Saturday, September 13, 2014

My two cents လောကသာရပျို့

“Farewell to Yamuna Clinic ယမုန်နာဆေးခန်းသို့နှုတ်ဆက်ခြင်း” ကို မြန်မာစာမဖတ်နိုင်သူတွေလဲ ဖတ်နိုင်အောင် အင်္ဂလိပ်လို ရေးခဲ့ပါတယ်။ အဆုံးမှာ ရေးခဲ့တာက -
I will compile all my records to write the account of Yamuna clinic which will be a small chapter in the history of Burmese pro-democracy movement in India. However it is merely "My two cents". But if you don't put your two cents in, how can you get change?

ကိုယ်ပြုတဲ့အမှု သေးငယ် နည်းပါးတာကိုပြောချင်ရင် ‘၂ ဆင့်’ လို့ပြောတယ်။ ‘၂ ပဲနိ’ ကနေဆက်သုံးလာတာပါ။ ဒီအတွက် တင်စားချက် မြန်မာအသုံးအစစ်ကို လောကသာရပျို့မှာတွေ့ရပါတယ်။
“စေ့မြေ့သိပ်သည်း၊ ရွေ့ရွေ့ဆည်းလော့၊ စရည်းအိုးခွက်၊ ကြီးစွာလျက်လျှင်၊ စဉ်ဆက်ကျများ၊ ပြည့်သောလားသို့၊ ပျား၏နည်းထုံး မှတ်ကျင့်သုံး၍၊ ခြပုန်းတောင်ပို့ ဖို့သည့်ခြင်းရာ၊ လူလိမ္မာတို့၊ ဥစ္စာဆည်းထွေ၊ တတ်လှစေလော့၊ ကြွက်သေတခု၊ အရင်းပြု၍၊ ကြွယ်မှုတတ်ဆုံး၊ သေဋ္ဌေးထုံးကို၊ နှလုံးမူလျက်၊ ကြံစည်နက်ကို။ သူ့ထက်လွန်ကဲ ကြိုးစေမင်း။”

မြန်မာစာအရေးအသားမှာ နေရာတကာမှာ ‘စသတ်’ ထည့်ခိုင်းခဲ့တာက ဦးနေဝင်း ခေတ်ကတည်းက အမိန့်နဲ့ လုပ်ခိုင်းခဲ့တာဖြစ်ကြောင်း စာ ၁-၂ ပုဒ်မှာရေးခဲ့ပါတယ်။ လောကသာရပျို့မူရင်းကိုဖတ်ရင် ‘တစက်’ ကို ‘တစ်စက်’ လို့ မရေးတာကို တွေ့ရပါမယ်။
• Spelling error မှားရေးမိတာလား၊ အမှားကိုအမှန်ထင်နေတာလား http://my-sayawun-life.blogspot.in/2014/09/spelling-error.html
• Spelling အစိုးရ သတ်ပုံတော့ ပြောမနေနဲ့ http://my-sayawun-life.blogspot.in/2014/09/spelling.html

အမျိုးသားပညာဝန် ဦးဖိုးကျားကို ကိုလိုနီခေတ်မှာ မြန်မာ့ပညာရေး မြင့်မားလာစေရန် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သူအဖြစ် မှတ်တမ်းတင်ထားပါတယ်။ ‘အမျိုးသားပညာရေးလောကတွင် ဦးဖိုးကျားသည် ကျော်ကြားသော ခေါင်းဆောင်ကြီးတဦး ဖြစ်သည်’ လို့ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ ၇၊ စာမျက်နှာ ၂၉၂-၂၉၃ မှာ ရိုက်နှိပ်ထားပါတယ်။ ‘မြန်မာစာပေလောက၌ ထင်ရှားသောပုဂ္ဂိုလ်တဦးလည်းဖြစ်သည်။’ ‘ပုသိမ်မြို့ တိုင်တရာ (စကောကရင်) ကျောင်းတွင် ဆက်လက် ပညာသင်ကြား’ လို့လဲ စွယ်စုံကျမ်းမှာ ဖတ်နိုင်ပါတယ်။ မူရင်းစာအုပ်ထဲမှာမို့ ‘ခေါင်းဆောင်ကြီးတစ်ဦး’၊ ထင်ရှားသော ပုဂ္ဂိုလ်တစ်ဦး’ လို့ မဟုတ်ခဲ့ပါ။

ဒါပေမဲ့ ၂ဝ၁ဝ၊ အောက်တိုဘာလထုတ် မြန်မာသစ် ရသစုံမဂ္ဂဇင်း၊ စာမျက်နှာ ၉၉ မှာ သာရဝေါစိုးကြည် ရေးသားတဲ့ အမျိုးသားပညာဝန်ဦးဖိုးကျားဆောင်းပါးမှာ ကျောင်းနာမည်ဟာ ‘တိုင်တစ်ရာ’ ဖြစ်သွားရတော့တယ်။ ဒီမဂ္ဂဇင်းဟာ စာပေတန်ဘိုးအတွက် အားထားရတဲ့အတန်းအစား ဖြစ်တယ်ထင်ပါတယ်။ မလွန်ဆန်နိုင်တဲ့ခေတ်က ထုတ်ဝေတာဖြစ်လို့ နေမှာပါ။

လွန်ဆန်လို့ရသမျှ လွန်ဆန်ကျော်လွှားသင့်ကြပါပြီ။

ဒေါက်တာတင့်ဆွေ
၁၃-၉-၂ဝ၁၄
‘စကင်န်’ လုပ်ထားတာကို ‘မိုးမခလှိုင်၏ရတနာများ’ ကနေယူသုံးတာဖြစ်ပါတယ်။ ကျေးဇူးအထူးတင်ပါတယ်။