Wednesday, April 30, 2014

U Kaung ကင်းဝန်မင်းကြီး

Britney Honey: သမိုင်းဆရာတော်တော်များများက ကင်းဝန်မင်းကြီးကို သစ္စာဖောက်လို ရေးသားကြတယ်။ ကျမကတော့ အဲလိုမမြင်ဘူး။ သူကနိုင်ငံခြားတိုင်းပြည်တွေ လေ့လာဖူးတော့ အတွေးအခေါ်ခေတ်မှီသူ။ လွှတ်တော်နိုင်ငံရေးစနစ်ကို အကောင်ထည် ဖော်ချင်တဲ့ မျိုးချစ်စိတ်ရှိသူ တိုင်းပြည်ကို တိုးတက်စေချင်သူလို့မြင်တယ်။ တချိန်မှာ စာရေးဖြစ်ရင် ကင်းဝန်အကြောင်း စာတစ်အုပ်ရေးချင်တယ်။

ကျွန်တော်။ အမေ့ရွာ 'မင်းတိုင်ပင်' ဆိုတာ ကင်းဝန်မင်းကြီးရဲ့ရွာပါ။ အမေက ဦးကောင်းရဲ့ မြေးတော်တယ်။ (ဦးကောင်းမှာ သားသမီးအရင်း မထွန်းကားပါ။) အရင်က 'မုံတိုင်ပင်' လို့ ရာဇဝင်-သမိုင်း စာအုပ်ဟောင်းတွေမှာ ရေးတယ်။ ငယ်ငယ်ကတည်းက ကင်းဝန်ရဲ့အမျိုးဆိုတာကို နဲနဲကြွားဘူးခဲ့တယ်။ ကိုးတန်း-ဆယ်တန်း ကဗျာလေး-စာလေး ရေးတုံးက ကင်းဝန်နွယ် ဘာ-ညာ ဆိုပြီး ကလောင် နာမယ်ခံယူခဲ့ဘူးတယ်။ ကိုယ်တိုင်က ပန်းချီဆွဲပြီး၊ မြန်မာစာဆရာ ဘုတလင်ချစ်လေးက ကြီးကြပ်ပေးတဲ့ “ပုလဲသွယ်” နံရံကပ် စာစောင်မှာ အဲဒီနာမည်နဲ့ တခါတလေ ပါဘူးတယ်။ ဆရာ့ကိုရော၊ သူငယ်ချင်းတွေပါ အမှတ်ရလို့ ကျွန်တော့် နိုင်ငံရေး (ဘလော့ခ်) ကို “ပုလဲသွယ်” လို့ နာမည်ပေးလိုက်တယ်။

နောင် နှစ် (၄ဝ) ကျော်တော့ ကယားလူမျိုး နိုင်ငံရေးမိတ်ဆွေတွေက အသိအမှတ် ပြုတာကိုတော့ ကျေနပ် ဝမ်းမြောက်တာ အမှန်ပါ။ ကယားပြည်ကို သီးခြားပြည်တခုအဖြစ် သီပေါမင်းကိုယ်စား လက်မှတ်ထိုး ထုတ်ပြန်ခဲ့တာ ကင်းဝန်မင်းကြီး ဦးကောင်းလို့ ကယား-ကယန်း-ကရင်နီတွေက သူများတွေထက် သိကြတယ်။ ကင်းဝန်မင်းကြီးကို အဲလို အမြင်ရှိသူတွေ အကဲဖြတ်တာကိုရော၊ 'ဦးကောင်းလိမ်ထုတ်' ဆိုတာရော၊ နှစ်ခုလုံးကို သူ့အမျိုးတွေက အမွေခံရမှာပါ။ ကင်းဝန်မင်းကြီးနဲ့ ပတ်သက်ရင် ဆရာမြသန်းတင့်ရဲ့ “တောင်သမန်အင်းက လေညှင်းဆော်တော့” ထဲမှာ ရေးသားချက်ကိုတော့ မြန်မာ့စွယ်စုံကျမ်းထက် နှစ်သက်ပါတယ်။

ဦးကောင်းမွေးနေ့ နှစ် (၁၄ဝ) တုံးက ဦးလေးတယောက်ရဲ့ အစီအစဉ်နဲ့ မင်းတိုင်ပင်မှာ ပွဲတခုလုပ်ခဲ့ဘူးတယ်။ အဲဒီတုံးက ကျွန်တော်က ဆေးကျောင်းသားပဲ ရှိသေးတာ။

Rural Doctor တောသားဆရာဝန် http://my-sayawun-life.blogspot.in/2010/10/jungle-doctor.html

Dr. တင့်ဆွေ
၃ဝ-၄-၂ဝ၁၄ ၁၁-၁၁-၂ဝ၁၃

No comments: