Wednesday, August 6, 2014

ရှစ်လေးလုံး၊ ပြည်ပ နဲ့ ကျွန်တော်

ရှစ်လေးလုံးနှစ်ပတ်လည်ရောက်ပြန်ပါပြီ။ အသက်ကိုပြောကြရင် ကျွန်တော်တို့က (၉ဝ) သမားတွေဆိုတော့ ၂ နှစ် ငယ်ကြတယ်။ ပြည်ပထွက်ရသူတယောက်ရဲ့ ဝေဒနာလေးတွေ နဲနဲလောက်ပြောပါရစေ။

ပြည်ပမှာ NLD ဖြစ်နေတာက တဝက်ကတော့ ကောင်းပြီး၊ ကျန်တဝက်က ကျွန်တော်တို့ကို ကြည့်မရကြဘူးနဲ့တူတယ်။ ပါတီဝင်ထဲကတချို့ကလဲ အနေမတတ်တာလေးတွေ ရှိတာကိုး။ အမှန်က NLD ဆိုတာ အရေးအခင်းကြီးထဲကနေ ဆက်ဖွဲ့လိုက်တာမို့ အစုံပါတယ်။ ဒါလဲ ဖြစ်ရမှာပါ။ ဆူကြုံနိမ့်မြင့် မခွဲရဘူးမဟုတ်လား။ ကျွန်တော်ကတော့ ပါတီထဲမှာ အထမ်းအပိုးလုပ်ရသူလဲ NLD လို့သဘောထားတာပါ။ ဒီမိုကရေစီဆိုပေမဲ့ NLD ဆန့်ကျင်ရေးသမားတွေနဲ့ အနှစ် ၂ဝ လက်တွဲခဲ့ရပါတယ်။

ပြည်ပမှာ ဆရာဝန်ဖြစ်နေတာကလဲ မကောင်းတဝက်၊ ကောင်းတဝက်ဘဲ။ ၁၉၈၈ ကာလမှာ ကျောင်းသားတွေ၊ လူငယ်တွေ အများစုက လက်ဝဲစာပေနဲ့ ရင်းနှီးပြီး၊ “ချေဂွေဗားရား” အတော်ကိုအားကျကြတယ်။ လက်ဝဲကိုလဲ တလွဲယူကြပုံရတယ်။ ဆင်းရဲမှလက်ဝဲ ထင်သူတွေလဲ ရှိတယ်။ မြို့ကြီးပြကြီးက တိုက်ခန်းမှာနေရပေမဲ့ တောထဲ တောင်ထဲမှာ နေရသလို နေပြတာက မွန်မြတ်တယ် ထင်ကြသူတွေရှိတယ်။ ကျွန်တော့် အသက်မွေးမှုက ဆရာဝန်ဆိုတော့ သူတို့အမြင်မှာ တမျိုးထင်ကြပုံရတယ်။ သူများလိုမနေတာက ထူးနေတယ်လို့အထင်ရှိကြတယ်။ ကျွန်တော်လဲ ကျောပိုးအိတ်တလုံးနဲ့ ထွက်ပြေးလာတာပါဘဲ။ နေတာထိုင်တာတော့ သန့်ရှင်းရေးစတာမျိုး ဂရုစိုက်တာပေါ့။ ဒီအစာမကျေရောဂါကိုလဲ ၁ဝ နှစ်လောက်စောင့်မှ ပျောက်တယ်။

ပြည်ပမှာ ဇာတိ၊ မျိုးရိုးနဲ့ လိင်ကို တမျိုးအထင်ခံရတာလဲရှိတယ်ဗျ။ ကျွန်တော်က ဗမာ၊ အညာသား၊ ယောက်ျား။ NGO တွေက တိုင်းရင်းသားမှ တိုင်းရင်းသား၊ အမျိုးသမီးမှ အမျိုးသမီး ဖြစ်နေကြတော့ ဗမာတွေ၊ ယောက်ျားတွေမှာ နေစရာ တကယ်မရှိကြပါ။ စစ်တပ်ကတော့ ဘယ်သူ့မှ ဘာကိုမှရွေးပြီး ဖိနှိပ်တာမဟုတ်ပါ။ တချို့ NGO တွေကလဲ ဗမာမဟုတ်ရင် ပြီးရောတဲ့။ ရွှေဗမာနှစ်ခါနာ ဖြစ်ရတယ်။

အပြင်မှာ အဲလို မလိုအပ်ဘဲအခွဲခံကြရတာကနေ နားလည်မှုရအောင် အနည်းဆုံး ၁၅ နှစ်ကြာခဲ့တယ်။ နောက်ပိုင်းမှာတော့ နည်းနည်းသက်သာလာပါတယ်။

ဒေါက်တာတင့်ဆွေ
၇-၈-၂ဝ၁၄

No comments: