Monday, April 7, 2014

Pidauk flower ပိတောက်ပန်းနဲ့ အလွမ်းဆုတောင်း

• မြန်မာပြည်မှာ ပိတောက်တွေ ပွင့်ဝါနေပြီတဲ့။
• မုတ်သုန်ရာသီဥတုတော့ အတူတူရှိပါရဲ့ ဒီမှာက ပိတောက်ပင်ဆိုတာ ဘယ်နေရာမှာမှ မရှိပါ။ ကာလကတ္တား ဘုန်းကြီးကျောင်းမှာ မြန်မာပြည်ကနေ တကူးတကယူပြီး စိုက်ထားတဲ့ ပိတောက်ပင်ရှိတယ်။ ကိုင်းတကိုင်း ချိုးယူလာသေးတယ်။ မစိုက်ဖြစ်လိုက်ပါ။
• ထိုင်းနိုင်ငံမှာတော့ လမ်းဘေးတွေမှာ ပိတောက်ပင်တွေ အစီအရီရှိပေမဲ့လဲ ဘယ်သူမှ ခူးယူပြီး ပန်တာ၊ ပေးတာတွေ မလုပ်ကြဘူး။
• ငုကတော့ ဒေလီမှာလဲ ဝင်းဝါနေတာဘဲ။ ဒေလီမှာ ဟိုတနှစ်က ၁၉၉ဝ တုံးက အကောင်းဆုံး ရွေးကောက်ပွဲဆောင်ပုဒ် ဖြစ်ခဲ့တဲ့ ‘ငု နဲ့ ပိတောက် နွေမှာလှိုင်သည်၊ စု နဲ့ ခမောက် မေမှာ နိုင်မည်’ ဆိုတာလေး သူများတွေ မမေ့ကြအောင်ရေးဘို့ ငုပင်တွေပေါတဲ့ သံရုံးတွေရှိတဲ့ ‘ချာနကျာပူရီ’ ကို နေပူကျဲကျဲသွားပြီး၊ ဓါတ်ပုံရိုက်ခဲ့ဘူးသေးတယ်။

• ပိတောက်ပန်းကို ခုံမင်နှစ်သက်တာ အသက်အရွယ် ငယ်သူတွေ၊ ရွယ်သူတွေဖြစ်ပေမဲ့၊ ကြီးသူတွေလဲ ငယ်ရာရွယ်ရာကနေ ကြီးလာကြတာမို့ စွဲလမ်းတမ်းတာကြတာပါဘဲ။
• ‘တနှစ်မှာ တလ၊ တလမှာတရက်’ ဆိုပြီး ပိတောက်ပွင့်တဲ့ကာလကို ပြောကြတယ်။ ခုံမင်နှစ်သက်ကြလွန်းလို့ ‘ပိတောက်တွေ နေ့စဉ်ပွင့်ပါစေ’ လို့ ဆုချွေကြတယ်။

• အနောက်တိုင်းနိုင်ငံတွေမှာ ထိပ်တန်းစာရင်ဝင် ရေမွှေး (၁ဝ) မျိုးရှိတယ်။
1. Armani code from Giorgio Armani
2. Acqua Di GIO from Giorgio Armani
3. Eternity from Calvin Kevin
4. Acqua Di Parma Colonia
5. Hot water
6. Euphoria (CK)
7. Chanel # 5
8. Pure Poison from Dior
9. Obsession from CK
10. Tommy Girl from Tommy Hilfiger

• ကျွန်တော်တို့ မြန်မာ့ဆယ်နှစ်ရာသီပန်းတွေက တမျိုးစီမွှေးကြတာကို ဘယ်ရေမွှေးကမှ လိုက်မမီပါ။ ကံ့ကော်ပန်းနဲ့ ပိတောက်ပန်း၊ (တန်ခူးလ)၊ စကားဝါပန်း (ကဆုန်လ)၊ စံပယ်ပန်း (နယုန်လ)၊ ပုန်းညက်ပန်း (ဝါဆိုလ)၊ ခတ္တာပန်း (ဝါခေါင်လ)၊ ယင်းမာပန်း (တော်သလင်းလ)၊ ကြာပန်း (သီတင်းကျွတ်လ)၊ ခဝဲပန်း (တန်ဆောင်မုန်းလ)၊ သဇင်ပန်း နဲ့ ဂမုန်းပန်း (နတ်တော်လ)၊ ခွာညိုပန်း (ပြာသိုလ)၊ ပေါက်ပန်း (တပို့တွဲလ)၊ သရဖီပန်း (တပေါင်းလ)။

• ကိုယ့်ရပ်ကိုယ့်ဆီမှာသာ ထူးခြားပြီးရှိတာမှန်သမျှ ဂုဏ်ယူကြရတယ်။ ပိတောက်ပန်းဟာ ကျွန်တော်တို့ တိုင်းပြည်အတွက် ဂုဏ်တက်စရာ အမှန်ပါ။ ဘယ်လောက်မွှေးတယ်၊ ဘယ်လောက်လှတယ် စသဖြင့် သူများတွေကိုပြောရင် မခံစားတတ်ကြဘူး။ အချင်းချင်းသာ အလွမ်းသယ်ကြရပါတယ်။
• အခုလို အပြင်ကနေ မြန်မာပြည်ထဲကို ဗုံးပေါလအော ဝင်လာနေတာတွေ များလွန်းနေချိန်မျိုးမှာ ကိုယ်ပိုင်အရာတွေကို ချစ်တတ်၊ မြတ်နိုးတတ်ကြတာ အလွန်ကောင်းမြတ်တယ်။
• ပိတောက်၊ မြန်မာပြည်က မပျောက်ပါစေနဲ့။
• မြန်မာပြည်သူတွေ ပန်းကောင်းအညွန့်ချိုး မခံကြရပါစေနဲ့။

ဒေါက်တာတင့်ဆွေ
၆-၄-၂ဝ၁၄

No comments: