Friday, March 28, 2014

Toy gun တွိုင်းဂန်း လက်စွမ်း

• ‘အမေ (သို့) တစ်တီတူး တကောင်ကပေးခဲ့သော သင်ခန်းစာ’ ဆိုပြီး နိုင်ငံရေးမှာ လုပ်ဖေါ်ကိုင်ဖက် ကိုမြင့်အေးက ရေးတယ်။

• ကျွန်တော်ငယ်ငယ်ကလဲ မုံရွာ၊ ရတနာပုံရပ်ကွက်၊ ကျွဲလူးအိုင်ကနေ ရွံ့တွေခူးပြီး၊ လောက်စာလုံး လုံးတယ်။ ဘတ်ဂွတစင်းနဲ့ မြို့တွင်း (ဆူးလေကုန်းရပ်ကွက်) လှည့်တယ်။ တကောင်တမြီးမှ မရဘူးဘူး။
• မန္တလေး၊ ဆေးကျောင်းမှာ သူငယ်ချင်းတသိုက် ငါးမျှားထွက်တော့ အနည်းဆုံးနဲ့ အသေးဆုံးငါးတွေဘဲ ရဘူးတယ်။
• ဖေါင်ကြီးသင်တန်း (ဇေယျ ၁၉) မှာ ၃ဝ၃ ရိုင်ဖယ်ကျည် အတောင့် ၂ဝ ပြစ်ရတာ စက်ဝိုင်းခပ်ကြီးကြီးထဲသာ မှန်ခဲ့တယ်။

• ဒါပေမဲ့ ဒေလီမှာ Toy gun ကလေးကစား သေနတ်တလက် ဝယ်လာတာကို ကိုဗလ (သူလဲ နိုင်ငံရေးမှာ လုပ်ဖေါ်ကိုင်ဖက်ဘဲ) ရှေ့မှာ နောက်ပြန်လှည့်ပြီး၊ နံရံပေါ်က ပိန်ညောင်ကို ပြစ်ပြတာ ဒက်ဒိမှန်သွားတော့ ကိုဗလခင်မြာ ဆရာ့ကို ‘ဘရာဗို’ မလုပ်ဘဲနေလို့မရ ဖြစ်သွားတယ်။

ဒေါက်တာတင့်ဆွေ
၂၈-၃-၂ဝ၁၄ And here is the rest of it
Read more...

Upper Burma bazaar အညာဈေး

• ‘ပိတောက်ပြီးတော့ ခွေးတောက်’ အောက်မှာ ညီတော်မောင်က မှတ်ချက်ရေးတယ်။ ‘တိုက်တိုက်ဆိုင်ဆိုင်ပဲဗျ။ ကျွန်တော်တို့လည်း ဒီနေ့ ခွေးတောက်ရွက်ချက်စားရတယ်’။
• နှစ်တွေက ၂ဝ ကျော်ပြီ၊ နိုင်ငံတွေလဲ မနည်းမနော သွားဘူးတယ်။ ဘယ်မှာမှ ရှာမရသေးတာ ဇရစ်ဖူးရယ်၊ ဆူးပုတ်ရွက်ရယ်။
• ဆူးပုတ်ကလေးလို့ပြောတာကို ဘယ်နိုင်ငံမှာမှ မတွေ့သေးဘူး။ ဆူးပုတ်ကြီးကိုတော့ ထိုင်းနဲ့ အိန္ဒိယ-မြန်မာ နယ်စပ်မှာရတယ်။
• မုံရွာက စဖြူဥငါးပိကို နှမဆီကိုလှမ်းမှာတာ။ မိုးရာသီမှရတယ်ဆိုလို့ မိုးရွာအောင်စောင့်အုံးလိုက်မယ်။
• စားချင်တဲ့ ဟင်းသီးဟင်းရွက်တွေ အကုန်လောက်ရတဲ့ မုံရွာ သာစည်လမ်းဈေးလေးကို အမှတ်ရတယ်။ တလောက ဈေးဓါတ်ပုံတွေ ရတယ်။

ဒေါက်တာတင့်ဆွေ
၂၈-၃-၂ဝ၁၄
Read more...

Thursday, March 27, 2014

Flower and leaves ပိတောက်ပြီးတော့ ခွေးတောင်္က

• မနေ့တနေ့ကတင် ကာလကတ္တားဘုန်းကြီးကျောင်းက ပိတောက်ပင်အကြောင်း ရေးမိသေးတယ်။
• ကျွန်တော်နေတဲ့အရပ်မှာ ‘ခွေးတောက်’ မရှိပါ။
• မစားရတာ နှစ်တွေအတော်ကြာပြီ။
• ထိုင်း (မဲဆောက်) ကိုသွားရင် တည်းခိုလေ့ရှိတဲ့ ဦးခွန်မားကိုဘန်း (ကယန်း) ရဲ့ အိမ်ခြံစီးရိုးက ခွေတောက်ပင်မှာ အရွက်လှနေချိန်ဆိုရင် ချက်စားဖြစ်တယ်။ ထိုင်းကိုခရီးမသွားရတာလဲ နှစ်တွေကြာနေပြီ။
• ကနေ့ ‘ခွေးတောက်ရွက်ချက်’ စားရပါတယ်။
• ပတ္တနား (ပါဋလိပုတ်) မြန်မာဘုန်းကြီးကျောင်းမှာရှိတဲ့ ခွေးတောက်ပင်ကနေ ခူးယူလာတဲ့ ဘုရားဖူး ပြန်လာသူကနေပေးတဲ့ ခွေးတောက်ရွက်လက်ဆောင် ရလို့ပါ။
• ရှားတဲ့ ခါးတဲ့ ခွေးတောက်ရွက်ကို စားရတော့ မြန်မာပြည်ကို တအားလွမ်းမိတယ်။

ဒေါက်တာတင့်ဆွေ
၂၇-၃-၂ဝ၁၄
Read more...

Wednesday, March 26, 2014

Flowers အဝေးပန်း

• ကိုးဆယ်၊ ဆယ့်နှစ်၊ ဒို့နိုင်ခဲ့တဲ့နှစ်၊
• ဆယ်နှစ်ရာသီ ပန်းတွေစီ၊ ဘယ်လရွေးရွေး နိုင်ရမည်၊
• ဆယ့်ငါးနွေကို တို့ဦးတည်၊ အားတွေမွေးကြမည်၊
• ငါတို့သည် ဆယ်နှစ်ရာသီပန်းများဖြစ်ကြသည်။

• လိပ်ပြာ ပိတုန်း၊ မမုန်းကြနဲ့၊
• အရှုံးထဲက ဒို့ရုန်းထ၊ ပန်းဖျက်ပိုးသာ ချေမှုန်းကြ၊
• စည်းလုံးခြင်းက ပိုးသတ်ဆေး၊
• ညီညွတ်ရေအေး လောင်းကာပေး၊
• ပြည်သူတွေကို မွှေးပြန့်ရေး၊
• အဝေးကနေ တို့အားပေး။ ။

တန်ခူးလ = ကံ့ကော်ပန်း၊ ပိတောက်ပန်း၊ ကဆုန်လ = စကားဝါပန်း၊ နယုန်လ = စံပယ်ပန်း၊ ဝါဆိုလ = ပုန်းညက်ပန်း၊ ဝါခေါင်လ = ခတ္တာပန်း၊ တော်သလင်းလ = ယင်းမာပန်း၊ သီတင်းကျွတ်လ = ကြာပန်း၊ တန်ဆောင်မုန်းလ = ခဝဲပန်း၊ နတ်တော်လ = ဂမုန်းပန်း၊ သဇင်ပန်း၊ ပြာသိုလ = ခွာညိုပန်း၊ တပို့တွဲလ = ပေါက်ပန်း၊ တပေါင်းလ = သရဖီပန်း။

ဒေါက်တာတင့်ဆွေ
၂၆-၃-၂ဝ၁၄

Read more...

Pidauk flower ပိတောက်ပန်းနဲ့ အလွမ်းသယ်ပါရစေ

• မြန်မာပြည်မှာ ပိတောက်တွေပွင့်ပြီတဲ့။
• မုတ်သုန်ရာသီဥတုတော့ အတူတူရှိပေမဲ့ ဒီမှာက ပိတောက်ပင်ဆိုတာ ဘယ်နေရာမှာမှ မရှိပါ။ ငုကတော့ ဒေလီမှာလဲ ဝင်းဝါနေတာဘဲ။ ကာလကတ္တား ရခိုင်ဆရာတော် ကျောင်းမှာ မြန်မာပြည်ကနေ တကူးတကယူပြီး စိုက်ထားတဲ့ ပိတောက်ပင်ရှိတယ်။ အဲဒီကျောင်းမှာ အိန္ဒိယကို စာသင်လာသင်နေကြတဲ့ ဘုန်းဘုန်းတွေကို နွေရာသီတခုမှာပေးတဲ့ သင်တန်းကိုသွားပြီး HIV/AIDS ရောဂါနဲ့ နိုင်ငံရေးဆိုင်တာလေးတွေ သွားပြောခဲ့ရတုံးက တွေ့ခဲ့ရတယ်။ မပွင့်သေးချိန်မို့ ပိတောက်ပန်းကို မှန်းပြီးဘဲလွမ်းခဲ့ရတယ်။
• ထိုင်းနိုင်ငံမှာတော့ လမ်းဘေးတွေမှာ ပိတောက်ပင်တွေ အစီအရီရှိပေမဲ့လဲ ဘယ်သူမှ ခူးယူပြီး ပန်တာ၊ ပေးတာတွေ မလုပ်ကြဘူး။

• ပိတောက်ပန်းကို ခုံမင်နှစ်သက်တာ အသက်အရွယ် ငယ်သူတွေ၊ ရွယ်သူတွေဖြစ်ပေမဲ့၊ ကြီးသူတွေလဲ ငယ်ရာရွယ်ရာကနေ ကြီးလာကြတာမို့ စွဲလမ်း တမ်းတာကြတာပါဘဲ။
• ‘တနှစ်မှာ တလ၊ တလမှာတရက်’ ဆိုပြီး ပိတောက်ပွင့်တဲ့ကာလကို ပြောကြတယ်။ ခုံမင်နှစ်သက်ကြလွန်းလို့ ‘ပိတောက်တွေ နေ့စဉ်ပွင့်ပါစေ’ လို့ ဆုချွေကြတယ်။ ‘ငုနဲ့ပိတောက် နွေမှာလှိုင်သည် စုနဲ့ခမောက် မေမှာနိုင်မည်’ ဆိုတာ ၁၉၉ဝ တုံးက အကောင်းဆုံး ရွေးကောက်ပွဲဆောင်ပုဒ် ဖြစ်ခဲ့တယ်။
• ကိုယ့်ရပ်ကိုယ့်ဆီမှာသာ ထူးခြားပြီးရှိတာမှန်သမျှ ဂုဏ်ယူကြတယ်။ ပိတောက်ပန်းဟာ ကျွန်တော်တို့ တိုင်းပြည်က လူတွေအတွက် ဂုဏ်တက်စရာ အမှန်ပါ။ ဘယ်လောက်မွှေးတယ်၊ ဘယ်လောက်လှတယ်စသဖြင့် သူများတွေကိုပြောရင် မခံစားတတ်ကြဘူး။ အချင်းချင်းသာ အလွမ်းသယ်ကြရပါတယ်။
• အခုလို အပြင်ကနေ ဗုံးပေါလအော ဝင်လာနေတာတွေ များလွန်းနေချိန်မျိုးမှာ ကိုယ်ပိုင်အရာတွေကို ချစ်တတ်၊ မြတ်နိုးတတ်ကြတာ အလွန်ကောင်းမြတ်တယ်။
• ‘ပိတောက် မြန်မာပြည်က မပျောက်ပါစေနဲ့’။

ဒေါက်တာတင့်ဆွေ
၂၆-၃-၂ဝ၁၄
(အထဲနေ မိတ်ဆွေဆရာဝန်နှစ်ယောက် (ဒေါက်တာထွန်းလှိုင်နဲ့ ဒေါက်တာလှလှမြင့်) ကနေ့တင်ကြတဲ့ဓါတ်ပုံတွေကို သုံးလိုက်ပါတယ်။)

Read more...

Tuesday, March 18, 2014

Native beauty ကိုယ့်ဌာနေဝန်းကျင်မှာကွယ် တကယ်အလှရှိတယ်

• မျှော်ကိုးချက်နဲ့ နေရပ်ကိုအပြီးအပိုင် စွန့်ခွါသွားတော့သူတွေ ရှိတယ်။
• ပျော်ရာမှာမနေရလို့ တော်ရာကို သွားကြရသူတွေ ရှိတယ်။
• ဇာတိကို လွမ်းမနေတော့ဘဲ၊ ငယ်တုံးကအကျင့်ဓလေ့တွေ သိမ်းဆီးထားမနေတော့ဘဲ၊ တွေ့တာကိုသာ ကိုယ်ပိုင်လုပ်ပြစ်လိုက်ကြသူတွေ ရှိတယ်။
• ဘယ်မှာနေရနေရ ဇာတိဘဝနဲ့ ငယ်တုံးကစရိုက်ကို တရှိုက်မက်မက် မမေ့နိုင်ကြသူတွေ ရှိတယ်။
• အာဟာရတမျိုး ဥပမာ သက်သပ်လွတ်စားတဲ့သူတွေ၊ အရသာတမျိုး ဥပမာ အစပ်မစားသူတွေရှိတယ်။ အာဟာရအကုန်၊ အရသာစုံကို မခံစားနိုင်ကြသူတွေ ဖြစ်တယ်။
• မတည့်လို့မစားရတာကတမျိုး။ သမားတော်ကနေ ‘လိုတာ’ ဖြည့်ပေးနိုင်တယ်။
• တရားသဘောနဲ့ချင့်ချိန်ရင်တမျိုး။ ဓမ္မဆရာကနေ ‘ပိုတာ’ ကို ပယ်ခိုင်းမယ်။
• ကိုယ့်မြေ၊ ကိုယ့်ရပ်၊ ကိုယ့်ယဉ်ကျေးမှု၊ ကိုယ့်အငွေ့အသက်ကို မြတ်နိုးတွယ်တာ၊ ခုံမင်တမ်းတတတ်သူတွေဟာ အရသာစုံ၊ ရသအပြည့်ကို ခံစားနိုင်ကြသူတွေဘဲ။
• ဇာတိမြေကို မေ့သွားသူတွေကြောင့် ဇာတိမြေရဲ့အလှ ကျမသွားပါ။ ဇာတိမြေကို မမေ့ကြသူတွေကြောင့် ဇာတိမြေရဲ့အလှ တက်ကြွစေတယ်။

ဒေါက်တာတင့်ဆွေ
၁၈-၃-၂ဝ၁၄
https://www.youtube.com/watch?v=qPlbQW9qL6g
Read more...

Chindwin solemn ချင်းတွင်းသစ္စာတည်စေသောဝ်

• ဧရာဝတီမှ မဟုတ်ပါ၊
• ချင်းတွင်းမြစ်ဟာလဲ န နေပြီတဲ့၊
• ခပ်သဲ့သဲ့အသိပေး နှိုးဆောင်ရေးလုပ်ပါဆရာ တဲ့။

• အဆင်းရဲဆုံးတိုင်းပြည်မှာ ကောင်းတာမရှိ၊
• ဘယ်ဟာကြည့်ကြည့် မချိတင်ကဲ၊
• ကျွန်တော်လဲ မချိသွားဖြဲပါဘဲဗျာ။

• မြစ်ပြောပြော တောပြောပြော တောင်ပြောပြော၊
• လူတွေကိုဘဲ ပြောရမှာပါ၊
• ဂေဟဆိုတာမသိ ပတ်ဝန်းကျင်အသိကမရှိ။

• မရှိတာထက် မသိတာခက်တော့ မဟုတ်ပါ၊
• ရှိတာမှန်သမျှ သူ့မြစ် သူ့တော သူ့တောင်လုပ်၊
• တရုပ်-ကုလား-ယိုးဒယား ပေါင်နှံထား၊
• သူတို့အတွက်လဲ သိမ်းထား၊ ယူထား၊
• မဟားဒယား ရေမြေ့အရှင်မင်းတရား။

• ရင်းစားရအောင် ပေါင်နှံတာပြန်ရွေး၊
• မတရားယူထားတာ ပြန်ပေး၊
• ဒါနဲ့လဲမပြီးသေး၊
• ပညာပေးရေးနဲ့ မင်းတရားစနစ်ဖျက်ရေး ၊
• အရေးနှစ်ပါး တပြိုင်နက်သွားပါမှ၊
• ချင်းတွင်းသား ချင်းတွင်းငါး စားရမှာ၊
• ချင်းတွင်းသစ္စာရေသောက် တယောက်မှမကျန်စေနဲ့။

ဒေါက်တာတင့်ဆွေ

Read more...

Sunday, March 16, 2014

My account သူပုန်တွေကြားမှာ ငယ်ဘဝကို ဖြတ်သန်းခဲ့ရတဲ့ ဆရာဝန်နိုင်ငံရေးသမား

ဝေစန္ဒာ၊ မွန်းတည့်နေ Bi Midday News Journal 20-1-2014 Interview ၁၉၈၈ လူထု အရေးတော်ပုံကြီးအပြီး အာဏာသိမ်းစစ်အစိုးရက ရွေးကောက်ပွဲလုပ်ပေးမည်ဟုဆိုချိန်က ပြည်သူတွေ ပျော်ခဲ့ရသည်။ ထိုအချိန်က တိုင်းပြည်တွင်း အတိုက်အခံပါတီကြီးဖြစ်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ အားအကောင်းဆုံးအချိန်ဟု ပြောနိုင်သည်။ အဖွဲချုပ်ကို ကိုယ်စားပြုပြီး ၁၉၉ဝ ရွေးကောက်ပွဲဝင်သော အမတ်များထဲတွင် သူလည်း တစ်ယောက် အပါအဝင်ဖြစ်သည်။ သူ့၏ ဇာတိဖြစ်သော စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ဆိုသောနေရာမှာ ၁၉၉ဝ NLD အမတ်အဖြစ် ရွေးချယ်ခံဖို့ ရဲရဲဆုံးဖြတ်ပြီး ရွေးကောက်ပွဲဝင်ခဲ့သည်။ အချိန်သည် အရာရာကို ပြောင်းလဲသည် ဆိုသော စကားအရ ထိုအချိန်က ၉ဝ ရွေးကောက်ပွဲ နိုင် NLD အမတ်များသည် လွတ်တော်ထဲ မရောက်ဘဲ အချို့က ထောင်ထဲရောက်သွားသည်။ အချို့တော့ နယ်စပ်ဒေသကနေတဆင့် ပြည်ပနိုင်ငံများ ရောက်သူကရောက်နှင့် အင်အားကြီး ပါတီကြီးမှာ စစ်အစိုးရ၏ တစ်စစီခြေမွခြင်းကို ခံခဲ့ရသည်။ ပြည်ပရောက် ရွေးကောက်ပွဲနိုင် ၉ဝ အမတ်များထဲတွင် သူလည်း ပါဝင်ခဲ့သည်။ သူကတော့ တောနယ်လေး တစ်ခုတွင် လက်နက်ကိုင် သူပုန်များအကြား အသက်ရှင်ခဲ့ရပြီး အစိုးရဝန်ထမ်းဘဝမှ ဘဝဇာတ်ခုံ၏ အလှည့်အပြောင်းများကြား နိုင်ငံရေးသမားအဖြစ်နှင့် ၉ဝ ရွေးကောက်ပွဲဝင်ခဲ့သူ လက်ရှိအချိန်တွင် ခွဲစိတ်ဓားတစ်ဖက်ကကိုင်ရင်း အိန္ဒိယနိုင်ငံတွင် ဆင်းရဲနွမ်းပါးသူး မြန်မာဒုက္ခများအတွက် ဆေးခန်း ဖွင့်လှစ်ပေးနေသော ခွဲစိတ်ဆရာဝန်ကြီး ဒေါက်တာတင့်ဆွေ ဖြစ်သည်။ ဒေါက်တာ တင့်ဆွေ၏ ငယ်ဘဝက စိတ်ဝင်စားစရာ ကောင်းလှသည်။ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ မင်းရွာဆိုသော တောနယ်လေးတွင် သူ့ငယ်ဘဝ ဖြတ်သန်းခဲ့ရပုံကို အခုလို ပြန်ပြောင်းပြောပြသည်။

“ငယ်ဘဝ ဖြတ်သန်းမှု ကျွန်တော့်ငယ်ဘဝက သူလိုကိုယ်လိုပါပဲ။ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ မင်းရွာဆိုတဲ့ ရွာလေးမှာ မွေးတယ်။ အမေ့ရွာက မင်းတိုင်ပင်။ ကျွန်တော်က မင်းဘေးသင့်လို့ ‘မင်းပြေး’။ မင်းရွာမှာ (၅) နှစ်သားအထိနေခဲ့တယ်။ အဲဒီကာလက တောနယ်တွေမှာ လက်နက်ကိုင်အဖွဲ့ အရောင်စုံတွေဟာ နေ့ရောညပါ လှုပ်ရှားနေခဲ့တာကို ကလေးမျက်စိနဲ့ မြင်ခဲ့ရတယ်။ အိမ်မှာ သေနတ်မျိုးစုံကို စပါးကျီမှာ ခြင်းတောင်းနဲ့ အပြည့်ရှိတာလဲ မှတ်မိတယ်။ သူပုန်တဖွဲ့ဝင်လာလိုက်၊ နောက်တဖွဲ့ဝင်လာလိုက်၊ အစိုးရတပ်တွေလာလိုက်။ အားလုံးက ကျွန်တော်တို့ မိဘအိမ်မှာပဲ တည်းခိုကြတယ်။ ဒါ့ပြင် ညဆိုရင် ဓါးပြတွေရွာဝင်လို့ ပုန်းခဲ့ရဘူးတယ်။ ဒီအခြေအနေတွေကြောင့် မိဘတွေက ကျွန်တော် ငါးနှစ်သားမှာ နွားလှည်းတစီးနဲ့ မုံရွာကိုအပြီးအပိုင် ပြောင်းခဲ့ကြရတယ်။ မုံရွာမှာပဲ (၁ဝ) တန်းအထိကျောင်းနေခဲ့တယ်။” ဟု ဆိုသည်။

လက်ရှိအချိန်တွင် ဆရာဝန်ကြီးဖြစ်နေသော သူ၏ ငယ်ဘဝ ပညာရေး ဖြတ်သန်းမှုကတော့ လွယ်ကူခဲ့ခြင်း မရှိချေ။ ထိုအချိန်က ပြည်သူများကို အကြီးအကျယ် ခြောက်လှန့်သော မီးဘေးကြောင့် သူ့ မွေးသက္ကရာဇ် အမှန်ကိုပင် သူ မသိနိုင်ခဲ့ချေ။ မွေးသက္ကရာဇ်ကြောင့်ပင် အတန်းတတန်းတွင် ၂ နှစ်တောင် နေခဲ့ရသည်ဟု ဖွင့်ဟသည်။

“မုံရွာမှာ မီးကြီးလောင်တဲ့အထဲမှာ ဇာတာတွေပါသွားလို့ ကျောင်းအပ်တဲ့အခါ အဖေက သူမှတ်မိတဲ့မွေးနေ့ကို ပေးတယ်။ အမေမှတ်ထားတဲ့ မြန်မာသက္ကရာဇ်မွေးနေ့နဲ့က မတူဘူး။ အဲဒီခေတ်က (၄) တန်၊ (၇) တန်း၊ (၉) တန်းနဲ့ (၁ဝ) တန်းတွေ အားလုံး အစိုးရစစ်လို့ခေါ်တာကိုဖြေရတယ်။ မွေးနေ့ကို တောက်လျှောက် အတည်ယူရတာမို့ ဘွဲလက်မှတ်မှာရော ရွေးကောက်ပွဲမှတ်ပုံတင်တာရောပါ ဒီမွေးရက်ဘဲ။ ကျွန်တော် (၉) တန်းရောက်တော့ အသက်က (၁၅) နှစ်မပြည့်လို့ စာမေးပွဲမဖြေရဘူး။ ဇာတာအသစ်လုပ်၊ တရားရုံးမှာ ကြမ်းကျိန်တာလဲမရလို့ စာမေးပွဲမကျဘဲ အတန်းတတန်းကို နှစ်နှစ်နေခဲ့ရတယ်။ နောင်မှာလဲ ဖြေတာတွေ အကုန်အောင်ပြီး၊ မဖြေတာမှာကျတဲ့ အတွေ့အကြုံတစ်ခု ထပ်ရပြန်တယ်။” ဟု ဆိုသည်။

ဆန်းကြယ်လှသော ဘဝကံကြမ္မာကို သူကို ကြည်စားခဲ့သေးသည်။ ထိုအချိန်က တပ်မတော်က သူ့ကို စစ်သားတစ်ဦး အဖြစ်လက်ခံခဲ့ပါက လက်ရှိအချိန်တွင် သူ့ဘဝ တဆစ်ချိုးမှ အတိုက်အခံ နိုင်ငံရေးသမားတဦး ဖြစ်နေမည် မဟုတ်ပဲ စစ်ဗိုလ်ချုပ်ကြီးတစ်ဦး အဖြစ်နှင့် မြင်တွေ့ကောင်း မြင်တွေ့နိုင်ရသည်။ ထိုသို့မဟုတ်ပဲ့

“စစ်တက္ကသိုလ် DSA 11 ကိုသွားဖြေတော့၊ ကိုယ်လက်ကြံ့ခိုင်ရေး စစ်တာ၊ ဉာဏ်ရည်စစ်တာ၊ စိတ်ပိုင်းစစ်တာ၊ စစ်မြေပုံဖတ်ရတာ စတဲ့အဆင့်တွေအားလုံး အောင်တယ်။ ဒုတိယအဆင့် ဆေးစစ်တာလဲ အောင်ပြန်တယ်။ ဘာမှ ထပ်မစစ်တော့ဘဲ အဖြေစောင့်တာမှာ ပါမလာဘူး။ ဒါကြောင့်လည်း စစ်ဗိုလ်မဖြစ်လိုက်ဘဲ ဆရာဝန် ဖြစ်လာတာပါ။ ကံတရားဆိုတာ ဆန်းကြယ်လှပါတယ်။” ဟု ဆိုသည်။

သူ့ဘဝအတွက် နိုင်ငံရေးဆိုသော် စကားလုံးကို စတင်မိတ်ဆက်ပေးလိုက်သည့် ပထမဆုံး အတွေ့အကြုံက ဆိုရှယ်လစ်စနစ်၊ ကျောင်းသင်ခန်းစာများထဲမှ ၈ တန်းသမိုင်း ဖြစ်သည်ဟု ဆိုသည်။

“(၈) တန်းသမိုင်းထဲမှာ ဆိုရှစ်လစ်စနစ်ဆိုတာ စသင်ရတော့ နိုင်ငံရေးနဲ့ မိတ်ဆက်ဖြစ်လာတော့တယ်။ မြန်မာစာမှာ ကဗျာတွေ၊ လင်္ကာတွေပါတာကို အလွတ်ကျက်တယ်။ နားနဲ့နှုပ်မှာ စွဲနေတော့တယ်။ ပြည်သူ့နီတိကိုလည်း စွဲနေတယ်။ ငယ်ကတည်းက ပုံဆွဲဝါသနာပါတယ်။ အစဉ်အလာ ဆွဲနည်းပါ။ မျဉ်းဖြောင့်၊ အချိုးကျတဲ့ မျဉ်းကွေး၊ (ပါစပက်တစ်) တွေကို လက်ခံတယ်။ ညစ်ပေတာမျိုး မကြိုက်ဘူး။ နိုင်ငံရေး လုပ်တဲ့အခါမှာလည်း ဖြောင့်နေတာ၊ ညီညာနေတာ၊ သန့်နေတာမျိုး ဖြစ်ချင်စိတ်က အမြဲလွှမ်းမိုးနေတော့ အဆင်မပြေတာတွေ ဖြစ်ရတော့တယ်။ ဒီအဲအသိအတိုင်း နောင်မှာ ဒီမိုကရေစီကိုဘဲ ‘စည်းကမ်းပြည့်ဝသော’ စတဲ့ ‘နာမဝိသေသန’ ထည့်လာတာကို တွေ့ကတည်းက သဘောမကျပါ။” ဟု ပွင့်ပွင့်လင်းလင်း ပြန်ပြောင်း ပြောပြသည်။

နိုင်ငံရေးသမားတယောက်ဖြစ်လာဖို့အတွက် သူ၏ မျိုးရိုးထဲတွင်လည်း နိုင်ငံရေးသမား မရှိခဲ့ဟု သူက ပြောသည်။ ၁၉၈၈ အရေးတော်ပုံကြီးအတွင်း ဝန်ထမ်းဘဝနှင့်သာ အလုပ်လုပ်နေသော် သူ့အတွက် ကံကြမ္မာနတ်သမီးက နောက်တကြိမ် ကျီစားခဲ့ပြန်သည်။ အရေးတော်ပုံကြီးအပြီး ပုလဲမြို့တွင် NLD ပါတီ ထောင်ဖြစ်ခဲ့ပုံကို၊ ရွေးကောက်ပွဲ ဝင်ဖို့မည်သို့မည်ပုံ ဖြစ်လာသည်ကို ဒေါက်တာတင့်ဆွေက အခုလို ပြောသည်။

“၁၉၈၈ အရေးအခင်းမှာတော့ အစိုးရဆရာဝန်လုပ်နေတုံးပါ။ ဝန်ထမ်းမှန်သမျှ နိုင်ငံရေးနဲ့ ကင်းရမယ်ဆိုတဲ့ (မဆလ) မူအတိုင်း ကင်းအောင်နေနိုင်သလောက်နေပါတယ်။ ပုလဲမှာဆန္ဒပြသူတွေကို ကြက်ခြေနီတပ်ဖွဲ့ လုပ်ပြီး ကူညီ အားပေးတယ်။ ထားဝယ်မှာ အလှူငွေထည့်ပေးတယ်။ NLD ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဆရာမောင်သော်က ပုလဲကိုလာတော့ ဆွေးနွေးပွဲကို မတက်ဘဲနေခဲ့ရတယ်။ ကံအကြောင်းသင့်လာပြန်တော့ တပြည်လုံးကဆန္ဒပြသူတွေထဲမှာ အစိုးရအမှုထမ်းပေါင်းစုံပါနေတာ ထင်ရှားတော့ နိုင်ငံရေးလုပ်ချင်ရင် အလုပ်ကထွက်ဘို့ ဖြစ်တာတယ်။ အရင်က ဆရာဝန်တွေဟာ အလုပ်ရဘို့မလွယ်သလို ထွက်ဘို့လည်း ခက်တယ်။ ထွက်နိုင်တယ်ဆိုတာနဲ့ ရန်ကုန်ဆင်းပြီး ထွက်စာတင်တာ တပါတ်နဲ့ထွက်ခွင့်ရပါတယ်။ လုပ်သက် (၁၅) နှစ်အတွက် ပင်စင်တွေ၊ ခံစားခွင့်တွေ ဘာမှမသိပါ။

NLD ပါတီကို ပုလဲမှာ စည်းရုံးရေးမှူးတွေနဲ့တွဲပြီး ထူထောင်လိုက်ကြပါတယ်။ ရွေးကောက်ပွဲ ဝင်မဲ့သူရွေးကြပါဆိုတော့ တာဝန်က ပခုံးပေါ် ရောက်လာပါတော့တယ် ဆိုသည်။ စည်းရုံးရေးမှူးတွေက အိမ်ကိုလာပြောတဲ့ညအထိ ‘ငါအမတ်လုပ်ချင်တယ်၊ လုပ်ချင်လုပ်ရလိမ့်မယ်၊ ငါပြင်ဆင်ထားမယ်’ ဆိုတာ မရှိသေးခဲ့တာအမှန်ပါ။ ပုလဲ NLD ပါတီဟာ ဖွဲ့စည်းတာရော၊ လွှတ်တော်ကိုယ်စားလှယ် ရွေးတာပါ၊ နယ်သူနယ်သားတွေချည်း သက်သက်ဖြစ်လို့ ဗဟိုကနေ ဦးစီးဆောင်လုပ်ပေးစရာမလိုခဲ့တာ မှတ်တမ်း တင်ရစ်ပါတယ်။” ဟု အတိတ်ကို သတိတရ ပြန်ပြောင်းပြောပြသည်။

သူ့ဘဝ၏ မုန်တိုင်း အထန်ဆုံးကာလတွေကတော့ ၁၉၉ဝ ရွေးကောက်ပွဲအပြီး မွေးရပ်မြေကို ကျောခိုင်း စွန့်ခွာခဲ့ရပြီး ပြည်ပနိုင်ငံသို့ ထွက်ခဲ့ရသည်အချိန်က ဖြစ်သည်။

“အခက်ခဲဆုံးကာလ ပြည်ပထွက်ကာစ ပထမ (၆) လာဟာ အခက်ခဲဆုံးပါ။ ဒါကလည်း နေထိုင်စားသောက်ရေး အခက်အခဲသာ ဖြစ်ပါတယ်။ အတူလာသူတွေက ရရာအလုပ်ထွက်လုပ်ကြရတယ်။ (၉) တန်းကျောင်းသား ကျွန်တော့်သားလည်းပါတယ်။ (၆) လ နောက်မှာ အိမ်ကဆေးတွေမှာယူ၊ ဆေးကုပြီး ဝင်ငွေရှာပါတယ်။ နောက် (၆) လ နေတော့ ဒေလီကို တက်နိုင်လာပါတယ်။” ဟု ဆိုသည်။

နိုင်ငံရေးသမားဘဝတွင် ဆရာဝန်ဘဝက ရှာဖွေခဲ့ရသည်များကို စိုက်ထုတ် သုံးခဲ့ရပုံကို သူက အခုလို ပြန်ပြောပြသည်။

“ကျွန်တော် နိုင်ငံရေးလုပ်ရတာ ‘အစအဆုံးအားလုံး အိပ်စိုက်ပါပဲ’ ။ ၁၉၉ဝ ကာလတွေတုံးက ဆရာဝန်ဖြစ်ခဲ့လို့ ဝင်ငွေ ရှိခဲ့ပါတယ်။ ပြည်ပရောက်ပြီး (၂-၃) နှစ်လောက်ကစပြီး တာဝန်ပေးတဲ့ စဉ်ပြိုင်အစိုးရကနေပေးတဲ့ အထောက်အပံ့ ရပါတယ်။ နေဖြစ်ယုံပါ။ ၁၄-၉-၂ဝ၁၂ နေ့မှာ NCGUB အစိုးရအဖွဲ့ဖျက်ပြီးကတည်းကနေ အခုထိ အထောက်အပံ့ဆိုတာ လုံးဝ မရှိတော့ပါ။ နိုင်ငံရေးလုပ်သူတွေအဖို့ နေထိုင်စားသောက်ရေးအခက်အခဲကို မညီးညူကြရပါ။” ဟု ဆိုသည်။ (မှတ်ချက်။ ဂျာနယ်ကိုဖြေပြီးမှ အမှတ်ရတဲ့အချက်ကတော့ NCGUB ကို မဖျက်မီ တနှစ်အလို ၂ဝဝ၉ ကတည်းက အထောက်အပံ့မရတော့ပါ။)

နိုင်ငံရေးသမား ဖြစ်ခဲ့တဲ့ သူ့အတွက်တော့ မိသားစုပါ သူ့နိုင်ငံရေးသမားဘဝကြောင့် ထိခိုက်ခဲ့ရတာတွေ တောင်ရှိတယ်လို့ ပြောပါတယ်။

“ ‘နိုင်ငံရေးသမား’ ဆိုတဲ့ဝေါဟာရကို အတော်ကြာအထိ အစာမကျေဖြစ်ခဲ့ပါတယ်။ (မဆလ) ခေတ်မှာ ပါတီ၊ ကောင်စီက လူကြီးဆိုသူတွေရယ် (ဖဆပလ) ခေတ်က နိုင်ငံရေးသမားတွေရယ်ဟာ နာမည်ကောင်းမရကြပါ။ ကျွန်တော် လွှတ်တော် ကိုယ်စားလှယ် အရွေးခံရတဲ့အထိ ကိုယ့်ကိုယ်ကို နိုင်ငံရေးသမားရယ်လို့ ထင်မထားမိခဲ့ပါ။ (နဝတ/အအဖ) ခေတ်တွေမှာလည်း နိုင်ငံရေးပါတီတွေကို ရစရာမရှိအောင် ပုတ်ခတ်ဆဲရေးပြီး သူတို့ကမှ ‘အမျိုးသားနိုင်ငံရေး’ ဆိုပြီး သူတို့ကိုယ်သူတို့ အမွှန်းတင်ခဲ့တယ်။ နောက်ထပ် ‘နာမဝိသသန’ တခု ထပ်တိုးလာတာပါ။ ကျွန်တော်ကတော့ ကိုယ်လုပ်သင့်တဲ့ တာဝန်တခု၊ လူမှုရေးအလုပ်တခုလို့သာ အခုထိ သဘောထားမိတယ်။

ဆုံရှုံးမှု ဆုံးရှုံးတယ်လို့ ပြောချင်လည်း ပြောပေါ့။ မိသားစုတာဝန်မကျေခဲ့ပါ။ နိုင်ငံရေး အလုပ်ထဲမှာ အချိန်ကုန်နေခဲ့ရတယ်။ မကြာခင် တိုင်းပြည်ကနေ ထွက်ပြေးရတယ်။ သားသမီးတွေက ကျောင်းသားတွေချည်းဘဲ။ သူတို့အမေခမျာ တာဝန် နှစ်ဆထက် လေးတာကိုထမ်းရတယ်။ ကလေးတွေလည်း အတန်းပညာရော အသိပညာပါ ရသင့်ကြတာထက် နည်းသွားကြတော့တယ်။ မြန်မာပြည်ကဘွဲ့ တယောက်မှ မရကြပါ။ ပြည်ပြေးအမတ်သားသမီးဆိုပြီး ခွဲခြားဆက်ဆံတာ နှိမ်တာလည်း ခံကြရသေးတယ်။ မုံရွာမှာ စစ်တပ်ဘောလုံးပွဲ လုပ်ရင် သမီးကို ပန်းစည်းဆက်ဘို့ လူရွေးတယ်။ ကွမ်းတောင်ကိုင်လို ရုပ်ရေအတွက် မဟုတ်ဘဲ၊ ‘နာမ်နှိမ်ဘို့သက်သက်အတွက်’ ပါ။ အဲလိုနေ့များမှာ သမီးကျောင်းမသွားတော့ပါ။” ဟု ဆိုသည်။

ပြည်တွင်းက မိသားစုနှင့် ပြည်ပတွင် ပြန်လည် ဆုံစည်းလာနိုင်သော်လည်း အခက်အခဲမျိုးစုံ ကြုံတွေခဲ့ရပုံကို အခုလို ဖွင့်ဟသည်။

“ပြည်ပမှာ မိသားစုအတူနေနိုင်လာကြပြန်တော့လဲ နည်းတမျိုးနဲ့ သားသမီးတွေ ခံကြရပါသေးတယ်။ ကျွန်တော်က NLD မို့ NLD မလိုလားသူတွေက မကြိုက်ပါ။ ဖအေက ဝန်ကြီးဆိုတဲ့နာမည်နဲ့လုပ်နေရလို့ ‘လူကြီးသားသမီး’ ကို မျက်စိဆံပင်မွှေး စူးကြတာလည်း ရှိတယ်။ သားတွေကိုတော့ အမျိုးသမီး ဦးစားပေးသူတွေက ဖယ်ကြဉ်ထားတယ်။ မိသားတစုလုံးက ဗမာတွေမို့ တိုင်းရင်းသားလူနည်းစု မဟုတ်ပြန်လို့ အနှိမ်ခံရတာလည်း တကယ်ရှိပါတယ်။ ဒါတွေအားလုံးဟာ ကျွန်တော့် နိုင်ငံရေးကြောင့်ပါ။ မိဘကြောင့် သားသမီးတွေပါနစ်နာတယ်ဆိုတာ ‘ဆွေစဉ်မျိုးဆက် ဆုံးရှုံးမှု’ ဖြစ်ပါတယ်။

လူထုအတွက်ပြောရရင် ပြည်ပကို ထွက်လာရပြီးနောက် တတ်နိုင်တာလုပ်တာပါပဲ။ ဒါပေမဲ့ အနှစ် ၂ဝ ကြာတော့ ပြန်စဉ်းစားမိရာကနေ ‘မဲပေးတာယူ၊ မဲပေးသူထားခဲ့၊ ငါ တာဝန်မဲ့ခဲ့သလား’ ဆိုပြီး ကိုယ့်ကိုယ်ကို ပြန်မေးမိလာပါတယ်။

မျှော်လင့်မထားတဲ့ အဖြစ်အပျက်
လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ရော နိုင်ငံရေးအယူအဆအရ မနီးစပ်သူတွေနဲ့က ပဋိပက္ခရယ်လို့ မရှိပါ။ အနီးကပ်ဆုံးနေကြပြီး၊ ကျွန်တော်က လူယုံလို့၊ လူရင်းလို့ ပုံထားတဲ့ သူတွေကနေ ရန်သူလို ဖြစ်သွားခဲ့တာ ရှိပါတယ်။ ကိုယ်နဲ့ (၁၅) နှစ်မက တွဲလုပ်လာသူတွေ တချို့နဲ့ လမ်းခွဲရခြင်းပါ။ စစ်ထောက်လှမ်းရေး လက်ကနေ လွတ်မြောက်နိုင်ခဲ့ပေမဲ့ ‘အနီးကပ် စက်ကွင်း’ က မလွတ်ကင်းခဲ့ပါ။ နိုင်ငံရေးမှာ ကိုယ်နဲ့ အမြင်မတူသူတွေ ရှိတာက ပုံမှန်သဘောမို့ မထောင်းတာပေမဲ့ မဟုတ်တမ်းတရား စွပ်စွဲတာ၊ စော်ကားတာ၊ အသေရဖျက်တာ၊ ပိုဆိုးတာက ဖအေမနိုင်ရင် မိသားစုကိုပါ ဖျက်ဆီးဘို့ ကြိုးပမ်းတာတွေကိုပါ ကြုံခဲ့ရပါတယ်။ ဘယ်လိုမှ မထင်မှတ်တာတွေ ကြုံရတတ်သလို ဘယ်လိုမှ ထင်မထားသူတွေကနေ ယုတ်မာကောက်ကျစ်တာ၊ ဂုံးတိုက် ချောပြစ်တာမျိုးလဲ ရှိခဲ့ပါတယ်။ တယောက်ကနေ ကျွန်တော့်မှာ အိုမင်း ပျက်ယွင်းနေတဲ့ ပုလဲကအိမ်ကလေးသာ ကျန်တော့ပေမဲ့၊ ‘ဘယ်မှာ အိမ်-တိုက် ဘယ်နှစ်လုံး၊ ပါတီကငွေ ဘယ်နှစ်သိန်း ဘုံးထားတယ်’ စသဖြင့် ပြောတာခံရပါတယ်။” ဟု ဆိုသည်။

သူ့ ဘဝအတွက် ယူကြုံးမရ ဖြစ်ခဲ့ရဆုံး အခြေအနေမျာကို ဒေါက်တာတင့်ဆွေ က အခုလို ပြန်ပြောပြသည်။

“ယူကြုံးမရအဖြစ် ကျွန်တော်ရေးထားတဲ့ မှတ်တမ်းလေးတခုရှိတယ်။
‘ဆရာဝန်ဖြစ် ၁၅ နှစ်အကြာ၊ မြန်မာပြည်မှာ သွေးနဲ့ချွေးတို့စီးဆင်းရာ ဒုက္ခမြစ်ကြီးတစင်း ပေါ်ထွန်းလာ၊ နိုင်ငံရေးပင်လယ်မှာ ခုန်ချမိ၊ ကနေ့အထိ။
ယမုန်နာမြစ် စ်ီးဆင်းရာ ဒေလီမှာသာ၊ အနှစ်နှစ်ဆယ်ကျော်ကြာ၊
မိသားစုထဲမှာ စစ်ထောက်လှမ်းရေး စစ်ဆေးတာ ပဌမဆုံးခံရတဲ့ သားအကြီးရဲ့ အရိုးပြာကို မျှောလိုက်ရတာ ဂင်္ဂါမြစ်ထဲမှာ။
ဒုက္ခရစရိယာ ကျင့်ရာအနားက သုဇာတာ ရွှေခွက်မျောရာ နာရဉ္ဇရာမြစ်ကိုရောက်တာ ဘယ်နှစ်ခေါက်မှန်းမသိပါ၊ သာဝတ္ထိအနားမှာ မပဒါ ပရိဒေဝမီး လောင်မြိုက်တဲ့မြစ်အနား၊ သံဝေဂပွါးခဲ့ဘူးပါသည်’ လို့ ရေးမှတ်ခဲ့ဘူးပါတယ်။

အမေဆုံးတော့ရော အဖဆုံးတော့ပါ ကျွန်တော်ပြည်ပမှမှာပဲ။ အမေဆုံးတာကို နောက် လေးလလောက် နေမှသိရတယ်။ ထောက်လှမ်းရေးက ပြည်တွင်း-ပြည်ပအဆက်အသွယ်ကို လုံးဝပိတ်ပင်ထားလို့ပါ။ အခုတော့ အဲလို မဟုတ်တော့လို့ ‘နာရေးသတင်း စောသိနိုင်ခြင်းသည် အပြောင်းအလဲဖြစ်သည်’ လို့ ဆိုချင်ပါတယ်။

ဆုံးရှုံးမှု သို့မဟုတ် နောင်တ မရှိဘူးထင်ပါတယ်။ လေးလေးနက်နက်စဉ်းစားတာမျိုး မရှိသေးပါ။ မရှိသေးတာကိုက စစ်စစ်ပေါက်ပေါက် လိုက်ရှာနေရတာမျိုးမို့ ရှိအုံးတော့ မဖြစ်စလောက်နေမှာပါ။ နိုင်ငံရေးထဲဝင်ပါတာကို မိဘတွေက သဘောမကျကြပါ။ ကိုယ့်မိသားစုတာဝန်တွေ ပျက်ခဲ့တယ်။ ဆရာဝန်လုပ်တုံးက ‘ဆရာ’ ဆိုပြီး လေးစား အားကိုးမှု သက်သက် ရခဲ့တယ်။ နိုင်ငံရေးထဲမှာ ပြိုင်ဘက်လို၊ ဆန့်ကျင်ဘက်လို၊ ရှားရှားပါးပါးက ရန်သူလိုသဘောထားခံရတယ်။ စစ်အစိုးရကတော့ သူပုန်၊ ဝရမ်းပြေး၊ ပြည်ပြေးလို့ သတ်မှတ်တာခံရတယ်။” ဟု ဆိုသည်။

ပြည်ပြေးဘဝကို သူမနှစ်မြို့ဟု ဆိုသည်။ အချိန်တိုင်း ကိုယ့်မြန်မာပြည်ကို သတိတရ ရှိသည်ဟုလည်း ဖွင့်ဟသည်။ မြန်မာနိုင်ငံသားတဦး ဖြစ်ခဲ့ပြီး မြန်မာနိုင်ငံအတွက် ဘဝတွေကိုပါ ပေးဆပ်ခဲ့ရသော သူ့အတွက် တိုင်းပြည်အတွက် သူ အားတက်ချင်သည်ဟု ဆိုသည်။

“မြန်မာနိုင်ငံအတွက် ဘာတွေမှန်းထားလဲ။ လူသားတွေဟာ အရိုင်းအစိုင်းဘဝကနေ တဖြေဖြေး ယဉ်ကျေးလာတယ်။ အသားစိမ်းတော့ မစားတော့ဘူး၊ စည်းကမ်း ကလနား ထားတဲ့နေရာမှာ ထားလာကြတယ်။ ခွန်အားကြီးသူအုပ်ချုပ်နည်း ကနေ၊ ဘရားသခင်ပေးတဲ့ အခွင့်အာဏာဆိုတာ ဖန်တီးပြီး အုပ်ချုပ်ခဲ့တာ ရာစုနှစ်နဲ့ကြာတယ်။ အများအကြိုက် ရွေးချယ် အုပ်ချုပ်တဲ့နည်းကို အများစုက လက်ခံလာကြပြီ။ ကျွန်တော်တို့ဆီမှာတော့ ခွန်အားကြီးသူကနေ အုပ်ချုပ်တာ ဆက်ရှိသေးတယ်။ ‘စစ်တပ်ကပေးတဲ့ အုပ်ခွင့်အာဏာ’ ဆိုတာကို စမ်းသပ်ကာစသာ ရှိသေးတယ်။

တိုင်းပြည်အတွက် မျှော်မှန်းချက်ပြောရရင် အားတက်စေချင်ပါတယ်။ ရင်ဆိုင်နေရတာကို လျှော့မတွက်စေချင်ပါ။ လားရာတော့ ကောင်းနေပါပြီ။ သွားစရာခရီး ဝေးလွန်းပါသေးတယ်။ အားလိုတယ်။ သေနတ် မဟုတ်ပါ၊ ညီညွတ်ခြင်းသည်သာ အား ဖြစ်ပါတယ်။ ပြောပြီးသားအချက်တွေက နိုင်ငံရေးစကားတွေသာ ဖြစ်တယ်။” ဟု ပြောလာသည်။

လူတဦးနှင့်တဦး လောဘဇောတွေ၊ နိုင်လိုမင်းထက် ပြုမှုတွေ ရှိနေတဲ့ ကမ္ဘာကြီးမှာ ဘာသာရေးနဲ့ လောကနီတီတွေက ထိန်းကျောင်းပေးနိုင်တဲ့ တစ်နေ့ကို မျှော်လင့်နေတယ်လို့ သူက စိတ်အားထက်သန်စွာ အခုလို ပြောဆိုခဲ့ပါတယ်။ “တကယ်တန်း လူ့ဘဝဆိုတာ လောဘဇောတွေ၊ နိုင်လိုမင်းထက်ပြုမှုတွေက ဒင်းကြမ်းပြည့်နေတယ်။ မြန်မာပြည်မှာ နိုင်ငံရေးသာမက လူတွေရဲ့ ဘာသာရေး အထိန်းအကွပ်နဲ့ နီတိတရားတွေကိုပါ ပြောင်းလဲ ပြုပြင်နိုင်လာတဲ့နေ့ကို ကျွန်တော် မျှော်မှန်းပါတယ်။” ဟု ဆိုသည်။

Read more...

Friday, March 14, 2014

A word from Pale ပုလဲကပါးတဲ့ စကား

ပုလဲမြို့နယ်၊ (မင်းရွာအနားမှာရှိတဲ့) ပန်းရွာက ကိုဆန်းဦးရေးထားတာလေး အခုဘဲတွေ့ပါတယ်။

ဆရာ့
ကတ်ဆက်တိပ်ခွေခေတ်က တွံတေးသိန်းတန်ရဲ့ စိုးမိုးမေတ္တာအခွေထဲကပေါ့။ ကိုသိန်းတန်းရွာကို လွမ်းတဲ့အခါ ဒီသီချင်းအစလေးနဲ့ ညည်းတယ်ဆရာ။

“မှန်းဆ မှန်းဆ အခါခါ ရွာပြန်လမ့်း့”

မမမိုးက ဒီသီချင်းကိုကြားတော့ ကိုသိန်တန် ရွာကိုလွမ်းရှာရော့ပေါ့ဆိုပြီး မှတ်ချက်ပေးတယ်ဆရာ။

တောသားသိန်တန်က မြို့ကြီးကို ရောက်နေပေမယ့် တောက အဘကို တစ်ရက်ကလေးတောင်မမေ့ဘူးတဲ့ဆရာ။ ဆရာရယ် အိမ်လေးက သက်မဲ့ဆိုပေမယ့် သူ့သခင် သူ့အရှင်ကို တမ်းတနေပြီလား မသိဘူး။ အရာအားလုံးဟာ ချောက်သွေ့နေပေမယ့် ကြံကြံခံနေတယ်ဆရာ။ အပေါ်ယံတွေ ပျက်စီးပေမယ့် ကိုယ်ထည်ပိုင်းတွေ တောင့်တင်းနေဆဲ။ မာကြောနေဆဲပဲဆရာ။

အော့့် သက်မဲ့ဆိုပေမယ့် အလိုက်သိလိုက်တာ။ ငါ့သခင် ငါ့အရှင် မရှိပေမယ့် ငါ့ကိုယ်ငါ ပြုပြင်နေနိုင်တယ်ပေါ့။ နေမင်းကြီး ပူစမ်းပါစေ။ ငါခံနိုင်ရည်ရှိပါတယ်။ မိုးရေတွေ ရွာပါစေ မျိုသိပ်ထားမယ်။ ငါအိမ်ခေါင်မလုံတာကို မကဲ့ရဲ့နဲ့။ မင်းတို့ နှိပ်စက်ခဲ့လို့။

ဒါပေမယ့် လမင်းကြီးရဲ့ အလှကိုတော့ ငါလွတ်လပ်စွာ ခံစားရတယ်လို့ မြည်တွန်တောက်တီး နေတယ်ဆရာ။ ဆရာ့စိတ်ဓာတ်နဲ့ သိပ်တတယ် ထင်တယ်ဆရာ။ ဒီပုံတွေကိုရဖို့ အိမ်အတွင်းထဲထိ ဝင်ပြီး ရိုက်ခဲ့ပါတယ်ဆရာ။ ဆရာ့အိမ်ပုံလေးတွေတင်ရင် အပြင်က ရိုက်တာကိုပဲ တွေ့တွေ့ နေရလို့ အတွင်းပိုင်းပါ မြင်ရအောင် တင်ပေးတာပါဆရာ။

အမှားပါရင် ခွင့်လွှတ်ပါ ဆရာ။ ရိုသေလေးစား တန်ဖိုးထားရပါသော ဆရာမိသားစု ကျန်းမာပျော်ရွှင်ပါစေ။

ဆန်းဦး
(ပန်းရွာ)

Read more...

Thursday, March 13, 2014

Luck (2) ကံ ကံ၏အကျိုး (၂)

• ကံကိုယုံကြည်၍ (နဝတ) ဆူးပုံနင်းခဲ့သည်၊
• (နအဖ) ကိုလဲမယုံကြည်လို့ ဆူးတောထဲမှာဆက်နေခဲ့သည်၊
• ကံကိုဆက်လက်ယုံကြည်လို့ ဖြစ်သင့်တာတချို့ဖြစ်လာပြီ၊
• ဒါပေမဲ့ လက်ရှိအပြောင်းအလဲဆိုတာ အယုံအကြည်မရှိသေးလို့၊ အဝေးမှာဘဲနေသည်၊

• ကံတရား အားထားလို့ မြန်မာပြည်က စားရာများရလာသည်။
• မတရားလုပ်သူများ ကံကြီးထိုက်ပါစေလို့ ဆုမတောင်းပါ၊
• မြန်မာပြည်သားများ ကံကောင်းထောက်မကြပါစေဗျာ။ ။

ဒေါက်တာတင့်ဆွေ
၁၃-၃-၂ဝ၁၄
Read more...

Luck (1) ကံ ကံ၏အကျိုး

• ကံကိုယုံကြည် (နဝတ) ဆူးပုံနင်းခဲ့သည်၊
• ကံကိုဆက်လက်ယုံကြည် ဖြစ်သင့်တာတချို့ဖြစ်လာပြီ၊
• ကံကိုအားကိုး လာမဲ့နှစ်မှာ ပြည်သူ့အကျိုးသယ်ကာပိုး၊
• ပုဆိုး ခါးတောင်းကျိုက်ထားပြီ။ ။

ဒေါက်တာတင့်ဆွေ
၁-၁-၂ဝ၁၄

နှစ်သစ်မှာ ၁၉၉ဝ ပြည့် အမတ်ဟောင်းတွေ ကံကောင်းပါစေ။ (လှတောဆရာတော်)
Read more...

The roof ခေါင်မိုး ငှက်ဆိုးမနားစေနဲ့

• ယာခင်း၊ လယ်ကွင်း၊ ကန်သင်းရိုးပေါ်၊ ကျော်ကျော်ပြီးသကာလ၊
• စည်းရုံးရအောင်၊ တောင်-မြောက်-ရှေ့-နောက်၊
• ခြေလျင်လျှောက်၊ ကားနဲ့ရောက်၊
• ပိတောက်ဝါ၊ ငုဝါ၊ စကားဝါ၊ အဲသည်နွေမှာ၊
• တရွာပြီးတရွာ၊ တနယ်ပြီးတနယ်၊ ငါလည်ပြီးတရားဟော၊ စကားပြော၊
• အများသဘောဆန္ဒနဲ့ ငါအရွေးခံရ၊ ၁၉၉ဝ ခုနှစ်က မေလ။

ကိုးဆယ်ခုနှစ် ဆောင်းကစပြီး
• မြစ်ကြီးတွေဖြတ်၊ တောင်ကြီးတွေကျော်၊ နိုင်ငံတွေကျော်၊
• အခက်အခဲတွေကျော်၊ နှစ်လတွေကျော်၊
• လမ်းမတွေပေါ်ကြွေးကြော်၊ စဉ်မြင့်တွေပေါ်တက်အော်၊
• လေလှိုင်းကနေဟစ်အော်၊ အနှစ်နှစ်ဆယ်ကျော်။

၂၄ နှစ်အတွင်းမှာ
• ဆောင်းလညအခါ ငါ့အိမ်လေးက ထင်းမီးဖိုဘေးမှာ၊
• ရေနွေးအိုးအသစ်နဲ့ ထန်းပင်မြစ်စားဘို့ ငါသွားချင်ခဲ့တယ်။

• ပူအိုက်တဲ့နွေ၊ ငါ့အိမ်ခြံမြေမှာ အလည်လာပြီး၊
• ဆီးသီး၊ သရက်သီး၊ ငါခူးပြီးစားချင်ခဲ့တယ်။

• မိုးစက်ပေါက်ကျ ငါ့အိမ်ဝမှာ၊ လာသမျှဝေဒနာသည်၊
• ငါတကယ် ဆေးကုပေးချင်ခဲ့တယ်။

၂၄ နှစ်အကြာမှာ
• ငါ့အိမ်နေရာကို ငါပြန်မြင်နိုင်ပြီ၊ ငါ့လူတွေဆီ စကားစမြီပြောနိုင်ပြီ၊
• ငါရေးသီတာတွေ သူများဖတ်နိုင်ပြီ၊ ငါ့ဆေးပညာနဲ့ အဝေးကနေကူနိုင်ပြီ။

ငါလုပ်ခဲ့သမျှ
• အလဟသမဖြစ်၊ လူသစ်တွေကဆက်ခံ၊
• သူတို့ခေတ်မှာ ပိုထက်သန်၊ ပိုသွက်မြန်။

ဧကန်ယောက်ျား လူသစ်များ၊
• ငါဆိုတဲ့ ကျောက်သားအခင်း မာတင်းတင်းမှာ တက်နင်းတိုင်ထူကြပါလော့၊
• ထုပ်၊ ဒိုင်း၊ ရက်မ၊ အခြင်၊ မြား၊
• လှေကား၊ မြင့်မို၊ ခေါင်လျောက်၊ ခိုင်မာအောင်ဆောက်ကြလော့။

• အိမ်အသစ်မှာ ကမ္ပည်းထိုးစရာ၊
• တခုတော့မှာချင်တာ၊
• ‘ခေါင်မိုး ငှက်ဆိုးမနားစေနဲ့’။ ။

ဒေါက်တာတင့်ဆွေ
၁၃-၃-၂ဝ၁၄

Read more...

Old is Gold နေရာဟောင်းက ပုံကောင်းလေးတွေ

ကနေ့ဘဲ မိတ်ဆွေတဦးက ရိုက်ပို့လိုက်တဲ့ နေရာဟောင်းက ဓါတ်ပုံကောင်းလေးတွေ ရပါတယ်။

• ပုလဲက ပျက်နေတဲ့ ကျွန်တော့အိမ်လေးက ပူလာင်တော့မဲ့ နွေကိုဆက်ပြီး ကြံကြံ့ခံနေမယ်လို့ပြောနေပုံရတယ်။
• ဇာတိမင်းရွာ၊ ဘုန်းကြီးကျောင်းရေတွင်းမှာ ဘုရားပန်းအိုး ရေလဲနေကြတဲ့ ကလေးငယ်လေးတွေဟာ အနာဂတ်ပိုင်ရှင်တွေ ဖြစ်တယ်။
• ကျေးဇူးရှင် ဆရာတော်ဘုရားရဲ့ မင်းရွာဘုန်းကြီးကျောင်းမှာ မိသားစုပြုထားတဲ့ကုသိုလ်ကို အမျှဝေပါတယ်။

ဒေါက်တာတင့်ဆွေ
၁၂-၃-၂ဝ၁၄
Read more...

Wednesday, March 12, 2014

Remembering 1990 ၁၉၉ဝ အမှတ်တရ

သူငယ်ချင်း
• မင်းတို့မောင်နှံ နေရပ်ပြန်၊ မှန်တဲ့ကုသိုလ်ပြုကြ၊
• မိဘသင်ပေးတဲ့ အတတ်ပညာ၊ ချွေးနည်းစာနဲ့လုပ်ကြတာ ငါသိတယ်။

• ကျောင်းကန်ဘုရား၊ အများကောင်းစရာ တံတားပြင်၊ စာသင်ကျောင်းကူ၊ အလှူအတန်းလုပ်၊
• မိဘလက်ငုပ်မွမ်းမံ၊ စေတနာသုံးတန် အမှန်ဆိုတာလဲ ငါသိတယ်။

• မင်းတို့ခေါ်တဲ့ အမျှဝေစကား၊ ငါမကြားပေမဲ့ နားထဲမှာလျှံ၊
• အမှန်အကန် ကြေးစည်သံပါဘဲကွာ။

သူငယ်ချင်း
• မင်းပြုတာ မင်းမဟုတ်၊ မင့်ဇနီးမဟုတ်၊
• ပြုဆဲခဏမှာ မင်းမရှိတော့၊ ပြုဆဲခဏမှာ မင့်ဇနီးမရှိတော့။

အဲလိုဘဲပေါ့
• ငါလဲဖေါင်ဖျက်၊ ကမ်းတဖက် တက်သွား၊
• အများကောင်းအောင်ကြံရွယ်၊ အနှစ်နှစ်ဆယ်ကြာတယ် သူငယ်ချင်း။

အင့်း့
• ငါပြုတာ ငါမဟုတ်၊ ပြုဆဲခဏမှာ ငါမရှိတော့၊
• ဒီလိုပေါ့
• ငါ့နိုင်ငံရေးလက်ငုပ်၊ မြုပ်သွားပြီကော သူငယ်ချင်း။

ဒေါက်တာတင့်ဆွေ
၁၂-၃-၂ဝ၁၄

Read more...

Friday, March 7, 2014

My teachers အာစရိယဂုဏော အနန္တော

• ဆရာ့ ဆရာသင်တဲ့ဓါတုဗေဒထဲက ‘ရုပ်ပြောင်းလဲခြင်း’ တော့ မြင်နေရပြီဆရာ၊ ‘ဓါတ်ပြောင်းလဲခြင်း’ က အတော် စောင့်ရအုံးမှာဆရာ၊
• ဆရာ့ ဆရာ့ရူပဗေဒထဲက ‘အလင်း’ ဆိုတာ မှုံဝါးဝါးတော့ မြင်လာရပြီဆရာ၊ ‘သံလိုက်စက်ကွင်း’ ရော ‘လျှပ်စစ် စက်ကွင်း’ ရောကနေ မကင်းသေးဘူးဆရာ၊
• ဆရာ့ ဆရာ့သင်္ချာက အသုံးကျပြီး၊ လွယ်လိုက်တာဗျာ၊ ပညာရေး၊ ကျန်းမာရေး အနိမ့်ဆုံးဂဏန်းမှန်သမျှ ကျွန်တော်တို့နိုင်ငံကလို့ မှတ်သားရတယ်ဆရာ၊
• ဆရာမ့ ဆရာမသင်တဲ့ အင်္ဂလိပ်စာ ကျွန်တော်နဲနဲတတ်တာ အသုံးတည့်တယ်ဆရာမ၊ ဗမာစကား မတတ်သူတွေကို ကျွန်တော်တို့ဆီကလူတွေ ဆင်းရဲတဲ့အကြောင်း၊ စကားလုံးတွေ ပြောင်းပြောင်းပြီး ကျွန်တော် ပြောတတ်တယ်ဆရာမ၊
• ဆရာ့ ဆရာသင်ပေးတဲ့ ကမ္ဘာ့ပထဝီထဲက နိုင်ငံတွေအစုံကိုရောက်ပြီး၊ ကျွန်တော်တို့ မြန်မာပြည်က အောက်ကျတာတွေကို ရှက်ရှက်နဲ့ဘဲ သွားပြောခဲ့၊ ဟောခဲ့ရတယ်ဆရာ၊
• ဆရာမ့ ဆရာမသင်ပေးတဲ့သမိုင်းထဲက ‘မင်းဆိုးမင်းညစ်’ တွေကို ကျွန်တော် ကိုယ်တိုင်ကြုံခဲ့ရပါပြီဆရာမ၊
• ဆရာ့ ဆရာ့မြန်မာစာ ကျွန်တော်အသုံးချနေတယ်ဆရာ၊ ဦးပေါ်ဦးလို ဘုရင်ကိုလဲ အရူးလုပ်တတ်တယ်ဆရာ၊ အနန္တသူရိယ အမတ်ကြီးလိုလဲ သံဝေဂတွေရပါတယ်ဆရာ၊
• ကျောင်းအုပ်ဆရာမကြီးခင်ဗျာ့း့ ကျောင်းစည်းကမ်းတွေက ကျွန်တော့်ဘဝမှာ တကယ်အသုံးကျပါတယ်ဗျာ၊ တာဝန်ဆိုတာ ယူတတ်သလို၊ ကြိုးစားရမှာဆိုတာလဲသိလို့၊ အခုထိ ကျွန်တော်ကြိုးစားနေပါတယ်ခင်ဗျာ။ ကျောင်းသူ ကျောင်းသားတိုင်းက တာဝန်ယူကြိုးစားကြရင် မင်းကောင်းမင်းမြတ်တွေနဲ့ မလွဲမသွေကြုံရမှာဘဲလို့ ကျွန်တော် ယုံကြည်ပါတယ်ခင်ဗျာ။

(မုံရွာ၊ စတိတ်တူးကျောင်းက ဆရာ၊ ဆရာမတွေကို ဂုဏ်ပြုပြီးရေးပါတယ်။)

ဒေါက်တာတင့်ဆွေ
၁-၁-၂ဝ၁၄
၇-၃-၂ဝ၁၄

Read more...

Tuesday, March 4, 2014

Walking on Chindwin River bridge ချင်းတွင်းတံတား လမ်းသလားခြင်း

(ကျွန်တော့်ထက်ငယ်တဲ့ မုံရွာကဆရာဝန်တယောက် နှလုံးသွေးကြောကျဉ်းလို့ ရှောင်သင့်တာတွေရှောင်၊ ဖြတ်သင့်တာတွေဖြတ်ပြီး၊ ‘စတန့်’ ထည့်ထားရသတဲ့။ ကျန်းမာရေးကိုလိုက်စားပြီး၊ ချင်းတွင်းတံတားပေါ်မှာ လမ်းလျှောက်နေတာတွေ့မိလို့ ဒီစာလေးရေးဖြစ်ခဲ့ပါတယ်။)

• ဆရာရေ ကျွန်တော်နေရတဲ့တိုင်းပြည်မှာတော့ လမ်းလျှောက်စရာနေရာ မရှိတာမို့၊
• အနှစ်နှစ်ဆယ်ကျော်ကြာပေမဲ့ မိနစ်နှစ်ဆယ် မကျော်ခဲ့ဘူးလို့ ပြောရမလား၊
• လူတွေက တအားများ၊ သန့်ရှင်းမှုက တအားနည်း၊ မဲလို့သဲလို့ပေါ့ဗျာ၊
• ခြေချဘို့နေရာ ပလက်ဖေါင်းမှာမရှိ၊ ငုံကြည့်သွားမှ ကိုယ့်ခြေဖဝါး သူများဟာမထိမှာ။

• ပန်းပင်မရှိတဲ့ ပန်းခြံဆိုတာတွေတော့ရှိပါရဲ့၊ မင်္ဂလာဆောင်တာနဲ့ ခရစ်ကက်ကစားဘို့သာ သုံးကြတာ၊
• တချို့နေရာတွေမှာ မဆိုးလှပါ၊ ဒါပေမဲ့ဗျာ အာရုံကမရ၊
• ဧည့်သည်လိုလို အလည်လာသလိုနေရပေမဲ့ ဒုက္ခသည်ဟာ ဒုက္ခသည်ဘဲဗျ။

• ဧကစာရီအကျင့်နဲ့ နိုင်ငံရေးသမားအဖြစ်က အတော်ကိုခြားနား၊
• အများနဲ့ ဆွေးနွေး၊ အတွေးအမြင်တွေ အပြန်အလှန်ပြော၊ တခါတလေလဲ တရားဟော၊
• ဒါပေမဲ့ဆရာ ပြောမဲ့စကား နားထောင်မဲ့သူဆိုတာ ကြာလေရှားလေဗျာ၊
• ခုနေမှာ မရှိတော့ဘူးပြောရတော့မလောက်၊
• ခြောက်ကပ်ကပ်လုပ်ရတဲ့နိုင်ငံရေးထဲမှာ ခြောက်ကပ်ကပ်လမ်းမလျှောက်ဖြစ်ပါ။

• အခုနေခါ ချင်းတွင်းတံတားမှာ လမ်းသလားရင်း စကားပြောရရင်တော့လား၊
• ကြားချင်တာတွေရော၊ ပြောချင်တာတွေပါ ကုန်ပါ့မလားဘဲ၊
• အဲ့ ပြောချင်တာတွေတချို့တော့ ပြောနေရေးနေတာမို့ ကြားချင်တာက ပိုများတယ်ဗျာ။

• ဒါလဲဗျာ သိသင့်သလောက်တော့ သိပါရဲ့၊
• လာတဲ့တိုင်းကို သွားတွေ့၊ အချိန်ရသ၍ အိမ်ခေါ်ထမင်းကြွေး၊
• တွေးစရာ၊ နွေးစရာ၊ ဆွေးစရာတွေ အပြည့်ပေါ့ဗျာ။
• ခုအခါ အင်တာနက်က နေ့ရောညပါ အဆက်ရလို့၊
• ကိုယ့်ဆီက ဘာဖြစ်ဖြစ်၊ မိနစ်မဆိုင်း ဒိုင်းကနဲပေါ့ဗျာ။

• သိချင်ပြောချင်တာထက် ဘာဆက်လုပ်ရင်ကောင်းမယ်ကို ပိုအရေးထား၊
• ပင်စင်စားမဟုတ်၊ လုပ်နိုင်တာကို လုပ်စာမရလဲဆက်လုပ်၊
• အဝေးထိန်းခလုတ်နဲ့ အာဏာရှင်ကိုဖြုတ်ချချင်နေတုံးဘဲဗျာ။

• ပြန်ပြောင်းပြီး အဟောင်းမလှန်ချင်ပေမဲ့ မကောင်းတာမှန်ရင်တော့ ပြောချင်၊ ရေးချင်၊
• အမြင်သစ်အတွေးတွေနဲ့ နောက်မျိုးဆက်လေးတွေကိုသာ လက်ဆင့်ကမ်းပေးချင်လှတယ်ဗျာ။

• ဟောဆရာ့ တံတားတော့ဆုံးပြီ၊ လမ်းမဆုံးသေးပါလား၊
• ဆက်သွားကြအုံးမယ်ဗျာ။

ဒေါက်တာတင့်ဆွေ
၁၇-၁-၂ဝ၁၄
၎-၃-၂ဝ၁၄

Read more...

Benevolence အကန့်အသတ်နဲ့သာ စေတနာ

တစ်ခုလောက် မေးခွင့်ပြုပါခင်ဗျာ။ တကယ်လို့များ ပိုက်ဆံမတတ်နိုင်တဲ့ ကိုယ်ဝန်သည်တစ်ယောက် ဆရာ့ရဲ့ရှေ့မှာ ရောက်လာမယ်ဆိုရင် ဗိုက်ခွဲမွေးမှရမယ်ဆိုရင် ဆရာ့အနေနဲ့ အစွမ်းကုန်ကူညီမှာလားဆရာ။ စိတ်မဆိုးပါနဲ့ဆရာ။ အသပြာဆရာတွေ များလွန်းတဲ့ခတ်ကြီးမှာ ဆရာရဲ့ စေတနာတွေကို Promotion တစ်ခုအဖြစ်နဲ့ Marketing တစ်ခုအဖြစ်နဲ့ ပြည်သူတွေ မမြင်စေခြင်လိုပါ။

• မြန်မာပြည်ထဲမှာနေ ရတုံးကတော့ ဆေးရုံအလုပ်ချိန်အပြင်မှာ လူနာဆေးကုပါတယ်။ ၁၅ နှစ်ကြာခဲ့တယ်။ ကျသင့်ငွေယူပါတယ်။
• နိုင်ငံရေးလုပ်မလို့ အလုပ်ကထွက်ပြီး ကိုယ်ပိုင်ဆေးခန်းလေးဖွင့်တယ်။ ၂ နှစ်၊ ငွေယူပါတယ်။
• ဆေးရုံတွေမှာလုပ်ရတုံးကလဲ ဗိုက်ခွဲမွေးပေးတာ ရာဂဏန်းရှိမယ်။ ဆေးရုံဆိုတော့ အလှူငွေ မကောက်ပါ။ နွားနို့၊ ကြက်သား၊ ကြက်ဥ၊ ထန်းလျက်၊ ပဲစတာတွေကတော့ ဖေါခြင်းသောခြင်းရတယ်။
• ကိုယ်ပိုင်ဆေးခန်းမှာလဲ ခွဲစိတ်ခန်းလေးရှိသေးတယ်။ ငွေယူပါတယ်။ ၁၉၈၈-၁၉၉ဝ ဈေးပေါ့။
• အဲဒါကိုစုထားသမျှ နိုင်ငံရေးလုပ်ကတည်းက ထုတ်ထုတ်သုံးရတယ်။
• နိုင်ငံရေးနဲ့ပြေးလို့ ရောက်နေတဲ့ သူများနိုင်ငံမှာ အခမဲ့ဆေးခန်း ဖွင့်ထားတာ ၂ဝဝ၂ ကတည်းကဆိုတော့ ၁၁ နှစ်ရှိပြီပေါ့။ မွေးလူနာ လက်ခံမွေးပေးတာက ၂ဝဝ၆ ကုန်ကာနီးမှဆိုတော့ ၇ နှစ်ရှိပြီ။
• စောစောပိုင်းက မွေးလူနာလဲ အခမဲ့ဘဲ။ ငွေမတတ်နိုင်တော့လို့ တနှစ်ရှိပြီ၊ ဆေးခန်းအတွက် (ကိုယ့်အတွက် မဟုတ်ပါ) မွေးလူနာနဲ့ ခွဲစိတ်လူနာတွေကို အလှူငွေထည့်ဘို့ မေတ္တာရပ်ခံထားရတယ်။ ရူးပီး ၅ဝဝ-၁ဝဝဝ ထည့်ကြပါတယ်။ ဆေးခန်းလခပေါ့။ လခလှူမဲ့သူ ပေါ်တဲ့လတွေမှာ ဆေးဝယ်စရာထဲထည့်တယ်။
• အခုစာရေးတဲ့အထိ မွေးလူနာပေါင်း ၃၂၆ ယောက်ကို မွေးပေးပြီးပါပြီ။
• ခွဲစိတ်ကုသလူနာ အနာပြည်ဖေါက်တာ၊ သွားနုတ်တာကအစ အူအတက်ခွဲတာအထိ မှတ်တမ်းတင်ထားတယ်။ အချိန်မရလို့ (ဘလော့ခ်) မှာ နံပါတ်စဉ် ၅၅၉ နောက်၊ ၂ နှစ်ရှိပြီ ထပ်မထည့်ရသေးပါ။
• ခွဲပေးတာနဲ့ မွေးပေးတာကအရင် အလှူငွေထည့်ဘို့နောက်၊ အလှူငွေမထည့်လို့လဲ ချုပ်ရိုးမကောင်းဖြစ်မသွားပါ။
• ကျွန်တော့ထက် စေတနာပိုပြီး လုပ်ပေးနေတဲ့ ဆရာဝန်တွေရှိပါတယ်။
• ကျွန်တော်က နိုင်ငံရေးကြောင့်လို့ပြောရင် မမှားပါ။ မဟုတ်ရင် အခမဲ့ကုပေးနိုင်မယ် မထင်ပါ။ နိုင်ငံရေးတွေလုပ်ရတုံးက အဝေးရောက်အစိုးရ အထောက်အပံ့လေး ရပါတယ်။ မရတော့တာ ၄-၅ နှစ်ရှိပြီ။
• အခုလို လုပ်ပေးတာလဲ ဘယ်နှစ်လ၊ ဘယ်နှစ်နှစ်အထိ လုပ်ပေးနိုင်မလဲ မသိပါ။ အကန့်အသတ်တွေ ရှိပါတယ်။

ဒေါက်တာတင့်ဆွေ
ဓါတ်ပုံ = ၂ဝဝ၂ ခုနှစ်က ယမုန်နာဆေးခန်း စဖွင်တုံးက၊ ပဌမဆုံးဆေးခန်းနေရာမှာ ပဌမဆုံးဆေးခန်းအကူ ဆရာမတွေ (၁) မမာမာအေး (အဖြူရောင်ဝတ်စုံဖြင့် ယခု ကွယ်လွန်)၊ (၂) မခင်မိုးဆွေ (ယခု ကနေဒါ)၊ လူနာ ကိုအာရကန် (ယခု ကနေဒါ)။ Photo: Benevolence အကန့်အသတ်နဲ့သာ စေတနာ တစ်ခုလောက် မေးခွင့်ပြုပါခင်ဗျာ။ တကယ်လို့များ ပိုက်ဆံမတတ်နိုင်တဲ့ ကိုယ်ဝန်သည်တစ်ယောက် ဆရာ့ရဲ့ရှေ့မှာ ရောက်လာမယ်ဆိုရင် ဗိုက်ခွဲမွေးမှရမယ်ဆိုရင် ဆရာ့အနေနဲ့ အစွမ်းကုန်ကူညီမှာလားဆရာ။ စိတ်မဆိုးပါနဲ့ဆရာ။ အသပြာဆရာတွေ များလွန်းတဲ့ခတ်ကြီးမှာ ဆရာရဲ့ စေတနာတွေကို Promotion တစ်ခုအဖြစ်နဲ့ Marketing တစ်ခုအဖြစ်နဲ့ ပြည်သူတွေ မမြင်စေခြင်လိုပါ။ • မြန်မာပြည်ထဲမှာနေ ရတုံးကတော့ ဆေးရုံအလုပ်ချိန်အပြင်မှာ လူနာဆေးကုပါတယ်။ ၁၅ နှစ်ကြာခဲ့တယ်။ ကျသင့်ငွေယူပါတယ်။ • နိုင်ငံရေးလုပ်မလို့ အလုပ်ကထွက်ပြီး ကိုယ်ပိုင်ဆေးခန်းလေးဖွင့်တယ်။ ၂ နှစ်၊ ငွေယူပါတယ်။ • ဆေးရုံတွေမှာလုပ်ရတုံးကလဲ ဗိုက်ခွဲမွေးပေးတာ ရာဂဏန်းရှိမယ်။ ဆေးရုံဆိုတော့ အလှူငွေ မကောက်ပါ။ နွားနို့၊ ကြက်သား၊ ကြက်ဥ၊ ထန်းလျက်၊ ပဲစတာတွေကတော့ ဖေါခြင်းသောခြင်းရတယ်။ • ကိုယ်ပိုင်ဆေးခန်းမှာလဲ ခွဲစိတ်ခန်းလေးရှိသေးတယ်။ ငွေယူပါတယ်။ ၁၉၈၈-၁၉၉ဝ ဈေးပေါ့။ • အဲဒါကိုစုထားသမျှ နိုင်ငံရေးလုပ်ကတည်းက ထုတ်ထုတ်သုံးရတယ်။ • နိုင်ငံရေးနဲ့ပြေးလို့ ရောက်နေတဲ့ သူများနိုင်ငံမှာ အခမဲ့ဆေးခန်း ဖွင့်ထားတာ ၂ဝဝ၂ ကတည်းကဆိုတော့ ၁၁ နှစ်ရှိပြီပေါ့။ မွေးလူနာ လက်ခံမွေးပေးတာက ၂ဝဝ၆ ကုန်ကာနီးမှဆိုတော့ ၇ နှစ်ရှိပြီ။ • စောစောပိုင်းက မွေးလူနာလဲ အခမဲ့ဘဲ။ ငွေမတတ်နိုင်တော့လို့ တနှစ်ရှိပြီ၊ ဆေးခန်းအတွက် (ကိုယ့်အတွက် မဟုတ်ပါ) မွေးလူနာနဲ့ ခွဲစိတ်လူနာတွေကို အလှူငွေထည့်ဘို့ မေတ္တာရပ်ခံထားရတယ်။ ရူးပီး ၅ဝဝ-၁ဝဝဝ ထည့်ကြပါတယ်။ ဆေးခန်းလခပေါ့။ လခလှူမဲ့သူ ပေါ်တဲ့လတွေမှာ ဆေးဝယ်စရာထဲထည့်တယ်။ • အခုစာရေးတဲ့အထိ မွေးလူနာပေါင်း ၃၂၆ ယောက်ကို မွေးပေးပြီးပါပြီ။ • ခွဲစိတ်ကုသလူနာ အနာပြည်ဖေါက်တာ၊ သွားနုတ်တာကအစ အူအတက်ခွဲတာအထိ မှတ်တမ်းတင်ထားတယ်။ အချိန်မရလို့ (ဘလော့ခ်) မှာ နံပါတ်စဉ် ၅၅၉ နောက်၊ ၂ နှစ်ရှိပြီ ထပ်မထည့်ရသေးပါ။ • ခွဲပေးတာနဲ့ မွေးပေးတာကအရင် အလှူငွေထည့်ဘို့နောက်၊ အလှူငွေမထည့်လို့လဲ ချုပ်ရိုးမကောင်းဖြစ်မသွားပါ။ • ကျွန်တော့ထက် စေတနာပိုပြီး လုပ်ပေးနေတဲ့ ဆရာဝန်တွေရှိပါတယ်။ • ကျွန်တော်က နိုင်ငံရေးကြောင့်လို့ပြောရင် မမှားပါ။ မဟုတ်ရင် အခမဲ့ကုပေးနိုင်မယ် မထင်ပါ။ နိုင်ငံရေးတွေလုပ်ရတုံးက အဝေးရောက်အစိုးရ အထောက်အပံ့လေး ရပါတယ်။ မရတော့တာ ၄-၅ နှစ်ရှိပြီ။ • အခုလို လုပ်ပေးတာလဲ ဘယ်နှစ်လ၊ ဘယ်နှစ်နှစ်အထိ လုပ်ပေးနိုင်မလဲ မသိပါ။ အကန့်အသတ်တွေ ရှိပါတယ်။ ဒေါက်တာတင့်ဆွေ ဓါတ်ပုံ = ၂ဝဝ၂ ခုနှစ်က ယမုန်နာဆေးခန်း စဖွင်တုံးက၊ ပဌမဆုံးဆေးခန်းနေရာမှာ ပဌမဆုံးဆေးခန်းအကူ ဆရာမတွေ (၁) မမာမာအေး (အဖြူရောင်ဝတ်စုံဖြင့် ယခု ကွယ်လွန်)၊ (၂) မခင်မိုးဆွေ (ယခု ကနေဒါ)၊ လူနာ ကိုအာရကန် (ယခု ကနေဒါ)။

Read more...

Bull-cart doctor လှည်းဆရာဝန်၊ မဲဆရာဝန်

• တခါက့ မှာ မီးဖွါးဘို့ သိပ်အခက်အခဲဖြစ်နေတဲ့ မွေးလူနာတယောက် ဆရာတို့ တိုက်နယ်ဆေးရုံအဖွဲ့ကနေ ညလုံးပေါက် မွေးပေးခဲ့ကြရတာ သမီးအမေပါဆရာ။ ဆရာ့ကို အဝေးကနေ ဂါရဝပြုလိုက်ပါတယ်။
• ဆရာ့မှာ ညလုံးပေါက်တွေ များလှပြီ။ ဒါပေမဲ့ အခုတော့ အိပ်ရေးဝတယ်လို့ဘဲ ခံစားမိပါတယ်။
• ၉ဝ ရွေးကောက်ပွဲမှာ မဲစည်းရုံးရေးဆင်းတုံးက ဆရာပြောခဲ့ဟောခဲ့တာတွေကို ကျွန်တော် ခုထိ မှတ်မိနေပါတယ် ဆရာ။
• နောင်ရွေးကောက်ပွဲတွေမှာ နောက်လူတွေက (ဆရာ့ထက်သာအောင်) ကိုယ်တိုင် ဟောနိုင်ပြောနိုင်ကြမယ်လို့ ယုံကြည်ပါတယ်။
• ကျွန်တော့်ကို ညကြီးသန်းခေါင်မှာ ခက်ခက်ခဲခဲ ဗိုက်ခွဲမွေးပေးခဲ့တဲ့ဆရာ့ကို ကျွန်တော် မြင်ဘူးချင်တယ်ဆရာ။
• ဘဝအစမှာ ခက်ခက်ခဲခဲနဲ့စခဲ့သူအဖို့ အရာရာလွယ်ကူပါလိမ့်မယ်။
• ငယ်ငယ်လေးကတည်းက ဆရာ့အကြောင်း လူကြီးတွေပြောပြောနေကြတာနဲ့ သမီး ကြီးပြင်းလာခဲ့တာပါဆရာ။
• ကိုယ့်အကြောင်းကိုလဲ လူအများ (အကောင်း) ပြောစရာ ကျန်ရစ်အောင် ကြိုးစားဘို့ရာ တွန်းအားဖြစ်မယ်ဆိုရင် ဆရာလဲ ဝမ်းသာမှာပါ။
• ကျွန်တော် မမွေးခင်က ကျွန်တော့်အဖေအသက်ကို ဆရာကယ်ခဲ့တာတဲ့ဗျ။ မမြင်ဘူးတဲ့ ဆရာ့ကို အဝေးကနေ လှမ်းပြီး ကန်တော့လိုက်ပါတယ် ဆရာခင်ဗျား။
• အနန္တောအနန္တ ငါးပါးမက ကျေးဇူးသိတတ်သူအတွက် ကျန်းမာ-ချမ်းသာစေကြောင်း ဆုတောင်းပေးပါတယ်။
• ၁၉၉ဝ ရွေးကောက်ပွဲတုံးက ကျွန်တော်တို့ရွာမှာ ဆရာတို့ပါတီ မနိုင်ခဲ့လို့ တောင်းပန်ပါတယ်ဆရာ။
• ကိစ္စမရှိပါ။ နိုင်ငံရေးမှာ တသမတ်ထည်းမရှိပါ။ ကိုယ့်ကိုမကြိုက်သေးသူတွေကို မမုန်းရဘဲ၊ ကြိုက်လာအောင် စည်းရုံးဘို့က ကိုယ်အလုပ်ဖြစ်ပါတယ်။
• ဆရာ့ဆေးခန်းလေးရှေ့ရောက်တိုင်း လှည်းဝိုင်းကြီး အမြဲရှိနေတာကို ဖြတ်သွားတိုင်း တွေ့နေရတာကို အမှတ်ရပါတယ်ဆရာ။
• လှည်းနဲ့လာတဲ့လူနာတွေနဲ့ ကျွန်တော်လဲ ဆရာဝန်ဖြစ်ခဲ့တာ အမှန်ပါ။

ဒေါက်တာတင့်ဆွေ
၂၈-၁၂-၂ဝ၁၃

Read more...

Monday, March 3, 2014

Astrologer's advice ဆောင်းယတြာ

• လွမ်းတာတွေ ချမ်းတာတွေက စိတ်ခံစားတာတွေပါ
• ပြောချင်တာက တမ်းတဘို့ လွမ်းရဘို့ မဟုတ်ပါ
• ကျန်းမာဘို့ ချမ်းသာဘို့နဲ့
• ကျန်းခံသာအောင် ဘာကိုဆောင် ဘာကိုရှောင်ရမလဲပါ။

• ရွှေချဘို့မဟုတ်၊ ဒန်းညွန့်ဆောင်ဘို့လဲ မဟုတ်ပါ
• မဟုတ်လိုက်သမ၊ “ရွှေ” ပါတာရှောင်၊ “ညွန့်” ပါတာရှောင်
• “စိန်” ဆိုတဲ့တိုင်အောင် တန်ဘိုးများတယ်မတင်ပါနဲ့
• လေးငါးနှစ်ထက်မခံပါ။

• ဖွဲ့စည်းပုံဆိုတာကလဲ ကောက်ညှင်းစီးတာလို စားမရ
• တင်းဝါး တင်းပုတ်၊ ခေါပုပ် တင်းပုတ်
• အရပ်လုပ် အရပ်သား (အရပ်သားအတုဗလာ) ရာနှုန်းများပါမှ
• အားကောင်းမောင်းသန် ဥတုသုံးပါးခံကြမယ်
• အရွယ်မရွေး၊ နီးဝေးမဟူ အတူတူ
• ကူညီဖေးမ ဝိုင်းဝန်းကြစို့လား။

ဒေါက်တာတင့်ဆွေ
၁ဝ-၁-၂ဝ၁၄

Read more...