Monday, January 27, 2014

Mobile Online Dream မိုဘိုင်း-အွန်လိုင်း အိပ်မက်

• ကျွန်တော်လဲ ရွေ့လျားဆေးခန်း အိပ်မက်မက်နေတာ မကြာလှသေးပါ။ Yamuna Online Mobile Clinic လို့ နာမည် ပေးထားပြီးပြီ။ (မမွေးသေခင် ကလေးနာမည် ရွေးထားသလိုပေါ့။) • ယမုန်နာဆေးခန်းလေး ဖွင့်ထားတာ ၁ဝ နှစ်ကျော်ပြီ။ မွေးလူနာလက်ခံတာ ၇ နှစ်ရှိပြီ။ (အွန်လိုင်း) ကနေ ကျန်းမာရေးနဲ့ ဆေးပညာစာတွေ ရေးနေတာ ၅ နှစ်လောက် ရှိပြီ။ မေးသမျှဖြေပေးနေတာ ၃ နှစ်ရှိပြီ။ • အိပ်မက်ထဲမှာ မြန်မာပြည်တလွှား အရှေ့-အနောက်-တောင်-မြောက် မြို့မရွေး-ရွာမရွေး ရွေ့လျားပြီး၊ ဆေးကုပေးချင်လာတယ်။ ကားမောင်းလို့ ရတဲ့နေရာမှန်သမျှ သွားမယ်။ တောင်ပေါ်လဲ တက်နိုင်မှာပေါ့။ ကျန်းမာရေး-ဆေးပညာလဲ ပေးမယ်၊ သင်တန်းလဲပေးမယ်၊ မေးတာလဲဖြေနေမယ်။ • ကားကြီးကြီးလိုမယ်။ အသေအခြာတပ်ဆင်၊ ပြင်ဆင်ထားချင်တယ်။ ကားခေါင်မိုးမှာ Solar plate (ဆိုလာ) ပြားကြီးရှိမယ်။ ဆေးသိုလှောင်စရာ ရေခဲသေတ္တာကြီးကြီးပါရမယ်။ မီးဖို၊ ရေအိမ်သာ စတာတွေ။ • ဆေးတွေကလဲ Generic genuine ဆေးတွေဖြစ်စေရမယ်။ ဘယ်ကနေ ဘယ်လို ဝယ်မလဲ စဉ်းစားနေတယ်။ • ဆေးကုရာမှာ စောင့်ထိန်းလိုက်နာစရာစည်းကမ်း အလေးထားမယ်။ ငွေရေးကြေးရေး ပွင့်လင်းမှုဆိုတာ လိုမယ်။ စာရင်းကိုင်၊ စာရင်းစစ်တွေ အကူအညီတောင်းရမယ်။ ကားမောင်တာကအစ လမ်းစည်းကမ်း၊ ယာဉ်စည်းကမ်း လိုမယ်။ အခုလုပ်မှာကလဲ မှတ်ပုံတင်တာ၊ ခွင့်ပြုချက်ယူတာတွေလိုမယ်။ (ကိုယ့်မှာတော့ ဆမ အသိမ်းခံထားရတုံး။) • ဓါတ်ခွဲခန်း သေးသေးလဲကားကြီးပေါ်မှာ ပါချင်တယ်။ HIV အမြန်စစ်ပေးတာ ရှိချင်တယ်။ ဓါတ်မှန်၊ (အာလ်ထွာဆောင်း) တော့ ပါချင်တယ်။ ပညာရှင်တွေ ရပါ့မလား။ ကိုယ်ကကော သူတို့ကို ကြွေးမွေးထားနိုင်ပါ့မလား။ • ကာကွယ်ဆေး (မွေးစကလေး၊ ကလေး၊ အမျိုးသမီး၊ လိင်ကတဆင့် ကူးစက်ရောဂါတွေ) ပါချင်တယ်။ • လက်ကလဲ အကျင့်ပါနေလို့ ခွဲစိတ်တာ၊ မွေးဖွါးပေးတာမျိုးလဲ လုပ်ချင်သေးတယ်။ ခွဲစိတ်ခန်းကော ကားထဲမှာ ဆန့်မလား မသိဘူး။ မေ့ဆေး။ ပိုးသန့်ရှင်းမှု။ ခွဲပြီးလူနာ ဘယ်လို ဆက်စောင့်ရှောက်မလဲ။ ဒေသခံတွေဆီကနေ အကူအညီနဲ့ ပူးပေါင်းဆောင်ရွက်မှု ရယူရမှာဘဲ။ • သဘာဝပါတ်ဝန်းကျင်ဆိုတာ လိုက်နာစေမယ်။ စွန့်ပြစ်ပစ္စည်းတွေ၊ တခါသုံး ပစ္စည်းတွေ စနစ်တကျ ထားချင်တယ်။ အင်ဂျင်နီယာလိုလာမယ်။ • သွားလေရာတိုင်းမှာ သုတေသနလုပ်ချင်တယ်။ လူတွေ ဘယ်လိုနေထိုင်ကြသလဲ။ ဘာတွေစားကြသလဲ၊ ဘာတွေရောင်းဝယ်ကြသလဲ။ ဥပမာ ဆီကဘယ်လိုလဲ၊ ဟင်းသီးဟင်းရွက်တွေမှာ ဘယ်လိုသတိထားစရာတွေ ပါနေလဲ။ သောက်ရေ-သုံးရေ စတာတွေ။ သုတေသနပညာရှင် လိုမယ်။ သဘာဝနဲ့ ကျန်းမာရေးနဲ့ညီမျှအောင် ဘယ်လိုအကြံကောင်း ပေးနိုင်လာမလဲ။ • ကူမဲ့သူတွေကို လုပ်အားပေးဆိုတဲ့ အသုံးအနှုန်းကို မကြိုက်ပါ။ ခေတ်က (ဗော်လန်တီယာ) ဖြစ်လာပြီ။ ဒါလဲ ဗိုလ်ဆန်လို့ အာမတွေ့လှဘူး။ သူတို့က ဘယ်လိုခေါ်စေချင်သလဲ၊ သူတို့သဘောဘဲ။ စည်းကမ်းတော့ထားမယ်။ လူမျိုး-ဘာသာ မရွေးလက်ခံမယ်။ ပညာအခြေခံလောက်သာရှိသူတွေကို ပညာသင်ပေးတဲ့အကျင့် ရှိထားပါပြီ။ စေတနာနဲ့ အချိန်ပေးနိုင်ရင် လက်ခံမယ်။ အင်္ဂလိပ်စာလဲ အခြေခံလောက်တော့ တတ်ခဲ့စေချင်တယ်။ • အဲ့ နိုင်ငံရေးကတော့ အလံထောင်မထားပေမဲ့ NLD ဖြစ်ရမယ်။ ပါတီဝင်မဖြစ်သေးလဲ အနည်းဆုံး NLD ကို မဲတော့ပေးမှရမယ်။ လူငယ်လေးတွေကို နိုင်ငံရေးအသိဖြည့်ပေး၊ ကူပေးချင်တယ်။ သူတို့ဆီကနေလဲ နားထောင်ချင်တယ်။ • အိပ်မက်ဆိုတာ့ အတိုင်းအဆ မရှိပေါ့။ လက်ထဲမှာတော့ တပြားမှမရှိဘူး။ တတ်နိုင်တဲ့သူငယ်ချင်းတွေကို ဟေ့ကောင်တွေ ဘယ်လောက်စီပေးကြကွာလို့ တောင်းရမလား။ အမျိုးတွေကို စေတနာပေါက်အောင် ပြောရ ဟောရမလား။ ဘုန်းကြီးတွေဆီက အလှူခံရမလား။ အဖြူတွေဆီကတော့ တောင်းဘို့စိတ်မကူးဘူး။ ယမုန်နာ ဆေးခန်းလုပ်သလို သူတို့ကကူချင်ရင်တော့ လာပေါ့။ ကိုယ်ကနေ လက်ဖြန့်မတောင်းဘူး။ မနေ့ကပဲ အင်္ဂလန်ကနေ ဆေးခန်းလစာ ၆ လတွက် ပေးလာတာရှိတယ်။ လူချင်းတခါမှ မတွေ့ဘူးဘူး။ • ၂၄ နာရီ (လွန်လိုင်း) ရှိအောင် ကြိုးစားရမယ်။ နည်းပညာသယ်လိုမယ်။ Real time တင်ပေး၊ ဖြေပေးနေမယ်။ ကွန်ပြူတာ ၃-၄ လုံးလိုမယ်။ အင်တာနက်မြန်တာ ဘယ်လိုရအောင်လုပ်မလဲ။ လူငယ်တွေကို အားကိုးရမယ်။ • ကွန်ယက် ဆိုတာထားမယ်။ သူငယ်ချင်း အထူးကုဆရာဝန်တွေကို မေတ္တာရပ်ခံထားမယ်။ ချက်ချင်း လှမ်းပြီး အတိုင်ပင်ခံ လုပ်ပေးဘို့။ အိုင်တီနည်းပညာနဲ့ ရောဂါရှာဖွေအဖြေတွေကို သူတို့ဆီကို အင်တာနက်ကနေ ပို့ပေးမယ်။ အကူအညီတောင်းမယ်။ သူတို့လဲ ကုသိုလ်ရတာပေါ့။ ရန်ကုန်၊ မန္တလေး မှာသာမကပါ၊ လန်ဒန်၊ အယ်လ်အေ စတာတွေမှာ ကိုယ့်လူတွေရှိတယ်။ • အကြီးအကျယ် တွေးတာဖြစ်ပေမဲ့ တကယ့်အလုပ်မှာ ကျန်းမာရေးလုပ်သားတို့၊ အရံသားဖွါးဆရာမတို့လို မြေပြင်မှာ အိမ်တိုင်ယာရောက် သေးသေးဖွဲဖွဲလေးမျိုးတွေကိုသာ လုပ်ရမှာဖြစ်တယ်။ • Henry Norman Bethune (ဟင်နရီ နော်မန် ဗက်သွန်း) ခေတ်မဟုတ်တော့ဘူး။ ကနေဒီယန် ဆရာဝန် တဦးကနေ ဆင်းရဲလွန်းတဲ့ တရုပ်လူမျိုးတွေကို သမိုင်းတင်လောက်အောင် ကူညီခဲ့တယ်။ အခုလုပ်ချင်တာက ကိုယ့်လူမျိုး ဆရာဝန်တယောက်ကနေ ကိုယ့်နိုင်ငံသားတွေကို ၂၁ ရာစု နည်းပညာအကူအညီနဲ့ တတ်နိုင်တာလေး လုပ်ပေးချင်တာဖြစ်ပါတယ်။ • အိပ်မက်ကနေ နိုးလာပြီဗျာ။ ဆက်မက်ပါအုံးမယ်။ ဒေါက်တာတင့်ဆွေ ၂၈-၇-၂ဝ၁၃
Read more...

My house ပုလဲမှာ ချန်ထားရစ်ခဲ့ရတဲ့ ဆေးခန်းနဲ့ နေအိမ်

၁၉၉ဝ ရွေးကောက်ပွဲရဲ့ သမိုင်းပြတိုက်လေးတခု စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ပုလဲမြို့၊ ပါရမီရက်ကွက်မှာရှိတယ်။ ဆေးခန်းလေးထဲမှာ လူနာတွေ အများကြီးကို ဆေးကုသပေးခဲ့တယ်။ ဆေးခန်းဘေးမှာ နိုင်ငံရေးလုပ်ခဲ့တယ်။ ၁၉၉ဝ နိုဝင်္ဘာလထဲ ထွက်ပြေးရပြီးနောက် မကြာခင်ကတည်းက အခုထိ ချိတ်ပိတ်ထားခြင်းခံရဆဲပါ။ • မဲပေးတာယူ၊ • မဲပေးသူထားခဲ့၊ • ငါ တာဝန်မဲ့သလား။ ဒေါက်တာတင့်ဆွေ
Read more...

Swear ဆောင်းမိုးကြိုးပစ်ပါစေ

ကျွန်တော်တို့သားအဖကို ဖမ်းဘို့လာတာ၊ လုပ်ဖေါ်ကိုင်ဖက်တွေနဲ့အတူ တိုင်းပြည်ကနေ ပြေးခဲ့ကြရတာဟာ အခုလို ဆောင်းဦးကာလ ညတွေမှာပါ။ ဒီနှစ်ဆောင်းဦးမှာ ဗိုလ်ခင်ညွန့် စာအုပ်ထုတ်ပြီး ၃ဝဝဝ နဲ့ရောင်းဘို့ လုပ်သတဲ့။ နိုင်ငံရေးသမား များများနှိပ်စက်ခဲ့သူကို ဂုဏ်ပြုတာဖြစ်တယ်။ ဗိုလ်ခင်ညွန့် နိုင်ငံရေးမလုပ်ပါ။ နိုင်ငံရေးလုပ်သူတွေကို ဖမ်းဆီးနှိပ်စက်၊ ထောင်ချပြီး သတ်ပစ်တာသာ လုပ်ပါတယ်။ ဒေါက်တာတင့်ဆွေ ၂၉-၁၁-၂ဝ၁၃
Read more...

Dress တောင်းမှာအကွပ် လူမှာအဝတ်

• မင်္ဂလာဆောင်မှာ လက်မှတ်ထိုးတာသာလုပ်လို့ ရှိုးမထုတ်ခဲ့ရပါ၊ • ဆေးကျောင်းသားလုပ်တော့ ဂျူတီကုတ်က ခေတ်မစားသေးပါ၊ • ဘွဲ့ယူတာလဲ အဝေးရောက်မို့ ဘန်ကောက်ပုဆိုးဝတ်စရာ မလိုခဲ့ပါ။ • ပြည်တွင်းနိုင်ငံရေး အဟောအပြောမှာ ပင်နီချောသာ ဝတ်ပါသည်၊ • သူများတိုင်းပြည်တွေသွား ဒီမိုကရေစီစကားပြောရာ ကြောင်လျှာသီးပါမှရပါသည်၊ • တီဗွီ အင်တာဗျူး ရှူးဖိနပ်စီးရသည်၊ • နေပြည်တော်မှာ လွှတ်တော်မဆောက်ကြသေးတော့ အမတ်ရဖြစ်ပေမဲ့လဲ မောင့်ကျက်သရေနဲ့လွဲခဲ့ရပါသည်။ • နှစ်ထောင့်ဆယ်နှစ် အမတ် ထပ်မဖြစ်တာ ခုနစ်တန်းကျောင်းသားဘဝမှာ ပိုးတိုက်ပုံအကျနဲ့ လူလုံးပြခဲ့လို့ ကျိန်းကျေသွားရသည် ထင်ပါသည်၊ • နှစ်ထောင့်ဆယ်ငါး ဝယ်မထားရသေးတဲ့ အမတ်အဝတ်အစား လူကြုံနဲ့ပါးပါမည်၊ အရည်အချင်းရှိသူ မှာယူနိုင်ပါသည်။ • အနေဝေးသေးပေမဲ့ အာဏာရှင်တိုက်ဖျက်ရေးမှာ အလုပ်မနား၊ ခါးတောင်ကြိုက်သူများနဲ့အတူ နေ့ညမဟူ အတူရှိနေပါမည်။ ဒေါက်တာတင့်ဆွေ ၁၇-၁၂-၂ဝ၁၃
Read more...

Education ပညာရေးလဲ ပြောင်းလဲနေပါပြီ

• နေ့လည်စာ ထမင်းချိုင့်၊ စာရေးနေတဲ့လက်ကလေးနဲ့နှိုက်၊
• ဗိုက်ဝရင်တော်လှ၊ စားချင်တာမစားရ နေ့တိုင်းလိုသာပ၊
• မူလတန်းကစရတာ ဘဝသင်္ခန်းစာ၊
• ငါကြီးလာရင် ဘာလုပ် ဆရာဝန်ကြီးမဟုတ်၊
• အင်ဂျီအိုကြီး မလုပ်၊ ခရိုနီကြီး မလုပ်။

• လူကြီးတွေပြောနေတာကြား၊ ဟိုဟာပြင်မှာလား သည်ဟာပြင်မှာလား၊
• စစ်သားတဲ့၊ မြစ်များတဲ့၊ နိုင်ငံခြားသားတဲ့၊
• အသားဖြူဖြူ ဗမာစကားမတတ်သူ၊
• ဒီလူတွေက မိုးပေါ်ကကျ၊ ကျွန်တော့်နေ့လည်စာနဲ့ ဆိုင်ပါသလားဗျ။

• ထမင်းကြမ်းဖြူဖြူ၊ ဆီမကူ ဆားမပါ၊
• အမေ့စေတနာ၊ အဖေ့လုပ်စာနဲ့တိကျ၊
• ဒီမိုကရေစီရရင် နေ့လည်စာတမင်းမှာ ဟင်းတခွက်ပါစေရမယ်လို့၊
• ဒို့မူလတန်းကျောင်းသား “ဂျင်နရေးရှင်း”၊ အားခဲလို့တင်း။

ဒေါက်တာတင့်ဆွေ
၃ဝ-၁၂-ဝ၁၃
(ဓါတ်ပုံ Khun San Oo)
(စာရေးဖြစ်အောင်စေ့ဆော်သူ Pauk Sa Jade)
Read more...

Pale hospital ၁၉၈၆ ပုလဲဆေးရုံ

၁၉၈၆ ခု မန္တလေးဆေးတက္ကသိုလ် ဆေးကျောင်းသူ-ကျောင်းသားတွေ ပုလဲမြို့နယ်ကို ကွင်းဆင်းလေ့လာရေးခရီးစဉ် လာကြစဉ်က မြို့နယ်ဆရာဝန် ဒေါက်တာဦးတင့်ဆွေ၊ လက်ထောက် ဆရာဝန် ဒေါက်တာဦးဝင်း (လက်ရှိ မန္တလေး ဆေးရုံအုပ်ကြီး) တို့နှင့် ပုလဲဆေးရုံရှေ့အမှတ်တရအဖြစ် ဒေါက်တာခင်မောင်အေး (ဓါတ်ပုံထဲမှာ ညာအစွန်၊ ဘယ်အစွန်က သူ့ဇနီး) တို့ကနေ ပို့ပေးတဲ့ပုံ (ဒေါက်တာ) စိုးစိုးနိုင်၊ (ဒေါက်တာ) ခင်ယုဆွေ၊ (ဒေါက်တာ) မဝါနု၊ (ဒေါက်တာ) အောင်အောင်၊ (ဒေါက်တာ) ဝင်းမြင့်သိန်း၊ (ဒေါက်တာ) ခင်မောင်အေး။ And here is the rest of it
Read more...

တိမ်ပေါ်မှာ စိန်ခေါ်သူများ

၁၉၉ဝ ဒီဇင်္ဘာလမှာ စစ်ကိုင်းတိုင်း၊ ပုလဲမြို့မဲဆန္ဒနယ်မြေ (၁) နဲ့ (၂) ကနေရွေးကောက်ခြင်းခံထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ အဖွဲ့သားတွေ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ (စိုင်ဟာမြို့) ရဲအချုပ်ခန်းမှာ ၃ ရက်ကြာနေခဲ့ရစဉ်။ (စိုင်ဟား) က ဟားခါးနဲ့ တန်တူ အေးလွန်းလှပါတယ်။ ရီစရာဘဲ ဆက်ပြောမယ်ဗျာ။ အချုပ်ခန်းက ကျား-မ နှစ်ခုရှိတာ အရွေးခိုင်းတယ်။ နဲနဲပိုသန့်သလားလို့ အမျိုးသမီးအချုပ်ခန်း Lock-up ကိုရွေးကြတယ်။ ရှူနံ့နံသလားမမေးနဲ့။ မနက်ကရေးသလို "သေး" ပေါ့ဗျာ။ ဒေါက်တာတင့်ဆွေ ၉-၁-၂ဝ၁၄
Read more...

Differently-abled people တမျိုးတဘာသာ ထူးခြားစွာစွမ်းဆောင်နိုင်သူများ

ဖေ့စ်ဘွတ်မှာ သီချင်းဝါသနာပါသူမဖြူ ဆိုတဲ့မိတ်ဆွေတယောက်က ဒီလိုရေးတယ်။ "လကွယ်ညသန်းခေါင်ယံအလယ်မှာ မဟူရာကျောက်ရိုင်းတုံးကို လူတကာ ကောက်ခိုင်းအုံးတော့ ရှာလို့ တွေ့ချင် တွေ့ပါလိမ့်မယ်" တဲ့။ ဒါနဲ့ ကျွန်တော်က ဒီလိုပြန်ရေးလိုက်ပါတယ်။ မမြင်ရဘူးဆိုတိုင်း အထင်မသေးနဲ့နော်။ မြို့သာမှာ တိုက်နယ်ဆရာဝန် လုပ်ရတုံးကပေါ့။ ဦးထွန်းသိန်းဆိုတဲ့ မျက်မမြင်တယောက်ရှိတယ်။ ညပိုင်း အိမ်လည်ထွက်တိုင်း ရေနံဆီမီးခွက်ကို သွပ်ပုံလေးနဲ့ ဆွဲသွားလေ့ရှိတယ်။ "ဟာ့ ဖိုးထွန်းသိန်း မျက်စိမမြင်တဲ့လူ ညကြီး မီးလိုသလား"။ "အေ့း့ ငါကတော့ ငါ့လမ်းငါသွားတတ်တယ်။ မျက်စိကောင်းတဲ့လူတွေက ငါ့ဝင်တိုက်မှာစိုးလို့" တဲ့။ ဒေါက်တာတင့်ဆွေ ၁၃-၁-၂ဝ၁၄
Read more...

Pazami quarter ပုလဲမြို့က ပါရမီရပ်ကွက်

Aung Ko Win‎ ပုလဲမြို့ပေါ်မှ ဆရာတော်ကြီးများနှင့် ပါရမီရပ်ကွက် ဓမ္မာရုံမှာ ဝါဆိုသင်္ကန်းကပ်တုန်းကပုံလေးကို တင်ပေးလိုက်ပါတယ်။ (အထူးသဖြင့် အခြေအနေမပေး၍ အနေဝေးနေသော်လည်း ပုလဲမြို့မှ ဆရာတော်ကြီးများနှင့် ပုလဲမြို့သူ/သားတွေရဲ့ အခြေအနေကို လူကြုံတိုင်းမေးနေတဲ့ ဆရာဒေါက်တာတင့်ဆွေ နှင့် အန်တီအေးတို့မိသားစုအတွက်)

Dr. Tint Swe ပါရမီရပ်ကွက် နာမည်ကို ဆရာပေးခဲ့တာ။ မဆလ ခေတ်မှာ အကောင်ကြီးတွေဘဲနေရတဲ့နေရာရှိတယ်။ ဘာရမလဲ ဒို့ပုလဲသားတွေလဲနေနိုင်တယ်လို့လုပ်ခြင်လို့ နာမည်ရွေးခဲ့တာပါ။ And here is the rest of it
Read more...

Saturday, January 25, 2014

A gift မေ့မရတဲ့ လက်ဆောင်

တခါတုံးက ရွာတရွာမှာ၊ ခွဲတာစိတ်တာ ကျော်ကြားလာတဲ့ ဆရာဝန်လေးတပါးရှိသတတ်။ တနေ့မှာ လူနာတယောက် မြင်းစီးပြီး ပေါက်ချလာ၊ ရော့ဆရာ အနာချုပ်ချုပ်၊ ဘာချုပ်ချုပ်၊ မြင်းမီးတဆုပ် လုပ်ချင်ရင်လုပ်ပါ ဆရာ။ စေတနာတခွဲသားမို့ ငိုအားထက် ရယ်အားမသန်သာ၊ ဆရာဝန်ခင်မြာ ကျေးဇူးတင်ပါတယ်၊ ကျေးဇူးတင်ပါတယ်ခင်ဗျာ၊ ကျေးဇူး နဲ့ “သင်ခယူး” ပူးတွဲလိုက်ရဘူးပါကြောင်း။ ဒေါက်တာတင့်ဆွေ ၁၇-၁-၂ဝ၁၄ (မြို့သာတိုက်နယ်ဆေးရုံအမှတ်တရ)
Read more...

An old photo ဓါတ်ပုံဟောင်းလေး

၁၉၉ဝ ရွေးကောက်ပွဲမတိုင်မီကာလ စည်းရုံးရေးခရီးအနေနဲ့ ပုလဲမြို့နယ်၊ အလယ်ဘုံရွာကိုရောက်စဉ်က၊ ကျွန်တော်နဲ့ ဇနီး ဒေါ်မြမြအေး။ ဓါတ်ပုံပို့ပေးတဲ့ အိမ်ရှင် မမျိုးဝင်းကို ကျေးဇူးတင်ပါတယ်။
Read more...

င်္Ferry ချင်းတွင်းမြစ်ကူး ညောင်ပင်ကြီးကူတို့

“မတော်တဆ မပေါ့ကြနဲ့” ဆိုတဲ့အထဲမှာ ဒီလိုနိဒါန်ပျိုးခဲ့ပါတယ်။ ချင်းတွင်းမြစ်ကို မုံရွာ-ညောင်ပင်ကြီးဆိပ်ကနေ ကူးရတာက အတွေ့အကြုံတမျိုးပါ။ အများဆုံး သုံးကြတာကတော့ ကားပါ တင်ကူးလို့ရတဲ့ ဇက်နဲ့ပေါ့။ စက်လှေရော လူလှော်တဲ့လှေရော ရှိတယ်။ ရာသီအလိုက် ရေတက်တာကျတာရှိလို့ တခါနဲ့တခါ တချိန်နဲ့ တချိန် မတူဘူး။ ရေသိပ်ကျနေရင် သောင်ပြင်ကြီးတွေကိုဖြတ်ပြီး၊ သုံးဆင့်သွားတန် သွားရတတ်သေးတယ်။ ခရီးသွား ခရီးပြန်တွေ ဆိုတာကလည်း အမျိုးအစား၊ အတန်းအစားတွေကလဲ စုံမှစုံ။ သုံးရာသီ ပြည့်အောင် ထိုင်ကြည့်နေရင် စာရေးတတ်တဲ့သူတွေအတွက် ရေးစရာတွေ ပုံနေမယ်။ အောက်သားတွေက သံလျင်ကူးတို့အကြောင်း ရုပ်ပြကာတွန်းစာအုပ်တွေထဲ ရေးချိန်မှာ ချင်းတွင်းသား ကာတွန်းဆရာ မထွန်းကားခဲ့ဘူးနဲ့ တူပါရဲ့၊ ချင်းတွင်းက ရင်ခုန်စရာဇာတ်လမ်းတွေ၊ ရီစရာ-မောစရာတွေ မဖတ်ခဲ့ရဘူး။ မုံရွာမှာလည်း “စံရွှေမြင့်”တွေ ရှိတာပါ။ သီတာသင်္ဘောပေါ်က ဆေးရောင်းတဲ့လူတွေနဲ့မခြား မုံရွာကူးတို့က ဆေးရောင်း၊ ဈေးရောင်းသူများကလည်း ကြော်ညာရာမှာနဲ့ အော်ရာမှာ တော်တာတွေ ရှိတာပါဘဲ။ “တော်တော်လေးစားရင် မော်တော်လေးများ သွားသလို” ဆိုတာမျိုး လျက်ဆားရောင်းသူဆီကနေ ကြားနိုင်တယ်။ အောက်သားတွေထက် ပိုတာရှိသေး။ သစ်ပုလွေသားကိုင်းမှာ သနပ်ခါးရွက်တွေ ထိုးစိုက်ထားတဲ့ ရောင်းစရာ ကူးတို့ပေါ်မှာ ပါတယ်။ မသိသူ ဝယ်သွားကြပေါ့။ ပုံတောင်-ပုံညာက ယောသားတွေလည်း လာမယ်။ ဂန့်ဂေါထည်တွေ သည်လာသူတွေ တွေ့ရမယ်။ ဆားလင်းကြီးဘက်က ထန်းပင်မြစ် ကောင်းကောင်းတွေ၊ ပုလဲ၊ ယင်းမာပင်က ကုလားပဲနဲ့ဂျုံတင်တဲ့ ကားတွေက အပြန်မှာဆန်တင်ခဲ့ကြတယ်။ မန္တလေးကုန်၊ အတက်ချင်းတွင်းကုန်နဲ့ မိုးလေးကုန်ခေါ်တဲ့ ကုလားပြည်ထွက် ပစ္စည်းတွေ၊ ရေးပြလို့တောင် စုံမှာမဟုတ်ဘူး။ ဟိုတချိန်ကပေါ့၊ မန္ကလေး (ဝသ) က သမိုင်းမေဂျာ ကျောင်းသူကျောင်းသားတွေ ဖိုးဝင်းတောင်ဖက် ခရီးထွက် ကြဘူးတယ်။ (ဝသ) ဆိုတာ ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်ကို ခေါ်ခဲ့တာပါ။ မုံရွာကနေ ဆွဲမော်တော်ကြီးနဲ့ ကူးကြရတာပေါ့။ ဆိပ်ကမ်းလဲကပ်ရော မော်တော်ပေါ်က ဆိုင်းဘုတ် ပြုတ်ကျပြီး၊ ကျောင်းသူတယောက် ခေါင်းခိုက်မိပါလေရော။ အဲ့ ကျောင်းသူက ဘုတလင်သူ။ သူ့အဆက်က ဆေး-မန်းက မုံရွာသား။ (အဆက်) ဆိုတာ သမီးရည်းစား။ ဘန်းစကားဆိုတာ တခေတ်နဲ့တခေတ် မတူးဘူး မဟုတ်လား။ အခု ဘာခေါ်ကြလဲ မသိပါ။ (ဆေး-မန်း) ဆိုတော့ အလွယ်သိကြမှာပေါ့။ ဆေးတက္ကသိုလ် (မန္တလေး)။ ဆေးကျောင်းသားလေးခင်ဗျာ စိတ်ပူရှာလို့ ဘာလုပ်ရမှန်း သိပ်မသိ၊ နောက်ဆုံး ခေါင်တက် အကူအညီတောင်းသဗျ။ သမိုင်းပါမောက္ခက ဒေါက်တာသန်းထွန်း။ သူ့အိမ်သွား တံခါးခေါက်တယ်။ အမှန်က တံခါးခေါက်ရတာတော့ မဟုတ်ဘူး။ “ကွန်သာယာ” အိမ်တံခါးမှာ ကြေးခြူ ခပ်ကြီးကြီး တပ်ထားတာမို့ ဆွဲလှုပ်ရတယ်။ ဆေးကျောင်းသားကို ပါမောက္ခက နှစ်သိမ့်ရှာပါတယ်။ စာကြွင်း။ ဆေးကျောင်းသား ကျွန်တော်၊ သမိုင်းကျောင်းသူ ဆရာကတော်။ ဒေါက်တာတင့်ဆွေ ၁၉-၁-၂ဝ၁၄
Read more...

Acquired Specialist စပါယ်ရှယ်လစ်တမျိုး

“မေ့မရတဲ့ လက်ဆောင်” ရေးတာရဲ့အောက်မှာ ဆရာထွန်းလှိုင်ကနေမှတ်ချက်ရေးမှ သတိရပြီး “အမှတ်ရပြီ။ ပုလဲမှာ AS ဒေါက်တာမောင်ဝင်းက ခွဲတာ၊ သမဆရာဝန်ဒေါက်တာ ထွန်းလှိုင်က မေ့ဆေးမှာကူညီကြလို့ Nephrectomy ကျောက်ကပ် ခွဲထုတ်ပေးတာ လုပ်ရဘူးတယ်။ စစ်ကိုင်းဆေးရုံမှာလဲ တခါလုပ်ရသေးတယ်။ အဲဒီမှာတော့ ကိုယ်လို AS တွေ များပါတယ်။” လို့ ပြန်ရေးလိုက်ပါတယ်။ ပုလဲလို ကုတင် ၂၅ လုံးဆန့်အဆင့်ဆေးရုံမှာ ခွဲစိတ်ခန်း၊ ကျန်းမာရေးဝန်ထမ်းက အားနည်းပါတယ်။ အကြီးစားခွဲစိတ်မှု လုပ်ဘို့ အကန့်အသတ်ကြီးလှပါတယ်။ အထူးကုဆရာဝန်ကသာ ထောက်ကူပစ္စည်းအစုံနဲ့ လုပ်ပေးရတာမျိုးပါ။ ခက်တာက ဆေးရုံကြီးလွှတ်လို့ လူနာတွေက မသွားနိုင်ကြရင် စိတ်မကောင်းတော့ပါ။ ဒီလိုနဲ့ ကိုယ့်ဆီမှာတင် လုပ်ပေးဘို့ စွန့်စားမှုတွေ လုပ်ဖြစ်လာပါတော့တယ်။ တကယ်တန်းပြောရရင် လုပ်ပေးတဲ့ဆရာဝန် တရားစွဲမခံရတောင် ဆေးကောင်စီကနေ အရေးယူတာမျိုး လုပ်မယ်ဆိုလုပ်နိုင်တာပါ။ ဆေးပညာဘွဲ့ ရပြီးတဲ့နောက် သူငယ်ချင်းတချို့ ဘွဲ့လွန်တက်ကြရတယ်။ တချို့ကြ တခြားနိုင်ငံ သွားပြီးတောင် ဘွဲ့ထပ် ယူနိုင်ကြသေးတယ်။ သူတို့အားလုံး အတော်ကြိုးစားကြရတာပါ။ စာကြိုးစားတာ တခုထဲတော့မဟုတ်ဘဲ၊ မရရအောင် လုပ်ယူရတဲ့ ကြိုးစားမှုတွေလဲပါရတာ။ ကံဆိုတာကလဲ လိုပြန်သေးတယ်။ ကိုယ်မဖြစ်ရလို့ အများကြီးတော့ စိတ်မပျက်ပါ။ ကျွန်တော်တို့ နိုင်ငံမှာ ကြိုးစားသလောက် မပေါက်နိုင်တာ ဆေးလောက တခုထဲတော့ မဟုတ်ဘူး။ ပညာရေးလောက တခုလုံးလဲမကဘူး။ စီးပွါးရေး လုပ်တဲ့လူတွေ။ ကိုယ့်လယ်လေး၊ ယာလေး စိုက်ပျိုးစားသောက်သူတွေရော အကုန်ပါဘဲ။ ဒီတော့ ဘာလုပ်ကြရသလဲ။ ဗမာလူမျိုးတွေမှာ ထူးခြားတာတွေရှိတယ်။ မရှိအောင်လုပ်ထားတဲ့ (မဆလ) ခေတ်ကို အတော်ကြီးကြာအောင် ဖြတ်သန်းခဲ့ကြရာတာမို့၊ “မရှိတဲ့အထဲကနေ ဖြစ်အောင်လုပ်တဲ့အတတ်တွေ ထူးချွန်လာခဲ့တယ်။” အဟောင်း ပြင်ရာမှာ အကောင်းနဲ့တူအောင် လုပ်တတ်တယ်။ ဟိုပစ္စည်းမရှိရင် ဒီပစ္စည်းနဲ့ တည့်အောင်တန်အောင် လုပ်တတ်တယ်။ ဆရာဝန်တွေလဲ အများနည်းတူ မဖြစ်ဖြစ်တဲ့နည်း လုပ်ကြရော။ တောရွာတွေမှာ ရောဂါတွေက တကယ့် (အင်မာဂျင်စီ) တွေ၊ (မေဂျာ) တွေ များမှများ။ ပေါမှပေါ။ ဆေးရုံကြီးတွေမှာဆို အထူးကုဆရာဝန်ကြီးတွေကိုယ်တိုင် ကိုင်ရတာမျိုးတွေ။ တောမှာ တယောက်တည်း တာဝန်ကျတဲ့ဆရာဝန်အဖို့ကတော့ ဘာအထူးကုမဆို သူဘဲ။ မြို့သာမှာ သွေးစစ်ချင်ရင် နေရောင် ထောင်ကြည့်၊ ဆီးစစ်ချင် ပနယ်စလင် ပုလင်းခွံ။ အရက်ပြန်မီးခွက် သံဖြူဆရာ့ လက်ရာ ကောင်းမှကောင်း။ အရက်ပြန်ကရှားတော့ တောအရက်ဦးရေသည်သာ အားထားရာ။ လျှပ်စစ်ဆိုတာ ဝေလာဝေး။ ခွဲဘို့စိတ်ဘို့ လိုသလား။ ဆီစက်ပိုင် ဦးလှသောင်းက ပဲတွေ နှမ်းတွေကို ခွဲလူနာလာချိန်ကျမှ စက်လည်ပေးတဲ့အထိ စေတနာကောင်းတာ။ အုပ်ချုပ်တဲ့လူတွေက ရှားအောင်လုပ်တဲ့ ခေတ်မယ်၊ လူတွေက စေတနာမရှားလို့ လူနာတွေ အကျိုးများရတယ်။ ထန်းပေါလှတဲ့အရပ်မှာ ထန်းလျောဆိုတာ လာလိုက်မှဖြင့် မသေရင် ခြေသလုံးကျိုး၊ ပေါင်ကျိုး၊ ခါးကျိုး။ ပုလဲနားက ယောနယ်မှာ ထန်းလျောတယ်ဆိုရင် ဘယ်နှစ်ယောက်လဲ မေးရတာ။ ယောသားတွေက ထန်းရေခါးကို ထန်းပင်ပေါ် လင့်စဉ်ထိုးပြီး တက်သောက်ကြတာ။ ကျပြီဆိုရင် တယောက်ဘယ်ကမလဲ။ မူးအတူ ကျိုးအတူ။ တနှစ်တည်းအောင်တဲ့ သူငယ်ချင်းတယောက်က အင်္ဂလန်မှာ အရိုးအထူးကု လုပ်နေလေရဲ့။ ကျွန်တော်လဲ ကိုယ့်နေရာမှာကို အရိုးကို အထူးကုရတာပါဘဲ။ အရိုးအထူးကုဆိုတာ ပေါင်ကို အလေးဆွဲတတ်ရတာ။ လူကောင်ကြီးရင် အုတ်ခဲ ၄ ခဲ၊ သိပ်မကြီးရင် ၃ ခဲ၊ အတော်ဘဲ။ အုတ်ခဲတော့ နိုင်ငံခြားကမှာရတာ မဟုတ်ဘူး။ ကြိုးဆိုတာ နွားဖါးကြိုး အသစ်။ ဘယ်နှစ်ချောင်းလိုချင်လဲ။ ပေါင်အောက်နား ဒူးရိုးကို ကန့်လန့် ဖေါက်ထည့်ဘို့ သံချောင်း။ (ဆာဂျီကယ်-စတီးလ်) မှ လူ့ကိုယ်ကလက်ခံတာဆိုတော့၊ ဘယ်ကရမလဲ၊ လိုလျင်ကြံဆ နည်းလမ်းရ။ ဘယ်ကာလကရှိနေလဲမသိတဲ့ ကိုယ်ဝန် ဗိုက်တိုင်းတဲ့ ကရိယာ၊ မသုံးကြတော့တာ တွေ့ရော။ ခပ်ကွေးကွေး သံချောင်းတဖက်ကို ဖြုတ်၊ ဖြောင့်၊ သွေး၊ ချွန်၊ လိုသလောက်ဖြတ်။ ရရော့မဟုတ်လား။ အကျိုးက တယောက်မကဘူးလား၊ ရတယ်။ ဗိုက်တိုင်းကရိယာတခုမှာ သံချောင်းက နှစ်ချောင်းပါတာ။ ကျောင်းမှာ သင်ရတာချင်း အတူတူ၊ ကျောင်းပြီးလို့ နောက်ဆက်ဖြစ်ရတာ တယောက်နဲ့တယောက် မတူကြတော့ဘူး။ ကျယ်ပြန့်လှတဲ့ ဆေးပညာနယ်ပယ်ထဲက ဘာသာရပ်တခုခုကို ကွက်ပြီး သင်ယူလေ့လာလို့ အထူးကုလုပ်ရတာကလဲ “ဂျင်နရယ်လစ်” တွေထဲက “စပယ်ရှယ်လစ်” ဆိုတာကတော့ နဲနဲထူးသလိုရှိပါတယ်။ တာဝန်ကျရာ ဆေးရုံကြီး-လတ်-ငယ် အရွယ်တွေ မတူဘူး။ ဘွဲ့လွန်တက်ချင်ရင် ဆေးရုံကြီးကို ရောက်ဘို့ လိုတယ်။ ဆေးရုံလတ်ရောက်ရင် ကံမဆိုးဘူး။ လက်တွေ့နယ်မှာ ကူညီသင်ပြပေးမဲ့ ကိုယ့်အရင် ဆရာဝန်ဖြစ်သူတွေ ရှိတာကိုး။ ဆေးရုံငယ်လေးတွေကို ရောက်သွားမှဖြင့်၊ သောင်ပြင်အလွှတ်ခံရတဲ့အကောင်မျိုး ဖြစ်ရော။ မေးစရာလဲ အနားမှာမရှိ။ ဖတ်စရာ စာအုပ်ကလဲ သူများပေးလိုက်ပြီ။ “အတ္တာဟိ အတ္တနောနာထော” အစစ်။ ဝါသနာလို့ ပြောတာထက် တန်ရာတန်ရာ၊ သန်ရာသန်ရာ ဖြစ်ရတယ်လို့ဆိုတာ ပိုနီးစပ်မယ်။ သူငယ်ချင်း တချို့က ဆေးဝါးနဲ့ ကုရတာမှာသန်တယ်။ တချို့က ခွဲတာ-စိတ်တာမှာ သန်တယ်။ တချို့က “ပတ်ဘလစ်-ဟဲ့လ်သ်” ခေါ်တဲ့ ရောဂါကာကွယ်ရေး သန်တယ်။ အတူတူနဲ့ အနူနူထဲက တန်ရာ၊ သန်ရာတွေ ဖြစ်လာကြတယ်။ ဆေးကျောင်း ၇ နှစ်မှာ အတူတူချင်းပေမဲ့ နောက်မှာ ဘာလို့ မတူကြတော့တာလဲ။ ဆေးပညာမှာတော့ ရှင်းမပြတတ်တာကို X လုပ်လိုက်တယ်။ X-ray ဓါတ်မှန်။ အထူးကုမဟုတ်တဲ့ ဆရာဝန်တွေ တဖက်ဖက်မှာ ပိုပြီးကြွမ်းကျင်လာတာမျိုးကို ဘယ်လိုပြောရင် အသင့်ဆုံးဖြစ်မလဲ။ ဆေးစကားနဲ့ဆိုရင် Acquired က အနီးစပ်ဆုံးလို့ ထင်တယ်။ မိဘတွေဆီက ပါလာတာလဲ မဟုတ်။ ကံကြောင့်ချည်းလဲ မဟုတ်။ အကြောင်းတိုက်ဆိုင်ပြီး ဖြစ်ရတာမျိုး။ Acquired ဆိုတာ AIDS (Acquired Immune Deficiency Syndrome) ထဲက (အေ) ကို ဆိုလိုတာ။ လုပ်လို့ ဖြစ်ရတဲ့သဘောလဲပါတယ်။ လက်ထောက်ဆရာဝန်ကို AS (Assistant Surgeon) လို့ခေါ်သလို Acquired Specialist လို့ ခေါ်လိုက်မယ်။ ဒေါက်တာတင့်ဆွေ ၁၉-၁-၂ဝ၁၄ (ဓါတ်ပုံ မျိုးမြန်မာ)
Read more...