Wednesday, May 14, 2014

Red carpet ထုံးမဟန် ကော်ဇောခံ

• ဗိုလ်ချုပ်နေဝင်းခေတ်ကို ‘ထုံးသုတ်တဲ့ခေတ်’ လို့ ပြောစမှတ်ပြုကြရတယ်။ သူလာမယ်ဆိုတာနဲ့ လမ်းဘေးက တိုင်မှန်သမျှ၊ သစ်ပင်မှတ်မျှ ထုံးဖြူခကြရတော့တယ်။
• လူတွေကလဲ လူကြီးလာရင် ထုံးသုတ်ရမယ်လို့ တသမတ်ထဲထင်ထားကြတယ်။
• တခါက ပုလဲမြို့ ဗိုလ်တဲကို ‘မဆလ’ ဝန်ကြီးမလာခင် အလှပြင်ကြရတယ်။ လုံခြုံရေး ကင်းတဲလေးကိုပါ ထုံးသုတ်ကြတာပေါ့။ ဖွေးလို့ဖြူလို့။ ကောင်စီဥက္ကဋ္ဌ ဗိုလ်မှူးလုပ်သူကတွေ့တော့မှ ‘ဟ ကင်းဆိုတာ ကျည်ကွယ်-မျက်ကွယ်၊ လူမမြင်အောင် လုပ်ရတယ်ကွ၊ အခုဖျက်’ ဆိုလို့ ထုံးအထက်မှာ ရေနံပါစွက်လိုက်ရတယ်။

• ဟောဒီအစိုးရခေတ်ကိုတော့ ‘ကော်ဇောခေတ်’ လို့ ပြောရတော့မလား။ ဗဟိုမပြောနဲ့ တိုင်းအဆင့်လူကြီးက ကော်ဇောပေါ်မှ ခြေတော်ချသတဲ့။
• ကော်ဇောက နီတာ၊ စိမ်းတာ၊ ပြာတာလဲ ဇာတ်ခွဲထားသလားမသိပါ။
• ဇာတ်ဆိုလို့ ဇာတ်ခွဲလှတဲ့ အိန္ဒိယမှာ၊ နေရာတကာ ကော်ဇောခင်းပါတယ်။ မင်္ဂလာဆောင်မလား၊ တရားဟောမလား၊ စကားပြောမလား။ ‘တင့်ဟောက်စ်’ မှာ အော်ဒါလုပ်လိုက်ယုံဘဲ။
• နောက်နေ့မနက်တော့ အဲသည်ကော်ဇောတွေကို လူသွားလမ်းပေါ်မှာ တော်သလိုရော်သလို ခင်းချထားမယ်။ အနံအသက်ဟောင်းတွေ လွင့်စင်စေ၊ ဟင်းဖတ်၊ တံတွေးစက်တွေကို နင်းသွားသူတွေရဲ့ ဖိနပ်တွေမှာကပ်စေ၊ ကားဘီးတွေကို ကပ်စေ။ နွားခွါတွေလဲ ပါတာပေါ့။ နွားချေးပါချလဲ ကိစ္စမရှိ။
• မြန်မာပြည်က ကော်ဇောကို လူကြီးတွေခြေတော်ချပြီးရင် ဘာလုပ်ကြသလဲ မသိပါ။ ခြေတော်တင်ပြီးရင် ဘာဆိုတာတော့ သိတယ်။

ဒေါက်တာတင့်ဆွေ
၁၄-၅-၂ဝ၁၄
နံနက် ဝဝ နာရီ ၄၈ မိနစ်။

No comments: