Sunday, May 4, 2014

Not that good အရေးမကောင်း၊ အမေးမကောင်း

• ဆေးပညာစာ ရေးရတာ၊ ကောင်းတယ်ဆိုတာမပါ၊
• ရောဂါ၊ ဝေဒနာ၊ ကင်ဆာ၊ မွေးရာပါ၊
• သွေးရောဂါ၊ ကလေးရောဂါ၊
• ရေးတဲ့ခါ လျှော့မရ၊ ပေါ့မရ၊ ငေါ့မရ၊
• တခါတလေတော့ ချော့ရ။

• စာထဲမှာ ရသပါမရ၊ ကဗျာဆန်မရ၊
• ဖတ်ကြသူတွေ ပျင်းကြ၊ ဟင်းချ၊
• အတွင်းကျကျရေးရ၊ ဖတ်တဲ့သူတွေကို အားနာရ၊
• တခါတလေတော့ တောင်းပန်ရ။

• ၉၆ ပါးဝေဒနာ မေးလှာကြ၊
• လှချင်သူ၊ ဝချင်သူ၊
• ရချင်သူ၊ မရချင်သူ၊ ရာတာနဲ့ အားမရသူ၊
• တားချင်သူ၊ များချင်သူ၊
• သူများမသိစေချင်သူ၊ ကိုယ့်ကိုယ်ကို မသိသူ။

• ပျောက်ချင်သူ၊ ဖေါက်ချင်သူ၊
• စိတ်နောက်လိုက်ချင်သူ၊ စိတ်အောက်ကျနေသူ၊
• ကြောက်နေရသူ၊ ကြောက်ရကောင်းမှန်းမသိသူ။

• လေထနေသူ၊ လေဖြတ်နေသူ၊
• လေငတ်နေသူ၊ အနေမတတ်သူ၊
• အသေမှတ်သူ၊ ငွေမတတ်နိုင်သူ။

• ထူးချင်သူ၊ မြူးချင်သူ၊
• မူးချင်သူ၊ တကယ့်အမူးရောဂါရှိသူ၊
• ဆုတ်စူး စားရူးဖြစ်နေကြသူ။

• ထိန်နေလို့မေးသူ၊ ငြိမ်နေလို့မေးသူ၊
• ‘လိင်’ မပြောသူ၊ လိမ်ပြောသူ၊ ကျိန်ပြောသူ၊
• အိမ်မှာမနေရသူ၊ အိမ်ကလူအတွက် ပူနေကြရသူ။

• စကားမတတ်လို့ ခက်နေသူ၊ အနားကပ်ကူမဲ့သူ မရှိသူ၊
• မယူလဲ အတူနေကြသူ၊ ပြီးမှနောင်တရကြသူ၊
• ယူမဖြစ်သေးလို့ ကယ်ပါအုံးဆိုသူ၊
• ယူကြုံးမရဖြစ်ရသူ၊ လူလုံးမလှဖြစ်ကြသူ။

• အိပ်မရသူ၊ ‘ဝိတ်’ ချချင်သူ၊
• စိတ်လှတဲ့သူ၊ ကျိတ်ငိုနေရတဲ့သူ၊
• အတိတ်ကိုမေ့နေသူ၊ အတိတ်တစ္ဆခြောက်ခံနေရသူ။

• ရှည်ချင်သူ၊ အရှည်မမြင်သူ၊
• ပွေချင်သူ၊ အနေမဆင်ခြင်သူ၊
• မြွေမမြင်သူ။

• ဖျက်ချချင်သူ၊ အသက်ရပေမဲ့ ဆက်လှချင်သူ၊
• ကုမရတဲ့ရောဂါရှိသူ၊ ကုမနေချင်တော့သူ၊
• ဘယ်သူ့ဆီက ရလာမှန်းမသိသူ၊ ကြက်ကန်း ဆန်အိုးတိုးသူ။

• အရေးပေါ်ကို ပဲလှော်လိုသဘောထားသူ၊
• အမြဲစားရမဲ့ဆေး အထင်သေးသူ၊
• လမ်းဘေးဆေးနဲ့ ဘေးတွေ့သူ။

• အသက်ထည့်မရေးသူ၊ အချက်ကျကျရေးတတ်သူ၊
• ရေးထားတာ နားမလည်ဘူးဆိုသူ၊ ရေးထားမဖတ်သေးဘဲ ထပ်မေးသူ၊
• အရပ်ထဲပြောသလိုမေးသူ၊ ‘ချတ်’ ထဲပြောသလိုရေးသူ။

• ကိုယ့်ကိုယ်ကို သားလို့ရေးသူ၊ သမီးလို့မေးသူ၊
• ရေးတဲ့သူလား၊ သူ့သမီးလား၊ ခွဲခြားရခက်လို့ အမျိုးမတော်တဲ့သူမှာခေါင်းပူ။

• ကျန်းမာရေးလိုက်စားသူ၊ အပျော်အပါးလိုက်စားသူ၊
• အသိကို တန်ဘိုးထားသူ၊ အသိကို ထပ်ဆင့်မျှဝေပေးချင်သူ၊
• ဝေးနေနီးနေ ဘယ်မှာနေနေ မြန်မာနိုင်ငံသားတွေ၊ ကျန်းမာ-ချမ်းသာကြပါစေ။ ။

ဒေါက်တာတင့်ဆွေ
၂ဝ-၂-၂ဝ၁၄
၃-၄-၂ဝ၁၄
၎-၅-၂ဝ၁၄

No comments: