Wednesday, April 16, 2014

Thingyan Social note သင်္ကြန် (လူမှုရေး) စာ

(ဖေ့စ်-ဘွတ်ခ်) မှာ ဆရာဝန် (မ) တဦးကနေ “ဆရာဝန်၊ NGO နဲ့ INGO တွေ” အကြောင်းရေးတာ ဖတ်ရတယ်။ စိတ်စေတနာ အရေးပါတာကို အလေးအနက်ပြုထားလို့ ချီးကျူးပါတယ်။ ဖြည့်ချင်တာလေးတွေရှိပါတယ်။ ကျွန်တော်တို့ တိုင်းပြည်လို ဆင်းရဲတဲ့၊ နောက်ကျတဲ့၊ အောက်ကျတဲ့၊ နေရာဒေသတွေမှာနေရတာ တကယ်တော့ ဓါတ်ခွဲခန်းမှာ အစမ်းသပ်ခံကြရတဲ့ (ဂီနီပစ်) ခေါ်တဲ့ သတ္တဝါလေးတွေနဲ့ အတူတူဖြစ်တယ်။

သုတေသန
သုတေသနဆိုတာ နေရာတကာမှာလိုတယ်။ တခြားနယ်ပယ်တွေကို မပြောလိုပါ။ ကျန်းမာရေးမှာတော့ အသေအခြာ ခံကြရတာ အမှန်ပါ။ ဆေးအသစ်တွေကို စမ်းသပ်မှုပြုရင် အရင်ဆုံး ကြွက်ဖြူတို့ (ဂီနီပစ်) စတဲ့ အကောင်တို့ကို အရင်စမ်းကြရတယ်။ ဒါကို တိရစ္ဆာန်အခွင့်အရေး လုပ်သူတွေက ကန့်ကွက်ကြတယ်။ အကောင်မှာစမ်းပြီးနောက် (ဗော်လန်တီယာ) လူနာတွေကို စမ်းတယ်။ ဒီလိုလုပ်တာက တရားဥပဒေနဲ့ညီအောင်လုပ်ရပါတယ်။ အောင်မြင်တာကို ဆေးကာင်စီလို အဖွဲ့စည်းကနေ ခွင့်ပြုချက်ရရင် ဈေးကွက်ထဲ ရောက်လာမယ်။ ဒါလဲ ဘေးထွက်-ဆိုးကျိုး ဆိုးဝါးတာတွေ နောက်မှ တွေ့လာပြန်လို့ ပြန်ပိတ်ရတဲ့ ဆေးဝါးတွေ မနည်းဘူး။

လူမသိ၊ သူမသိ အစမ်းခံရာတတွေ အများကြီး ရှိပြန်သေးတယ်။ ဆေးကုမ္ပဏီတွေကနေ ဆရာဝန်တွေကို ‘Sample not for sale ဆေးနမူနာ ရောင်းရန်မဟုတ်ပါ’ ဆိုပြီး ဆေးအသစ်တွေကို အခမဲ့ပေးတာတွေ ရှိတယ်။ ဒါမျိုးကို တော်တော့ ဆရာဝန်တွေက မရကြပါ။ ဆေးအသစ်ကိုလဲ တော်တော့ လူနာတွေမရပါ။ ရတဲ့သူတွေ ဂုဏ်ယူ-ကြွားဝါစရာ မဟုတ်ပါ။ အစမ်းသပ်ခံကြရတာ ဖြစ်ပါတယ်။

ဆေးသစ် သုတေသနထဲမှာ လူအများကြီးထဲချစမ်းတော့ ဆင်းရဲတဲ့နေရာတွေမှာ စလုပ်တာတွေ တွေ့ဘူးကြပါလိမ့်မယ်။ စောစောက လေ့လာဆန်းစစ်မှုက သိပ်အရေအတွက် မများသေးတော့ အသေခြာကြီး မဟုတ်သေးဘူး။ အာရှ၊ အာဖရိကမှာ

NGO တွေ ခြေချင်းလိမ်နေကြတာ စေတနာနဲ့အတူ မျှော်ကိုးချက်လဲပါနေတာ သတိထားကြပါ။ ဆင်းရဲတဲ့ နေရာတွေမှာလုပ်တာမှာ အကုန်လုံးကို အပြစ်ပြောချင်တာ မဟုတ်ပါ။ ငှက်ဖျားဆေးကို ငှက်ဖျားတောမှာ စမ်းမှ မှန်တာရတယ်။ ဘီ-ပိုး၊ စီ-ပိုး စမ်းတာတွေလဲ အဲလိုပါဘဲ။ အဖြစ်များရာ နေရာမှာ စမ်းကြရတယ်။ HIV ဆိုရင် အာဖရိက သွားလုပ်မှာ သဘာဝကျပါတယ်။ မြန်မာပြည်မှာလဲ မြွေဆေးကို မြွေပေါတဲ့ အရပ်က မြွေတွေကနေ ဆေးထုတ်ယူရတယ်။ ကိုယ့်ဒေသထွက် မြွေဆိပ်-ဖြေဆေးဟာ အမေရိကားကနေ ထုတ်တာထက် ကောင်းတယ်။

သုတေသနလုပ်တယ်ဆိုတာ ပြီးဆုံးသွာတဲ့ အလုပ်မျိုးမဟုတ်ဘူး။ စိတ်ချရတယ်ဆိုတဲ့ ကုသနည်း၊ ကာကွယ်နည်းတွေ အားလုံးကို ဆက်ပြီးလေ့လာနေကြရသေးတယ်။ ဒါမျိုးကို (ကလင်နီကယ်-ဖီးလ်) ဆေးကုသနယ်ပယ် လေ့လာချက်လို့ ခေါ်တယ်။ အသိအမှတ်ပြုပြီး၊ တရားဝင် ထုတ်လုပ်-ရောင်းချခွင့်လဲ ရပြီးတဲ့ နည်းတွေရဲ့ တကယ့်နယ်ပယ်မှာ ထိရောက်မှု ဘယ်လောက် ရှိသလဲ။ ဘယ်လိုဟာက ပိုကောင်းသလဲ ဆန်းစစ်တာမျိုး။

(အင်ဂျီအို)
ကျန်းမာရေးအတွက် ကူညီနေကြတဲ့ NGO တွေကို ကျေးဇူးတင်ပါတယ်။။ ဒါပေမဲ့ ကျွန်တော်တို့ဖက်က သတိကြီးကြီး ထားစရာတွေ အများကြီး ရှိတယ်။ နိဒါန်းမှာရေးခဲ့တဲ့ ဆရာဝန်မပြောသလို ဗျူရိုကရေစီ သဘောအရသာမကဘဲ မမြင်နိုင်တာတွေ ရှိသေးတယ်။ ဥပမာ ထိုင်းနဲ့ အိန္ဒိယမှာ မြန်မာဒုက္ခသည်တွေကို အကူညီပေးတယ်၊ စောင့်ရှောက်ပေးတဲ့ NGOs အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေရှိတယ်။

ကူညီတယ်ဆိုတာ ကောင်းတော့ ကောင်းပါတယ်။ ကျောင်းဆရာတွေ ဆရာဝန်တွေလိုဘဲ (သမ္မာအာဇီဝ) လို့ အလွယ် ပြောတာကို ငြင်းဘို့ခက်တယ်။ ဘာသာရေး အဆုံးအမမှာ ရှိတယ်မဟုတ်လား။ ‘လှူတတ်မှ ဒါနမြောက်တယ်’ ဆိုတာ။ စိတ်ထားဟာ ကံသုံးပါးမှာ လှည်းတစီလုံး ပါလာအောင် ဆွဲပေးတဲ့ ရှေ့ဆုံးကနွားများလိုဘဲ ဦးဆောင်တယ်။ တလွဲကိုဆွဲရင် တလွဲပါသွားတယ်။ ကူရညီရတဲ့ အလုပ်တော့ လုပ်တာပါဘဲ၊ လခကောင်းကောင်းလဲ ရနေမှာဘဲ။ ကောင်းတဲ့ကံရဲ့ ကောင်းကျိုးကိုတော့ မယူတတ်ရင် မရနိုင်ပါ။

(ယူအင်န်)
ဆရာဝန်မကတော့ UN ကလူတွေကို ချန်လိုက်ပါတယ်။ ကျွန်တော်က မချန်ချင်လှပါ။ (ယူအင်) ဆိုတာ ကမ္ဘာမှာ အကြီးဆုံး ဗျူရိုကရေစီယန္တယားကြီး ဖြစ်ပါတယ်။ အစိုးရတွေနဲ့ ဖွဲ့ထားပြီး၊ အစိုးရလဲမဟုတ်ဘူးလို့ ပြောလို့ရတဲ့ အဖွဲ့ကြီး ဖြစ်တယ်။ တကမ္ဘာလုံးက အစိုးရတွေပါနေပေမဲ့ ‘ကမ္ဘာကိုအုပ်စိုးသူလို လုပ်မရဘူး’ လို့ ပြောလို့ရတယ်။ ဒါ့ကြောင့် ‘ကမ္ဘာကြီးဟာ Anarchy (အနာခီ) မင်းမဲ့ဝါဒီ’ ဖြစ်တယ်လို့ ပြောကြတာပေါ့။ နောက်တချက် နိုင်ငံတချို့မှာ အစိုးရတွေဟာ လူထုကိုကိုယ်စားမပြုကြပါ။ လူထုကိုရန်ပြုကြတယ်။

(ယူအင်) ကလူတွေလဲ (အင်ဂျီအို)၊ (အိုင်အင်ဂျီအို) တွေနဲ့ မခြားပါ။ ကောင်းတဲ့ အလုပ်မျိုးတွေ လုပ်နေတာတွေ အများကြီးပါ။ လုပ်နေသူတွေဟာ လခကောင်းကောင်းရလို့ လုပ်နေသူက ဘယ်လောက် များသလဲ။ မတရားတော့ မစွပ်စွဲချင်ပေမဲ့ မဟုတ်ပါစေနဲ့သာ ဆုတောင်းရမှာပေါ့။ (အင်ဂျီအို)၊ (အိုင်အင်ဂျီအို) တွေ တချို့ဟာ သူတို့လုပ်နေတဲ့ (အစ်ရှူး) ပပျောက်သွားမှာကို မလိုလားပါ။ ကြီးထွားစေချင်ကြတယ်။ ဒုက္ခသည်၊ ရောဂါသည်။

(ဗော်လန်တီယာ)
စေတနာ့ဝန်ထမ်း နဲ့ (အင်ဂျီအို) လုံးဝ မတူကြပါ။ (ဆီဘယ်လ်-ဆိုဆိုင်ယယ်လ်တီ) လူမှုအဖွဲ့အစည်းလို့ ခေါ်ကြတယ်။ ဒါပေမဲ့ လူမှုအဖွဲ့စည်းတိုင်းလဲ လူတွေကို ကောင်းဘို့ လုပ်တာ မဟုတ်ပြန်ပါ။ ဥပမာ (စွမ်းအားရှင်) လို အဖွဲ့မျိုး။ နောက်ပြီး နာမည် မကောင်းတဲ့ အဖွဲ့ထဲ ပါနေပေမဲ့ တကိုယ်ရည်သဘော စိတ်ထားကောင်းသူတွေ ရှိတတ်ပါတယ်။ (မဆလ) ခေတ်တုံးက ပုဂ္ဂိုလ်နည်းနည်းပါးပါကို ကိုယ်တိုင်ကြုံဘူးပါတယ်။

စေတနာမှန်
ဥာဏ်ကောင်းလို့ ကြိုးစားလို့ ဆရာဝန်ဖြစ်နိုင်တာ များပါတယ်။ သူတို့ထဲက ထက်မြက်သူတွေက သာမန်-ဆရာဝန် တွေထက် နေရာကောင်းတာ ရတတ်ကြတယ်။ လခကောင်းစားပြီး စေတနာထားသူတွေလဲ ရှိပါတယ်။ ဘာဘဲလုပ်နေနေ စိတ်ရင်း စေတနာသည်ဟာ အခရာကျပါတယ်။ ဆရာဝန်အလုပ်၊ ကျောင်းဆရာအလုပ်မှ မဟုတ်ပါ။ စီးပွါးလုပ်သူတွေ၊ နိုင်ငံရေးလုပ်သူတွေလဲ အတူတူပါဘဲ။

“စေတနာမဆင်းရဲတဲ့ မြန်မာပြည်မှာ အစမ်းသပ်ခံရတာတွေ နည်းပါစေ။”
“ကော်လာဖြူ၊ ကော်လာပြာ၊ အနားပြာ၊ ခရိုရောင်စုံ အကုန်၊ စေတနာကုံလုံကြပါစေ။”
“စေတနာမိုး စွေရွာဖြိုးပါစေ။”

Dr. တင့်ဆွေ
၁၆-၄-၂ဝ၁၄

No comments: