရတဲ့ မြစ်အနောက်ဖက်သား။

• လက်ဖက်စို၊ လက်ဖက်ခြောက်၊ သောက်စရာဆေးလိပ် တံဆိပ်ကမျိုးစုံ၊

• ကုန်ခြောက်၊ ငါးခြောက်၊ မီးခြစ်ကျောက်၊ ဆေးတံသောက်ဆေး၊ မြန်မာဆေး၊

• ကလေး သွားရည်စာ၊ ဘုန်းကြီး ကန်တော့စရာ၊ ကရေကရာ၊ ကြံသကာ၊

• နေကြာစေ့လှော်မပါ၊ ကိုလာ မရှိ၊ ဂျန့်ဖုဒ် မသိ။

• ထယ်သွား၊ ပေါက်ပြား၊ ဓါး၊

• နွားဖါးကြိုး၊ ပြောင်းဖူးဖက်ဆေးလိပ်ခြည်တဲ့ကြိုး၊

• ပုဆိုးချော၊ ပိတ်ချောနဲ့ ပေါ်ပလင်၊ လူမြင်ရာဝတ်စရာ သရက်ထည်လည်း ပါရဲ့။

• နှစ်နာရီစောင့်အပြီး ကားကြီးပေါ်လူစုံကုန်ပြည့်၊ တရွေ့ရွေ့ထွက်ချေပြီ၊

• မြို့နေကျောင်းသား ကားပေါ်မှာထိုင်စရာ၊ ဆန်အိပ်ထက် ကောင်းတာမရှိ၊

• (နောင်အနှစ် သုံးလေးဆယ်ကြာရင်) အမတ်ဖြစ်မယ်မှန်း သိကြရင်တော့ ခေါင်းခန်းကပေါ့။

• ရေတိုင်ကီ ရေဆူရင် ကားနား၊ ကြားရွာမှာ ဆင်းမဲ့လူရှိရင် ကားရပ်၊

• မတ်တပ်သစ်ပင် ရေချမ်းစဉ်မှာ အရိုးတပ်အုန်းမုတ်ခွက်နဲ့သောက်ရေဟာ ပုလင်းရေထက်အေးမြ၊

• ရေကတဆင့် ကူးစက်ရောဂါ မပေါလှသေးပါ။

• နှစ်ဆယ့်ရှစ်မိုင်ခရီး သုံးနာရီစီးပြီး ခရီးဆုံးရောက်၊

• အနောက်မှာ နေဝင်ပြီ၊ ရေနံဆီမီးခွက်အလင်းနဲ့ ကားပေါ်ကဆင်း။

• ရွာက လာကြိုတဲ့လှည်း မှောင်မဲမဲမှာရှာ၊

• ဆာလို့လည်း ဘာဆိုင်မှမရှိ၊

• သိထားတဲ့အမေက ထမင်းချိုင့်လေး ထည့်ပေးလိုက်တာထက် မြိန်တဲ့အစာ ငါ့ကမ္ဘာမှာ မရှိ၊

• တအိအိနဲ့လှည်း မှောင်ထဲမှာ နွားဆွဲရာလိုက်ပါ၊

• သုံးတိုင်-ခြောက်မိုင်အကွာက မွေးရပ်ရွာသည်၊ ငါ့နွေရာသီစံနန်း ဖြစ်တော့သည်။ ဒေါက်တာတင့်ဆွေ ၃-၁၂-၂ဝ၁၃

Read more...

A dress အမှတ်တရတခု


• ၁၈-၄-၂ဝ၁၄ နေ့က အကြီးဆုံးမြေးနဲ့အတူ တွဲရိုက်ထားပါတယ်။ သူ့ကောလိပ်က (ဖဲယားဝဲလ်) နေ့မှာ မဝတ်မနေရမို့ (ဆာရီ) ဝတ်ရတယ်။
• နေမကောင်းသေးလို့ (ရီဟာဇယ်) လုပ်တဲ့နေ့က ဓါတ်ပုံရိုက်ဘို့ အဲလိုဝတ်စားပြီး ပြုံးထားနိုင်လို့ တော်သေးရဲ့။
• သူ့နေ့မတိုင်ခင် ဓါတ်ပုံမတင်ရဆိုပြီး၊ (အမ်ဘာဂို) လုပ်ထားလို့ ကနေ့မှသာ တင်ရတယ်။
• သားအကြီးဆုံးက ထားရစ်ခဲ့တဲ့ မြေးဖြစ်ပါတယ်။
• သူဘွဲ့ယူတဲ့အခါ မြန်မာလိုဝတ်ဘို့ သူ့အဖွါးက စည်းရုံးထားတယ်။ အခန်းအနား တခုမှာတော့ မြန်မာလိုဝတ်လို့ ရမယ်တဲ့။
• မြန်မာပြည်က ဒုက္ခ္ခသည်ဘဝနဲ့ ဘွဲ့လေးတခု ယူနိုင်တာမှာ မြန်မာ့ဂုဏ်တက်စေချင်လို့ပါ။

ဒေါက်တာတင့်ဆွေ
၂ဝ-၄-၂ဝ၁၄
Read more...

School politics ကျောင်းစာသင်ရင်း မှတ်ခဲ့ရတဲ့ နိုင်ငံရေး

• ‘ဖဆပလ’ အစိုးရခေတ်က၊ စာသင်ကျောင်းရတာ တို့ရွာမှာ၊
• ‘ပြည်တော်သာစီမံကိန်း’ ကြောင့်တဲ့ဗျာ၊
• ‘မဆလ’ ငါးနှစ်စီမံကိန်းတွေခေတ်မှာ၊
• ရွာကကျောင်းလေး ပြင်တောင်မပေးနိုင်ပါ။

• အဲသည် ဒီမိုကရေစီခေတ်မှာ ‘သူပုန်’ ဆိုတာ၊
• ဘယ်အဖွဲ့လာလာ အိမ်မှာသာတည်းကြ၊
• ‘အစိုးရ’ လာလဲ အိမ်မှာစတည်းချ၊
• စာမသင်ရသေးတဲ့အရွယ်မှာ၊ နိုင်ငံရေးဆိုတာ မျက်စိရည်ဝ။

• ပုဆိုးစလွယ်သိုင်းအရွယ်၊ ကလေးငယ်ဘဝ၊ ဓါးပြဆိုတာကို ရှောင်ပုန်းခဲ့ရ၊
• တိုက်ပုံဝတ်တဲ့အရွယ်၊ ဆရာဝန်ဘဝ၊ ထောက်လှမ်းရေးကို ရှောင်ပုန်းခဲ့ရ၊
• ဓါးပြကိုလဲ မုန်း၊ ထောက်လှမ်းရေးလဲ ကျဆုံး။

• မူလတန်းကျောင်းသားအရွယ်မှာ၊
• အဝါ၊ အနီ၊ အပြာ၊ မဲဆွယ်ကြတာကြား၊
• မဲပြားဆိုတာသိ၊ မဲခိုးတယ်လို့တော့ မကြားခဲ့မိ။

• ခုနစ်တန်းဖြေပြီးစ၊ ‘ဖဆပလ’ နှစ်ခြမ်းကွဲတာ၊ နွေကျောင်းပိတ်ချိန်မှာ၊
• အဝါ နု-တင်၊ အနီ ဆွေ-ငြိမ်း၊ အစိမ်း တသီးပုဂ္ဂလ၊ အပြာက ပမညတ၊
• ‘မဆလ’ ကြတော့ အပြာနု၊ လူထုကတော့ ဖွဲပြာစု။

• ကျောင်းတက်စ ‘အဆင်ဘလီ’ မှာ၊ သစ္စာအဓိဋ္ဌာန် မှန်မှန်ဆိုကြရ၊
• ‘ဆိုသာဆို ပိုမိုသည့်စကား’၊ နားထဲမှာကြား။

• ရှစ်တန်း ကျောင်းခန်းထဲမှာ၊ ဗလာစာရွက်နဲ့ရောက်လာ၊
• ‘ယူနီယံဟောင်းတနေရာ’ သီချင်းစာသား၊ အလွတ်ကျက်မှတ်ထား။

• ကိုးတန်းအရောက်မှာ အသက်မပြည့်လို့ စာမေးပွဲမဖြေရပါ၊
• ‘ပညာဆိုတာ အိုစာမှ’ တဲ့၊ တကယ့်အစိုးရ၊ တော်လှန်ရေးကောင်စီခေတ်က။

• ‘အမျိုး-ဘာသာ’ ဆိုတာ အခုမှမဟုတ်ပါ၊
• ဆယ်တန်းမှာ သိပ္ပံဘာသာတွေကို အင်္ဂလိပ်လိုသင်၊
• ‘အဲတာမလိုချင်၊ မြန်မာလိုသင်’ တဲ့၊
• တကယ့်အစိုးရ၊ ‘မဆလ’ ခေတ်က။

• ကောလိပ်ကျောင်းသားများ အထူးအခွင့်အရေးခံစားရတာ ဆိုရှယ်လစ် ခေတ်မှာပါ၊
• ရွှေဝါတဖြတ်၊ ဖိနပ်တရံ၊
• ကျောင်းသားမှန်ရင် ကျား-မ မရွေး၊ မွှေးဆပ်ပြာတခဲ၊ သွားတိုက်ဆေးတဗူး၊
• အထူးစပါယ်ရှယ်၊ ကုန်သွယ်ရေးမှာ ဝယ်ခွင့်ရကြတယ်။

• ဆေးကျောင်းမှာ လူမှုရေးဆေးပညာ၊ ‘ဆင်းရဲလို့ဖြစ်တဲ့ရောဂါ’ လို့ ပြောခွင့်မရှိပါ၊
• မကြာမီမှာ ‘အယ်လ်ဒီစီ’ လို့ ကြေညာ။

• ‘မဆလ’ ခေတ်မှာ မဲပုံးပြောင်းထည့်၊
• ‘နဝတ/နအဖ’ ခေတ်မှာ ကျွန်တော်တို့ကို ‘အမဲစာရင်း’ ထဲထည့်၊
• ၂ဝ၁ဝ မှာ ကြိုတင်မဲနဲ့၊ တကယ့်အစိုးရ၊ အခုတက်နေတာဗျ။

ဒေါက်တာတင့်ဆွေ
၂၁-၄-၂ဝ၁၄

Read more...

Sunday, April 20, 2014

A signboard အရောင်မလက်တော့ပေမဲ့ မှိုမတက်သေးတဲ့ ဆိုင်းဘုတ်ကလေး

• တခါက့ မှာ မီးဖွါးဘို့ သိပ်အခက်အခဲဖြစ်နေတဲ့ မွေးလူနာတယောက် ဆရာတို့ တိုက်နယ်ဆေးရုံအဖွဲ့ကနေ ညလုံးပေါက် မွေးပေးခဲ့ကြရတာ သမီးအမေပါဆရာ။ ဆရာ့ကို အဝေးကနေ ဂါရဝပြုလိုက်ပါတယ်။
• ဆရာ့မှာ ညလုံးပေါက်တွေ များလှပြီ။ ဒါပေမဲ့ အခုတော့ အိပ်ရေးဝတယ်လို့ဘဲ ခံစားမိပါတယ်။

• ၉ဝ ရွေးကောက်ပွဲမှာ မဲစည်းရုံးရေးဆင်းတုံးက ဆရာပြောခဲ့ဟောခဲ့တာတွေကို ကျွန်တော် ခုထိ မှတ်မိနေပါတယ် ဆရာ။
• နောင်ရွေးကောက်ပွဲတွေမှာ နောက်လူတွေက (ဆရာ့ထက်သာအောင်) ကိုယ်တိုင် ဟောနိုင်ပြောနိုင်ကြမယ်လို့ ယုံကြည်ပါတယ်။

• ကျွန်တော့်ကို ညကြီးသန်းခေါင်မှာ ခက်ခက်ခဲခဲ ဗိုက်ခွဲမွေးပေးခဲ့တဲ့ဆရာ့ကို ကျွန်တော် မြင်ဘူးချင်တယ်ဆရာ။
• ဘဝအစမှာ ခက်ခက်ခဲခဲနဲ့စခဲ့သူအဖို့ အရာရာလွယ်ကူပါလိမ့်မယ်။

• ငယ်ငယ်လေးကတည်းက ဆရာ့အကြောင်း လူကြီးတွေပြောပြောနေကြတာနဲ့ သမီး ကြီးပြင်းလာခဲ့တာပါဆရာ။
• ကိုယ့်အကြောင်းကိုလဲ လူအများ (အကောင်း) ပြောစရာ ကျန်ရစ်အောင် ကြိုးစားဘို့ရာ တွန်းအားဖြစ်မယ်ဆိုရင် ဆရာလဲ ဝမ်းသာမှာပါ။

• ကျွန်တော် မမွေးခင်က ကျွန်တော့်အဖေအသက်ကို ဆရာကယ်ခဲ့တာတဲ့ဗျ။ မမြင်ဘူးတဲ့ ဆရာ့ကို အဝေးကနေ လှမ်းပြီး ကန်တော့လိုက်ပါတယ် ဆရာခင်ဗျား။
• အနန္တောအနန္တ ငါးပါးမက ကျေးဇူးသိတတ်သူအတွက် ကျန်းမာ-ချမ်းသာစေကြောင်း ဆုတောင်းပေးပါတယ်။

• ၁၉၉ဝ ရွေးကောက်ပွဲတုံးက ကျွန်တော်တို့ရွာမှာ ဆရာတို့ပါတီ မနိုင်ခဲ့လို့ တောင်းပန်ပါတယ်ဆရာ။
• ကိစ္စမရှိပါ။ နိုင်ငံရေးမှာ တသမတ်ထည်းမရှိပါ။ ကိုယ့်ကိုမကြိုက်သေးသူတွေကို မမုန်းရဘဲ၊ ကြိုက်လာအောင် စည်းရုံးဘို့က ကိုယ်အလုပ်ဖြစ်ပါတယ်။

• ဆရာ့ဆေးခန်းလေးရှေ့ရောက်တိုင်း လှည်းဝိုင်းကြီး အမြဲရှိနေတာကို ဖြတ်သွားတိုင်း တွေ့နေရတာကို အမှတ်ရပါတယ် ဆရာ။
• လှည်းနဲ့လာတဲ့လူနာတွေနဲ့ ကျွန်တော်လဲ ဆရာဝန်ဖြစ်ခဲ့တာ အမှန်ပါ။

ဒေါက်တာတင့်ဆွေ
၂၈-၁၂-၂ဝ၁၃
၂ဝ-၄-၂ဝ၁၄

Read more...

My wish ဆုတောင်းတိုင်းသာ ပြည့်စေချင်ပါသည်

• ပုလဲကလာတဲ့ တမ်းချင်း၊ ကျွန်တော့်ဆီကပို့တဲ့ လွမ်းချင်း၊
• လူချင်းက မမြင်ကြပေမဲ့ ရင်ခြင်းကအတူတူ၊
• မြူနှင်းထူဆောင်းလ၊ ဖုန်သဲထူနွေလ၊ ချောင်းရေကျမိုးလတွေမှာ၊
• ဝေဒနာတွေကိုကုစား၊ စေတနာတွေကို ရယူခံစားပြီး၊
• ဆန္ဒမဲတွေပေးအပ်ထားတဲ့ ပုလဲသားတယောက်၊
• အနောက်ကမ္ဘာ ရောက်ကာနေတာမို့ အရောက်သာပြန်လှည့်ပါလို့၊
• တယောက်မကပါ ဖိတ်စာပို့လာကြ၊
• မရိုးမရွနဲ့ ခြေမကြွနိုင်သေးခင်၊
• မေတ္တာရေစင်သာ အရင်ပို့နိုင်သေးရဲ့၊
• နယ်သူနယ်များအစုံအညီ ဘေးမခရန်မသီ၊
• ကျန်းမာခြင်း ချမ်းသာခြင်းတွေနဲ့ တလုံးတဝ ပြည့်ကြစေချင်သည်။

ဒေါက်တာတင့်ဆွေ
၅-၁-၂ဝ၁၄
Read more...

My native ကိုယ့်မွေးရပ်မြေကို

• စိတ်မကူးမိတဲ့နေ့ မရှိ၊
• စိတ်ကူးနဲ့ မရောက်တဲ့နေ့ မရှိ၊
• စိတ်ကူးနဲ့မပြန်ဖြစ်တဲ့နေ့ မရှိ၊
နောက်ထပ့့်
• မရှိစကား မပြောရပါလို၏။

ဒေါက်တာတင့်ဆွေ
၃-၁၁-၂ဝ၁၃
Read more...

Wednesday, April 16, 2014

Bathing and Health ရေချိုးခြင်း (သင်္ကြန် ဆေးစာ)

ရေချိုးခြင်းရဲ့ အကျိုးကျေးဇူးကို ရေးပါအုံးလားဆရာ။ ကိုယ်လုံးတီးရေချိုးတာနဲ့ ကျွန်တော်တို့တွေ သမားရိုးကျရေချိုးတာ ဘယ်လို ကွာခြားသလဲဆိုတာကိုလည်း သိချင်မိပါတယ်။

Bathing ကို ရေချိုးခြင်းလို့ အဓိပ္ပါယ်ပြန်ပါတယ်။ ပြည့်စုံအောင်ပြောရရင် ရေဖြစ်ဖြစ် အရည်နဲ့ဖြစ်ဖြစ် သန့်စင်-ဆေးကြော-ကုသပေးခြင်းလို့ ဆိုနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ Personal hygiene တကိုယ်ရေ-သန့်ရှင်းရေး၊ Religious ritual ဘာသာရေးထုံးစံ၊ Therapeutic purposes ဆေးကုသနည်း နဲ့ Recreational activity အပန်းဖြေနည်းအဖြစ် သုံးကြလို့ပါ။ အသုံးမတူတော့ အခေါ်မတူကြဘူး။ Ritual religious bath ဘာသာရေးအရ လုပ်တာကို Immersion ခေါ်တယ်။ Therapeutic purposes ဆေးကုဘို့ လုပ်တာကို Hydrotherapy ခေါ်တယ်။

ရေချိုးစည်၊ ရေပန်း၊ ရေကန်၊ မြစ်-ချောင်း-အင်း-အိုင်-ပင်လယ် နေရာအမျိုးမျိုးမှာ ရေချိုးနိုင်ကြတယ်။ မိုးရေကို ချိုးတာလဲ ပျော်စရာလို့ သတ်မှတ်ကြတယ်။ မိတ်ပျောက်တယ်လို့ ယူဆတယ်။ မိုးရေက (အက်စစ်) ဓါတ် ကဲနေပါတယ်။ တကယ်လို့ ပတ်ဝန်းကျင် ညစ်ညမ်းနေရင် (အက်စစ်) မိုးဖြစ်နေမယ်။ (ဆာလ်ဖါ-ဒိုင်အောက်တိုက်)၊ (နိုက်ထရိုဂျင်-အောက်ဆိုဒ်) နဲ့ (အောက်စီဂျင်) တွေ ပေါင်းစပ်ရာကနေ (ဆာလ်ဖြူရစ်-အက်စစ်) ဖြစ်လာပြီး၊ မိုးရေထဲ၊ နှင်းထဲ၊ မြူထဲမှာပါနေမယ်။ အန္တရာယ်ရှိတယ်။

ဘာသာရေးမှာ ရေချိုးရတာ Baptism (ဘက်ပ်တစ်) ခရစ်ယန်က နာမည်ကြီးပါတယ်။ ၁၆ ရာစု နောက်ပိုင်းမှာတော့ လူတွေက ဘုရားကျောင်းမှာထက် ရေချိုးခန်းမှာ အချိန်ပိုကုန်တယ်ဆိုပြီး ထောက်ပြလာခဲ့တယ်။ နောက်ပိုင်းမှာ တမျိုးမြင်လာတာက ကိုယ်မှာ ကပ်နေတဲ့ အညစ်အကြေးဟာ Spiritual purity ဝိဥာဉ်အရ သန့်စင်တယ်။ ရေမချိုးဘဲ နေတာဟာ Not Egotistical အတ္တနည်းစေတယ်တဲ့။ Judaism (ဂျူဒဇင်) မှာ ဘာသာရေးအရ ရေချိုးတာကို Mikvah ခေါ်တယ်။ မွတ်ဆလင်တွေမှာလဲ ရေချိုးခန်းတွေမှာ Creator ဖန်းဆင်းရှင်ဆိုတဲ့ ဆုတောင်းခြင်း လုပ်စေတယ်။ Mosque ထဲ မဝင်ခင် ရေချိုးကြရတယ်။ ဟိန္ဒူတွေက ဂင်္ဂါမြစ်ထဲမှာ ရေချိုးရင် အကုသိုလ်တွေ ပျောက်စေတယ်လို့ ယုံကြည်ကြတယ်။ ပုဂံခေတ်အစ အရည်းကြီးတွေက ရေငုပ်ကြတယ်။

Bathtub ရေချိုးစည် နဲ့ Shower အပေါ်ကနေကျနေတဲ့ ရေပန်းတွေကို အနောက်နိုင်ငံတွေမှာ သုံးတယ်။ နေရာဒေသ၊ ရာသီဥတုနဲ့ ဆိုင်ပါတယ်။ Skylab 3 အာကာသယာဉ်မှူး Jack R. Lousma (လူဝီစ်မာ) ဟာ ကမ္ဘာပတ်လမ်းထဲမှာ ရေနွေးနဲ့ ရေချိုးတဲ့ဓါတ်ပုံ ရိုက်ယူလာခဲ့တယ်။ ပူတဲ့ နေရာဒေသတွေမှာတော့ ရေကန်ထဲ၊ ရေစည်ထဲကနေ ခပ်ချိုးကြရတာ များတယ်။ မြန်မာပြည်မှာတော့ ရေတွင်းထဲကနေငင်ပြီး တခါတည်း လောင်းချိုးကြတယ်။ ရေနည်းတဲ့အရပ်မှာဆို ဖအေရဲ့ အောက်မှာ သားကိုထားပြီး နှစ်ယောက်သား တပြိုင်တည်းချိုးကြရတယ်။

တနေ့ ဘယ်နှစ်ခါ ရေချိုးသလဲ။ တနေရာနဲ့ တနေရာ၊ ဒေသတခုနဲ့တခု မတူကြဘူး။ မပြည့်စုံတဲ့ နေရာတွေမှာ ရာသီဥတုလိုက်သာ ချိုးကြရပေမဲ့ ရေပူ-ရေအေး ၂၄ နာရီရတဲ့နေရာတွေမှာ မနက်လင်းတာနဲ့ တထပ်၊ အလုပ်ပြန်ချိန် ဒါမှမဟုတ် ညအိပ်ရင်တထပ် ချိုးလေ့ရှိတာက ယဉ်ကျေးမှုဖြစ်တယ်။ သိပ်ပူအိုက်တဲ့ အချိန်မျိုးမှာ တနေ့ထဲမှာ ၄-၅ ခါ ရေချိုးသူတွေကလဲ ချိုးပါတယ်။ အဆောင်တွေမှာ ရေချိုးခန်း-မင်းသားလုပ်ရင်တော့ အအော်ခံကြရမယ်။

ရေချိုးတဲ့အတွက် ဘာအန္တရာယ်တွေ ရှိသလဲ - ရေနစ်နိုင်တယ်။ ချော်လဲနိုင်တယ်။ ရေနွေးပူလောင်မယ်။ Heatstroke အပူမိနိုင်တယ်။ Hypothermia ကိုယ်ပူချိန် သိပ်ကျတာဖြစ်နိုင်တယ်။ နားထဲရေဝင်ရာကနေ နားကိုက်မယ်။ ယားနာ၊ ပွေးနဲ့ ကူးစက်ရောဂါတွေ ကူးစက်လာမယ်။ ပန်းနာ၊ နှင်းခူနာတွေ ထတတ်တယ်။ သုံးတဲ့ ဆပ်ပြာ၊ ရေထဲက Chlorine (ကလိုရင်း) စတာတွေကနေနဲ့ မတည့်တာမျိုး ရှိနိုင်တယ်။

ရှေးဟောင်း ရောမမှာ မြို့ကြီးတွေကို Aqueducts ရေပိုက်တွေနဲ့ဆက် ကွန်ယက်လုပ်ပေးခဲ့တယ်။ အလည်ခေတ်မှာ လူအများ စုဝေး ရေချိုးတာမျိုး ပေါ်လာတယ်။ အဲဒီခေတ်ကတည်းက ကိုယ်လုံးတီး ရေချိုးတာကို မျက်မှောက်ကုပ်ကြခဲ့တယ်။ ကိုယ်ခန္ဓာ ရောင်းစားသူတွေအတွက်သာ ဖြစ်တယ်လို့ ရှုံ့ချခဲ့ကြတယ်။

နောက်တော့ ချမ်းသာသူတွေက ကိုယ့်အိပ်မှာသာ ရေချိုးတာမျိုး ပေါ်လာပြီး Bathrooms ဆိုတာ အဲဒီကျမှ စတယ်။ ရေသုတ် တဘက်ကို ခေတ်မီဆန်းပြားအောင် လုပ်လာတယ်။ ရေကူးဝတ်စုံဆိုတာတွေ ဖက်ရှင်ဖြစ်လာတယ်။ Woolen နေရာမှာ Linen တွေ ဝင်လာတယ်။ လူ့အဆင့်အတန်းတရပ်လို ဖြစ်လာတယ်။ ဒါကို ကျန်းမာရေးဒေါင့်ကနေ ထောက်ခံမှု ပေးပါတယ်။ အလည်ခေတ် နောက်ပိုင်းရောက်တော့ Etiquette ယဉ်ကျေးမှုထုံးစံနဲ့ Medical manuals ကျန်းမာရေး-လမ်းညွှန်တွေ ထွက်လာတယ်။ လူအများရှေ့မှာ နား၊ လက်၊ ခြေထောက်၊ မျက်နှာနဲ့ လည်ပင်းကိုသာ သန့်စင် ဆေးကြောတာကို လက်ခံကြတယ်။

သူများနိုင်ငံတွေမှာ တချို့နေရာတွေကြ သိပ် (ဂရင်း) ကျအောင် စီမံထားတယ်။ (လက်ချာ-ဟောလ်) တွေ၊ အနုပြညာပြခန်း၊ တရားထိုင်ခန်း၊ ဆုတောင်းခန်း စတာတွေပါ တွဲထားပေးတယ်။ စီးပွါးရေးလဲ တွက်ခြေကိုက်သေးတာပေါ့။ တချို့ကြတော့ နှိပ်နယ်ခန်းတွေ ဆေးကုစရာနေရာလဲ တွဲထားပြီး ဒဏ်ရာရတဲ့ စစ်သားတွေအတွက်လဲ သုံးကြတယ်။ ဂရိတွေ ရောမတွေ စထွင်တုံးက ရေချိုးစရာနေရာတွေမှာ အတင်းပြောကြမယ်၊ စားကြမယ်၊ သောက်ကြမယ်၊ နောက်ဆုံး လိင်ကိစ္စကိုလဲ ဦးတည်အုံးမယ်။ ဆရာမြို့မငြိမ်းတို့ခေတ်မှာတော့ "ရေချိုးနေရင်းကွယ် လှောင်ပြုံး ပြုံးကြတယ်" အဆင့်သာ ရှိပါတယ်။

နောက်ပြီး Turkish Baths တူရကီ ရေချိုးနည်းကလဲ ခေတ်စားလာတယ်။ Steam baths ခေါ်ပြီး ရေနွေးငွေ့နဲ့ ချိုးရတယ်။ အနုပညာ ဆန်ဆန် ပြုပြင်ထားပေးတယ်။ ရွှေတွေ၊ ငွေတွေနဲ့လဲ မွန်းမံပေးထားသေးတယ်။ ဂျပန်က တမျိုးတဖုံ ဆန်းတယ်။ Spiritual pursuits of purity ဝိဥာဉ်သန့်စင်ရေးအတွက် လုပ်သင့်တဲ့ အလေ့အထလို့ သဘောထားတယ်။ ကျား-မ မခွဲခြားဘူး။ နောက်ကျမှ ခွဲတဲ့သူက ခွဲခြားလာတယ်။

ဆေးပညာဖခင်ကြီး Hippocrates (ဟစ်ပိုခရေးတီးစ်) ဟာ ပင်လယ်ရေကို ဆေးကုရာမှာ စသုံးခဲ့သူဖြစ်တယ်။ သူပြောတာ မှန်တဲ့အကြောင်း နောက်ပေါ်ဆေးပညာရှင်တွေကလဲ လက်ခံကြတယ်။ ပင်လယ်ဆားကနေ (ဆဲလ်) တွေထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တယ်။ သွေးလှည့်တာ ပိုကောင်းစေတယ်။

(ဟာဘယ်) တိုင်းရင်းဆေးတွေသုံးပြီး ရေချိုးနည်း၊ဟာ အရင်ကလို သန့်ရှင်းလှပစေရေးအတွက်သာ မကတော့ဘဲ ဆေးကုတာ အတွက်ပါ ဖြစ်လာတယ်။ အထူးစီမံထားတဲ့ အပင်-အပွင့်-အဆီတွေကို သုံးလာတယ်။ အရေပြားနာတွေ၊ ခေါင်းကိုက်တာတွေ၊ စိတ်ဖိအားများတာတွေအတွက် ရည်ရွယ်တယ်။ သွေးလှည့်လည်မှု ကောင်းစေမယ်၊ ခုခံအား ကောင်းစေမယ်၊ ခွန်အား ဖြစ်စေမယ်၊ နေရထိုင်ရတာ ကောင်းစေမယ်။ ရေထဲမှာ Chamomile (ချမ်မိုမိုင်းလ်) ဆေးဘက်ဝင် အပင် ၂ ဆ၊ Lavender ခရမ်းပြာနုရောင် ရေမွှေးသုံးပန်း ၂ ဆ၊ Roses နှင်းဆီ ၂ ဆ၊ Comfrey leaf (ကွမ်ဖရိုင်း) ရွက် ၁ ဆကို ရောထည့်တယ်။

အီဂျစ်ဘုရင်မ Cleopatra (ကလီယိုပတ်ထွာ) ဟာ အသားအရေမှာ ပြစ်တင်စရာမရှိဆိုပြီး နည်မည်ကြီးခဲ့သူ ဖြစ်တယ်။ အလှဘုရင်မရဲ့ လှို့ဝှက်ချက်ကတော့ ရေချိုးရင် နွားနို့ နဲ့ ပျားရည်စစ်စစ် သုံးသတဲ့။ ဒီခေတ် (ကလီယိုပတ်ထွာ) နည်းကတော့ နို့မှုံ့ နဲ့ ပျားရည်ရောသုံးတယ်။ ရှေးဟောင်း အိန္ဒိယရာဇဝင်တွေမှာတော့ ကျွန်မတွေကိုသာ နွားနို့နဲ့ ဆေးခိုင်းတယ်။ နွားနို့ထဲက Lactic acid ထဲမှာ Essential amino acids ရှစ်မျိုးလုံး ပါတယ်။ ပျားရည်ထဲမှာ ဓါတ်ဆားတွေနဲ့ ဗီတာမင်တွေပါတယ်။ Phytochemicals ကနေ (ဗိုင်းရပ်စ်)၊ (ဗက်တီးရီးယား) နဲ့ (ဖန်းဂတ်စ်) တွေကို သတ်နိုင်တယ်။ ဒီခေတ်မှာ မျက်နှာကို လှစေအောင် ဂျုံမှုန့်၊ နွားနို့နဲ့ ပျားရည်တွေကို သမအောင် ရောမွှေပြီး ညီညာအောင် လိမ်းပေးခိုင်းတယ်။

ရေချိုး ပျင်းသူတွေရော ဆန့်ကျင်သူတွေပါ ရှိသေးတယ်။ ရေမချိုးလို့ မသေနိုင်ဘူးတဲ့။ ကိုယ်ပေါ်တင်နေတဲ့။ အညစ်အကြေးကနေ ရောဂါပိုးမွှားတွေကို ကာကွယ်နေတယ်ဆိုတဲ့ အယူအဆဟာ ဥရောပမှာ အလွန်မတန်ဆိုးလှတဲ့ Plague (ပလိပ်) ရောဂါကပ်ကြီး သင့်ခံရတုံးက ထွက်လာတာ ဖြစ်တယ်။ နောက်တော့ ဆားခါး၊ ဓါတ်ဆားနဲ့ (ဆာလ်ဖါ) ဓါတ်ဆားတွေ ထည့်ပြီး ရေချိုးတာ ပေါ်လာတယ်။ (ဆာလ်ဖါ) ကန့်ဓါတ်ပါတဲ့ ရေကနေ ဗက်တီးရီးယားတွေကို သေစေတာက အမှန်ဘဲ။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်နယ်က ရေပူစမ်းဟာ အဲလိုဘဲ။ သူများ နိုင်ငံတွေမှာတော့ အတုလုပ်လာကနေ ခေတ်စားလာတယ်။ Spas, Saunas, Jacuzzis နာမည်တွေ ပေးထားတယ်။ ရေချိုးလို့ ရနိုင်တဲ့ ကောင်းကျိုးတွေ ရှိပါတယ်။ New England Journal of Medicine မှာ ရေးတာရှိတယ်။ ဆီးချိုရောဂါ ရှိနေသူတယောက်ဟာ နာရီဝက်ကြာရေချိုးတာ သွေးထဲက သကြားဓါတ် ၁၃% လျှော့နည်းတယ်။ ရေနွေး ၃၂-၃၅ ဒီဂရီကို ချိုးရင် အရေပြားက အပေါက်လေးတွေကို ပွင့်စေပြီး အဆိပ်အတောက်တွေ ထွက်ကုန်မယ်။ ကြွက်သားနာတာ သက်သာမယ်၊ အူတွေ ပိုအလုပ်လုပ်နိုင်တယ်။ နေချိုးတာကို ၁ဝ-၂ဝ မိနစ်သာကြာပါစေ။ ရေအေး ၁၂-၁၈ ဒီဂရီကိုချိုးရင် စိတ်ဖိအားကျစေမယ်။ သွေးကြောလေးတွေကို ကျဉ်းစေလို့ သကြားဓါတ် တက်စေမယ်။ အင်ပြင် ထတာမျိုးကို Sodium bicarbonate (ဆော်ဒါ) ပါတဲ့ ရေချိုးရင် သက်သာတယ်၊ ပိုးတချို့ကိုလဲ သေစေမယ်။ ရေနွေးနဲ့ချိုးတာဟာ တုပ်ကွေး၊ အအေးမိတာ သက်သာစေမယ်။ နှင်းခူနာ သက်သာစေမယ်။ ရေအေးထဲမှာ ခြေထောက်ကို စိမ်ပေးရင် ကောင်းကောင်း အိပ်ပျော်စေတယ်။

အထူးအဆန်း ရေချိုးနည်းတွေရှိတယ်။ ရေမဟုတ်ဘဲ ဘီယာ၊ ဝိုင်နီ၊ ကော်ဖီ၊ ချောကလက်ရည်၊ လက်ဖက်စိမ်းရေ၊ ရွံ့ရေ၊ (ဆာကေ) အရက်၊ ခရမ်းချဉ်သီး၊ ဆီ၊ ရေနံဆီ၊ နှင်းဆီပွင့်ဖတ်၊ ဆားရေ၊ သစ်သီးဝလံ၊ ရေခဲ၊ ခေါက်ဆွဲဟင်းရည်တွေကို သုံးပြီး ချိုးကြတယ်။ တခြားဟာတွေလဲ ရှိမှာပေါ့။

(ဖင်လန်) ကနေ မူရင်းခံလာတဲ့ Sauna (ဆော်နာ) ရေချိုးနည်းဆိုတာ ပူနေတဲ့သတ္ထုချောင်းပေါ်ကို ရေအေးနဲ့ဖြန်းလို့ ထွက်လာတဲ့ ရေနွေးငွေ့ကို အသုံးချတာပါ။ နည်းနာသစ်တွေလဲ ထွင်လာကြတယ်။ ချွေးတွေထွက်လာမယ်၊ ကိုယ်ထဲက မကောင်းတာတွေ ထွက်စေမယ်။ ကိုယ်အလေးချိန် ကျစေမယ်။ ကိုယ်-စိတ် ပေါ့ပါးစေမယ်။ ခုခံအား ကောင်းစေမယ်၊ အာခေါင်၊ လေပြွန်နာတာ-ရောင်တာ သက်သာစေမယ်။ (ဆော်နာ) မှာ ၁၅-၂ဝ မိနစ်လုပ်တာက ရိုးရိုးရေ ၁-၂ နာရီ ချိုးသလို ထိရောက်တယ်လို့လဲ ဆိုတယ်။ ကိုယ်ဝန်ဆောင်နေသူ၊ နှလုံးရောဂါရှိသူတွေ နဲ့ သွေးဖိအား များ-နည်းသူတွေ သတိထားဘို့ လိုပါသတဲ့။

မြန်မာဆေးနည်းထဲမှာ ရေချိုးနည်းဆိုပြီး ရှိတယ်။ “ရေချိုးတဲ့အခါ ခြေထောက်ကို အရင်ရေလောင်းပါ။ တဖြေးဖြေး ဒူး၊ ပေါင်၊ ခါး လောင်းပြီးမှ တကိုယ်လုံး ရေချိုးပါ၊ ရေအဆင့်ဆင့်လောင်းနေတုံး ပါးစပ်ထဲမှာ ရေငုံထားတာက ကိုယ်ခန္ဒာကို ရေလောင်းလို့ ထွက်လာတဲ့ အပူခိုးတွေ့ မျက်စိကို မရောက်အောင် အကာကွယ်ပြုတာပါ၊ ခန္ဒာကိုယ်ကို အဆင့်ဆင့် ရေလောင်းနေတုံး ချမ်းစိမ့်စိမ့် ဖြစ်လာရင် ရေမချိုးပါနဲ့။ ရေချိုးရင် ဖျားတာက အပူရှိလို့ အပူငုတ် အပူရှပ်ချင်တာပါ။ အပူထဲမှလာပြီး ချက်ချင်း ရေမချိုးပါနဲ့။ ထမင်းစားပြီး ရေမချိုးသင့်ပါ။ ရေမချိုးခင် ရေဝအောင် သောက်ပါ။ ရေချိုးပြီးရင် ရေကို စင်အောင်သုတ်ပြီး ရေနွေးသောက်ပါ။”

သောက်ရေကိုသာ သောက်ရပါမယ်။ ချိုးရေက သောက်ရေလို မသန့်ရင် ရောဂါရစေမယ်။ ၂၅-၁-၂ဝ၁ဝ က ကျင်းပခဲ့တဲ့ ၂၃၉ ကြိမ်မြောက် National Meeting of the American Chemical Society မှာ မနက်ခင်း ရေပန်းသုံးတာထက် ညပိုင်း ရေစိမ်ချိုးတာဟာ မကောင်းဘူးလို့ ပြောခဲ့တယ်။ ရေထဲမှာ ကိုယ်ကို စိမ်လိုက်ရင် မျက်စိနဲ့မမြင်နိုင်တဲ့ ဓါတ်တွေ ရှိတာကို မေ့နေကြတယ်။ ရေဆိုရင် သန့်တယ်ဘဲ ထင်နေတတ်တယ်။ မိလ္လာရေထဲမှာ လူတွေကနေ ဓါတ်ပစ္စည်းပေါင်းများစွာ စွန့်ထုတ်ကြတဲ့ထဲမှာ ဟော်မုန်းတွေ၊ ပဋိဇီဝဆေးတွေနဲ့ တခြား အံသြစရာတွေလဲ ပါနေတယ်။ ဆေးတွေလဲ ပါတယ်။ တချို့ဟာတွေက သောက်သုံးရေထဲမှာတောင် ပါနေတာမို့ ချိုးရေထဲဆို ပြောစရာ မလိုတော့ဘူး။

အပြင်မှာ အဝတ်အစားဝတ်ပြီး ရေချိုးတယ်။ ရေချိုးခန်းထဲမှာ ကိုယ်လုံးတီး ရေချိုးမယ်။ လုပ်နေ မကျသူတွေက ရေချိုးခန်း အလုံထဲမှာ လုံခြည်မချွတ်ရဲဘူး။ သူတို့စိုးရိမ်တာလဲ မလွန်ဘူး ရေချိုးခန်းမှာ CCTV ရှိနေနိုင်တယ်။ Bathing scene ရေချိုး-ပန်းချီကားတွေ ခေတ်စားလာခဲ့တယ်။ ကိုယ်လုံးတီး အမျိုးသမီးတွေကို (မော်ဒယ်) လုပ်လို့လားတော့ မသိပါ၊ နာမည်ကြီး ပန်းချီဆရာတွေ ပေါ်ထွက်လာတာတော့ အမှန်ဘဲ။ ဒါပေမဲ့ ထဘီရင်ရှား ပန်းချီကား နေရာတိုင်းမှာချိတ်ဘို့ မသင့်ပါခင်ဗျား။

Dr. တင့်ဆွေ
၁၃-၄-၂ဝ၁၄

Read more...

Thingyan political note သင်္ကြန် (နိုင်ငံရေး) စာ

မြန်မာပြည်နိုင်ငံရေးမှာ အစဉ်အလာတွေ အသေအချာရှိတယ်။

• ဗိုလ်ချုပ်နေဝင်းက ၁၉၆၂ မှာ အာဏာသိမ်းပြီး ၂၆ နှစ်ကြာအုပ်စိုးတယ်။ အဆုံးမှာ 'ဆီကိုရေချိုး ဆေးရိုးမီးလှုံခဲ့တဲ့ မြန်မာပြည်' ဟာ 'ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ' စာရင်းထဲ ရောက်ပြီးနောက်မှာ တတိုင်းတပြည်လုံးက အုံကြွတာကို ခံလိုက်ရတော့တယ်။
• ၁၈-၉-၁၉၈၈ မှာ (နဝတ) နာမယ်ခံပြီး၊ ဗိုလ်ချုပ်ကြီးစောမောင်ကနေ အာဏာသိမ်းတယ်။ ဦးနေဝင်းကိုလဲ အသက်ချမ်းသာခွင့်ပေးသလို (မဆလ) ကိုလဲ (တစည) အဖြစ် ပြောင်းစေပြီး (မဆလ) ဥစ္စာဓန အမွေမှန်သမျှလဲ ခံစားခွင့်ပေးခဲ့တယ်။
• ဗိုလ်ချုပ်မှူးကြီးစောမောင်ကနေ ၂၇-၅-၁၉၉ဝ မှာ ရွေးကောက်ပွဲလုပ်ပေးပြီး၊ အာဏာလဲလွဲမယ်လို့ပြောတဲ့အခါ NLD က အပြတ်အသတ်နိုင်လို့ ဗိုလ်ချုပ်ကြီးသန်းရွှေကနေ အာဏာသိမ်းလိုက်တယ်။ (နဝတ) ကနေ (နအဖ) လို့ နာမယ်ပြောင်းပြီး (နဝတ) မှန်သမျှကိုလဲ ဘာတခုမှ အရေးမယူပါ။ ဗခ တင်ဦး နဲ့ ဗခ ခင်ညွန့်တို့ကိုသာ နည်းတမျိုးစီနဲ့ ရှင်းပြစ်ပါတယ်။
• ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အတိုက်အခံမှန်သမျှကို ဖမ်းဆီး၊ နှိပ်ကွပ်၊ ထောင်ချ၊ အကျယ်ချုပ်ချ၊ သေကြောင်းကြံစည်တာတွေ လုပ်တယ်။ ဒိထက်မတတ်နိုင်တော့တဲ့အဆုံးမှာ သူကိုယ်တိုင်က အနားယူ၊ ကြံ့ခိုင်ရေးပါတီ ထောင်စေပြီး လက်လွဲပေးလိုက်တယ်။
• ဦးနေဝင်းကတော့ သူနဲ့အတူ ထိပ်ဆုံးက သူ့လူတွေကိုပါအနားယူစေခဲ့တယ်။ ဗခမက သန်းရွှေကတော့ သမတ၊ ကာချုပ်အပြင်၊ လွှတ်တော်ဥက္ကဌ ၂ ယောက်၊ ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ တယောက်တို့ကိုပါ အာဏာတွေ ခွဲဝေပေးထားခဲ့တယ်။

• အာဏာလွဲပြောင်းမှုဖြစ်စဉ်ကိုကြည့်ရင် -
- (မဆလ) ကို (နဝတ) ကနေ ကယ်ခဲ့တယ်။
- (နဝတ) ကို (နအဖ) ကနေ ကယ်ခဲ့တယ်။
- (နအဖ) ကို ပြည်ခိုင်ဖြိုး ကနေကယ်ခဲ့တယ်။
- အခု ပြည်ခိုင်ဖြိုးကို ဘယ်သူကယ်မလဲ။

ပြောင်းပေးထားတဲ့ စနစ်အရ အရင်ကလို ကယ်ချင်ပေမဲ့ ကယ်ဘို့ခက်နေပြီ။ ကယ်တင်ရှင်လုပ်ချင်သူတွေက ပေါနေလို့ပါ။ စွမ်းအားရှင်နဲ့ သန္ဓေတည်လာခဲ့တဲ့ ကြံ့ခိုင်ရေးဟာ မဲခိုးတာအပါအဝင် နာမည်ဆုံးနဲ့ဖြစ်နေတယ်။ စနစ်ကလဲ မတူလို့ ယှဉ်ကြရမှာမို့ ကိုယ့်ဒူးကိုယ်ချွန်ကြရတော့မယ်။
- ဒူးချင်းတိုက်နေကြပြီ။ ဦးနေဝင်းခေတ်က စကားလုံးလို ‘ဒူးတိုက်ဆွေးနွေးပွဲ’ မဟုတ်ပါ။ ဒူးချင်းရိုက်နေကြတာပါ။
- လက်ဝါးချင်းရိုက်ကြည့်တာလဲ သိပ်ဟန်ပုံမရပါ။
- ပါတီထဲက အလတ်တန်းအဆင့်တွေက ခေါင်းချင်းရိုက်နေကြပါတယ်။
- ကပ်မြောင်ချင်သူတွေကလဲ ကျောချင်းရိုက်နေကြတယ်။

• 'ပြည်ခိုင်ဖြိုးကို ဘယ်သူကယ်မလဲ' ဆိုတာက ဗခမက (ငြိမ်း) သန်းရွှေရဲ့ မေးခွန်းဖြစ်တယ်။
• ကျွန်တော့်မေးခွန်းက 'လူထုကိုဘယ်သူကယ်မလဲ'။
• စိတ်ဝင်စားစရာတွေ ‘မကြာမီလာမည်’ လို့သာ ဆိုပါရစေ။ သူတို့ ရှုပ်ပွနေချိန်မှာ ကိုယ်တို့က သာလုပ်ကြမလဲ။
• သမိုင်းကြောင်းကောင်းသူတွေ၊ ခေါင်းကောင်းကောင်းနဲ့ ‘အဏာရှင်မျိုးဆက်ကို မောင်းထုတ်ဘို့အရေး’ သွေးစည်းညီညွတ်ကြပါစို့။

ဒေါက်တာတင့်ဆွေ
၁၆-၄-၂ဝ၁၄ နံနက် ဝဝ နာရီ ၃၅ မိနစ်

Read more...

Thingyan Social note သင်္ကြန် (လူမှုရေး) စာ

(ဖေ့စ်-ဘွတ်ခ်) မှာ ဆရာဝန် (မ) တဦးကနေ “ဆရာဝန်၊ NGO နဲ့ INGO တွေ” အကြောင်းရေးတာ ဖတ်ရတယ်။ စိတ်စေတနာ အရေးပါတာကို အလေးအနက်ပြုထားလို့ ချီးကျူးပါတယ်။ ဖြည့်ချင်တာလေးတွေရှိပါတယ်။ ကျွန်တော်တို့ တိုင်းပြည်လို ဆင်းရဲတဲ့၊ နောက်ကျတဲ့၊ အောက်ကျတဲ့၊ နေရာဒေသတွေမှာနေရတာ တကယ်တော့ ဓါတ်ခွဲခန်းမှာ အစမ်းသပ်ခံကြရတဲ့ (ဂီနီပစ်) ခေါ်တဲ့ သတ္တဝါလေးတွေနဲ့ အတူတူဖြစ်တယ်။

သုတေသန
သုတေသနဆိုတာ နေရာတကာမှာလိုတယ်။ တခြားနယ်ပယ်တွေကို မပြောလိုပါ။ ကျန်းမာရေးမှာတော့ အသေအခြာ ခံကြရတာ အမှန်ပါ။ ဆေးအသစ်တွေကို စမ်းသပ်မှုပြုရင် အရင်ဆုံး ကြွက်ဖြူတို့ (ဂီနီပစ်) စတဲ့ အကောင်တို့ကို အရင်စမ်းကြရတယ်။ ဒါကို တိရစ္ဆာန်အခွင့်အရေး လုပ်သူတွေက ကန့်ကွက်ကြတယ်။ အကောင်မှာစမ်းပြီးနောက် (ဗော်လန်တီယာ) လူနာတွေကို စမ်းတယ်။ ဒီလိုလုပ်တာက တရားဥပဒေနဲ့ညီအောင်လုပ်ရပါတယ်။ အောင်မြင်တာကို ဆေးကာင်စီလို အဖွဲ့စည်းကနေ ခွင့်ပြုချက်ရရင် ဈေးကွက်ထဲ ရောက်လာမယ်။ ဒါလဲ ဘေးထွက်-ဆိုးကျိုး ဆိုးဝါးတာတွေ နောက်မှ တွေ့လာပြန်လို့ ပြန်ပိတ်ရတဲ့ ဆေးဝါးတွေ မနည်းဘူး။

လူမသိ၊ သူမသိ အစမ်းခံရာတတွေ အများကြီး ရှိပြန်သေးတယ်။ ဆေးကုမ္ပဏီတွေကနေ ဆရာဝန်တွေကို ‘Sample not for sale ဆေးနမူနာ ရောင်းရန်မဟုတ်ပါ’ ဆိုပြီး ဆေးအသစ်တွေကို အခမဲ့ပေးတာတွေ ရှိတယ်။ ဒါမျိုးကို တော်တော့ ဆရာဝန်တွေက မရကြပါ။ ဆေးအသစ်ကိုလဲ တော်တော့ လူနာတွေမရပါ။ ရတဲ့သူတွေ ဂုဏ်ယူ-ကြွားဝါစရာ မဟုတ်ပါ။ အစမ်းသပ်ခံကြရတာ ဖြစ်ပါတယ်။

ဆေးသစ် သုတေသနထဲမှာ လူအများကြီးထဲချစမ်းတော့ ဆင်းရဲတဲ့နေရာတွေမှာ စလုပ်တာတွေ တွေ့ဘူးကြပါလိမ့်မယ်။ စောစောက လေ့လာဆန်းစစ်မှုက သိပ်အရေအတွက် မများသေးတော့ အသေခြာကြီး မဟုတ်သေးဘူး။ အာရှ၊ အာဖရိကမှာ

NGO တွေ ခြေချင်းလိမ်နေကြတာ စေတနာနဲ့အတူ မျှော်ကိုးချက်လဲပါနေတာ သတိထားကြပါ။ ဆင်းရဲတဲ့ နေရာတွေမှာလုပ်တာမှာ အကုန်လုံးကို အပြစ်ပြောချင်တာ မဟုတ်ပါ။ ငှက်ဖျားဆေးကို ငှက်ဖျားတောမှာ စမ်းမှ မှန်တာရတယ်။ ဘီ-ပိုး၊ စီ-ပိုး စမ်းတာတွေလဲ အဲလိုပါဘဲ။ အဖြစ်များရာ နေရာမှာ စမ်းကြရတယ်။ HIV ဆိုရင် အာဖရိက သွားလုပ်မှာ သဘာဝကျပါတယ်။ မြန်မာပြည်မှာလဲ မြွေဆေးကို မြွေပေါတဲ့ အရပ်က မြွေတွေကနေ ဆေးထုတ်ယူရတယ်။ ကိုယ့်ဒေသထွက် မြွေဆိပ်-ဖြေဆေးဟာ အမေရိကားကနေ ထုတ်တာထက် ကောင်းတယ်။

သုတေသနလုပ်တယ်ဆိုတာ ပြီးဆုံးသွာတဲ့ အလုပ်မျိုးမဟုတ်ဘူး။ စိတ်ချရတယ်ဆိုတဲ့ ကုသနည်း၊ ကာကွယ်နည်းတွေ အားလုံးကို ဆက်ပြီးလေ့လာနေကြရသေးတယ်။ ဒါမျိုးကို (ကလင်နီကယ်-ဖီးလ်) ဆေးကုသနယ်ပယ် လေ့လာချက်လို့ ခေါ်တယ်။ အသိအမှတ်ပြုပြီး၊ တရားဝင် ထုတ်လုပ်-ရောင်းချခွင့်လဲ ရပြီးတဲ့ နည်းတွေရဲ့ တကယ့်နယ်ပယ်မှာ ထိရောက်မှု ဘယ်လောက် ရှိသလဲ။ ဘယ်လိုဟာက ပိုကောင်းသလဲ ဆန်းစစ်တာမျိုး။

(အင်ဂျီအို)
ကျန်းမာရေးအတွက် ကူညီနေကြတဲ့ NGO တွေကို ကျေးဇူးတင်ပါတယ်။။ ဒါပေမဲ့ ကျွန်တော်တို့ဖက်က သတိကြီးကြီး ထားစရာတွေ အများကြီး ရှိတယ်။ နိဒါန်းမှာရေးခဲ့တဲ့ ဆရာဝန်မပြောသလို ဗျူရိုကရေစီ သဘောအရသာမကဘဲ မမြင်နိုင်တာတွေ ရှိသေးတယ်။ ဥပမာ ထိုင်းနဲ့ အိန္ဒိယမှာ မြန်မာဒုက္ခသည်တွေကို အကူညီပေးတယ်၊ စောင့်ရှောက်ပေးတဲ့ NGOs အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေရှိတယ်။

ကူညီတယ်ဆိုတာ ကောင်းတော့ ကောင်းပါတယ်။ ကျောင်းဆရာတွေ ဆရာဝန်တွေလိုဘဲ (သမ္မာအာဇီဝ) လို့ အလွယ် ပြောတာကို ငြင်းဘို့ခက်တယ်။ ဘာသာရေး အဆုံးအမမှာ ရှိတယ်မဟုတ်လား။ ‘လှူတတ်မှ ဒါနမြောက်တယ်’ ဆိုတာ။ စိတ်ထားဟာ ကံသုံးပါးမှာ လှည်းတစီလုံး ပါလာအောင် ဆွဲပေးတဲ့ ရှေ့ဆုံးကနွားများလိုဘဲ ဦးဆောင်တယ်။ တလွဲကိုဆွဲရင် တလွဲပါသွားတယ်။ ကူရညီရတဲ့ အလုပ်တော့ လုပ်တာပါဘဲ၊ လခကောင်းကောင်းလဲ ရနေမှာဘဲ။ ကောင်းတဲ့ကံရဲ့ ကောင်းကျိုးကိုတော့ မယူတတ်ရင် မရနိုင်ပါ။

(ယူအင်န်)
ဆရာဝန်မကတော့ UN ကလူတွေကို ချန်လိုက်ပါတယ်။ ကျွန်တော်က မချန်ချင်လှပါ။ (ယူအင်) ဆိုတာ ကမ္ဘာမှာ အကြီးဆုံး ဗျူရိုကရေစီယန္တယားကြီး ဖြစ်ပါတယ်။ အစိုးရတွေနဲ့ ဖွဲ့ထားပြီး၊ အစိုးရလဲမဟုတ်ဘူးလို့ ပြောလို့ရတဲ့ အဖွဲ့ကြီး ဖြစ်တယ်။ တကမ္ဘာလုံးက အစိုးရတွေပါနေပေမဲ့ ‘ကမ္ဘာကိုအုပ်စိုးသူလို လုပ်မရဘူး’ လို့ ပြောလို့ရတယ်။ ဒါ့ကြောင့် ‘ကမ္ဘာကြီးဟာ Anarchy (အနာခီ) မင်းမဲ့ဝါဒီ’ ဖြစ်တယ်လို့ ပြောကြတာပေါ့။ နောက်တချက် နိုင်ငံတချို့မှာ အစိုးရတွေဟာ လူထုကိုကိုယ်စားမပြုကြပါ။ လူထုကိုရန်ပြုကြတယ်။

(ယူအင်) ကလူတွေလဲ (အင်ဂျီအို)၊ (အိုင်အင်ဂျီအို) တွေနဲ့ မခြားပါ။ ကောင်းတဲ့ အလုပ်မျိုးတွေ လုပ်နေတာတွေ အများကြီးပါ။ လုပ်နေသူတွေဟာ လခကောင်းကောင်းရလို့ လုပ်နေသူက ဘယ်လောက် များသလဲ။ မတရားတော့ မစွပ်စွဲချင်ပေမဲ့ မဟုတ်ပါစေနဲ့သာ ဆုတောင်းရမှာပေါ့။ (အင်ဂျီအို)၊ (အိုင်အင်ဂျီအို) တွေ တချို့ဟာ သူတို့လုပ်နေတဲ့ (အစ်ရှူး) ပပျောက်သွားမှာကို မလိုလားပါ။ ကြီးထွားစေချင်ကြတယ်။ ဒုက္ခသည်၊ ရောဂါသည်။

(ဗော်လန်တီယာ)
စေတနာ့ဝန်ထမ်း နဲ့ (အင်ဂျီအို) လုံးဝ မတူကြပါ။ (ဆီဘယ်လ်-ဆိုဆိုင်ယယ်လ်တီ) လူမှုအဖွဲ့အစည်းလို့ ခေါ်ကြတယ်။ ဒါပေမဲ့ လူမှုအဖွဲ့စည်းတိုင်းလဲ လူတွေကို ကောင်းဘို့ လုပ်တာ မဟုတ်ပြန်ပါ။ ဥပမာ (စွမ်းအားရှင်) လို အဖွဲ့မျိုး။ နောက်ပြီး နာမည် မကောင်းတဲ့ အဖွဲ့ထဲ ပါနေပေမဲ့ တကိုယ်ရည်သဘော စိတ်ထားကောင်းသူတွေ ရှိတတ်ပါတယ်။ (မဆလ) ခေတ်တုံးက ပုဂ္ဂိုလ်နည်းနည်းပါးပါကို ကိုယ်တိုင်ကြုံဘူးပါတယ်။

စေတနာမှန်
ဥာဏ်ကောင်းလို့ ကြိုးစားလို့ ဆရာဝန်ဖြစ်နိုင်တာ များပါတယ်။ သူတို့ထဲက ထက်မြက်သူတွေက သာမန်-ဆရာဝန် တွေထက် နေရာကောင်းတာ ရတတ်ကြတယ်။ လခကောင်းစားပြီး စေတနာထားသူတွေလဲ ရှိပါတယ်။ ဘာဘဲလုပ်နေနေ စိတ်ရင်း စေတနာသည်ဟာ အခရာကျပါတယ်။ ဆရာဝန်အလုပ်၊ ကျောင်းဆရာအလုပ်မှ မဟုတ်ပါ။ စီးပွါးလုပ်သူတွေ၊ နိုင်ငံရေးလုပ်သူတွေလဲ အတူတူပါဘဲ။

“စေတနာမဆင်းရဲတဲ့ မြန်မာပြည်မှာ အစမ်းသပ်ခံရတာတွေ နည်းပါစေ။”
“ကော်လာဖြူ၊ ကော်လာပြာ၊ အနားပြာ၊ ခရိုရောင်စုံ အကုန်၊ စေတနာကုံလုံကြပါစေ။”
“စေတနာမိုး စွေရွာဖြိုးပါစေ။”

Dr. တင့်ဆွေ
၁၆-၄-၂ဝ၁၄

Read more...

Monday, April 14, 2014

Foodbook made in Mandalay မန္တလေးကလာတဲ့လက်ဆောင်

• စားရာလက်ဆောင်၊ ဝတ်စရာလက်ဆောင်၊ • သတင်းစကားလက်ဆောင်၊ ဆုမွန်မေတ္တာလက်ဆောင်၊
• လက်ဆောင်ပါးသူတွေ၊ သယ်လာပေးသူတွေ၊
• အကျိုးဆောင်သူတွေ၊ ကျန်းမာ-ချမ်းသာကြပါစေ။

ဒေါက်တာတင့်ဆွေ
၁၃-၄-၂ဝ၁၄
Read more...

Tuesday, April 8, 2014

Paingting I love to draw ဆွဲချင်တဲ့ပန်းချီကာ

(ဒီမိုကရေစီရနေတဲ့ ပြည်မြန်မာပုံလေး စိတ်ကူးယဉ်လက်စွမ်းပြပါလားဆရာ။)

• ခြောက်နေတဲ့ သစ်ပင်၊ ရေမမြင်ရတဲ့မြစ်၊
• လူဖြစ်ရှံးကြတဲ့သူတွေ၊ ပေတေနေတဲ့ ကလေးများ၊
• အားမရှိတဲ့ ကလေးအမေ၊ နေနိုင်လှတဲ့အစိုးရ၊
• ပုံဆွဲစရာ မရှိတာကမှ တော်သေး၊ ပန်းချီနဲ့ ဝေးချင်လဲဝေးစေတော့၊
• ခေါင်းမော့ပြီး ကောင်ကင်မှာ၊ တိမ်သလ္လာစုတ်နဲ့၊
• အရုပ်ရေးဘို့ရာ သင်္ကြန်မှာ သိကြားမင်း၊
• နှစ်ငါးဆယ် အညစ်အထေး၊ ဖျက်ဆေးယူလို့ဆင်း။

ဒေါက်တာတင့်ဆွေ
၈-၄-၁၂ဝ၁၄
Read more...

Paingting-like country ပန်းချီဆန်တဲ့ မြန်မာပြည်

• အထက်တန်းကျောင်းသားဘဝမှာ ပုံဆွဲတယ်။ ဆေးကျောင်းမှာတော့ ရံဖန်ရံခါ ပုံတူလေးတွေ ဆွဲဖြစ်သေးတယ်။ ဆရာဝန်ဖြစ်ကတည်း ဘယ်လိုပန်းချီမှ မဆွဲဖြစ်တော့ပါ။ နိုင်ငံရေးထဲရောက်တော့ ပန်းချီနဲ့ ပိုဝေးသွားတယ်။
• ခွဲစိတ်ဆရာဝန်တိုင်း ဓါးနဲ့ဝေးမနေရဘူး။ ပန်းချီကတော့ မပြောတတ်သေးပါ။
• ဟိုတနေ့က ဒီငုပန်းပင်ဓါတ်ပုံလေး တွေ့တုံးကနေစပြီး ပန်းချီဆွဲချင်တဲ့ဆန္ဒ ပြန်ဖြစ်ပေါ်လာတယ်။
• လက်ထဲမှာတော့ စက္ကူ၊ ခဲတံ၊ စုတ်တံ၊ ရေဆေး၊ ဘာတခုမှ မရှိသေးဘူး။
• ဂျာနယ်တခုမှာ အမေး-အဖြေလုပ်ရတုံး ပြောခဲ့တာရှိတယ်။ “ငယ်ကတည်းက ပုံဆွဲဝါသနာပါတယ်။ အစဉ်အလာ ဆွဲနည်းပါ။ မျဉ်းဖြောင့်၊ အချိုးကျတဲ့ မျဉ်းကွေး၊ (ပါစပက်တစ်) အနီး-အဝေးသဘောကို လက်ခံတယ်။ ညစ်ပေတာမျိုး မကြိုက်ဘူး။ နိုင်ငံရေး လုပ်တဲ့အခါမှာလည်း ဖြောင့်နေတာ၊ ညီညာနေတာ၊ သန့်နေတာမျိုး ဖြစ်ချင်စိတ်က အမြဲလွှမ်းမိုးနေတော့ အဆင်မပြေတာတွေ ဖြစ်ရတော့တယ်။”
• မြန်မာပြည်က ရှုခင်းတွေကို ထိုင်ကြည့်ပြီး ပုံတူတွေကို ဘယ်တော့ဆွဲနိုင်မလဲ မသိပါ။
• မျဉ်းဖြောင့်တွေ၊ အချိုးကျတဲ့ မျဉ်းကွေး၊ စနစ်ကျတဲ့ မျဉ်းကောက်တွေသာ မြန်မာပြည်မှာ ရှိပါစေ။ အညစ်အထေးတွေ ကင်းဝေး ပပျောက်ပါစေ။

ဒေါက်တာတင့်ဆွေ
၈-၄-၁၂ဝ၁၄
Read more...

Monday, April 7, 2014

Coureer is coming လူကြုံလာမယ်

ကံနဲ့လူမပူနဲ့ • လူကြုံလာမယ်၊ ဘာမှာမလဲ တဲ့။ • လာမဲ့သူက လူမမာ၊ အားနာစရာ၊ • ဒါပေမဲ့ဗျာ အခွင့်အရေးရတုံး၊ ကျုံးရေတစည်လောက် ခေါက်ထည့်ခဲ့ဗျာ၊ • ပိတောက်ပင် ဆယ်ပင်၊ လေယာဉ်မှာတင်ခဲ့ပေးပါ၊ • ရန်ကုန်မှာနေ သင်္ကြန်ရေ တပီပါ၊ ဆွဲခဲ့အုံးဗျာ၊ • လာမဲ့သူက မုံရွာသား၊ အားနာစရာမဟုတ်၊ • အုတ်ဆယ်ခဲ၊ ဖျက်တော့မဲ့ လယ်တီသိမ်ထဲက ဆွဲခဲ့ပါလား။ ဆရာကကော • ဒေလီပြန်သူနဲ့ ဘာယူဘို့ပေးမှာလဲ၊ • ဆရာ့မှာ ကျန်းမာရေးအသိပညာ၊ ဆီးပူးနေတာ၊ ဒါလေးသာရှိတယ်၊ • အနယ်နယ်အရပ်ရပ်က မြန်မာနိုင်ငံသားမှန်သမျှ၊ • ဂင်္ဂါကရေ၊ ယမုန်နာကရေကို မိုးရေလိုသဘောထား၊ • မေတ္တာတရားနဲ့ လက်ဆောင်ပြန်ပါး၊ • ကျန်းမာ-ချမ်းသာကြစေသား။ ။ ဒေါက်တာတင့်ဆွေ ၇-၄-၂ဝ၁၄ (နံနက် ၅ နာရီ ၅၃ မိနစ်)
Read more...

Pidauk flower ပိတောက်ပန်းနဲ့ အလွမ်းဆုတောင်း

• မြန်မာပြည်မှာ ပိတောက်တွေ ပွင့်ဝါနေပြီတဲ့။
• မုတ်သုန်ရာသီဥတုတော့ အတူတူရှိပါရဲ့ ဒီမှာက ပိတောက်ပင်ဆိုတာ ဘယ်နေရာမှာမှ မရှိပါ။ ကာလကတ္တား ဘုန်းကြီးကျောင်းမှာ မြန်မာပြည်ကနေ တကူးတကယူပြီး စိုက်ထားတဲ့ ပိတောက်ပင်ရှိတယ်။ ကိုင်းတကိုင်း ချိုးယူလာသေးတယ်။ မစိုက်ဖြစ်လိုက်ပါ။
• ထိုင်းနိုင်ငံမှာတော့ လမ်းဘေးတွေမှာ ပိတောက်ပင်တွေ အစီအရီရှိပေမဲ့လဲ ဘယ်သူမှ ခူးယူပြီး ပန်တာ၊ ပေးတာတွေ မလုပ်ကြဘူး။
• ငုကတော့ ဒေလီမှာလဲ ဝင်းဝါနေတာဘဲ။ ဒေလီမှာ ဟိုတနှစ်က ၁၉၉ဝ တုံးက အကောင်းဆုံး ရွေးကောက်ပွဲဆောင်ပုဒ် ဖြစ်ခဲ့တဲ့ ‘ငု နဲ့ ပိတောက် နွေမှာလှိုင်သည်၊ စု နဲ့ ခမောက် မေမှာ နိုင်မည်’ ဆိုတာလေး သူများတွေ မမေ့ကြအောင်ရေးဘို့ ငုပင်တွေပေါတဲ့ သံရုံးတွေရှိတဲ့ ‘ချာနကျာပူရီ’ ကို နေပူကျဲကျဲသွားပြီး၊ ဓါတ်ပုံရိုက်ခဲ့ဘူးသေးတယ်။

• ပိတောက်ပန်းကို ခုံမင်နှစ်သက်တာ အသက်အရွယ် ငယ်သူတွေ၊ ရွယ်သူတွေဖြစ်ပေမဲ့၊ ကြီးသူတွေလဲ ငယ်ရာရွယ်ရာကနေ ကြီးလာကြတာမို့ စွဲလမ်းတမ်းတာကြတာပါဘဲ။
• ‘တနှစ်မှာ တလ၊ တလမှာတရက်’ ဆိုပြီး ပိတောက်ပွင့်တဲ့ကာလကို ပြောကြတယ်။ ခုံမင်နှစ်သက်ကြလွန်းလို့ ‘ပိတောက်တွေ နေ့စဉ်ပွင့်ပါစေ’ လို့ ဆုချွေကြတယ်။

• အနောက်တိုင်းနိုင်ငံတွေမှာ ထိပ်တန်းစာရင်ဝင် ရေမွှေး (၁ဝ) မျိုးရှိတယ်။
1. Armani code from Giorgio Armani
2. Acqua Di GIO from Giorgio Armani
3. Eternity from Calvin Kevin
4. Acqua Di Parma Colonia
5. Hot water
6. Euphoria (CK)
7. Chanel # 5
8. Pure Poison from Dior
9. Obsession from CK
10. Tommy Girl from Tommy Hilfiger

• ကျွန်တော်တို့ မြန်မာ့ဆယ်နှစ်ရာသီပန်းတွေက တမျိုးစီမွှေးကြတာကို ဘယ်ရေမွှေးကမှ လိုက်မမီပါ။ ကံ့ကော်ပန်းနဲ့ ပိတောက်ပန်း၊ (တန်ခူးလ)၊ စကားဝါပန်း (ကဆုန်လ)၊ စံပယ်ပန်း (နယုန်လ)၊ ပုန်းညက်ပန်း (ဝါဆိုလ)၊ ခတ္တာပန်း (ဝါခေါင်လ)၊ ယင်းမာပန်း (တော်သလင်းလ)၊ ကြာပန်း (သီတင်းကျွတ်လ)၊ ခဝဲပန်း (တန်ဆောင်မုန်းလ)၊ သဇင်ပန်း နဲ့ ဂမုန်းပန်း (နတ်တော်လ)၊ ခွာညိုပန်း (ပြာသိုလ)၊ ပေါက်ပန်း (တပို့တွဲလ)၊ သရဖီပန်း (တပေါင်းလ)။

• ကိုယ့်ရပ်ကိုယ့်ဆီမှာသာ ထူးခြားပြီးရှိတာမှန်သမျှ ဂုဏ်ယူကြရတယ်။ ပိတောက်ပန်းဟာ ကျွန်တော်တို့ တိုင်းပြည်အတွက် ဂုဏ်တက်စရာ အမှန်ပါ။ ဘယ်လောက်မွှေးတယ်၊ ဘယ်လောက်လှတယ် စသဖြင့် သူများတွေကိုပြောရင် မခံစားတတ်ကြဘူး။ အချင်းချင်းသာ အလွမ်းသယ်ကြရပါတယ်။
• အခုလို အပြင်ကနေ မြန်မာပြည်ထဲကို ဗုံးပေါလအော ဝင်လာနေတာတွေ များလွန်းနေချိန်မျိုးမှာ ကိုယ်ပိုင်အရာတွေကို ချစ်တတ်၊ မြတ်နိုးတတ်ကြတာ အလွန်ကောင်းမြတ်တယ်။
• ပိတောက်၊ မြန်မာပြည်က မပျောက်ပါစေနဲ့။
• မြန်မာပြည်သူတွေ ပန်းကောင်းအညွန့်ချိုး မခံကြရပါစေနဲ့။

ဒေါက်တာတင့်ဆွေ
၆-၄-၂ဝ၁၄

Read more...

Waiting for a coureer လူကြုံမျှော်နေပါတယ်

၁။ ဟိုမှာ လက်ဖက်ရှိလား။
၂။ တို့သျှမ်းပြည်မှာတော့ လက်ဖက်ခြောက်ကို မြေဒယ်အိုးမှာ မီးအေးအေးနဲ့လှော်၊ ကောက်ညှင်းလှော်နဲနဲခတ်ပြီး သောက်ကြတယ်။ ဖေဖေကတော့ လက်ဖက်ခြောက်ကို လောလောဆယ်ပွက်ထားတဲ့ ရေပူနဲနဲလောင်း၊ ကျင်းပြီးမှ ရေပူအပြည့်ထည့် သောက်ပါတယ်။ အဲဒါမှ အခါးရေအရသာပေါ်ပါတယ်။
၃။ လဖက်ရည် အဖန်သောက်ရင်ဖြင့် ကျက်သရေအမှန်ရောက်ပေလို့ ကြံသလောက်ပြီးတဲ့ရေတဲ့။

• မြန်မာနယ်စပ်နဲ့ အဝေးကြီးမဟုတ်တဲ့ အာသန် (အဆမ်) မှာ လက်ဖက်ခင်းကွေက တမျှော်တခေါ်ကြီး၊ စိမ်းစိုနေတာဘဲ။ ရေနွေးကြမ်းအတွက် လက်ဖက်ခြောက်နဲ့ လက်ဖက်စိုတော့ မရပါ။ ‘ဂရင်းတီး’ ဆိုပြီး၊ အိတ်စပို့တော့ လုပ်တယ်။
• လက်ဖက်စို၊ လက်ဖက်ခြောက်ကို နယ်စပ်ကနေ တကူးတက မှာရတယ်။ လက်ဆောင်ယူလာကြရင်တော့ စားရတာပေါ့။
• ကျွန်တော်က လက်ဖက်အရွက်သန့်သန့်လေးဘဲ မြေပဲဆံကျော်၊ ကြက်သွန်ဖြူနဲ့သာစားတတ်တယ်။ ပုဇွန်ခြောက်တော့ တခါတလေပေါ့။ ချင်း (ဂျင်း) နဲ့ မစားတတ်ဘူး။ လက်ဖက်အချဉ်လဲ မစားတတ်ဘူး။ တခါတလေ
သင်္ဘောရွက်နုနုလေးတွေပါ ရောစားတယ်။ မိသားစု တခါတလေ သုပ်စားရင်တော့ စားပါတယ်။ တနှစ်တခါနှစ်ခါလောက်တော့ တညင်းသီးနဲ့သုပ်တာ စားရတတ်ပါတယ်။ မနှစ်ကတခါ ဘုတလင် တွင်းပိုးလှော် အမျိုးတွေက ယူလာကြလို့ စားရသေးတယ်။
• ကောင်းတာတွေကိုစာဖွဲ့ကြတယ်။ စာကောင်းလို့ အတုလိုက်ယူကြတယ်။ ဆရာတော့ မနက်လင်းကနေ အိပ်တဲ့အထိ ရေနွေးကြမ်းသောက်တယ်။ ရေကိုတော့ နေ့စာနဲ့ ညစာစားပြီးချိန်မှာသာ နှစ်ခါ သောက်မိတာ များတယ်။ ဆေးခန်းထိုင်ရင်လဲ ဘေးမှာ ရေနွေးကြမ်းဗူးလေးတခုထားတယ်။
• လက်ဖက်ခြောက်က ကုန်ကာနီးနေလို့ နယ်စပ်ကလူကြုံကို မုံရွာဦးကာက လက်ဖက်ခြောက် ဝယ်ခဲ့ပါလို့ မှာထားရတယ်။ ကျက်သရေမရောက်ခင် လူကြုံရောက်မှဖြစ်မယ်။

ဒေါက်တာတင့်ဆွေ
၆-၄-၂ဝ၁၄

Read more...

Friday, April 4, 2014

Vitamin for a doctor ဆရာဝန်အတွက် အားဆေး

Fri, Apr 4, 2014 at 10:56 AM
ဆရာ့ ကဗျာဖတ်ရလို့ အငှားခံစားမိပါတယ်။ ကျန်းမာရေးကိစ္စတွေမှာ ကျွန်တော်တို့ တိုင်းပြည်က အတော်နောက်ကျနေတာပါ။ ဆရာကြီးတွေ (အထူးကုတွေ) ကို မေးမြန်းဖို့ဆိုတာလည်း သူတို့မှာ လူနာတွေတောင် အချိန်များများ မပေးနိုင်ကြတာ တွေ့ရပါတယ်။ ဆရာအနေနဲ့ ဒီကွက်လပ်ကိုဖြည့်ပြီး စေတနာရှေ့ထား ဖြေကြားပေးနေတာတွေကို အထူး ကျေးဇူးတင် ပါတယ်။ ပညာကိုငွေနဲ့ရောင်းစားကြတဲ့ခေတ်မှာ ခုလိုစေတနာနဲ့ ပညာဝေငှနေတဲ့ ဆရာ့ကို လေးစားမိပါတယ်။ ဂုဏ်ယူမိပါကြောင်းလည်း အသိပေးအပ်ပါတယ်ခင်ဗျား။

ဟုတ်ကဲ့ဗျာ။ အများကြီးကျေးဇူတင်တယ်။ ဆရာဝန်အတွက်ပေးတဲ့ အားဆေးပါဘဲ။ ကျန်းမာ-ချမ်းသာပါစေ။

ဒေါက်တာတင့်ဆွေ
၎-၄-၂ဝ၁၄
Read more...

Gift not bribe ဆရာဝန် လက်ဆောင်ယူခဲ့ခြင်း

ကနေ့ မုံရွာမှာနေတဲ့ တူတော်မောင်က ဒီဓါတ်ပုံလေးပို့လာတယ်။
“ဒီနေ့ ဗီဒိုဖွင့်ရင်း သတိရလို့ Photo ရိုက်ပြီး ပို့လိုက်တာပါ။ ဦးဆွေနာမည်ပါလို့ တစ်ခါမှတော့ ဖွင့်မကြည့်ဖူးဘူး။”

သူ့ဆီကို ဒီလိုပြန်ရေးပါတယ်။
“အေး မှတ်မိပြီ။ ငါ စစ်ကိုင်းဆေးရုံကနေ ပုလဲဆေးရုံကိုပြောင်းရတော့ စစ်ကိုင်းဒေသပါတီဝင်၊့ က သူ့သားမှာ ယောက်ျားအစိတဖက် အောက်မကျတဲ့ရောဂါကို ခွဲစိတ်ကုသပေးဘို့ လာအပ်တယ်။ ခွဲပေးပြီးနောက်မှာ ငါ့ကို ပေးခဲ့တဲ့ လက်ဆောင်ပေါ့ကွာ။ ခုခေတ်ဆိုရင် လာဘ်စားမှုထဲများ ပါမလား မသိဘူးကွ။”

အဲဒီ လက်ဆွဲအိတ်နဲ့ NLD ဂန္ဒီအစည်းအဝေးကို တက်ခဲ့ပါသေးတယ်။

ဒေါက်တာတင့်ဆွေ
၎-၄-၂ဝ၁၄
Read more...