Friday, May 16, 2014

Health status of us ကျန်းမာရေးလဲ ပြောင်းလဲလာပါပြီ

• ကျွန်တော်တို့ ဆေးကျောင်းသားဘဝ ပညာတွင်းကနက်လှ၊
• ဆေးစာအုပ်ကရှား လက်ဆင့်ကမ်း ပေးသနားမှ ဖတ်စရာရ၊
• ကျွန်တော်တို့ ဆရာဝန်ဖြစ်စ ဆေးကုတွင်းက နက်လှ၊
• အစိုးရဆေးရုံတွေမှာ အစိုးရမဟုတ်သူများအတွက် ကျန်းမာရေးတွင်းက နက်လှ။

• မြင်းမြီးကိုသာ လက်ဆောင်ရ၊ ချုပ်ရတဲ့ (ကက်ဂတ်) ခေါ်တဲ့ကြိုးက လုံးဝမရှိ၊
• ခွဲစိတ်ကရိယာ ဗလာနတ္ထိ၊ ခွဲစိတ်လူနာကအပြည့်၊
• ဆရာဝန်ခင်မြာ ကြံမိကြံရာ၊ ဆေးကျောင်းမှာမသင်ရတာ နည်းလမ်းရှာ၊
• ဘာရမလဲ၊ ပညာလဲရ၊ တာဝန်လဲကျေ၊ တောသူတောသားတွေ ကျန်းမာကြပါစေ။

• မန္တလေးဈေးချိုရောက် အခေါက်တိုင်းဝယ်၊
• စီရုံကဆေးဆိုင်မယ် ကုန်သွယ်ရေးလို တန်းစီစရာမလို၊
• ကြိုက်တဲ့နံပါတ်ကို ကြိုက်သလောက်ဝယ်လို့ရ၊
• မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်က အောင်မြင်လှ။

• သွေးထုတ်တဲ့ပိုက်ကကုန်၊ ၂၁ မိုင်ဝေးတဲ့ တံတားဦးဆေးရုံ၊ လူကြုံနဲ့လှမ်းချေး၊
• သွေးစစ်စရာက မိုက်ကရိုစကုပ်ဆိုတာမရှိ၊ နေရောင်ထောင်ကြည့်၊
• အာလ်ထွာဆောင်း မသိ၊ ဓါတ်မှန် မရှိ၊ ဓါတ်ခွဲခန်းက ဝေးလှပါဘိ။

• တောဆေးရုံမှာ ခွဲစိတ်ကိရိယာဆိုတာ ဝေလာဝေး၊
• ရန်ကုန်ကိုဆင်းပြေး၊ လဟာပြင်ဈေးမှာ စစ်စစ်ပေါက်ပေါက်မေး၊
• (ကဒ်ဒနီထွေး)၊ ညှပ်သေးသေး၊ ကပ်ကြေး၊
• ဈေးမဆစ်နဲ့ ပေးသောပေး၊ တောသားတွေကျန်းမာရေးအတွက် သယ်လို့မလေး။

• မေ့ဆေးဆိုတာ (အီသာ)၊ အလွန်တရာနံပါလှ၊
• ဆေးရုံမှာခွဲစိတ်နေတာ အိမ်ကဆရာဝန်ကတော်က အနံ့ရ၊
• (အီသာ) ကလဲ အပြင်မှာဝယ်၊ ဈေးချိုတော်ကျေးဇူး ကြီးမားတယ်။

• ဆေးပြား၊ ဆေးဝါး၊ အလွန်ရှား၊
• အားကိုးစရာ ထိုင်းကလာ၊ တရုပ်ကလာ၊
• အတုတွေထဲမှာ နဲနဲသင့်လောက်တာ ရွေးရတာကပညာ၊
• ဝေဒနာကို စေတနာနဲ့သာကုပေးရ၊ ခုချိန်ကျမှ တောင်းပန်ပါရ။

• ဟောက်ဆာဂျင်ဘဝ၊ စစ်ဆေးရုံမှာတာဝန်ကျ၊
• တခါမှမမြင်ဘူး ဗူးခွံလှလှနဲ့ နိုင်ငံခြားကဆေး၊ ပေါသလေားမမေးနဲ့၊
• အရပ်သားလေးတွေမှာ (ဘီပီအိုင်) ဆေးတောင်မှ မလောက်င၊
• မင်္ဂလာလမ်းကဆေးဂိုဒေါင်မှာ ခင်အောင်မင်အောင်ပေါင်းထားမှ မြွေဆေးကအစ နဲနဲပါးပါးပိုလို့ရ။

• ခုခေတ်မှာ ပြောင်းလဲလာ၊ ငွေကလွဲလို့ ဘာမှမရှား၊
• ပုဂ္ဂလိကဆေးရုံသွား၊ နိုင်ငံခြားသွား၊
• စစ်ဆေးရုံတွေကတော့ အပျံစား။

• စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနိုင်ငံတော်ကြီး အပြောင်းအလဲလမ်းမှာ
• ခက်ခဲကြမ်းတမ်းသော ကျန်းမာရေးမှသည်
• လွယ်ကူကြမ်းတမ်းသော ကျန်းမာရေးဆီသို့ ချီတက်နေပါသည်။

ဒေါက်တာတင့်ဆွေ
၁၈-၁-၂ဝ၁၄

No comments: