Friday, May 2, 2014

Countryside တောဘွဲ့

• ‘တောဒေသဆိုတာ သာယာတယ်၊ သွားနေချင်လိုက်တာ’ စသဖြင့် မှတ်ချက်ပေးလေ့ရှိကြတယ်။
• ဓါတ်ပုံ-ပန်းချီမြင်ရလို့ဖြစ်ဖြစ်၊ စာ-ကဗျာ-သီချင်း၊ ဖတ်ရ-ကြားရလို့ဖြစ်ဖြစ်၊ ‘ရသ’ တခုခုကို ခံစားယူတတ်သူတွေက များပါတယ်။
• အဲလိုနေရာမျိုးကို ကိုယ်တိုင်ရောက်လာသူတွေထဲမှာတော့ တချို့က အမြင်-အကြားနဲ့ တခြားစီဖြစ်လို့ အရင်လောက် မခံစားနိုင်ကြတာမျိုးလဲ ရှိမယ်။
• တချို့အနေအထားမှာကြ ပိုလို့တောင်မှ ခံစားမှုက အားကောင်းတတ်တယ်။ ဒါလဲဘဲ ပြောစရာလေးရှိသေးတယ်။

• တခါက ပုလဲမြို့နယ်ထဲက ဝက်ကျတိုက်နယ်ဆေးရုံဖွင့်ပွဲလုပ်တဲ့အခါ တိုင်းအဆင့်က တာဝန်ရှိသူတွေ လာကြရတယ်။
• ဝက်ကျရွာလေးက တောနယ်သာမက ယောနယ်လို့ပြောရမဲ့နေရာလေးမှာရှိတယ်။ တောင်ကုန်းတွေပေါ် တက်ချည်ဆင်းချည်၊ ကျွန်းသစ်နဲ့ အင်ကြင်းပင်တွေ အစီအရီကြား ဆင်နဲ့သွားရတယ်။
• ရာသီဥတုက မျှတ၊ တောင်တောင်စိမ့်စမ်းကလဲ အေးချမ်းလှ၊ လေကောင်းလေသန့်ကလဲရဆိုတော့ အဝေးကလာသူတွေဟာ သာယာပုံကို ချီးမွမ်းမကုန်ရှိကြတာပေါ့။
• ဆရာဝန်တဦးကနေ ‘သာယာလိုက်တာ လွန်ပါရောဗျာ’ လို့ ဖေါ်ကျူးတဲ့အခါ တိုင်းမှူးဆရာဝန်ကြီးက အရှိတရားကို ထောက်ပြလိုက်ပါတယ်။
• နယ်စွန်နယ်ဖျားဆိုရင် ဘယ်မှာဖြစ်ဖြစ်၊ ဘယ်ဌာနကဖြစ်ဖြစ်၊ အစိုးရဝန်ထမ်းတွေက မနေနိုင်ကြတာများတယ်။ ‘မင့်ကို ဒီတိုက်နယ်ဆေးရုံမှာ တာဝန်ချရင် နေနိုင်မှာလား’ တဲ့။

• ငယ်ကတည်းက ရထားစီးလို့ဖြစ်ဖြစ် ကားစီးလို့ဖြစ်ဖြစ် ခရီးသွားရတိုင်း၊ လမ်းဘေးက တောထဲတောင်ထဲ၊ လယ်ကွင်းယာခင်းထဲမှာ အိမ်တန်းလေးတခု ထန်းလက်မိုး၊ ထရံကာ၊ အမိုးမှာ ဗူးပင်နွယ်တွေကတက်နေ၊ နောက်ဖက်မှာ ထန်းပင်၊ အုန်းပင်၊ စသဖြင့် မြင်ရရင်၊ ‘နေချင်လိုက်တာ’ လို့ ဆန္ဒစိတ်ဖြစ်တတ်ပါတယ်။
• တဖြေးဖြေးနဲ့ လက်တွေ့ကြတာတွေ ဆက်စဉ်းစားတဲ့အခါ၊ နေတာကတော့ဟုတ်ပြီ၊ စားစရာသုံးစရာ ဘယ်မှာ ဘယ်လို သွားဝယ်ခြမ်းရမလဲ၊ ညအခါမီးမရှိဘဲ နေတတ်မလား။ ခိုးသားဓါးပြရန်ကရော။ ခုခေတ်ဆိုတော့ ‘မိုဘိုင်းကွန်ယက်’ နဲ့ ‘အင်တာနက်’ လဲ မစဉ်းစားလို့ မရပြန်ပါ။
• တောဓလေ့မှီးတဲ့ တရားကျင့်သူတွ နေနိုင်ကြတယ်ဆိုတာ လူ့လောကထဲက အာရုံတွေနဲ့ ကင်းဝေးရာကို ရှာတဲ့သဘော။

• ‘ကိုယ်ကကော တောမှာ ဘာရှာချင်တာလဲ’။ ဒေါက်တာတင့်ဆွေ
၂-၅-၂ဝ၁၄
(ဓါတ်ပုံ = မင်းရွာ ဘုန်းကြီးကျောင်း)

No comments: