Friday, May 16, 2014

So far away but so close ပြန်ကြားလိုက်ပါသည်

သမားကျင့်ဝတ်ဆိုတာ ဘယ်သူ့မှာဘာဖြစ်နေတယ်လို့ မပြောအပ်ပါ။ ဒါပေမဲ့ မြန်မာပြည်ကြီးမှာ ကယ်ပါယူပါ ဖြစ်နေတာတော့ ပြောပါရစေ။


• ကိုယ်ရေးကိုယ်တာ မေးလာတာတွေရှိလို့၊
• အဝေးမှာနေရပေမဲ့ တွေးစရာမလိုဘဲသိပါသည်။

• မမြင်ကွယ်ရမှာ ဘာဖြစ်ခဲ့တယ်ဆိုတာ မေးလာလို့၊
• အထဲမှာမနေရပေမဲ့ ထဲထဲဝင်ဝင်သိပါသည်။

• နာမည်နဲ့နေရပ်ကိုမဖေါ်ပြပါနဲ့ သိချင်တာလေးမေးပါရစေဆိုလို့၊
• လာမကြည့်ရပေမဲ့ အထာအတိအကျသိရပါသည်။

• သူများတွေမသိစေချင်တာ မေးလာလို့၊
• အရောက်မလာပေမဲ့ နောက်ကွယ်မှာဘာဖြစ်နေမှန်းသိပါသည်။

• ဒီတခါမှားသွားပါတယ်ဆရာ ကယ်ပါအုံးဆိုလို့၊
• ဖုံးပေးထားရတာတွေရှိပါသည်။

• ဖုံးထားတဲ့နေရာမှာ ဒါဖြစ်နေပါတယ်ဆိုလို့၊
• မပြုံးနိုင်အားတာတွေရှိနေမှန်းသိပါသည်။

• သူများတွေကိုဒုက္ခမပေးချင်ပါဆရာဆိုလာလို့၊
• မုချဘာတွေဖြစ်နေမှန်းလဲသိပါသည်။

• အထဲက ကလေး ဘာမှမဖြစ်ပါဘူးနော်ဆိုလို့၊
• အတွဲမလှတွေရှိနေကြမှန်းလဲသိပါသည်။

• ယူကြုံးမရတာ မေးလာလို့၊
• လူအဖြစ်ရှုံးနေကြတာလဲသိပါသည်။

• သားသမီးတို့၏ အတွင်းရေးကို မျိုသိပ်ဖုံးဖိတတ်သော အမေကဲ့သို့ ကျင့်ကြံပါအံ့၊
• နီးသောဝေးသောမဟူ အတူထားသည့်မိခင်မေတ္တာမျိုးရှိနိုင်အောင် ကြိုးစားပါအံ့၊
• ပြန်စာရ၍ ကျန်းမာကြပါစေ။ ။

ဒေါက်တာတင့်ဆွေ
၂၂-၁-၂ဝ၁၄

No comments: