Friday, May 2, 2014

My village ကျွန်တော့ရွာ

• ဇာတိရွာ အိမ်ခြေတစ်ရာမရှိ၊
• ဒါပေသိ နွေရာသီတိုင်းမှာ ကိုယ့်ကမ္ဘာလို့သာထင်မိ။

• ရွာတောင်ဘက်က ယမားချောင်း၊ ကားမောင်းဘို့ခက်၏၊
• အုန်းလက်၊ ငှက်ပျောဖက်၊ သစ်ရွက်၊ မြက်၊ အိမ်တိုင်းက အင်ဂျင်နီယာထွက်ရ၏။

• သဲသောင်စပ်တွင်၊ ကြက်သွန်၊ ခရမ်းချဉ်၊ နှစ်စဉ်စိုက်၊
• ဈေးကိုက်တဲ့အခါကိုက်၊ အရင်းစိုက်ရတဲ့အခါစိုက်။

• ရွာမှာဈေးမရှိ၊ အိမ်ဆိုင်လည်းမရှိ၊
• ခေါင်းရွက်သည့်အသယ်၊ ဈေးလည်ရောင်းသူအလာစောင့်ရ၏။

• ခြံထွက်သည့် ကွမ်းရွက်၊ အခင်းထွက် အရွက်အသီး၊
• ဝက်မလွတ်ငှက်ပျောသီး၊ ဖီးကြမ်းငှက်ပျောသီး၊
• မနီးမဝေး ငါးရက်တဈေး၊ ဈေးလှည့်ရောင်းရ၊ ဈေးလှည့်ဝယ်ရ၏။

• ခြံစည်းရိုးဟိုဘက်မှာ ပြောင်းဖူးခင်း၊
• အိမ်ခေါင်းရင်းက အုန်းပင်၊
• ပင်ထက်မှည့် သင်္ဘောသီး၊
• ဆီးယိုကနှစ်ပေါက်၊ မုန့်လက်ကောက်၊ မုန့်ဆီကျော်၊
• ပဲလှော်ကမျိုးစုံ၊ ဆီဆုံက နှမ်းပတ်ခဲ၊
• အမဲခြောက်ဖုတ်၊ ပေါက်ပေါက်ဆုပ်၊
• ဧည့်သည်လုပ်မလား၊ အိမ်တိုင်းမှာ ကြက်မွေးထား။

• မြို့သားကျွန်တော်၊ ဆရာတော့်ဆွမ်းကျန်စားပြီး စာအံ၊
• ကျောက်တန်နဲ့ ကျောက်သင်ပုန်း၊ ဝလုံးကစ၊
• ဆယ်ခြောက် ဆယ်နှစ်လီထိ အလွတ်ကျက်ရ၊
• ‘တက်ဘလက်’ ခေတ်ကြမှ အလွတ်သင်ပညာရေး၊ ရှေးကြတယ်လို့ သတ်မှတ်ခံရ၊
• ငယ်ကတည်းကစာ ခုထိအလွတ်ရ၊ အတွေးကြတော့ တောဆန်၊ အရေးကလဲ တောသံ၊
• ဘာလိုလိုနဲ့ တောမပြန်ရတာကြာပြီကော။ ။
ဒေါက်တာတင့်ဆွေ
၂-၅-၂ဝ၁၄

No comments: