Sunday, November 17, 2013

A doctor who also writes (5) ဆေးပညာ-စာရေးသူ (၅)

Sat, Jan 12, 2013 at 3:39 AM
ဆရာရှင့် အမှားများကို စေတနာထား၍အမှန် ပြင်ပေးခြင်းကို အလွန်ပင်ကျေးဇူးတင်ပါသည်။ စကားလုံးအမှားကို ပြန်လည်ပြင်ဆင်နေရသောကြောင့် ဆရာ့တန်ဖိုးရှိသောအချိန်များ ကုန်ဆုံးသွားရသည်ကို စိတ်မကောင်းပါ။ နောက်နောင်ခုလို မဖြစ်အောင် သတိထား၍ရေးသားပါမည်။ ဆရာပူးတွဲတင်ပေးလိုက်သော links များကြောင့် ကျန်းမာရေးအသိ တိုးပွားရပါသည်။ ကျေးဇူးအထူးတင်ပါသည်။ ဆရာ ကိုယ်စိတ်နှလုံးရွှင်ပြုံးပါစေ။

ကျွန်တော်က မေးတာ၊ ဖြေတာတွေကို (ဘလော့ခ်) မှာ ပြန်တင်တော့ သတ်ပုံရော၊ စာရိုက်တာတွေပါ ပြင်ရတာမို့ အချိန်တော့ ပိုကုန်တာပေါ့။ အတော်များများက စာရေးတာ။ စာရိုက်တာကို ခပ်ပေါ့ပေါ့ သဘောထားကြတာ စိတ်မကောင်းပါ။ လူငယ်တွေက ပညာရေးစနစ် ခပ်ညံ့ညံ့မှာ ကြီးပြင်းလာကြရလို့ သူတို့ကိုတော့ အပြစ်မမြင်ပါဘူး။ သတ်ပုံမှားရေးသူတွေထက် မြန်မာပြည်က ပညာရေးစနစ်ကို ဖျက်ပြစ်တဲ့ စစ်အစိုးရတွေကိုဘဲ အပြစ်တင်မိတယ်။

• ဆရာ့အတွက် (ဘလော့ခ်) တင်ဘို့ရာ စာပြင်ယူရတာ မေးလာသူတွေရဲ့ ၉ဝ% မကဘူး။
• ကီးဘုတ်တွေက မတူတော့ ဒေါ့တွေထည့်ရိုက်တာ ၆ဝ% လောက်ရှိတယ်။
• ပုဒ်မအစား ဒေါ့တွေရိုက်တာက စာကြောင်းတွေအားလုံး ဆက်သွားစေတယ်။ အဲလိုလူကလဲ ၅ဝ% လောက်ရှိတယ်။
• ခုနောက်ပိုင်း ဖုန်းလေးတွေကနေ စာရိုက်နေကြတော့ မြန်မာစာအတွက် မလွယ်လှဘူးထင်တယ်။
• ကွန်ပြူတာပညာ နဲ့ အင်တာနက်ခက်ကြမှာလဲ သိတယ်။ အပြစ်မတင်ပါ။ တချို့က (ကော်နက်ရှင်) ရတုံး အမြန် ရိုက်ကြရမယ်ထင်တယ်။
• အရုပ်ဆိုးအောင်ရိုက်တာကြတော့ စိတ်အနှောင့်အယှက်ဖြစ်ရတာ အမှန်ဘဲ။ ဘာမေးလဲ နားကိုမလည်ဘူး။

Wed, Jan 16, 2013 at 11:19 PM
ဟုတ်ကဲ့ပါ ဆရာ။ ဆရာပြောပြထားတာအားလုံးကို နားလည် သဘောပေါက်ပါတယ်။ ကျွန်မတို့တွေရဲ့ အမှားအတွက် ဆရာ့မှာ အချိန်ကုန်လူပင်ပန်းရတာကို စာနာသည့်အပြင် စေတနာနှင့် အမှားပြင်ဆင်ပေးနေခြင်းကိုလည်း လေးစားမိပါတယ်။ နောင်ကို ဘယ်သူ့ဆီကိုဘဲ စာရိုက်ပို့ပို့ ကောင်းကောင်း မွန်မွန်မှန်ကန်စွာ စာလုံးပေါင်းရိုက်ပြီးပို့ပါမယ်။ ဆရာလို Website မှာတစ်ကမ္ဘာလုံးက မေးသမျှကို ကိုယ့်အတွက် ဘာအကျိုး မျှော်လင့်ချက်မှမရှိဘဲ စေတနာအပြည့်နှင့် စိတ်ရှည်သည်းခံစွာဖြေကြားပေးနိုင်ဖို့ဆိုတာ တော်ရုံတန်ရုံ ဆရာဝန်မျိုး လုပ်နိုင်တဲ့ အလုပ်မျိုးမဟုတ်ပါဘူး။ ပညာပြည့်ဝသည့်အပြင် စေတနာထက်သန်မှုအမြဲ ရှည်သန်နေမှသာ လုပ်နိုင်တာပါ။ ဒီလို မြင့်မြတ်တဲ့ စိတ်ထားမျိုးဆရာ ပိုင်ဆိုင်သည်မှာ အင်မတန်ချီးကျူးစရာ ကောင်းလှပါသည်။ ဆရာ နေ့စဉ်ကောင်းမှုများစွာ ဆထက်တစ်ပိုး တိုးပွားနေပါစေ။

အခုလို တကူးတက အသိအမှတ်ပြုစကားပြောလို့ ကျေးဇူးတင်ပါတယ်။ ကျွန်တော်က ကိုယ့်လူမျိးတွေ ကိုယ့်စာ၊ ကိုယ့်စကားကို ပိုပြီးအလေးထားစေချင်လို့ ဆေးပညာအသုံးချပြီး ပြုပြင်ဘို့လုပ်နေတာဆိုလဲ မမှားဘူး။

(အွန်လိုင်း) လုပ်ပေးရတာက တာဝန်လဲကင်းတယ်။ ဆရာရေးတာကို ဖတ်ချင်မှဖတ်။ လိုက်နာချင်မှလဲ လိုက်နာ။ စာရိုက်တာ၊ သတ်ပုံမှာလဲ ဖါသီဖါသာနေလို့ ဆရာက စာမေးပွဲ အမှတ်ပေးမဲ့ဆရာမဟုတ်တော့ နေနိုင်ကြပါတယ်။ စိတ်ဆိုးစရာလဲ မရှိဘူး။ ဘယ်သူဘယ်ဝါလဲ သိမှမသိတာ။ ဆရာက မေးလာ-ရေးလာသူတိုင်းကို ပုဂ္ဂိုလ်ရေးမထားတော့ ဟိုဘက်-ဒီဘက် နေသာကြတယ်။ ဆရာ့အတွက်တော့ ဆေးစာတွေဖတ်ရ၊ ရှာရတယ်။ "နုတ်တရာ စာတလုံး" ရေးပြီးသားကို ဘွာခတ်လို့မရဘူး မဟုတ်လား။ အဲ့ တခါတလေ စိတ်တော့ တိုချင်တာပေါ့။ တဖက်လူက မမြင်ရပါဘူး။

12 hours ago via mobile
စာရေးတဲ့အခါ သတ်ပုံမှန်မမှန်သိဖို့ ရှုပ်ကုန်တော့မှာပေါ့။ ရှေးလူကြီးတွေက အမှန်တစ်မျိုး။ သမီးတို့လူငယ်တွေက တစ်မျိုး။ အနာဂတ်လူငယ်တွေက တစ်မျိုး ။ အရွယ်သုံးမျိုး ဆုံတဲ့အခါ ဘယ်ဟာအမှန်ဆိုပြီး ငြင်းကုန်တော့မှာပဲ။ အကုန်လုံးက ကိုယ့်အကိုးအကားနဲ့ကိုယ်စီ ဖြစ်နေပြီးတော့။ တွေးကြည့်တာပါ ဆရာ။

ဘာသာစကားဆိုတာ ဖက်ရှင်နဲ့ မတူပါ။ ခေတ်အလျှောက်ပြောင်းတာတွေတော့ ရှိပါတယ်။ ပညာရှင်အဆင့် ဆရာတွေကသာ ပိုသိနားလည်ကြတယ်။ ဥပမာ ဘီဘီစီမှာ အမြဲလာနေတဲ့ အစီအစဉ်က အတော်ကောင်းပါတယ်။ ပုဂံခေတ်ကနေ တဆင့်တဆင့်ပြောင်းလာတာတွေက ကျိုးကြောင်း ဆီလျှော်မှုရှိတယ်။ ငြင်းခုံတာတွေလဲရှိပါတယ်။ အရင်ကလိုထပ်ဆင့်တွေမသုံးတော့တာ၊ ပါဠိစာလုံးတွေနည်းလာတာမျိုးက ခေတ်အရ ပိုအဆင်ပြေစေဘို့ဖြစ်တယ်။

အကိုးအကားအရေးပါတယ်လို့လက်ခံတာ ကောင်းတယ်။ ဆရာထောက်ပြတာလေးတွေကို အကိုးအကားတွေနဲ့ ငြင်းချက်ထုတ်စေချင်တယ်။ ဆရာမှားရင် ပြင်လိုက်မယ်။ “အဆင်ပြေ” ကို “အစင် (အစဉ်) ပြေ” လို့ သုံးရင် အဓိပ္ပါယ်လွဲတယ်။ “အစိုးဆုံးပါ” ဆိုတာကလဲ အဆိုးဆုံးစာရင်းထဲမှာပါတယ်။

ဆရာကတော့ နိုင်ငံရေးကနေ ဝင်ရှုပ်ထားတာကိုသာ ထောက်ပြတာဖြစ်ပါတယ်။ ဘာသာစကားနဲ့ ယဉ်ကျေးမှုကို မထိန်းတတ်-မထိန်းနိုင်တဲ့ လူမျိုးတွေဟာ သူများဝါးမျိုတာခံကြရတယ်။

ထဘီမဝတ်ချင်တော့လို့ စကပ်ဝတ်တာက ခေတ်သဘော ဖြစ်ပေမဲ့ ထဘီကို ခါးတောင်းကြိုက်တာက မိုက်လို့။

ဒေါက်တာတင့်ဆွေ
၁၇-၁-၂ဝ၁၃
၁၇-၁၁-၂ဝ၁၃

Read more...

Saturday, November 16, 2013

A doctor who also writes (3) ဆေးပညာ-စာရေးသူ (၃)

ဆေးပညာ စာလေးတွေ ရေးနေ-ဖြေနေရင်းနဲ့ စာရေးတဲ့ အတတ်ပညာ သင်ယူနေရတယ်။ စာမရေးခင် စာသင်ရတယ်၊ စာဖတ်ရတယ်။ သင်ဆရာဆိုတာ (၁ဝ) တန်းအထိ လူတိုင်း တူကြတာများပါတယ်။ ဝိဇ္ဇာရယ် သိပ္ပံရယ် အခွဲခံရသူတွေမှာ နဲနဲမတူတာ ရှိလာတယ်။ ခုတော့ မပြောတတ်ပါ၊ အရင်ခေတ်က (၁ဝ) တန်း အောင်ပြီး၊ နောက်ထပ် (၂) နှစ်အထိ မြန်မာစာကို သင်ကြရသေးတယ်။ “ဆေးကျောင်း တက်နေတာ ဘာလို့ မြန်မာစာက လာသင်ရတာလဲ” လို့ငေါ့သူတွေ ရှိခဲ့တယ်။

မြင်ဆရာ ကြားဆရာတွေဆိုတာ အသက်ရလာလေလေ တိုးများလာလေလေပေါ့။ “ကျွဲပါး-စောင်းတီး”ဆိုတဲ့ စကားပုံက ရှေးကတည်းက ရှိခဲ့တာမို့ အခုခေတ်နဲ့ မဆီလျှော်တော့ဘူးလို့ မပြောထိုက်တာတွေထဲက တခုပါ။ အနားမှာ စာအုပ်တွေ၊ စာအကြောင်း-ပေအကြောင်း ဟောသူ-ပြောသူတွေ၊ အနမတဂ္ဂ မရေအတွက်နိုင်အောင် များနေပေမဲ့ ကိုယ်နဲ့ မဆိုင်သလို၊ မတူမတန်သလို နေသူတွေလဲ ဖောခြင်း-သောခြင်း ရှိတယ်။ အနားမှာ မရှိလဲ “ယူသော်ရ၏” မဟုတ်ပါလား။

အထက်တန်းစာတွေကို ကောလိပ်ထိ သယ်မလာသူတွေ ရှိသလိုဘဲ၊ ကျောင်းသားဘဝက လွတ်ပြီ-ကျွတ်ပြီ၊ ကျောင်းမှာ သင်တာတွေ ကျောင်းမှာသာ ထားခဲ့သူတွေလဲ မနည်းလှဘူး။ ဆေး-စက်မှု ပညာတခုခု အာရုံစိုက် သင်ရသူတွေမှာ မြန်မာစာတို့ သမိုင်းတို့နဲ့ ရှင်ခွဲခွဲလိုက်ကြသူတွေက များတယ်။ အမြင်မှန်လို့ ပြန်ပေါင်းထုတ်သူတွေလဲ ရှိတာဘဲ။

စာသင်တာမှာ အဲလို ကွာကြသလို စာဖတ်တာမှာလဲ မတူကြပြန်ဘူး။ အကြမ်းပြောရရင် ငယ်တုံးက ဖတ်ချင်တာ၊ လူပျိုပေါက်-အပျိုရွယ်မှာ စိတ်ဝင်စားတာ၊ အပေါင်းအသင်းကနေ တိုက်တွန်းတာ၊ ဗီဇအထုံအရ အနားက လူတွေနဲ့ မတူ ထူးပြီး၊ ရွေးဖတ်ချင်လာတာတွေဟာ ကြာလေ ကွဲပြားလာလေ ဖြစ်တယ်။ စာတွေကလဲ နယ်ပယ် ကျယ်ပြောလွန်းလှတယ်။ ပင်လယ်ကြီးလို့ တင်စားတာဟာ ကားပြောတာမဟုတ်ပါ။

ကိုယ့်နယ်ကို ကန့်သတ်သူတွေက များမယ်ထင်တယ်။ ဒီလိုင်းကနေ ဟိုလိုင်းမကူးကြဘူး။ “အနီလိုင်းသမား” တွေက အနီကလွဲရင် အရောင်လို့ မထင်သူက များလွန်းလှတယ်။ ဖတ်တဲ့သူတွေသာ မကပါ။ စာရေးဆရာနာမယ် ပြောတာနဲ့ ဘာလာတော့မယ်ကို မှန်အောင်မှန်းတတ်ကြတာ များတယ်။ ပုံနှိပ်စက်တင်၊ ထုတ်ဝေရောင်းချသူတွေကလဲ လုံးချင်း မဟုတ်ရင် “စားသုံးသူ ကြည့်ပြီး ပစ္စည်းတင်ရောင်းတဲ့ ကုန်စုံဆိုင်” လို လုပ်ကြရတယ်။ ထွေးခံလဲရောင်း၊ ဆေးလဲရောင်းတာကမှ တော်သေးမယ်။ ငါးမျှားချိတ်နဲ့ သပိတ် တွဲရောင်းတာတော့ ကြည့်ကောင်းဘူး။

စာဖတ်သူတိုင်း မဂ္ဂဇင်းကို လှန်ဖြစ်ကြပါတယ်။ “မဂ္ဂဇင်း” ဆိုတာ အင်္ဂလိပ်-စကားလုံးကနေ တိုက်ရိုက်ယူထားတာပါ။ မြန်မာစကားလုံး အစစ်တိုင်းမှာ သူ့အဓိပ္ပါယ်နဲ့သူ ရှိတယ်လို့ မှတ်သားရဘူးတယ်။ “သေနပ်-ကျည်ကပ်”၊ “စစ်သင်္ဘောလို ရဲတိုက်လို အဆောက်အဦတွေမှာ ပစ္စည်းသိုလှောင်တဲ့ အခန်း”၊ “ကင်မရာထဲက ဖလင်ထားတဲ့ နေရာ”၊ “စက်ကြီးတွေမှာ လိုတာထည့်စရာ”၊ ဆိုတဲ့ အဓိပ္ပါယ်ဖွင့်ချက် အမျိုးမျိုးကို လှန်လှော ရှာမနေသူတိုင်းက မဂ္ဂဇင်းဆိုတာ ဝတ္ထု၊ ကဗျာ၊ ကာတွန်း၊ ဆောင်းပါး၊ အမျိုးအစားတွေ အစုံပါပြီး ပုံမှန်ထုတ်ဝေတဲ့ စာအုပ်လို့သာ မှတ်ကြမယ်။

မဂ္ဂဇင်းဖတ်ရတာက အမျိုးအစားသာ စုံတာမဟုတ်ဘဲ၊ အနု-အရင့်လဲ မတူတာတွေ ရောနှောထားတာမို့ ဘုန်းကြီးဆွမ်းပွဲလို တနပ်ထဲမှာ အမျိုးစုံ ရောစားရသလို ဖြစ်စေတယ်။ စားပွဲရှေ့ရောက်ကျွေးတဲ့ ဟင်းခွက်တွေကို ကုန်အောင် နှိုက်ကြတာ များတယ်။ အစပ်တည့်တဲ့အခါတော့ မြိန်မှာပေါ့။ တခါတလေ အစာမကျေလဲ ဖြစ်တာဘဲ။ စိတ်တိုသူတွေဆို စားပွဲကို ကန်ပြစ်ချင်ကြတယ်။

စာဖတ်ရင်းနဲ့ ပြောင်းလဲလာတာတွေ သတိထားမိလာတယ်။ အသစ်တွေက ဆန်းလာတာတွေ ရှိသလို အရင်လောက် သဘောမပေါက်နိုင် ဖြစ်လာတာတွေလဲ တွေ့ရတယ်။ သူများကို အပြစ်ရှာတာက မကောင်းပေမဲ့ အတော်လွယ်တယ်။ နမူနာတချို့တော့ ပေးပါရစေ။ ၂ဝ၁၁ မေလထုတ်ဆိုတာ နောက်ဆုံးထုတ်ပါ။ ၁၉၃၇ ဒဂုံမဂ္ဂဇင်းပါ သန်းထွန်း ကလောင် နာမည်နဲ့ ရေးတဲ့ “မြန်မာရာဇဝင် လမ်းကွေ့ လမ်းကောက်” ကို ပြန်ပြီး ထုတ်ဖေါ်ပေးတာ တန်ဘိုးရှိလှတယ်။ ဒါပေမဲ့ “ပဒေသရာဇာ ရေးထန်းတက်သမား အကြောင်း” လို့ စာရိုက်ထားတယ်။ “ရေးမြို့က ထန်းတက်သမား” လို့ ထင်ကြလိမ့်မယ်။

“စလေဦးပုည ရေးသော ကဝလ္လိယ တို့အကြောင်း” ဆိုတာလဲ ပါသေးတယ်။ အမှန်က “ကာကဝလ္လိယ” သာ ဖြစ်ပါတယ်။ ၂ဝ၁၁ မတ်လထုတ် မဂ္ဂဇင်းတအုပ်မှာ “ဆရာဇော်ဂျီ၏ ပြည်ထောင်စု သမိုင်းပုံပြင်များ” ကိုလည်း ဖတ်ရတယ်။ “ကင်းဝန်မင်းကြီး နှင့် သံအဖွဲ့ဝင်များသည် လန်ဒန်တွင် အင်္ဂလိပ် ဧကရီ ဝိတိုရိယ ဘုရင်မင်းကြီးထံသို့ ဝင်၍” လို့ စာရိုက်ထားတယ်။ “ဝိတိုရိယ ဘုရင်မကြီး” သာရှိပါတယ်။ အင်္ဂလန်နိုင်ငံက “ယော့ခ်မြို့” ကို မြန်မာမှု အဓမ္မပြုလိုက်တာ (အက်ဒ်ဝပ်) မင်းသား Duke of York ဟာ “ယောမြို့စား” ဖြစ်သွားတယ်။

ကိုယ်ပိုင် (ဘလော့ခ်) မှာ ကိုယ့်ဖါသာ ရေးတာမျိုးလို စာပြင်ဆရာ မပါ၊ (ဆင်ဆာ) ဗလာမို့ ချွတ်ချော်တာကို နားလည် နိုင်ကြပါတယ်။ ခွင့်လွှတ်ကြပါခင်ဗျာ။

တိုင်းပြည်ထဲမှာ စာအုပ်မှန်သမျှ အဆင့်တွေ အများကြီး ကျော်ဖြတ်ရတယ်။ အရပ်သား ပညာရှင်တွေ၊ အယ်ဒီတာတွေ၊ စာပြင်ဆရာတွေ လက်ကနေ ဆန်ခါတင်ပြီးမှ စက်တင်-ပုံနှိပ် ထွက်လာရတယ်။ သူတို့ အထက်က အရပ်သား မဟုတ်တဲ့ (ဆင်ဆာ) အဖွဲ့၊ မြန်မာစာအဖွဲ့၊ သမိုင်းအဖွဲ့တွေက ဘာတွေကို ကြည့်ကြ၊ စစ်ကြသလဲမသိပါ။ သတ်ပုံမမှန်တာ၊ အချက်အလက်မှားတာ၊ အကြောင်းအရာလွဲတာ ဘာမှကိစ္စရှိပုံ မရဘူး။

ပညာရှာဆဲ လူငယ်တွေကို ကျက်အောင် ချက်မထားတဲ့ ထမင်း-ဟင်း ကျွေးနေကြသလိုဘဲ။ ရောဂါတွေမှာ နာတာရှည်က ပိုပြီး ဆေးကုရ ခက်တယ်။ ခေါင်းမကောင်းရင် ကိုယ်လဲ မကျန်းမာဘူး။

Dr. တင့်ဆွေ
၃ဝ-၄-၂ဝ၁၁

Read more...

A doctor who also writes (1) ဆေးပညာ-စာရေးသူ (၁)

Mar 14, 2011 at 9:07 PM
ဆရာက ဆရာဝန်-စာရေးဆရာလားဟင်။ ဆရာ့ဘလော့တွေ အလကား ဖတ်ခွင့်ရတာ ကံကောင်းလိုက်တာ။ ဆရာနဲ့ ထိတွေ့ခွင့်ရအောင် ဖန်တီးပေးတဲ့ ဒီဆိုက်လေးကိုရော စေတနာထားတဲ့ ဆရာ့ကိုရော ကျေးဇူးတင်ပါတယ်။ စာရေးဆရာ တစ်ယောက်ဖြစ်ဖို့ ဘယ်အချက်က အဓိကကျသလဲဆိုတာ ဆရာအားမယ်ဆိုရင် ယိင်းစမ်ကို ဆွေးနွေးပေးဖို့ တောင်းဆိုပါတယ်ရှင်။

ဆရာဝန်တော့ ဟုတ်တယ်။ ဆေးစာတွေလဲ ရေးပါတယ်။ ဒါကလဲ အခုလိုသာ (ဘလော့ခ်) မှာ ရေးတာပါ။ နိုင်ငံရေး ကိုတော့ ပုံနှိပ်တာရော၊ (အင်တာနက်) စာမျက်နှာတွေမှာပါ ဖေါ်ပြကြတာတော့ ရှိတာပေါ့။ အဲဒီ အကြောင်းအရာကို မြန်မာလိုမရေးရတာ များတယ်။ ကိုယ်ဖတ်စေချင်တာက တခြားလူမျိုးတွေ ဖြစ်နေကြလို့ပါ။

စာလဲဖတ်ပါတယ်။ ငယ်ငယ်ကတည်းကနေ အခုထိပါ။ သာသာရပ်လဲ အမျိုးအစား မနည်းလှပါ။ သုတ၊ သမိုင်း၊ ကိုင်းရှိုင်းရမဲ့ ဘာသာရေး၊ ဗမာလိုရေးတာ၊ အင်္ဂလိပ်လိုရေးတာ၊ အစုံပါဘဲ။ သိစရာတွေက ကြာလေများလေ။ ဒီတော့ ဖတ်တာ မများသေးဘူးလို့ သိလာတယ်။ စာတအုပ်-စာတပုဒ်ကို နောက်တခါ ထပ်ဖတ်ရင် မတူတာ သိကြပါမယ်။

ဆေးစာတွေကို ရေးတာမှာတော့ ထူးခြားတာရှိတယ်။ ဆေးပညာက တိုးတက်ပြီး၊ အသစ်တွေ သိလာနေတာမျိုးထဲမှာ ပါတယ်။ ဒီတော့ အရင်က ရေးထားတာကို ပြန်ဖတ်ရင်း ပြန်ချောနေမှ၊ ပြန်ပြင်နေမှ စာကလတ်ဆတ်နေပြီး၊ အမှန်နဲ့ ပိုနီးစပ်မယ်။ ဆေးပညာ-စာတပုဒ်ဟာ နှစ်လ ရှည်ကြာ မခံပါ။ ဂန္တဝင်လဲ ဖြစ်မှာမဟုတ်ပါ။

ဒုက္ခသည်တွေကို ဆေးကုရာမှာ ဆရာ့ကိုစေတနာနဲ့ လာကူသူတွေကို စာသင်ပေးဘို့ အင်္ဂလိပ်လိုသာရှိတဲ့ ဆေးစာတွေကို သူတို့တတွေ နားလည်လောက်မဲ့ အဆင့်လောက်မှန်းပြီး၊ ဘာသာပြန်ရတာကနေ ဆေးစာဆိုတာတွေ စလာခဲ့ပါတယ်။ နားလည်လောက်မယ့် ဆိုတာကို မှန်းဆရတာ ပညာတခုပါ။ ရေးဖန်များရင် အရေးစွမ်းရည် တတ်သူတွေ ရှိပေမဲ့ အခုလို ဆေးစာမှာ သိပ်သွက်လို့ မကိုက်ဘူး။ လူအများကို ခြုံမိနိုင်အောင် ကြံဆရတယ်။ အလင်္ကာတွေပါရင် ဘာတွေလဲ သိကြမှာ မဟုတ်ပါ။

စကားဖလှယ်ရတာကိုအခြေခံ၊ မှန်ယုံနဲ မပြီးပါ။ ဖတ်ရင်လဲ သဘောပေါက်၊ နောက်လဲ မှတ်မိနေမှ။ အသုံးအနှုန်းကလဲ ယဉ်လောက်မှာ ရှာရတယ်။ အရေးမတတ်လဲ ဆဲသလိုဖြစ်မယ်။ တခြားစာတွေကို ရေးရတာထက် တာဝန်ပိုတယ်။ ဖတ်တဲ့သူကို ဆေးကုတာမျိုးလဲ ဖြစ်နေတော့ ရသမြောက်ရေးထက် ရောဂါသက်သာရေးက ဆေးစာရေးသူရဲ့ ဦးတည်ချက် ဖြစ်ရတယ်။

တချို့စာရေးဆရာတွေက နုတ်တိုက်ချပြောပေးတာနဲ့ ပုံနှိပ်စာအုပ် ဖြစ်နိုင်ကြတယ်။ တချို့ဆရာတွေက ကိုယ်တိုင် လက်နဲ့ရေး၊ ဒါမှမဟုတ် လက်နှိပ်စက်နဲ့ ရိုက်ကြတယ်။ ခုခေတ်မှာ (ကီးဘုတ်) ဖြစ်လာသလို၊ အသံဖမ်းစက်နဲ့ (ဒစ်တိတ်) လုပ်ကြတာလဲ မြင်ဘူးတယ်။ စာတအုပ် ဖြစ်လာအောင် အယ်ဒီတာလို ကြွမ်းကျင်သူတွေက ဝိုင်းကူ-ဖြည့်ဆီးပေးကြတော့ အကောင်းစားတွေ ထွက်လာတော့တယ်။ ကိုယ့်ဆေးပညာစာ ဆိုတာတွေက အဲလောက် ကံမကောင်းဘူး။ ကိုယ်ရေးတာ ကိုယ်တိုင် စာရိုက်၊ (ပရုဖ်) ဖတ်၊ သတ်ပုံပြင်။ ဆေးပညာ စာပေါင်း မနည်းတော့ဘူး။ စာလုံးတိုင်းကို ဆရာကိုယ်တိုင် ကီးဘုတ်မှာ ရိုက်ရတာမို့ “စာရိုက်ဆရာ” ဖြစ်ပါတယ်။

ဆရာတို့နေရာ ကျည်လွတ်-နယ်မြေမှာ လွတ်လပ်ပါတယ်။ အထဲမှာတော့ (ဆင်ဆာ) ဆိုတာ (ဆန်ခါ) သလိုမဟုတ်ဘဲ၊ ရောဂါရနေတဲ့ ကျောက်ကပ် နဲ့ ပိုတူတယ်။ အသုံးကျမှာတွေကိုပါ စွန့်ထုတ်ပြစ်တော့ (ဆင်ဆာ) လွတ်တာသာ ဖတ်ရသူတွေဟာ တခါတခါ အခွံအကာသာ စားကြရတာမို့ “မြန်မာပြည်မှာ စာအာဟာရချို့တဲ့သူတွေ မနည်းပါ။”

စာနဲ့ဆေးကုရရင်လဲ ကောင်းမှာဘဲလို့ အကြံရလာပြန်တော့ မေးတာလေးတွေ ပြန်ဖြေဘို့ ရေးရတာ ဖြစ်လာပြန်ရော။ ပညာပေးတွေ အတော်အသင့် ဖတ်ဘူးခဲ့တယ်။ ကျန်းမာရေး-ပညာပေးလဲ အပေးခံရဘူးသလို ပေးဘူးတာတွေလဲ ရှိတယ်။ ထိရောက်တယ် မထင်တာကများတယ်။ ကျောင်းသားဘဝမှာ သင်ပေးတဲ့စာကို နားမလည်တာ၊ နားမစွဲတာတွေ ရှိဘူးတာချည်း ထင်ပါတယ်။ ကိုယ်ကသင်ပေးရတဲ့ဘဝ ရောက်တော့ အဲလိုမဖြစ်အောင် ကြိုးစားမှု ပိုကြရပါလိမ့်မယ်။

စာရေးဆရာ၊ ကဗျာဆရာများ ဈာန်ဝင်မှ စာရေးကြတယ်လို့ ဖတ်ဘူးတယ်။ ဆေးပညာစာကို ရေးတော့ အဲလို ဈာန်ရဘို့ မလိုတာဘဲထင်ပါရဲ့ မေးတဲ့သူရှိရင် ရေးထွက်နေရတယ်။ ဒါပေမဲ့ စေ့ဆော်မှု ရှိရပါတယ်။

ဖန်တီးမှုလို့တော့ မခေါ်ထိုက်ပေမဲ့ စာတပုဒ်ကို တည်ဆောက်ယူရပါတယ်။ ဒီရောဂါ ဒါ့ကြောင့်ပါ၊ ဒါသောက်၊ ဒါရှောင်၊ ဒါဆောင်၊ ၁၊ ၂၊ ၃၊ ၄ ရေးလဲ ဖြစ်တော့ဖြစ်ပါတယ်။ တခါတလေလဲ အဲဒီပုံသေနည်း သုံးရပါတယ်။ ဖုတ်ပူ-မီးတိုက် သိချင်နေသူတွေအတွက် အဲလို ဆေးညွှန်းစာရေးသလိုမှ ကောင်းတယ်။ တကိုယ်လုံး ယားယံနေပါတယ်ဆိုမှ ဆရာဝန်က ခြေဆင်းတွေရှည်၊ ကာရံတွေ ရှာနေရင် သူ့ခမြာ ဝေဒနာတာရှည်နေမှာပေါ့။

စကားပြောတာဖြစ်ဖြစ်၊ စာရေးတာဖြစ်ဖြစ် ပင်ကိုယ်ဟန်တွေ ကိုယ်စီရှိတတ်ကြတယ်။ ကျွန်တော်က မြောက်တာ မမြောက်တာထား၊ Sense of humor ဟာသလေး နှောလိုက်ခြင်တယ်။ တချို့က Satire သရော်စာထင်ပြီး သရော်စာလဲ မမြောက်ဘူးလို့ ဝေဖန်တာခံရဘူးတယ်။ အဓိပ္ပါယ်ဖွင့်တာ သေခြာကြည့်ပါ Satire ဆိုတာ လူတဦးဦး-အကြောင်းအရာ တခုခုကို Scorn, Derision, Ridicule ဆဲရေး-တိုင်းထွာ၊ ရှုတ်ချတာကို ခေါ်တယ်။ Humor ဆိုတာက Amusing, Comical, Incongruous, Absurd ပျော်စေ-ပျက်စေ၊ ကလက်စေသဘောသာ ဖြစ်ပါတယ်။

ဘာကိုရေးရေး ကလောင်နာမည်ဆိုတာ မသုံးတတ်ပါ။ မိဘနှစ်ပါးပေးတဲ့နာမည်၊ အစိုးရ-ဂေဇတ်ပါ နာမည်အတိုင်း ရေးပါတယ်။ တချိန်ကျရင် ဒါဘယ်သူ့လက်ရာ သိကြမှာပါဘဲ။ ဒီတော့မှ ချီးမွမ်းစရာဆိုထားပါ။ ထောက်စရာ ငေါက်စရာ တွေ့ရင် ဒါ ဘယ်သူ့ သားသမီးလဲ၊ ဘယ်ဆရာ့ တပည့်လဲဆိုရင် ကိုယ့်အတွက်နဲ့ မိဘတွေ၊ ဆရာတွေပါ ထိခိုက်နေမယ်။ (တယောက်စနှစ်ယောက်စကတော့ ဘယ်ပါတီကလဲအထိ ပြောတယ်။)

Dr. တင့်ဆွေ
၁၅-၃-၂ဝ၁၁

Read more...

Thursday, November 14, 2013

Doctor, Relatives and Relativity (2) ဆရာဝန်တွေ ဆွေမျိုးကို ဆေးကုရင် (၂)

Q: ဆရာဝန်တွေ ဆွေမျိုးကို ဆေးကုရင် (၁) ကိုဖတ်ပြီး အတွေးတွေပွားရပါတယ်ဆရာ။ မင်းဘက်ကကြည့်တော့ လက်ဖဝါး ငါ့ဘက်ကကြည့်တော့ လက်ဖမိုး-ဆိုသလိုပေါ့။ ဘယ်သူမှားပါတယ်လို့ ပြောလို့မရသလို ကိုယ်လုပ်စရာရှိတာကို ဆက်လုပ်။ ဒါအမှန်တရားပဲ မဟုတ်လားဆရာ။

A: “တဘက်က ကြည့်တော့ လက်ဖဝါး နောက်တဘက်က ကြည့်တော့ လက်ဖမိုး” ဆိုတာ ပြောကြတယ်။ သူလဲ မမှား၊ ကိုယ်လဲမှန်ဆိုတဲ့ သဘာကောင်းမှုထက် ကျော်လွန်ကြည့်ရအောင်ဗျာ။ “လက်ဟာ လက်” လို့အထိမှာတင် ရပ်နိုင်ရင် ဘက်ဆိုတာ နှိုင်းနေတာသာဖြစ်တာ သိလာမယ်။

ခပ်ရွယ်ရွယ်တုံးက ဆရာတော်တပါး မေးတာ ခံရဘူးတယ်။ “စစ်ကိုင်း-တံတားက အသွားလမ်းလား၊ အပြန်လမ်းလား” တဲ့။ မန္တလေး ဆေးကျောင်းသားလဲ ဖြစ်ဘူး၊ စစ်ကိုင်း ဆေးရုံမှာလဲ တာဝန်ကျဘူးတဲ့ ဒကာလေးခင်မျာ ဘုန်းကြီးကျောင်းထဲမှာ ထိုင်နေပါလျှက်နဲ့ လူက (စိတ်က) စစ်ကိုင်းပြေးလိုက်၊ မန္တလေးပြေးလိုက်၊ ချွေးသာပြန်တယ်၊ အဖြေမှန် မထုတ်တတ်ခဲ့ပါ။

“အတွေးပွားတယ်” ဆိုတာ ကျင့်စဉ်တခုလိုဘဲ။ နောက်ဆိုရင် အဆင့်တက်လာလိမ့်မယ်။ ချွေးပြန်အောင် တွေးနေသူကို ဆရာလုပ်သူကနေ တောင်ဝှေးနဲ့ ရိုက်လိုက်လိမ့်မယ်။ ရုတ်တရက် ရပ်လိုက်တာနဲ့ အတွေးသမားရဲ့ ဥာဏ်ထဲမှာ ဖြတ်ကနဲ တခုခုရလိုက်ရင် တခန်းရပ်သွားပြီ။ တဆင့်တက်ပြီ။ မရသေးရင် နောက်တနည်း လာလိမ့်မယ်။

လက်ကို ဟိုဘက် ပြေးကြည့်လိုက်၊ ဒီဘက်က ပြန်ကြည့်လိုက်နဲ့ ခရီးလဲပန်း၊ စိတ်လဲနွမ်းလှတယ်။ တင်ကူးစိတ်နဲ့ အတိတ်ဟောင်းအတွက် အဝေးကြီးခရီး ခေါက်တုံ့ခေါက်ပြန် သွားနေတတ်ကြတယ်။ ဘယ်သူက အသွားခိုင်းသလဲ။

“ငါသည် ရပ်နေ၏၊ သင်သာရပ်လော့” လို့ လက်ညှိုးဖြတ်ဘို့ ပြေးလိုက်နေသူကို မြတ်စွာဘုရားရှင်က မိန့်တော်မူဘူးတယ်။

“မေးခွန်းတွေဖြေရင် မှန်သားကြေးမုံမှာ ပေါ်တဲ့အတိုင်းသာဖြေရမယ်” လို့ သင်ပေးတယ်။ တစိုးတစိမှ အပိုရော အလိုရော ကင်းနေတာ ပြောတာ။ ဖြည့်ပေးတာ သဘောကောင်းတယ်လို့ အရပ်ပြောတော့ ရှိတယ်။ ရောဂါကို စစ်တာမှာ သွားသာ ဖြည့်လိုက်ရင် တက်တက်စင်လွဲရော။

ဆေးကုရာမှာ ကိုယ့်အမျိုးအရင်းတွေကို ကိုယ်တိုင်ဆေးမကုဘို့ ဆရာဝန်တွေကို လမ်းညွှန်တားမြစ်ထားတယ်။ လူဆိုတာ ဘက်လိုက်တတ်ကြတယ်။ နည်းနည်းနဲ့ များများတော့ ကွာတယ်။ လူတိုင်းက တည့်တည့် မကြည့်တတ်ဘူး၊ လူတိုင်းက စိတ်လှုတ်ရှားတတ်ကြလို့ သတ်မှတ်ချက် လုပ်ထားရတယ်။

• Doctors 'should avoid treating family' http://news.bbc.co.uk/2/hi/health/8316142.stm
• Why doctors shouldn't treat family members http://thechart.blogs.cnn.com/2012/01/09/why-doctors-shouldnt-treat-family-members/
• Doctors should not treat family http://www.healthcare-today.co.uk/content.php?contentId=12965

Dr. တင့်ဆွေ
၂၆-၁၂-၂ဝ၁ဝ

Read more...

Doctor, Relatives and Relativity (1) ဆရာဝန်တွေ ဆွေမျိုးကို ဆေးကုရင် (၁)

23 Dec 10, 14:52
“ရပ်တာမတ်ရင် အရိပ်မစောင်းဘူး” ဆိုတဲ့ ခေါင်းစဉ်နဲ့ တစ်ပုဒ်လောက် ရေးပါလား။

အတော်စဉ်းစား၊ အတော်တွေးကြည့်ပါတယ်။ “ရပ်တာက မတ်နေပေမဲ့ ထွက်လာတဲ့အရိပ်က စောင်းနေတာ ရှိသလား”။ အရင်ဆုံး မတ်မတ်ရပ်တဲ့ ဥပမာတွေ လိုက်စဉ်းစားတယ်။ ရုပ်ထုမားမားကြီးတွေက ခေါင်းထဲ ဝင်လာတာပေါ့။ ရန်ကုန်က ဦးဝိစာရကျောက်တိုင်၊ ဒေလီက Qutab Minar (ကွိတပ်-မီနား)၊ နယူးယောက်က Statue of Liberty (လစ်ဗာတီ) ရုပ်ထု၊ ခရစ်စမတ် ကာလဆိုတော့ ဘရာဇီးလ်က Christ the Redeemer ရုပ်တုတွေကိုပါ မြင်လာတယ်။

ဒီ အထင်ကရတွေအပေါ် နေထိုးလို့ အရိပ်တွေထွက်တာ ဘယ်လိုပါလဲ။ (လစ်ဗာတီ) အရုပ်ရဲ့အရိပ်က (ဟတ်ဆန်) မြစ်ရေမှာ ပေါ်နေတာမို့ ရေလှိုင်းက ငြိမ်နေတာ မဟုတ်ဘူး။ ပဲရစ်က Eiffel Tower လဲ ခေါင်းထဲ ဝင်လာပြန်တယ်။ သူ့ကြ အရိပ်က ကောင်းကင်ထဲ ပေါ်နေတယ် ပြောရမလား၊ အောက်ကနေ မီးဆလိုက်တွေ လှနေအောင် ထိုးထားလို့။ လေယာဉ်ပျံစီးရင်း ကိုယ့်လေယာဉ်ရဲ့ အရိပ်ကို မြင်ရတဲ့အခါ အောက်က မြေပြင်၊ ရေပြင်၊ သစ်ပင်၊ တောင်ကုန်းတွေပေါ်မှာ ရိတ်ကနဲ မြင့်သွားလိုက်၊ သိမ့်ကနဲ နိမ့်သွားလိုက်နဲ့၊ အရိပ်မစောင်းဘူး ပြောရအောင် မမိုက်ဘူး ဖြစ်နေပြန်ရော။

ဒီတော့ ဘယ်လို ကောက်ချက်ဆွဲမလဲ။ အရိပ်ထွက်စေတာ မတူရင် အရိပ်ကျတာ မတူဘူး။ အရိပ်ကျတဲ့နေရာ မတူရင်လဲ ကွဲပြားတယ်။ ဒါဘဲလာ့း့၊ မဟုတ်သေးပါ။

အလံလွင့်နေတာ မြင်ဘူးမှာပေါ့။ တယောက်က “အလံ လွင့်နေတယ်”။ တယောက်က “လေက လွင့်နေတာပါကွာ”။ နောက်တယောက်က “မင့်စိတ်ကသာ လွင့်နေတာ” တဲ့။

ကျောင်းသားတွေ ငယ်ငယ်ကဆိုရင် သိပ္ပံဘာသာကို စိတ်ဝင်စားကြတာ များတယ်။ “လက်တွေ့မပါ လာမပြောနဲ့” ဖြစ်လာကြရော။ လူကြီးတွေက ဘာသာရေး ပြောဟောနေရင်း နားကြားပြင်း ကပ်တတ်ကြတယ်။ အတိတ်၊ အနာဂတ်၊ ကံ၊ ကုသိုလ်၊ စတာတွေဟာ ဟိုက်ဒရိုဂျင် ၂ လုံးနဲ့ အောက်စီဂျင် ၁ လုံး ပေါင်းပြတာလို မဟုတ်တော့ လက်မခံချင်ကြသူ မနည်းဘူး။

ရုပဗေဒကို ခပ်ကြာကြာ မသင်ဘူးလဲ (အိုင်းစတိုင်း) ရဲ့ နာမည်ကျော် “ရီလေတစ်ဗတီ-သီအိုရီ” ဆိုတာ စာဖတ်ရင်းနဲ့ ရင်းနှီးကြပါလိမ့်မယ်။ သိပ္ပံဘာသာသင်ရင်း ဝိဇ္ပ္ပ္ဇာဘာသာ စိတ်ဝင်စားနေသူတွေလဲ ရှိတာဘဲ။ ဆယ်တန်းမှာ ဟိုခေတ်က “မြန်မာစာ စကားပြေ လက်ရွေးစဉ်” ကို ပြဋ္ဌာန်းစာအုပ် လုပ်ဘူးတယ်။ အမှန်က (အို-ဘီ) ခေါ်တဲ့ စိတ်ကြိုက်-မြန်မာစာ ယူတဲ့ ကျောင်းသားတွေကိုသာ သင်တာပါ။ (အိုင်းစတိုင်း) ရဲ့ ရှုတ်ထွေးလွန်းလှတဲ့ နိယာမကို ဗမာလို ရှင်းကနဲနေအောင် ဥပမာတွေပေးရေးထားတာ အဲဒီစာအုပ်ထဲမှာပါတာကို စိတ်ကြိုက်မြန်မာစာ မယူပေမဲ့ကြိုက်လို့ ဖတ်ဖြစ်ပါတယ်။

မီးရထား နှစ်စီး ပြေးနှုန်း မတူဘဲ၊ အရပ်မျက်နှာ တခုထဲ ဆိုပါစို့ မြောက်ဘက်ကို တနာရီ ၂ဝ မိုင်နှုန်း၊ ၃ဝ မိုင်နှုန်းနဲ့ သွားနေကြတယ်။
• ဘူတာမှာရပ်နေသူက "ရထားတစီးက ၃ဝ နှုန်းနဲ့ မြောက်ဘက်ကို၊ တစီးက ၂ဝ နှုန်းနဲ့ မြောက်ဘက်ကို သွားနေတယ်" လို့။
• နောက်ကျနေတဲ့ ရထားပေါ်ကလူက "ရှေ့ကရထားဟာ (၃ဝ - ၂ဝ = ၁ဝ) မိုင်းနှုန်းနဲ့ မြောက်အရပ်ကို သွားနေတယ်" လို့။
• ရှေ့ရထားပေါ်ကလူက "နောက်ရထားဟာ တနာရီ ၁ဝ မိုင်နှုန်းနဲ့ တောင်အရပ်ကို သွားနေတယ်" လို့ ပြောပြန်တယ်။ ဘယ်သူ မှန်ပါသလဲ။

မောင်ကျောင်းသားတွေ အရွယ်လေးရလာတော့ ဘာသာရေးမှာ ပရမတ် (ပရမတ္တ) ဆိုတာလဲ ကြားဘူးလာကြတယ်။ နားမဝင်၊ သဘောမပေါက်သူ များပါလိမ့်မယ်။ သိပ္ပံထဲကနေ Relative truth နှိုင်းရအမှန်ဆိုတာ သင်လာ၊ ဖတ်လာရမှ အော့် ဒါလား ဖြစ်လာကြတယ်။ တိုတယ်ဆိုတာ သူ့ထက် ရှည်တာနဲ့ နှိုင်းမှ တိုတာလို့ ခေါ်နိုင်တယ်။ ချမ်းသာတယ် ဆိုတာလဲ သူ့ထက် မွဲတဲ့သူနဲ့ ယှဉ်ပြောမှ ရတယ်။ မျဉ်းဖြောင့်ဆိုပြီး အကောင်းဆုံး ပေတံနဲ့ ဆွဲထားပါစေ၊ တကယ် ဖြောင့်မနေဘူး။ ကမ္ဘာကြီးက လုံးဝန်းနေတယ်။ ကမ္ဘာ့ဆွဲအားဆိုတာလဲ သက်ရောက်နေတယ်။

ဖြည့်ကြည့်တတ်တာ တခါတလေ အသုံးကျတယ်။ တခါတလေ အမှားကျူးလွန်ရာကျတယ်။ ဒါနဲ့လဲ မပြီးသေးပြန်ဘူး။ အတုံးလိုက် အတစ်လိုက်သာ မြင်သူ၊ သိသူ-ပြောသူ-ရေးသူတွေဟာ "လူ့ဂွစာ" လို့ ခေါ်ခံရနိုင်တယ်။

“ဘုရားစဉ်မှာ ဆွမ်းတော်တင်တာ ကြွက်လမ်းပြသာဖြစ်တယ်” လို့ ပြောတာဟာ မမှန်ဘူးလို့ အပြတ်တော့ငြင်းမရဘူး။ ဒါပေမဲ့ ဒီအပြောဟာ တဖက်ကနေကပ်ကြည့်ပြီးသာပြောတာ မဟုတ်လား။ ကုသိုလ်ပြုတာဖြစ်ဖြစ်၊ တလွဲလုပ်တာဖြစ်ဖြစ် ကံသုံးပါးလုံး ပါရတယ်။ ဘုရားစဉ်က ဆွမ်းတော်ဆီကို ခဏနေရင် ကြွက်-ယင်-ခြင်-ပိုးဟပ်လာမှာပေါ့လို့ ပညာအမြင်နဲ့ ပြောတယ်။ ဆွမ်းကပ်သူရဲ့ စိတ်အစဉ်ကို မြင်ကြည့်နိုင်တဲ့အထိ ပညာကမရောက်တတ်ဘူး။

တချို့က “ဖက်နှစ်ဖက် ကြည့်ပါ” ပြောတယ် ပညာရှိသလိုဘဲ။ နိုင်ငံရေးမှာလဲ မတောက်တခေါက် အနောက်က ပညာရှင်တွေရော၊ (မီဒီယေတာ) ဝင်လုပ်ချင်သူတွေကရော ဟိုဘက်က နည်းနည်းလျှော့၊ ဒီဘက်က နည်းနည်းပြော့ ခိုင်းတတ်တယ်။ တဖက်ဖက်တော့ မလိုက်သလိုဘဲ။ "မတူတဲ့ နှစ်ဘက်လုံး (ဆိုးတာရော-ကောင်းတာရော၊ မှန်တာရော-မှားတာရော) ကို ဆတူဘဲ" လို့ ပြောနေတာ။ “အမှားကို အမှတ်တဝက်ပေးနေတာဖြစ်တယ်။”

“ငါက အိပ်ချင်ရင် အိပ်လိုက်တယ်။ စားချင်ရင် စားလိုက်တယ်။” လို့ ပြောတာဟာ လူပျင်းကနေ ပြောနေတာ ဟုတ်ချင်မှ ဟုတ်မယ်။ အိပ်ချင်ပေမဲ့ အိပ်မရတာမျိုးဖြစ်တာ အားလုံးလောက်ဖြစ်ဘူးမယ်ထင်တယ်။ ကျွန်တော့ဆီလာတဲ့ မေးခွန်းတွေ မနည်းဘူး။ စားချင်လို့ စားနေပေမဲ့ ကောင်းလိုက်တာ၊ မကောင်းဘူး၊ ဟိုဟာစားရရင် ပိုကောင်းမှာဘဲ၊ မတွေးတဲ့သူ ရှိသလား။

ထူးခြားတဲ့ပုဂ္ဂိုလ် (ရဟန္တာ) ဆိုတာ ဖူးချင်တယ်ဆိုလို့ ဝါးရုံတောထဲကို ခေါ်သွားတယ်။ “ဒီဝါးက ဖြောင့်တယ်။ ဒီဝါးက ကောက်တယ်။” လို့သာ ပြောပြလိုက်တယ်။ ကောက်နေတာကို ဖြောင့်စေချင်စိတ် မရှိသူ။ ကောက်နေလို့ ကြောင့်ကျစိတ် မဝင်သူ။ တွယ်တာစိတ်၊ မက်မောစိတ်ကင်းသူ။ ဘာဆိုဘာမှ မဖြစ်သူဆိုတာ လွန်မြောက်သူဘဲ။

ရှိတာကအတည့်၊ အလင်းကဖြောင့်တန်း၊ အရိပ်ကျရာက ညီညာပေမယ့်၊ အရိပ်ကြည့်သူက လူဖြစ်ပါတယ်။ လူဖြစ်တဲ့ဆရာဝန်တွေ သတိထားရမှာကို စာအဆက်မှာသာ ရေးပါရစေ။

Dr. တင့်ဆွေ
၂၄-၁၂-၂ဝ၁ဝ

Read more...

Wednesday, November 13, 2013

Specialist အထူးကု

ဆေးပညာဘွဲ့ ရပြီးတဲ့နောက် သူငယ်ချင်းတချို့ ဘွဲ့လွန်တက်ကြရတယ်။ တချို့ကြ တခြားနိုင်ငံ သွားပြီးတောင် ဘွဲ့ထပ် ယူနိုင်ကြသေးတယ်။ သူတို့အားလုံး အတော်ကြိုးစားကြရတာပါ။ စာကြိုးစားတာ တခုထဲတော့ ဘယ်ဟုတ်မလဲ၊ မရရအောင်လုပ်ယူရတဲ့ ကြိုးစားမှုတွေလဲပါရတာ။ ကံဆိုတာကလဲ လိုပြန်သေးတယ်။ အားလဲကျပါရဲ့၊ ကိုယ်မဖြစ်ရလို့ အများကြီးတော့ စိတ်မပျက်ပါ။ ခံစားမှုတော့ ရှိတာပေါ့။ ကိုယ်မဖြစ်တဲ့အခါ ခေတ်ကို ယိုးမယ်ဖွဲ့ဘူးတယ်။

အမှန်က ကျွန်တော်တို့ နိုင်ငံမှာ ကြိုးစားသလောက် မပေါက်နိုင်တာ ဆေးလောက တခုထဲတော့ မဟုတ်ဘူး။ ပညာရေးလောက တခုလုံးလဲမကဘူး။ ပိုပြီး သိသာတာက စီးပွါးရေး လုပ်တဲ့လူတွေ။ ကုန်ကုန်ရေးရရင် ကိုယ့်လယ်လေး၊ ယာလေး စိုက်ပျိုးစားသောက်သူတွေရော အကုန်ပါဘဲ။ ဒီတော့ ဘာလုပ်ကြရသလဲ။ ဗမာလူမျိုးတွေမှာ ထူးခြားတာတွေ ရှိတယ်။ အမှန်က လူမျိုးတိုင်းမှာလဲ ရှိကြတာပါဘဲ။ တူတော့ မတူကြဘူးပေါ့။ ကမ္ဘာ့သမိုင်းမှာ တချို့က စစ်အင်အားအရာမှာ ခေတ်ကြီးတခေတ် ပြောင်းသွားစေအာင် စွမ်းနိုင်ခဲ့သူတွေ ရှိခဲ့တယ်။ ယဉ်ကျေးမှုသစ်ကြီးကို စတင်နိုင်သူတွေရှိတယ်။ တချို့က ကိုယ့်အသက်ကို စွန့်ရဲတာမျိုးကို လူမျိုးတွေလိုက် ထင်ရှားခဲ့တယ်။

ဗမာပြည်ရဲ့ လွန်ခဲ့တဲ့နှစ် ၅ဝ ကျော်က သမိုင်းကို ဆန်းစစ်ရင် “မရှိအောင် လုပ်ထားတဲ့ ခေတ်ကာလ” ကို အတော်ကြီး ကြာအောင် ဖြတ်သန်းခဲ့ကြရာတာမို့၊ “မရှိတဲ့အထဲကနေ ဖြစ်အောင်လုပ်တဲ့အတတ်တွေ ထူးချွန်လာခဲ့တယ်။” အဟောင်း ပြင်ရာမှာ အကောင်းနဲ့တူအောင် လုပ်တတ်တယ်။ ဟိုပစ္စည်းမရှိရင် ဒီပစ္စည်းနဲ့ တည့်အောင် တန်အောင် လုပ်တတ်တယ်။ ဂျစ်ကား ဆိုပါတော့ ဒုတိယ-ကမ္ဘာစစ်က ပေါ်ခဲ့တာ။ နောက်ထပ်လဲ မသွင်းဘူး။ ကနေ့အထိ သုံးဖြစ်နေအောင် လုပ်နိုင်စွမ်း ရှိတယ်။ တချို့ဆို အသစ်လို ကောင်းနေအောင် တစီးလုံးကို ကိုယ့်ဖါသာလုပ်နိုင်တယ်။ (စပ်မိလို့ ပြောရအုံးမယ်။ Jeep ကို ဘာ့လို ဒီနာမယ်ပေးလဲ ဆိုတော့ (ဂျီ-ပီ)၊ Government Purpose (GP) ကနေ လာတာတဲ့။ ကျွန်တော်တို့ ဆရာဝန်တွေ အသုံး General practitioner (GP) နဲ့ မဆင်ပါလား။

ဆရာဝန်တွေလဲ အများနည်းတူ မဖြစ်ဖြစ်တဲ့နည်း လုပ်ကြရော။ တောရွာတွေမှာ ရောဂါတွေက တကယ့် (အင်မာဂျင်စီ) တွေ၊ (မေဂျာ) တွေ များမှများ။ ပေါမှပေါ။ ဆေးရုံကြီးတွေမှာဆို အထူးကုဆရာဝန်ကြီးတွေ၊ မမတွေ ကိုယ်တိုင် ကိုင်ရတာမျိုးတွေ။ မမဆိုတာ ပါမောက္ခ ဆရာဝန်မကြီးတွေကို ချစ်-ကြောက်-ရိုသေ ခေါ်ကြတာပါ။ "မာမီကြီး" လို့ မိခင်ဂုဏ်တင်ပြီးအခေါ်ခံရသူကတော့ ၁၅-၁၂-၂ဝ၁၂ နေ့က ၈၉ နှစ်မြောက်မွေးနေ့ကျင်းပသွားတဲ့ မန္တလေးထွက် ဆရာဝန် ကြီးငယ်တွေအတွက်တော့ သမားတော်ကြီး ဒေါ်မြင်မြင့်ခင်တယောက်သာ ရှိသေးတယ်။

တောမှာ တယောက်တည်း တာဝန်ကျတဲ့ ဆရာဝန်အဖို့ကတော့ ဘာအထူးကုမဆို ကိုယ်။ သွေးစစ်ချင်ရင် နေရောင် ထောင်ကြည့်။ ဆီးစစ်ဘို့ ကတော့ ပနယ်စလင် ပုလင်းခွံထဲထည့်။ အရက်ပြန်-မီးခွက်ဟာ ရွာထဲက သံဖြူဆရာ့ လက်ရာ၊ ကောင်းမှကောင်း။ အရက်ပြန်ကလဲရှားတော့ တောအရက် ဦးရေသည်သာ အားထားရာ။ (မီသိုင်လိတ်တက်) မဖြစ်လဲ မတတ်နိုင်ဘူး။ လျှပ်စစ်ဆိုတာ ဝေလာဝေး။ ခွဲဘို့စိတ်ဘို့ လိုသလား။ မြို့သာမှာ ဆီစက်ပိုင် (ဦးလှသောင်း) က ပဲတွေ နှမ်းတွေကို ခွဲလူနာလာချိန်ကျမှ စက်လည်ပေးတဲ့အထိ စေတနာကောင်းတာ။ အုပ်ချုပ်တဲ့လူတွေက အရာရာကို ရှားအောင်လုပ်တဲ့ ခေတ်မယ်၊ လူတွေက စေတနာ မရှားလို့ လူနာတွေ အကျိုးများရတယ်။

ထန်းပေါလှတဲ့အရပ်မှာ ထန်းလျောဆိုတာ လာလိုက်မှဖြင့် မသေရင် ခြေသလုံးကျိုး၊ ပေါင်ကျိုး။ ခါးကျိုး။ ယောနယ်မှာ ထန်းလျောတယ်ဆိုရင် ဘယ်နှစ်ယောက်လဲ မေးရတာ။ မြို့သာဖက်မှာလို စီးပွါးဖြစ် ထန်းလျက်ချက်ဘို့ ထန်းတက်တာ မဟုတ်ဘူး။ ယောသားတွေက ထန်းရေခါးကို ထန်းပင်ပေါ် လင့်စဉ်ထိုးပြီး တက်သောက်ကြတာ။ ကျပြီဆိုရင် တယောက် ဘယ်ကမလဲ။ မူးအတူ ကျိုးအတူ။

တတန်းထဲက တနှစ်တည်းအောင်တဲ့ သူငယ်ချင်းတယောက်က အင်္ဂလန်မှာ အရိုးအထူးကု လုပ်နေလေရဲ့။ ကျွန်တော်လဲ ကိုယ့်နေရာမှာကို အရိုးကို အထူးကုရတာပါဘဲ။ အရိုးအထူးကုဆိုတာ ပေါင်ကို အလေးဆွဲတတ်ရတာ။ လူကောင်ကြီးရင် အုတ်ခဲ ၄ ခဲ၊ သိပ်မကြီးရင် ၃ ခဲ၊ အတော်ဘဲ။ အုတ်ခဲတော့ နိုင်ငံခြားကမှာရတာ မဟုတ်ဘူး။ ကြိုးဆိုတာ နွားဖါးကြိုး အသစ်။ ဘယ်နှစ်ချောင်းလိုချင်လဲ။ ပေါင်အောက်နား ဒူးရိုးကို ကန့်လန့် ဖေါက်ထည့်ဘို့ သံချောင်း။ (ဆာဂျီကယ်-စတီးလ်) မှ လူ့ကိုယ်ကလက်ခံတာဆိုတော့၊ ဘယ်ကရမလဲ။ လိုလျင်ကြံဆ နည်းလမ်းရ။ ဘယ်ကာလက ရှိနေလဲမသိတဲ့ ကိုယ်ဝန် ဗိုက်တိုင်းတဲ့ ကရိယာ၊ မသုံးကြတော့တာ တွေ့ရော။ ခပ်ကွေးကွေး သံချောင်းတဖက်ကို ဖြုတ်၊ ဖြောင့်၊ သွေး၊ ချွန်၊ လိုသလောက် ဖြတ်။ ရရော့မဟုတ်လား။ အကျိုးက တယောက်မကဘူးလား၊ ရတယ်။ ဗိုက်တိုင်းကရိယာတခုမှာ သံချောင်းက နှစ်ချောင်းပါတာ။

ကျောင်းမှာ သင်ရတာချင်း အတူတူ၊ စာမေးပွဲအမှတ် ဖြစ်ဖြစ်၊ ကျောင်းပြီးလို့ နောက်ဆက်ဖြစ်ရတာဖြစ်ဖြစ်၊ တယောက်နဲ့ တယောက် မတူကြတော့ဘူး။ ကျယ်ပြန့်လှတဲ့ ဆေးပညာနယ်ပယ်ထဲက ဘာသာရပ်တခုခုကို ကွက်ပြီး သင်ယူလေ့လာလို့ အထူးကုလုပ်ရတာကလဲ ထူးခြားချက်လို့ မဆိုနိုင်ပါ။ “ဂျင်နရယ်လစ်” တွေထဲက “စပယ်ရှယ်လစ်” ဆိုတာကတော့ နဲနဲ ထူးသလိုရှိပါတယ်။ ဘာအထူးကုမှ မဖြစ်ကြရတဲ့ ကျွန်တော်တို့လို အကောင်းစားတွေအဖို့ တာဝန်ကျတဲ့ နေရာမျိုးတွေက မတူကြပြန်ဘူး။

ဆေးရုံကြပြန်တော့ ဆေးရုံကြီး၊ ဆေးရုံလတ်။ ဆေးရုံငယ်တွေ မတူသေးဘူး။ ဘွဲ့လွန်တက်ချင်ရင် ဆေးရုံကြီးကို ရောက်ဘို့ လိုတယ်။ ဆေးရုံလတ်ရောက်ရင် ကံမဆိုးဘူး။ လက်တွေ့နယ်မှာ ကူညီသင်ပြပေးမဲ့ ကိုယ့်အရင် ဆရာဝန်ဖြစ်သူတွေ ရှိတာကိုး။ အဲ့ ဆေးရုံငယ်လေးတွေကို တန်းရောက်သွားမှဖြင့်၊ သောင်ပြင်အလွှတ်ခံရတဲ့ အကောင်မျိုး ဖြစ်ရော။ မေးစရာလဲ အနားမှာမရှိ။ ဖတ်စရာ စာအုပ်ကလဲ သူများပေးလိုက်ပြီ။ အတ္တာဟိ အတ္တနော နာထော အစစ်။

ဝါသနာလို့ ပြောတာထက် တန်ရာတန်ရာ၊ သန်ရာသန်ရာ ဖြစ်ရတယ်လို့ဆိုတာ ပိုနီးစပ်မယ်။ သူငယ်ချင်း တချို့က ဆေးဝါးနဲ့ ကုရတာမှာသန်တယ်။ တချို့က ခွဲတာ-စိတ်တာမှာ သန်တယ်။ တချို့က “ပတ်ဘလစ်-ဟဲ့လ်သ်” ခေါ်တဲ့ ရောဂါကာကွယ်ရေး သန်တယ်။ အတူတူနဲ့ အနူနူထဲက တန်ရာ၊ သန်ရာတွေ ဖြစ်လာကြတယ်။ ဆေးကျောင်း ၇ နှစ်မှာ အတူတူချင်းပေမဲ့ နောက်မှာ ဘာလို့ မတူကြတော့တာလဲ။

ဗမာတွေက တိတိကျကျ ပြောမရတဲ့ ပစ္စည်းကို “ဓါတ်” ဆိုပြီး ခေါ်တယ်။ ဓါတ်ခဲ၊ ဓါတ်မီး၊ လိုမျိုးပေါ့။ လူ့ဘဝမှာ ရေရေရာရာ မသိဘဲ ဖြစ်လာတဲ့ အကျိုးတရားမျိုးကို ကံကြောင့်လို့ ပြောလေ့ရှိတယ်။ ဆေးပညာမှာတော့ ဖြစ်စေတတ်တဲ့ အကြောင်းရင်းကို သေသေခြာခြာ မသိတာကို Primary လို့ သုံးတယ်။ ဥပမာ သွေးတိုး ရောဂါမျိုး။ ရှင်းမပြတတ်တာကို X လုပ်လိုက်တယ်။ ၁၈၉၅ ကပေါ်ခဲ့တဲ့ X-ray ဓါတ်မှန်။ ဒီနောက် ၁၉၆ဝ မှာစပေါ်တဲ့ နာမယ်ကြီး ကာတွန်း၊ နောက် ရုပ်ရှင်ကိုလဲ X-men လုပ်တယ်။

အထူးကုမဟုတ်တဲ့ ဆရာဝန်တွေ တဖက်ဖက်မှာ ပိုပြီး ကြွမ်းကျင်လာတာမျိုးကို ဘယ်လိုပြောရင် အသင့်ဆုံးဖြစ်မလဲ။ ဆေးစကားနဲ့ ဆိုရင် Acquired က အနီးစပ်ဆုံးလို့ ထင်တယ်။ မိဘတွေဆီက ပါလာတာလဲ မဟုတ်။ ကံကြောင့်ချည်းလဲ မဟုတ်။ အကြောင်းတိုက်ဆိုင်ပြီး ဖြစ်ရတာမျိုး။ Acquired ဆိုတာ AIDS (Acquired Immune Deficiency Syndrome) ထဲက (အေ) ဆိုတဲ့ စကားလုံးကို ဆိုလိုတာ။ လုပ်လို့ ဖြစ်ရတဲ့သဘောလဲ ပါတယ်။ လက်ထောက်ဆရာဝန်ကို AS (Assistant Surgeon) လို့ခေါ်တာကို ကျွန်တော်က Acquired Specialist (AS) လို့ ရှာရှည်မိတယ်။

Dr. တင့်ဆွေ
၁၆-၁၁-ဝ၉ ကရေးသည်။

Read more...

7-year is not enough ဆရာဝန်ဖြစ်ဘို့ ဆေးပညာဘွဲ့နှင့် မလုံလောက်တဲ့ခေတ်

အလုပ်ရရခြင်း မုံရွာဆေးရုံကြီးမှာ တာဝန်ကျတယ်။ ကံကောင်းပြန်တာဘဲ၊ ကျွန်တော်က မုံရွာသားလို့ ပြောလို့ရတယ်။ ၅ နှစ်သား ကတည်းက ဇာတိဖြစ်တဲ့ ပုလဲမြို့နယ်၊ မင်းရွာကနေ မုံရွာကို ရွှေ့နေခဲ့ရတာ။ ၁၉၅ဝ လောက်က ရောင်စုံ သူပုန် ခေတ်ကိုး။ အဖြူ-အဝါ-အနီ စုံနေတာဘဲ။ ငယ်သေးတော့ သိပ်မသိပါဘူး။ အိမ်ကို စစ်တပ်လဲ လာတယ်၊ အစိုးရကို တိုက်နေတဲ့ အဖွဲ့တွေကလဲ တမျိုးပြီး၊ နောက်တမျိုးလာတယ်။ လက်နက်ဆိုတာ ပေါသလား မမေးနဲ့၊ ခြင်းတောင်းထဲမှာ တည့်ထားတာ အခုထိ မျက်စိထဲ မြင်နေတုံးဘဲ။ ဓါးပြတွေကလဲ သောင်းကျန်ကြတာ ညညဆို ခွေးဟောင်ရင် သတိသာ ထားပေရော့။ ဓါးပြက လက်နှိပ်ဓါတ်မီး ငါးတောင့်ထိုးနဲ့လာတာ။ နောက်ဆုံးတော့ ကျွန်တော့်မိဘတွေ နွားလှည်းတစီးနဲ့ ရွာကနေ အပြီးအပိုင် ထွက်ရပြီး၊ မုံရွာမှာ (ရီဆက်တဲလ်) လုပ်ရတော့တာဘဲ။

မုံရွာမှာခဏတာဝန်ကျပေမဲ့ ကံမကောင်းတာက (မဆလ) ခေတ် စမ်းသပ်ခံဘဝတွေ ဖြတ်သန်း ရင်ဆိုင်ရသူတွေ ဒုနဲ့ဒေးထဲမှာ ဆရာဝန်ဖြစ်စတွေလဲ ပါလို့ပါ။ အစိုးရမှာ ငွေမရှိတာလား၊ ရွှေဥာဏ်တော် စူးရောက်တာလား မသိဘူး။ အလုပ်ဝင်ဝင်ချင်း ဆရာဝန်တချို့ကို (ဂျေအေအက်စ်) အငယ်တန်း ဆရာဝန်ဆိုပြီး၊ အငယ်တန်းအရာရှိ လစာနဲ့ ခန့်တယ်။ ထုံးစံက ဆရာဝန်ဖြစ်တာနဲ့ ဂေဇက်ဝင်အရာရှိ ဖြစ်ရတာပါ။ ၄၅ဝ စကေးလို့ လဲခေါ်ခဲ့တယ်။ (ဂျေအေအက်စ်) က ၃၂ဝ စကေးပဲရတယ်။ ဒါပေမဲ့ တနှစ်တောင် မကြာဘူးထင်တယ်၊ အဲဒီစနစ်ကို ပြန်တည့်ပေးလိုက်ပြန်ရော။

မုံရွာမှာ တနှစ်ကျော်ကျော်လေး တာဝန်ကျပေမဲ့၊ ဖေါင်ကြီးသင်တန်းဆိုတာကို ၄ လတိတိ သွားတက်ရတယ်။ ဖေါင်ကြီးသင်တန်းမတက်ရင် အလုပ်မရ၊ ဘွဲ့လွန်မတက်ရ၊ နိုင်ငံခြားသွား စာမသင်ရတာတို့ လုပ်ထားတယ်။ အစိုးရဝန်ထမ်း လုပ်သူမှန်သမျှ၊ အရာရှိရော-မရှိရော တက်ကြတဲ့ မဟာသင်တန်းကျောင်းကြီး ဖြစ်တယ်။ အဆင့်လိုက် သင်တန်းအမျိုးမျိုးခွဲထားတာ။ ဆရာဝန်တွေ တက်ရတာကို ဇေယျသင်တန်းဆိုပြီး ခေါ်တယ်။ ကျွန်တော်တို့က ဇေကျ ၁၉ ကို တက်ရတယ်။ ဆယ်တန်းအတူအောင်ပြီး စက်မှုတက္ကသိုလ်ရောက်သွားတဲ့ သူငယ်ချင်းတွေလဲ ပြန်တွေ့ရတယ်။ သင်တန်းတခုကို လူ ၃ဝဝ ကျော်စီရှိတာ။ တပ်ရင်းတခုပုံစံပေါ့။ အတူတက်ရတာ အင်ဂျင်နီယာတွေအပြင် သစ်တောဌာနက အရာရှိတွေလဲပါတယ်။

နိုင်ငံရေး-စစ်ရေး-အုပ်ချုပ်ရေး ရည်မှန်းချက်တွေနဲ့ ဖွင့်ထားတာပါ။ ပညာဆိုတာ ဘာမဆို အသုံးကျတာမို့ ကောင်းတယ်လို့ ပြောရင် သင့်တဲ့ အကဲဖြတ်မှု ဖြစ်မှာပါ။ ဘာသာတွေကလဲ မနည်းဘူး။ တခါမှ မသိဘူးတဲ့ ပညာတွေ ပါတယ်။ စိုက်ပျိုးရေး-မွေးမြူရေး ဆိုတာလဲ ပါသေးတယ်။ ရုံးသုံးပညာ၊ စာရင်းကိုင်-စာရင်းစစ်-တိုက်ပ်ရိုက်တာ၊ အတော်စုံပါတယ်။ ရီရမလို၊ ရွဲ့ရမလို၊ ကျွန်တော် အဲဒီ ဖေါင်ကြီးသင်တန်းမှာ ကြက်ခြေနီသင်တန်း အောင်လက်မှတ် ရခဲ့တယ်။

စစ်ပညာသင်ရတာလဲ ပင်ပန်းပေမဲ့ ပညာရတာကောင်းပါတယ်။ (ဒရေလ်) လို့ ခေါ်တဲ့ စစ်ရေးပြ မနက်တိုင်းလုပ်ကြရတယ်။ ဒါတောင် သင်တန်းဆင်းပွဲမှာကြ ဘယ်ခြေ-ညာလက် မှန်အောင်မလျှောက်နိုင်ခဲ့ဘူး။ လက်နက်ငယ်သင်တန်း၊ ညတိုက်ပွဲ၊ အခက်အခဲ ဖြတ်နည်း၊ တာတို-တာရှည် ခရီးချီတက်ခြင်းလည်း လုပ်ရတယ်။ သင်တန်းသား တယောက်ကို ၃ဝ၃ ရိုင်ဖယ်ကျည် ၂ဝ တိတိ ပြစ်ရတယ်။ ဂျီ-သရီးက ၅ တောင့်လား မသိဘူး။ အဲ့ အစားအသောက်ကတော့ နေ့တိုင်း ပဲဟင်းပေါ့ဗျာ။ သူငယ်ချင်း ဆရာဝန်တယောက်ကတော့ ငါအိမ်ပြန်ရင် ပဲဟင်းကို ၄ လ တိတိ အချက်မခိုင်းဘူးတဲ့။

တက္ကသိုလ်ပြီးစ အလုပ်စဝင်ရချိန်ဖြစ်လို့ ကျောင်းသားစိတ်အတိုင်းပါဘဲ။ လူဆိုတာ ရွယ်တူတွေ စုဝေးနေကြရရင် အသက်ကြီးလာလဲ ကျောင်းသားစိတ်က မပျောက်ဘူး။ ပျော်တယ်၊ လွတ်လပ်တယ်။ စကြ-နောက်ကြတယ်။ ကျွန်တော်တို့ အုပ်စုက ဖေါင်ကြီးမှာကို ဆေးကျောင်းက အကျင့်တွေအတိုင်း လုပ်ကြတာပေါ့၊ တနင်္ဂနွေတရက်မှာ ဖေါင်ကြီးနားက ရွာတွေဆီသွားပြီး၊ ထန်းရည်ဝယ်၊ တပ်ထဲသွင်း၊ ကြက်သားကာလသားဟင်း ချက်တာကို ဖြစ်အောင် လုပ်ကြသေးတယ်။ (ချက်) နိုင်ငံက (အမ်ဒီ) ဘွဲ့နဲ့ ဆရာဝန်ဖြစ်လာသူတယောက်လဲ ပါသေးတယ်။ သူက ဒေါက်တာတပ်စိတ်မှူးပေါ့။

သင်တန်းတခုခုမှာဖြစ်ဖြစ်၊ အားကစားပွဲမှာဖြစ်ဖြစ်၊ လူတွေဟာ မူလစရိုက် သိပ်ပေါ်တယ်။ ကိုယ့်တွက်ကိုသာ ကြည့်တဲ့ လူမျိုး၊ သူများကို ကူညီချင်သူ၊ စည်းကမ်းကို ခပ်ပေါ့ပေါ့ သဘောထားသူ၊ ဦးဆောင်နိုင်စွမ်း၊ အနစ်နာခံနိုင်စိတ်၊ စတာတွေ အကုန်ပေါ်တယ်။ ပေါ်တယ် ဆိုတာက မြင်တတ်မှ မြင်တာပါ။ ဆယ်တန်းကျောင်းသားဟာ ရှစ်တန်းကျောင်းသား လွဲဖြေတာကို သိသလိုဘဲ။ အဆင့်မြင့်သူကသာ နိမ့်သူမှားတာကို သိတယ်။ ကိုယ့်ကိုယ်ကို ဟုတ်နေပြီလို့ ထင်နေတဲ့ လူစားက အဲလို အကဲဖြတ်ရကောင်းမှန်းတောင် မသိတတ်ပါ။ အကျင့်စရိုက်ဆိုတာ အသက်ကြီးလဲ ပြောင်းဘို့ အတော် ခက်တာမျိုး၊ သေသာသေရောဆိုတဲ့ အမျိုးအစား။

ဘုရားရဲ့ ဂုဏ်တော်ထဲမှာ “မကောင်းမှုကို ဆိပ်ကွယ်ရာမှာပင် မပြုလုပ်ခြင်း” လို့ပါတယ်။ သူများမသိအောင် တခုခု လုပ်တာမျိုးလဲ အကြုံးဝင်တယ်။ သူများ မသိဘူးထင်ရင် အမှိုက်ကို မတော်တဲ့ နေရာပြစ်တဲ့ အသေးအမွှားကိစ္စမျိုးကအစ မလုပ်နဲ့လို့ လူကြီးသူမ၊ ဆရာ-ဆရာမတွေက သွန်သင်လေ့ရှိတယ်။ အခုခေတ်မယ် မော်တော်ကားကို လူမရှိတဲ့ နေရာတွေမှာ အမြန်နှုန်းစစ်ဘို့ (စပီဒိုမီတာ) တို့၊ ဈေးဆိုင်ကနားတွေမှာ (စီစီတီဗွီ) တို့နဲ့ စစ်နိုင်တယ်။ စစ်လို့ရတာ တချို့တွေပါ။ အမှန်က ဆိတ်ကွယ်ရာဆိုတဲ့ အထဲမယ် ကိုယ်စိတ်ထဲမှာ ပြစ်မှားတာလဲ ပါတယ်။ ပြုလုပ်ခြင်း ကံအမှုဆိုတာ ကိုယ်-နုတ်-စိတ် သုံးပါးလို့ ဆိုတာကိုး။ အဆုံးအမကို တည်နိုင်သူများ အဖို့ အောင်မြင်တယ်။ ကျွန်တော်က လုပ်ရမယ်ဆိုတာကို တာဝန်ယူပြီး လုပ်လေ့ရှိတယ်။ ဖေါင်ကြီးမှာ အိမ်သာကျင်း တူးဘို့တာဝန်လဲ တာဝန်လို့ ယူဆတယ်။ စစ်တပ်ဆိုတာ အမိန့်နာခံအောင် ပုံသွင်းရတာ မဟုတ်လား။ ဆရာဝန်တွေလဲ ပုံအသွင်း ခံရတာပေါ့။ ကြာတော့ တတိုင်းတပြည်လုံး ပုံသွင်းခံကြရရော။

ဖေါင်ကြီးသင်တန်းမှာ သင်တန်းဆင်းထဲက အမှတ်အများဆုံးရသူကို ငွေဒါးဆုပေးတယ်။ ကျွန်တော် ဒါးနဲ့နဲနဲဘဲ လွဲတယ်။ လွဲမှာပေါ့၊ ငွေဒါးပေးတယ်ဆိုတာ သင်တန်းဆင်းခါနီးမှ သိတဲ့ကောင်။ အပြင်းအထံ ကြိုးစားတဲ့လူတွေကို ဒါးရူး-ဒူးယားလို့ ပြောင်ခေါ်ကြတယ်။

(ဒူးယား) ဆိုတာ (မဆလ) ခေတ်မှာ တပြည်လုံးက တောင်သူလယ်သမားတွေခေါ်ပြီး၊ စုဝေးစေတဲ့ အစည်းအဝေးကြီး လေးခုထဲက တခုပေါ့။ အဲဒီလေးနေရာ နာမည်တွေကို စီးကရက်နာမည်တွေလုပ်ပြီး ဂုဏ်ပြုလိုက်သေးတယ်။ ပုပ္ပါး၊ ဒူးယား၊ အုန်းတော၊ ခပေါင်း ခေါ်တယ်။ နေရာတင် မကပါဘူး၊ တောင်သူလယ်သမားတွေကိုလဲ “ဦးကြီး”လို့ ခေါ်တွင်စေပြီး၊ မြှင့်ပေးသေးတယ်၊ “နာမည်” ကိုပါ။ သူတို့ဘဝ၊ စားဝတ်နေရေး ဆိုတာကတော့ အနှစ် ၂ဝ ကျော် မြှင့်တင်ခံရတာတောင် ထူးကောင်းလာတာ မရှိပါဘူး။ သူတို့ခေတ် ကုန်ကာနီး ဦးကြီးတွေ စပါးမသွင်း၊ ဂျုံမသွင်းလို့ တပြည်လုံးမှာ အဖမ်းခံကြရတယ်။ ပုလဲကဆရာဝန့်အမျိုးတွေလဲ ပါတာပေါ့၊ အပြင်ဈေးနဲ့ သွင်းဈေးက အတော်ကြီး ကွာတာကိုး။ မသွင်းတဲ့လူတွေက အပြစ်ကျတယ်။ မတန်တဆဈေးနှိမ်ပြီး၊ အာဏာသုံးတဲ့ဖက်က အဲဒါမျိုးကို သူများတွေ လုပ်ရင် “အမြတ်ကြီးစား၊ ခေါင်းပုံဖြတ်”လို့ ခေါ်ဘို့ သင်ပေးတာ။ တပြည်လုံးမှာ ကျောင်းသားတွေ ကျောင်းမတက်ခင် လိုက်ဆိုကြရတယ်။ ဆေးကျောင်း မရောက်ခင်အထိပါဘဲ။

မကြာပါဘူး၊ နာမည်ပေးကောင်းသူတွေ နာမည်ပျက်ပြီး၊ သူတို့ခေတ်လဲ ကုန်ပါလေရော။ လူတွေကို တကယ်ခေါင်းဖြတ်တာတွေနဲ့အတူ တောင်သူဦးကြီးကို ချီးမြှောက်တာမျိုးမလုပ်ဘဲ ကိုယ့်ကိုယ်ကိုသာ ချီးမြှောက်တဲ့ အုပ်ချုပ်ရေးအသစ်တခု တက်လာပါတော့တယ်။

Dr. တင့်ဆွေ

Read more...

A gift from a patient လက်ဆောင်ပြန်

“ဦးစပ်စုလေး” ပေးဖတ်တဲ့ ကဗျာ၊
ကောင်းမွန်စွာ ရပါကြောင်း။

အကျော်ဒေးယျ မဝေးလှတဲ့ အတိတ်မှာ၊
ဗမာနဲ့ ကမ္ဘာက လူတကာ လေးစား၊ အများအကျိုး သည်ပိုးသူများ၊
ဆွေးနွေးသွားကြတာ ထူးခြားတာပါလို့၊
ကျေးဇူးနဲ့ ချီးကျူး၊ ပူးတွဲပြီး ပြန်ကြားလိုက်ပါတယ်။

မေတ္တာနဲ့ ဟင်းလာပို့တာ၊ ဗလာအခွံ မပြန်ချင်သမို့၊
ကဗျာရှင်အတွက် လက်လုပ်ချဉ်ကလေး ပြန်ပေးလိုက်ပါရစေ။
နောက်တခါ ဒါ ရေးပါလားဆရာ့

အောက်ဘုံမှာ ဆုံကြမှာက နေဝင်း၊ စိုးဝင်း၊
ဝင်ငြင်းသူက စိန်လွင်၊ သူ့အရင်က ဦးစော၊
လာ ရောပြန်တာက (အာစီယံ) က “ဖါဒီနန်-မားကို့စ်” နဲ့ “ပိုးလ်ပေါ့”၊
နောက်တော့ “ဆဒမ်ဟူစိန်”၊ လူလိမ်နဲ့လူဆိုး အမျိုးမျိုးပေါ့ဆရာ။

စာဖတ်သူတွေ ဝါသနာက
ကဗျာရေး စာရေးသူများ၊ ကုန်ကြမ်းပါးချင်ကြတာ မဟုတ်ပါလား။

ပေးသာ ပေးရ၊
ငယ်ငယ်က ကြုံတာလေး သတိရသေးသဗျ။

တောရွာမှာ ဆရာဝန်တပါး၊ ခွဲတာ-စိတ်တာ ကျော်ကြားလာတော့
စေတနာ တခွဲသားနဲ့ "ဆရာခင်ဗျာ- အနာချုပ်ချုပ်၊ ဘာချုပ်ချုပ်၊
မြင်းမီးတဆုပ် လုပ်ချင်ရင်လုပ်ပါ ဆရာ။"

ခွဲစိတ်ဆရာဝန် ရယ်ချင်ချင်ပေမဲ့၊
ကျေးဇူးတင်ပါတယ်၊ ကျေးဇူးတင်ပါတယ်ခင်ဗျာ။
ကျေးဇူး နဲ့ “သင်ခယူး” ပူးတွဲလိုက်ရဘူးပါကြောင်း။

Dr. တင့်ဆွေ
၂၃-၄-၂ဝ၁ဝ
“ကဘော်ချိုင့်ဝှမ်းပြန်ယူ...နီကိုဗာကျွန်းပြန်ပေး- ”-- လန်ထောင်စပ်စုလေး

Read more...

Tuesday, November 12, 2013

Preventive and Curative Medicine ကာကွယ်ရေး နှင့် ကုသရေး

ဆေးပညာ စသင်ရကတည်းက ကြားကြားနေရ၊ အခုထိ ခိုးလိုးခုလုရှိတဲ့ ရေးချင်တာလေးက “ကုသရေးနဲ့ ကာကွယ်ရေး”။ သူများတွေတော့ မပြောတတ်ဘူး၊ နောက်ဆုံးနှစ် အပိုင်း (က) မှာ ကာကွယ်ရေးနှင့် လူမှုရေးဆေးပညာ သင်ရတော့ ကျွန်တော့် အဖို့တော့ အတော်ပျင်းရိခဲ့တဲ့ ဘာသာရပ်ပါ။ သင်ပေးတဲ့ ဆရာအပေါ်လဲ တည်နိုင်တယ်။ ဘာသာရပ်ရဲ့ ဆွဲဆောင်မှုလဲပါမယ် ထင်တာဘဲ။ သေခြာတာကတော့ အသင်ခံရတဲ့ မောင်ကျောင်းသားရဲ့ အခံကိုက အထုံနည်းတာ ဖြစ်မယ်ထင်ပါရဲ့။ နောက်ကြမှ “အော့့် ငါ့ကိုယ်ငါကြ အထုံဗီဇလွဲချပြီး၊ အာစရိယနွယ်ဝင် သင်ဆရာကိုတော့ အသင်အပြမကောင်းဘူးထင်ခဲ့မိတာ အပြစ်မလွတ်ပါလား” လို့ သဘောပေါက်မိပါတယ်။ “ကန်တော့ပါ ဆရာများခင်ဗျား။”

ကျောင်းပြီးသွားတော့ အသီးသီး အသကအသက နေရာဒေသအမျိုးမျိုး ရောက်ကုန်ကြရော။ ဆေးကုပေးရတဲ့ ဆေးရုံ ဆရာဝန်တို့၊ ရောဂါတိုက်ဖျက်ရေးလုပ်နေရတဲ့ စီမံကိန်း-ဆရာဝန်တို့၊ အုပ်ချုပ်ရေးဘက်ရောက်သွားတဲ့ ဆရာဝန်တို့၊ စသဖြင့် လိုင်းတွေကွဲပြားသွားရတော့တယ်။

အဲဒီခေတ်က ကိုယ်ဖြစ်ချင်၊ လုပ်ချင်တာကို လွတ်လွတ်လပ်လပ် ရွေးဘို့ဆိုတာ သာမန်ပြောရရင် မဖြစ်နိုင်ခဲ့ပါ။ အခုတော့ သိတဲ့အတိုင်းပါဘဲ။ အနည်းစုဆိုရင် ဆရာဝန်တောင်ဖြစ်ချင်တာမဟုတ်ဘဲ၊ ဆေးကျောင်းရောက်လာရတာရှိတယ်။ ကျောင်းပြီးပြန်တော့လဲ စာဆက်သင်ချင်သူတွေ-ဆက်သင်နိုင်သူတွေ ရှိသလို၊ မသင်ချင်-မသင်နိုင်သူတွေလဲ ရှိတာပေါ့။ ဘွဲ့လွန်တက်ချင်အုံးတော့ ဝါသနာအပထားလို့၊ ဘာဘွဲ့လွန်ရတောင်မှ လုပ်မရတာတွေ အများကြီးဘဲ။ တဗြစ်တောက်တောက် ဘယ်လောက်ပြောပြော၊ ဗမာပီပီ နောက်ဆုံးကြ ကံပေါ့ဗျာ။

(၇) နှစ်ပြီးလို့ အလုပ်လုပ်ရသူဆရာဝန်က ပိုများတယ်။ ဒီခါကြပြန်တော့ တမျိုး။ နယ်စွန်-နယ်ဖျားရောက်သွားရသူနဲ့ ဆေးရုံကြီးငယ်တွေ ရောက်သူနဲ့။ အကပ်-အယပ် မတော်သူများ၊ ကံတရားဘဲ မဟုတ်ပြန်ပါလား။ စွန့်စွန့်စားစားဆိုရမလား၊ ချီးမွမ်းရမလား၊ တိုင်တပါးရောက်သွားသူတွေကလည်း မနည်းပါ။ အနှစ်နှစ်ဆယ်လောက်မှာ ပြန်ကြည့်လိုက်တော့ အရောင်အသွေးစုံညီ၊ ဘဝကိုယ်စီနဲ့ပေါ့။ နဲနဲ ကဗျာဆန်သွားပြီ။

ဘယ်နေရာတွေ၊ ဘာတွေ၊ ဘယ်လို၊ အမျိုးစုံနေအောင် ကွဲပြားပေမဲ့ ချုပ်လိုက်ရင် နှစ်မျိုးထဲလို့ ပြောကြည့်မယ်။ “လူနာကို ဆေးကုနေရသူတွေနဲ့ တိုက်ရိုက်ဆေးမကုရသူတွေ”။ ဒါကလဲ အလုပ်အကိုင်နဲ့ ခွဲခြားတာမို့ ပြဿနာလုပ်စရာမရှိပါ။ ရေးချင်တာက အထင်-အမြင် မတူကြတာကိုပါ။ ဆေးကုနေသူတွေကို “ဆေးဘဲကုနေတယ်၊ ကာကွယ်ရေးမလုပ်ဘူး” ဆိုကြတယ်။ ယဉ်ယဉ်ကျေးကျေးကဲ့ရဲ့တာလို့ပြောရင် ပြောတဲ့လူက ရိုင်းရာကြမယ်။

ကျန်းမာရေးမှာ ကာကွယ်ရေးဆိုတာ အင်မတန်အရေးကြီးတာကို လက်ခံပါတယ်ဗျာ။ အကြွင်းမဲ့လို့တောင် သုံးလိုက် ချင်သေး။ ကျွန်တော်ပြောချင်နေတာက ကုသရေးနဲ့ ကာကွယ်ရေး ဘယ်ဟာက ပိုအရေးပါတယ်-မပါဘူး မဟုတ်ပါ။ ကုသရေးနဲ့ ကာကွယ်ရေး၊ လိုင်းတခုမှာ လုပ်နေတဲ့ ဆရာဝန်တယောက်ဟာ နောက်လိုင်းကို မလုပ်ဘဲမနေဘူး ဆိုတာပါ။

တနေ့ကဘဲ ဆရာဝန်တွေ စုရေးနေတဲ့ အင်တာနက်အုပ်စုမှ ဖတ်လိုက်ရတာရှိတယ်။ စပါယ်ရှယ်လစ်တွေ သူ့ စပါယ်ရှယ် မဟုတ်တဲ့ ရောဂါလူနာတွေကို ကုပေးတာကို ရေးတဲ့ဆရာက (အက်သစ်) ရှုဒေါင့်ကနေရေးတယ်။ “သိုးမဲ” လို့တောင် ခေါ်လိုက်သေး။ မျက်ခမ်းစပ်တိုက်ဖျက်ရေးဆရာဝန် တောဆင်းတော့ ဆရာကျမဗိုက်နာနေလို့ လို့ပြောလာရင်၊ ဆရာဝန် ဘာလုပ်မလဲ။ ဒီတော့ ယေဘုယျချလိုက်ရင် “ဆရာဝန်များ ဆေးကုကြသည်”။ ကျွန်တော် ဆက်ချင်တာက “ဆေးကုယင်းနဲ့ ပညာပေး-ကာကွယ်ရေးလဲလုပ်ကြသည်”။

တိုင်းပြည် အပြင်ရောက်နေတဲ့ ဆရာဝန်တွေအများကြီးရှိတယ်။ (ဖေါ်ဂွတ်) တော့ (ဖေါ်ဂွတ်) ဘဲ။ ကောင်းတာ မကောင်းတာက ကဏ္ဍတခု။ ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် ရွေးချယ်ပြီး၊ ကောင်းမယ်ထင်လို့ထွက်လာရင် (ဖေါ်ဂွတ်) ဘဲပေါ့။ အဲဒီပုဂ္ဂိုလ်တွေအကြား ပြောကြတာက “ဆေးမကုတဲ့ ဆရာဝန်”၊ “ဆေးဘဲကုနေတဲ့ ဆရာဝန်”။

ဆေးမကုတဲ့ ဆရာဝန်ဆိုတာ ကျန်းမာရေးနဲ့မဆိုင်တဲ့ တခြားတာဝန်ကို ရွေးလိုက်ကြလို့ပါ။ ဆေးဘဲကုနေတဲ့ ဆရာဝန် ဆိုတာက ဆေးဘိုးဝါးခယူပြီး၊ ဆေးကုနေသူတွေကိုဆိုလိုတာ မဟုတ်ပြန်ပါ။ ထွက်လာစဉ်က ရည်ရွယ်ချက်အတိုင်း ဆရာဝန်အလုပ်မဟုတ်တာ (ဥပမာ နိုင်ငံရေး) လုပ်နေရင်းက ရသမျှအချိန်ကလေးမှာ ဆေးကုပေးနေရသူတွေကို ဆိုလိုတာပါ။ ဒီဆရာဝန်မျိုးတွေက ဆေးဘဲကုပေးနေတယ်၊ ပြည်သူ့ကျန်းမာရေးမလုပ်ဘူလို့ လက်ညှိုးထိုးခံရပါတယ်။

တတ်လဲတတ်လေတော့ အကိုးအကား၊ အညွှန်းတွေတောင် ထည့်ပြောသေးတယ်။ (အယ်လ်မာတာ) ကြေညာချက် ၁၉၈၇ ကနေ စပြောတယ်။ အခု ကဇာကစ္စတန်နိုင်ငံပေါ်လာတော့ (အယ်လ်မတီ) ဖြစ်သွားပြီနော်။ ပန်းသီးတို့ တိုင်းပြည်ဆိုဘဲ။ သိတော့သိတာပေါ့ဗျာ။ “အားလုံးကျန်းမာ သက္ကရာဇ် ၂ဝဝဝ မှာ” ဆိုတာကို အော်ခဲ့လုပ်ခဲ့ကြတာ ဆရာဝန်တိုင်း မဟုတ်ပါလား။ အခု ဘယ်ခုနှစ်ရောက်ပြီလဲဗျ။

ဆေးပညာကနေ ကျန်းမာရေးလို့ ခေါ်လိုက်တာနဲ့ နိုင်ငံရေးပါလာပြီ။ နိုင်ငံရေးဆိုတာက တခြားတော့မထင်ပါနဲ့၊ ကွန်မြူနတီ၊ တိုင်းပြည်၊ ကမ္ဘာ၊ စကြ်ာဝဠာ စသဖြင့် ကျယ်ပြန့်တဲ့ အတိုင်းအတာကို ထည့်တွက်ရ၊ လုပ်ရတာတို့၊ ဆေးပညာ သိသူတွေအပြင် တခြားနယ်ပယ်က ပုဂ္ဂိုလ်တွေပါ ပါလာရတာတယ်။ ဒီအခါမှာ “ဆရာဝန်များက ဆေးစကားထက်မက အများကြီးပိုပြောလာကြတယ်။ တချို့ကြ ဆေးနဲ့မဆိုင်တာသာ ပြောလာကြတယ်။ ” ကွန်မြူနတီ ခေါင်းဆောင်လို၊ အုပ်ချုပ်ရေးခေါင်းဆောင်လို ပြောလာကြတယ်။ အတူတူချင်းကို အတူတူမဟုတ်ဘူး ထင်မြင်လာကြတယ်။

သိပ် ခေတ်နောက်ကျန်နေတဲ့ နေရာဒေသတွေအတွက် “ဆရာဝန်မရှိရင်၊ ဘယ်လိုလုပ်မလဲ”။ “အမျိုးသမီးများ ဆရာဝန် မရှိရင် ဘာလုပ်မလဲ” စတဲ့ စာအုပ်တွေဟာ အကြိမ်ကြိမ်ထုတ်၊ ဘာသာပေါင်စုံပြန်ဆိုရတဲ့အထိ ခေတ်စားလာတယ်။ ဗမာပြည်အတွက်လည်း တကယ်အသုံးဝင်လှပါတယ်။ နယ်စပ်တွေ၊ ဒုက္ခသည်တွေရှိတဲ့ နေရာတွေမှာဆို ကျန်းမာရေး (ဘိုင်ဘယ်) ဖြစ်ရော။ အသုံးတော့ အတော်ဝင်ပါရဲ့၊ ဒါပေမဲ့ ကျွန်တော့်အမြင်က သူ့နေရာနဲ့သူသာ ဖြစ်သင့်တယ်။ ဆေးစစ်စရာ၊ ကုစရာတွေ အဆင့်သင့်ရှိနေတဲ့နေရာဒေသတွေမှာ အဲဒီ (ဆရာဝန်မရှိရင် ဘာလုပ်မလဲ) တွေကို သုံးစရာ မလိုပါ။ မရှိသုံးလို့တော့ လျှော့မပြောတာ မဟုတ်ပါ။ ဆရာဝန်ကိုယ်တိုင်ကနေ ကျန်းမာရေး-လုပ်သား ဝင်လုပ်နေတာ အမြင်မတော်ပါ။

“အိမ်မှာတင် ဓါတ်ဆားရည်ဖျော်နည်း” ဆိုရင် သိပ်သင်ဘို့၊ ဟောပြာဘို့ကောင်းတဲ့ အကြောင်းအရာတခုပါ။ အဆီအငေါ် မတည့်တာလေးတခု ရေးရအုံးမယ်။ နိုင်ငံကြီးတခုရဲ့ မြို့တော်ကြီးမှာ ဝမ်းပျက်တာကို ဆရာဝန်မရှိရင်၊ ဘယ်လိုလုပ်မလဲ စာအုပ်ထဲက ဓါတ်ဆားရည်ဖျော်နည်းအတိုင်း ဆရာဝန်ကခိုင်းပါတယ်။ သူ့လူနာက “ကျမတော့ အဲလိုလုပ်မနေနိုင်ဘူး၊ ဆိုင်က ၃ ကျပ်ပေး ဝယ်သောက်မယ်” တဲ့။ ဒီလို ဆရာသမားမျိုးတွေက ပြည်သူ့ကျန်းမာရေး ဆူပါ-စပါယ်ရှယ်လစ်တွေ ဖြစ်ကြတယ်။ နောက်ပြီး (ပရောဂျက်) ဆရာဝန်တွေ၊ ဟိုကော်မတီ၊ ဒီကော်မတီမှာ တာဝန်ရှိဆရာဝန်တွေက တမျိုး။ ဆေးကုနေတဲ့ ဆရာဝန်မျိုးဆိုရင် အမျိုးသားကျန်းမာရေး အပြင်ဘက်ကလူတွေလို့ အစည်းအဝေးတွေ၊ သင်တန်းတွေမှာ ပို့ချတတ်ကြတယ်။

ကျန်းမာရေးပညာပေးတဲ့အလုပ်ဆိုတာ အတော်မလွယ်တဲ့အလုပ်ပါ။ ရိုးရိုးရှင်းရှင်းလေးနဲ့မရတဲ့ အလုပ်မျိုးပါ။ ကျွန်တော်က တီတွင်ကြံဆနည်းတွေ အမြဲရှာပါတယ်။ “ကဲ့ လာကြပါ၊ ကြွကြပါ၊ ပညာပေးဟောပြောမယ်” ဆိုတာက နည်းတခုသာ ဖြစ်တယ်။ ပညာပေးပွဲတခု လုပ်ပြီးပြီလို့တော့ အစီရင်ခံစာထဲ ထည့်ရေးနိုင်တာပေါ့။ (ပင်ပလက်) တခု ထုတ်မယ်၊ လေးရောင်ခြယ် ပုံတွေနဲ့။ ကောင်းပါတယ်။ ပညာပေးစာအုပ်တအုပ် ဘာသာပြန်မယ်။ ကောင်းတာဘဲ။ ကက်ဆက် ခေတ်ကုန်ပြီ စီဒီနဲ့ ထုတ်မယ်။ ဗွီစီဒီ ပိုကောင်းတာဘဲ။ သင်တန်းပေးမယ်။ တဖွဲ့က ဘယ်နှစ်ယောက်စီ။ ခွဲတမ်းချ။ ကောင်းပြန်သေးတာပဲ။ အဲ့ နှစ် အတော်ကြာလို့ ပြန်ဆန်းစစ်လိုက်ရင် ဘယ်လောက် အကျိုးများလာသလဲဆိုတာက ပိုအရေးကြီးပါလိမ့်မယ်။ ကျွန်တော်တို့ နိုင်ငံရဲ့ကျန်းမာရေးအဆင့် ပြောရရင် ရှက်စရာပါဗျာ။ ကိုယ့်အောက်မှာ ဘယ်နှစ်နိုင်ငံဘဲ ရှိသလဲ။ စုစုပေါင်း (၁)။

ဆေးကုနေသူဆရာဝန်ဟာ တကယ်မကျန်းမာသူလူနာတွေနဲ့ နဖူးတွေ့-ဒူးတွေ့ တွေ့နေရတယ်။ ဆိုပါစို့ အသဲရောင် အသားဝါလူနာ။ လူနာကို ဘယ်လိုကဘယ်လိုဖြစ်တာ၊ ဘယ်လိုနေပါ၊ စသဖြင့်ပြောရတယ်မဟုတ်လား။ နှစ်ကိုယ်ခြား ပြောရတာ မဟုတ်ဘူးလေ။ လူနာစောင့်တွေလဲပါတယ်။ ဘေးမှာလဲ တခြားလူနာတွေရှိတယ်။ အဲဒါ ပညာပေးနေတာ မဟုတ်ဘူးလား။ ကာကွယ်ရေးလုပ်နေတာ မဟုတ်လား။ လူ့စိတ်ဆိုတာ သိတဲ့အတိုင်း အခုဖြစ်နေတာကို ပိုအာရုံစိုက်တတ်တယ်။ ဟောပြောပွဲလာ နားထောင်ရတာမျိုးနဲ့ မတူဘူး။ ကျန်းမာရေးဟောပြောပွဲလုပ်ရင် (အင်ဂျီအို) က ဆိုက်ကားခပေးမှ၊ ဆရာဝန်က ဟောပြောပြီးရင် ဆေးကုပေးမှ လူလာတယ်။ ကိုယ့်ရောဂါအတွက် ကိုယ့်စရိတ်နဲ့ကိုယ် လာတဲ့လူနာတွေကို ဖမ်းပြီး၊ တန်းပြီးပြောပြရတာက ပိုထိရောက်တယ်။ အသံချဲ့စက်မလိုဘူး။ နဲနဲအသံမြှင့်ပြောလိုက်ရုံဘဲ။ နားထောင်တဲ့လူက သူ့ဝမ်းနာနဲ့သူ။ သူခံစားနေရတာသာ သိချင်တယ်။ သိချင်လိုက်တာမှ အရမ်းကိုသိချင်နေတာ။ ပညာပေးလို့ အကောင်းဆုံး အချိန်နဲ့ အသင့်တော်ဆုံးနေရာဖြစ်ပါတယ်။

အထူးကုဆရာဝန်တဦးကို ဆေးကုတဲ့ဆရာလို့ သတ်မှတ်ကြမယ် ထင်ပါတယ်။ အဲဒီဆရာတွေက ကျန်းမာရေး ပညာပေး စာတွေရေးမယ်။ ရေဒီယိုနဲ့ တီဗွီကနေ သူ့ဘာသာရပ်အကြောင်း ဟောပြောကြတယ်။ ကျန်းမာရေး ပညာပေးတာဟာ ကာကွယ်ရေးလုပ်နေတာ မဟုတ်ပါလား။ ဆရာဝန်၊ သူနာပြုတွေထဲမယ် စာရေးဝါသနာပါသူ၊ စာရေးတော်တဲ့သူတွေ မနည်းပါ။ သူတို့တတွေကရေးရင် ပရိတ်သတ် အားကောင်းလို့ ပညာပေးတာ ထိရောက်တယ်။ (ဘလော့ခ်) တွေ ပေါ်လာတော့ နည်းပေါင်းစုံနဲ့ရေးကြတယ်။ အတုံးလိုက် အတစ်လိုက် မဟုတ်တော့ဘူး။ အသံတွေ၊ ရုပ်တွေ၊ (မူဗွီ) တွေပါလို့ ဆွဲဆောင်မှု ပိုရှိတယ်။

တချို့တွေဆိုရင် ဆေးကုနေသူလဲ မဟုတ်၊၊ (ပရောဂျက်) ဆရာတွေလဲ မဟုတ်ဘူး။ ဆရာဝန် နှစ်မျိုးနှစ်စားမက ဖြစ်သွားရော။ ရောက်ရာ အရပ်ကနေ တတ်သိပညာ-မနေသာဆိုသလို ရေးကြတာ၊ ဘာသာပြန်တာ၊ ဆွေးနွေးတာတွေ လုပ်နေကြတယ်။ ဟို (ဘလော့ခ်) ကနေ ဒီ (ဘလော့ခ်) ထပ်ဆင့် ဖြန့်ပေးသူ ရှိရင် ပရိသတ်ပိုများသွားပြီပေါ့။ ရုပ်ရှင်ကြိုက်သူများ အားလပ်ချိန်မှာ အောက်နားက ပညာပေးစာလေး ဝင်ဖတ်သွားတတ်သလို၊ ဘာသာရေး (ဘလော့ခ်) ထဲက ကျန်းမာရေး ရေးထားတာလေး တွေ့သွားမျိုးလဲရှိတယ်လို့ ကျွန်တော့ (ဘလော့ခ်-စီဘော်က်စ်) ကနေသိရတယ်။

(ကွန်ဒွမ်) ဝေတာတို့၊ ရေသန့်ဆေးပြားပေးတာတို့ကို ဆေးကုပေးဆဲ့ဆေးခန်းကနေ လုပ်ပါတယ်။ လိင်ကတဆင့် ကူးစက်ရောဂါအကြောင်းကို ဆရာမတွေကိုသင်ပေးထားပြီး၊ သူတို့ကနေ အမျိုးသမီးချင်း ပြောပြခိုင်းပါတယ်။ သားဖွါးပေးရင်း မျိုးပွါးပညာပြောပြတယ်။ ဒါတွေဟာ ထိရောက်လက်တွေ့ကျတဲ့ ကာကွယ်ရေး-ပညာပေးရေးတွေ မဟုတ်ပါလား။

ချုပ်လိုက်ချင်တာက ဆရာဝန်တိုင်းသည် ဆရာဝန်တို့ လုပ်အပ်သည်များကို တတ်စွမ်းသရွေ့လုပ်ကြသည်။ ဆေးကု-ကာကွယ်-ပညာပေး၊ အရေးသုံးပါး အားလုံးဖြစ်ပါသည် ခင်ဗျား။

Dr. တင့်ဆွေ
၇-၉-၂ဝဝ၉

Read more...

Monday, November 11, 2013

Reeducating medicine ဆေးပညာ ပြန်လည်သင်ယူခြင်း

ဆရာဝန်၊ ကျန်းမာရေးမှူး၊ သူနာပြုနဲ့ သားဖွါးဆရာမတွေဟာ ဆေးပညာကို (၁) နှစ်ခွဲကနေ (၇) နှစ်ကြာ စာသင်ခန်းတွေ၊ ဓါတ်ခွဲခန်းတွေနဲ့ ဆေးရုံတွေမှာ သင်ယူကြရတယ်။ ကျွန်တော်တို့ နိုင်ငံမှာ ဆေးပညာသင်ကြားရေး “အတော်လေး” အဆင့်အတန်း ကျလာတယ်လို့ ကြားရ၊ ဖတ်ရ၊ သိရတာ “အတော်ကြီး” စိတ်မကောင်း ဖြစ်ရတယ်။ အခုပြင်မယ်ဆိုလို့ ကြိုဆိုပါတယ်။

ဆေးပညာမှာ တခြားတခြားပညာတွေလိုဘဲ အသစ်တွေ၊ ပိုကောင်းတာတွေက ပေါ်နေတယ်။ ရောဂါပိုးတွေကလည်း ဆေးကို ငါးပိဖြစ်အောင်လုပ်တယ်။ ဆေးအဟောင်းဆိုရင် “ဖုတ်လေတဲ့ငါးပိ၊ ရှိတယ်လို့မထင်” ဆိုသလို “ပိုးစွမ်းကောင်းတွေ” ဖြစ်လာနေကြတယ်။ ဒါ့ကြောင့် ဆေးပညာသင်တာမှာ စဉ်တိုက်-ဆက်တိုက် သင်ယူနေဘို့ဆိုတာ လိုအပ်တယ်။

ကျောင်းမှာတုံးက မသင်ခဲ့ရတာတွေ၊ အသစ်တွေ့ရ။ သင်ခဲ့တာတွေ တချို့က “အောက်” သွားတာတို့ အများကြီး တွေ့ရတယ်။ ဘီပိုး၊ စီပိုး၊ ဝက်တုပ်ကွေး၊ AIDS ဆိုတာတွေက ဟိုအရင်က ဘယ်သင်ခဲ့ဖတ်ခဲ့ရမလဲ။ စာအုပ်ထဲမှာတောင် ပါတာမဟုတ်ဘူး။ အရင်အနှစ် ၂ဝ လောက်က (ပါရာစီတမော) ဆိုတာ ဆေးဝါးဗေဒမှာ တပိုဒ်စာလောက် သာပါပြီး၊ သိပ်မစွမ်းပါဘူး သတ်မှတ်ခဲ့ကြတာ။ ခုခေတ်မှာ သူမပါဘယ်နေရာမှမပြီးတော့ဘူး။ ဒါလဲ အသဲရောဂါတွေ များလာပြန်တော့ (ပါရာ) ကို တားရပြန်ရော။

ဒုက္ခသည်တွေကို ဆေးကုပေးဘို့ရာ ကိုယ့်ကိုကူပေးမဲ့ လက်ထောက်လိုတာမို့ ဒုက္ခသည်တွေထဲက ဒုက္ခခံနိုင်သူတွေ လိုက်ရှာရတယ်။ သူတို့ကို အရင်ဆုံး စာသင်ပေးရတယ်။ အခမဲ့ဆေးကျောင်း ထောင်တာပေါ့။ ဟိုအရင်က “အသုံးလုံး” သင်တာ သွားအမှတ်ရတယ်။ သင်တန်းသား၊ သင်တန်းသူ အရွယ်ဆိုတာ ဘယ်ငယ်မလဲ။ စာသင်ခန်းလဲ ရှိတာမဟုတ်။ စာသင်ချိန်ကိုလဲ အဆင်ပြေသလို။ (ပရောဂျက်) ပေးသူများက ရောဂါကုပေးတာမျိုးကို စိတ်မဝင်စားကြဘူး။ ထိရောက်တာ မထိရောက်တာ ဘေးချိတ်၊ ကာကွယ်ရေးတို့၊ ပညာပေးတို့၊ ခေတ်ပေါ်ရောဂါ၊ (ဆီမီနာ) တို့ကိုမှ သူတို့က မျက်စိကျတယ်။

သူများကို သင်ဘို့ ပြင်တာနဲ့ ကိုယ်ပါ ပညာတွေတိုးရတာမို့ လက်ငင်းအကျိုးပေးတာလို့ ခေါ်မယ်ထင်ပါရဲ့။ စာသင်ပေးမယ်၊ “ညည်းတို့ ဘယ်အချိန်အားလဲ၊ ငါတော့ တပါတ်ကို ဘယ်နှစ်ရက်၊ တနေ့ ဘယ်နှစ်နာရီ။ ဆိုက်ကားခလဲ မပေးနိုင်ဘူး။ လက်ဖက်ရည် တခွက်စီ အတူတူ သောက်ကြတာပေါ့။”

ဒုက္ခသည် အများစုက ဗမာလို မတတ်ကြဘူး။ မြန်မာပြည်ထဲမှာ ဆရာဝန်လုပ်ခဲ့ရတုံးက သူငယ်ချင်းတွေ နယ်စွန်-နယ်ဖျား ပြည်နယ်များ ရောက်ကြတာကို၊ သွားရေး-လာရေးဝေးတဲ့ အခက်အခဲလောက်သာ ထင်ခဲ့မိတယ်။ အမှန်က ဘာသာစကား၊ ယဉ်ကျေးမှု၊ ရာသီဥတု စတာစတာတွေကလဲ တကယ့် အခက်အခဲတွေပါလားလို့ နောက်ကြမှ ကိုယ်ချင်းစာမိလာတယ်။ တယောက်ဆိုရင် ကြက်ကို လည်လှီးပြီး၊ သူ့အိမ်ရှေ့လာချတာမျိုး ကြုံရဆိုဘဲ။ သူငယ်ချင်းရေ အခုမှသိတာ “ဆောရီး” ကွာ။

ဆေးစာဆိုတော့ ဗိုလ်လို နဲနဲအခြေခံရှိတဲ့ သူမျိုးဖြစ်မှ အဆင်ပြေတယ်။ ဗမာလိုနဲ့ ဗိုလ်လိုပါ နှစ်မျိုးလုံး “တော့” နိုင်သူကို ဦးစားပေး ရှာရတယ်။ ရပါပြီတဲ့ တယောက်စ၊ နှစ်ယောက်စ။ ခက်ပြန်တာက သင်ပေးပြီး၊ တတ်သွားပြီး၊ မကြာခင် တတိယနိုင်ငံကို ထွက်သွားကြရရော့။ လူသစ် ထပ်ရှာရပြန်ပြီပေါ့။ သူတို့ကိုလဲအပြစ်မတင်ပါ။ ထွက်လာကတည်းက ရည်ရွယ်ချက်ကိုး။ (ဘော်လန်တီယာ) လုပ်ဘို့ အိုးပစ်၊ အိမ်ပစ်၊ တိုင်းပြည်ပစ် ထွက်လာတာ မဟုတ်ဘူးလေ။ ထပ်ထပ်သင်တော့ “စာသင်ပေးသူ စာကျေတာပေါ့” လို့ အကောင်းဘက်က တွေးယူရတယ်။

ဆေးစာမှန်သမျှ ဗမာလိုက ရှိတာမဟုတ်။ ဒီတော့ အကုန်လုံးကို ဗမာလိုပြန်ရမယ်။ ဗမာလို ပြန်တာတွေက တယောက် တမျိုးကများတယ်။ ဆိုပါတော့ အသဲ၊ အဆုပ်၊ လောက်ကတော့ တူတယ်။ ဘေလုံးတို့၊ သရက်ရွက်တို့ဆိုရင် မတူချင်တော့ဘူး။ သားအိမ်ဆိုတာအထိ တူပေမဲ့၊ “သားအိမ်အဝ” လား၊ “သားအိမ်ဝ” လား။ “သားအိမ်ခေါင်း” လား။ တခြားဆရာတွေ ဘာသာပြန်တာတွေ လိုက်ကြည့်၊ အတုယူ၊ မတွေ့ရင် ကိုယ်ဖါသာ တီထွင်။ အားလုံးကို ဗမာလိုပြန်ထားဘို့ရာ “ဘာသာပြန်ဆရာ” အရင်လုပ်ရတယ်။

ခန္ဓာဗေဒ၊ ဇီဝကမ္မဗေဒကစပြီး ဗေဒတွေ စုံသလောက်ကို ဗမာမှုပြုရတယ်။ စု-တု-ပြုတာ မှန်သမျှ (ဘလော့ခ်) ထဲ သွင်းထား ရသေးတယ်။ စာသင်တာကို စိတ်ဝင်စားအောင် (မာလ်တီမီဒီယာ) လဲ လုပ်ထားရသေးတယ်။ ဗမာလိုဆိုတာက မရှိသလောက် ရှားတယ်။ တနေ့ကမှ အမျိုးသမီး (ကွန်ဒွမ်) အသုံးပြုနည်း (ဗီဒီယို-ဖိုင်) တခုရဘူးတယ်။ သူများနိုင်ငံက (ဗီဒီယို) တွေကလဲ ကိုယ့်လူမျိုးတွေ မျက်စိနဲ့ သိပ်ကိုက်လှတာမဟုတ်ဘူး။ အတော်ကြီး ရွေးရသေးတော့ “ဆင်ဆာ လူကြီး” ဖြစ်သွားပြန်ရော။

သင်ထောက်ကူတွေ အဆင်သင့်ပေမဲ့ မရသေးပြန်ဘူး။ စကားအသုံးအနှုန်းလိုပြန်ရော။ သင်ယူမဲ့သူတွေက ဗမာစကားကို ဗမာဆန်ရင် နားမလည်ကြတာက များတယ်။ ကိုယ့်မြန်မာစာ-မြန်မာစကားကို တမင်တကာ ချရတော့တယ်။ ဆိုပါတော့ ချမ်းတယ်၊ ချောင်းဆိုးတယ်ဆိုတာမျိုးက ပြဿနာမရှိဘူး။ “ကိုယ်ဝန်” လို့ မယဉ်ကျေးလေနဲ့၊ “မီးဖွားချင်လို့လား” မေးရင် မျက်ခုံးပင့် ကြည်မယ်။ ကျင်ကြီး၊ ကျင်ငယ် မပြောနဲ့ ဆီးတို့၊ ဝမ်းတို့ဆိုတာတောင်မှ မရလေ။ အခက်ဆုံး ပြောရမလား။ မျိုးပွါးလမ်းကြောင်းကို သင်ပေးရတာ။ ဒီတော့ သူတို့ထဲက ဗမာစကား အတတ်ဆုံးကို နားလည်အောင် ဝေ့ဝိုက်ပြောပေးပြီး၊ လက်ထောက်-ကထိက အလုပ်ခိုင်းရတယ်။ ဒါနဲ့ မရသေးရင် “ဘော်ဒီ-လင်းဂွေ့ခ်ျ” ပါရတယ်။ ဗိုက်ဆိုရင် ကိုယ့်ဗိုက်ကိုဖိပြ။ “မော်ဒယ်” ဖြစ်ရပြန်ရော။

ဆေးပညာ သင်ပေးရတာက တခြားစာမျိုးနဲ့ မတူဘူး။ တကယ်ကိုသိ၊ အမှန်အတိုင်း နားလည်၊ အဟုတ်ကို လုပ်တတ်မှ လက်လွှဲလို့ ရမှာကိုး။ ဒါ့ကြောင့် သင်ရတာ လက်ဝင်ပါတယ်။ စာသင်ချိန်ရယ်လို့ မလုပ်နိုင်တော့တာကြာပြီ။ မွေးလူနာ စောင့်ရင်းသာ သင်ပေးနိုင်တော့တယ်။ လက်တွေ့ကတော့ ပြောမနေနဲ့၊ စာမတွေ့ခင်က တွေ့ကြရတာ။

တော်တဲ့သူက တော်ပါတယ်။ တယောက်ဆိုရင် တခြားနိုင်ငံရောက်ပြီး သူနာပြုတက်ခွင့်ရသွားတယ်။ အခု ၄ နှစ် သူနာပြုကောလိပ်အောင်သွားပြီ။ “တပည့်မကောင်း ဆရာ့ခေါင်း” ဆိုတာ ဆေးပညာသင်တဲ့နေရာမှာ ရာနှုန်းပြည့် မှန်တယ်။ ဒါကြောင့် “ကျုပ်ဆရာမတွေက တော်ကြတယ်” လို့ ခဏခဏပြောပါတယ်။

Dr. တင့်ဆွေ

Read more...

Medical Science and Arts ဆေးသိပ္ပံ နှင့် ဝိဇ္ဇာပညာ

ဆေးကျောင်းသားဘဝကို ပြန်ပြီးအောက်မေ့၊ ဆင်ခြင်လိုက်ရင် တခြားကောလိပ်-တက္ကသိုလ် ကျောင်းသားဘဝတွေနဲ့ အတော်များများ အတူတူပါဘဲ။ ဆေးကျောင်းဖြစ်လို့ ဝိဇ္ဇာဘာသာရပ်နဲ့ ခပ်ဝေးဝေး ဖြစ်တာတော့ အမှန်ဘဲ၊ ဒါပေမဲ့ အဝေးကြီး မဟုတ်ဘူး။ ဝိဇ္ဇာပညာ၊ အနုပညာ၊ စာပေ-ယဉ်ကျေးမှု ဆိုတာတွေကို ဆယ်တန်းအမှတ်ကနေ အဝေးကြီး ပို့မပြစ်နိုင်ဘူး။

၁၉၆ဝ ကျော် လျှပ်စစ်ဂီတာ ပေါ်စခေတ်မှာ ကောင်းကောင်း တီးခပ်နိုင်သူတွေ ဆေးကျောင်းမှာရှိတယ်။ အတန်းတူ ဆေးကျောင်းသား သူငယ်ချင်းတွေထဲမှာ အင်မတန်တော်တဲ့ ဂီတသမားတွေရှိတယ်။ တချို့ကြ မျိုးရိုးအရကို တော်တာ။ တခါက ကျောင်းပွဲလေးတခုမှာ နာမည်ကြီးပြီးသား အဆိုတော် (ဆရာမလဲ ဟုတ်တယ်)၊ သီချင်းဆိုတာကို သူငယ်ချင်းက မယ်ဒလင် တီးပေးရတယ်။ ဆိုပြီးတော့ သူငယ်ချင်းက ပြန်ပြောတယ်၊ “ဆရာမဆိုတာ စည်းတချက် လွဲတယ်ကွ”တဲ့။ တယောက်ရဲ့ ဖအေက တပြည်လုံးသိတဲ့ အလင်္ကာကျော်စွာဘွဲ့ရ သီချင်းရေးဆရာ။ သူ့သားက ပုလွေနဲ့ တယောသမား၊ ခွဲစိတ်အထူးကု ဆရာဝန်။

စတီရီယိုတေးတွေ စပေါ်လာတဲ့ သီချင်းခေတ်ထဲမှာ နာမည်ကြီးတယောက် ဆိုတာတွေကို ရေးခဲ့သူ သီချင်းရေးဆရာက ကျွန်တော်နဲ့ အဆောင်အတူ နေရစဉ်က တကုတင်ကျော်မှာ နေတယ်။ မန္တလေး၊ ဖါသာလဖုန်း အဆောင်မှာပါ။ အဲဒီတုံးက အမြဲလိုလို သူ့ကိုတွေ့နေရတာက ရှမ်းဘောင်းဘီဝတ်ပြီး၊ ပုလွေတချောင်းနဲ့ ဂီတာတလက်၊ ဂီတာက ဟောင်းနေပါပြီ။ သူ့ရဲ့အဆိုတော်က ဆုံးသွားရှာတာတောင် မကြာလှသေးဘူး။

မနက်တိုင်း ဆေးကျောင်းက နံရံကပ်သင်ပုန်းမှာ ကာတွန်းလက်ရာတခု နေ့စဉ်လိုလို အလကားဖတ်ရတယ်။ ကောင်းလိုက်တာ မပြောပါနဲ့တော့။ ကျွန်တော်ကိုယ်တိုင်က ပန်းချီသမား၊ အပျော်တန်းအဆင့်ပါ။ ၁၉၇၂-၇၃ ဆေးကျောင်းမဂ္ဂဇင်း စထုတ်တော့ မျက်နှာဖုံးဆွဲရဘူးတယ်။ ဒါတင်ဘယ်ကမလဲ သူငယ်ချင်းတွေက သူတို့ ရည်းစားပုံကို ပုံတူဆွဲအပ်ကြတယ်။ ကျောင်းသူတယောက်ပုံကို ကြိုက်နေတဲ့ သူငယ်ချင်းက ခိုင်းလို့ (အနာတမီ) လက်တွေ့ခန်းထဲ သူများတွေ (ဒိုင်ဆက်ရှင်) လုပ်နေတုံး ခိုးပြီး ပုံတူဆွဲပေးရဘူးသေးတာ။ သိသွားပါလေရော့။

ဝါသနာရှိလို့ အရင်က (ဝသ) လို့ခေါ်တဲ့ မန္တလေး-တက္ကသိုလ်ကို သွားသွားပြီး၊ စာပေဟောပြောပွဲတွေ နားထောင်ခဲ့တယ်။ ပါ-ချုပ် ဦးကျော်ရင်ကို မီလိုက်တယ်။ မန္တလေးမှာက စာပေဟောပြောပွဲတွေ အတော်ခေတ်စားခဲ့တာ။ ဆရာဦးဆန်းထွန်း ဟောတာကိုလဲ ခဏခဏ နားထောင်ဘူးတယ်။ ရုပဗေဒပါမောက္ခ ဦးကျော်မြင့် လဲပါတယ်။ သိပ္ပံလိုင်းဆိုတာ သီးခြား ကမ္ဘာထဲ ရောက်သွားတာ မဟုတ်ဘူးလို့ ဆိုလိုတာဘဲ။ ဆေးကျောင်းသား သူငယ်ချင်း အချင်းချင်း စာအုပ်ငှားဖတ်ရင် တက္ကသိုလ်ဘုန်းနိုင် စာအုပ်ဖြစ်တတ်တယ်။ ဇဝနရဲ့ ကောလိပ်ဂျင်ကြောင့် ဆေးကျောင်းမဟုတ်တဲ့ တခြား ကောလိပ်ကျောင်းတွေကို အထင်မသေးမိကြပါ။

မန္တလေး ဝိဇ္ဇာနဲ့သိပ္ပံက မြန်မာစာပါမောက္ခ ဆရာကြီးဦးချမ်းမြ (မြကေတု) ကျွန်တော်တို့ ဆေးကျောင်းလာပြီး ဟောတာ ပြောတာ ရှိတယ်။ ရကန်ကို သူကိုယ်တိုင်ဆိုပြတာ မှတ်မိနေတယ်။ လူထုဦးလှ၊ ဒေါ်အမာတို့လဲ လာဟောတယ်။ ပထမ (အမ်ဘီ) မှာ ဆေးကျောင်းသားတိုင်းကို လူ့ရှေ့စကားပြောတာ လုပ်ရတယ်။ အဲလို မြင်ဆရာ-သင်ဆရာတွေ ကျေးဇူးထင်ပါရဲ့ နောင် ကိုယ်တိုင် ကျန်းမာရေးဖြစ်ဖြစ် နိုင်ငံရေးဖြစ်ဖြစ် လူတွေကို ပြောဟော စည်းရုံးရတော့ ပိုအဆင်ပြေတယ်။ ဆရာဝန်လုပ်မဲ့သူတွေကို ဒီလိုအနုပညာနဲ့ မဝေးအောင်လုပ်ပေးဘို့ အသိရှိကြတဲ့ “ဆရာဝန်ဆရာ” တွေကို ကျေးဇူးတင်ဘို့ ကောင်းတယ်။

နောင်နှစ်တွေ အတော်ကြာရင် နှစ်ရှည်အကျဉ်းသားဖြစ်လာမဲ့ ပုဂ္ဂိုလ်နဲ့အတူ ပေါ်ထွန်းခဲ့ဘူးတဲ့ သတင်းစာတိုက်က “စနေစကားဝိုင်း” ကိုလဲ မီတယ်။ ဒေလီမှာ နိုင်ငံရေးလုပ်ဖေါ်ကိုင်ဖက်တွေနဲ့ “စနေသတင်းစကားဝိုင်း” ကို ဖန်တီးခဲ့တာက အဲဒီကမျိုးစေ့ပါ။ စနေနေ့ ညနေ (၃) နာရီတိုင်း ဝိုင်းပြီး စကားပြောကြတယ်။ အခုမရှိတော့ပါ။ Brain storming လို့ ခေါ်တာမျိုး၊ “ဦးနှောက်ဥာဏ်ပွါး-စကားဖလှယ်”လို့ ကျွန်တော် ဘာသာပြန် ကြည့်တယ်၊ တိုက်ရိုက် ပြန်တာမို့ သုံးလို့ သိပ်မတွင်ကျယ်ပါဘူး။

ဆရာဝန် စာရေးဆရာတွေကတော့ များသလား မမေးနဲ့။ သူတို့အကြောင်းကို သိတဲ့သူကနေ စာတပုဒ် သပ်သပ်ရေးမှ ဖြစ်မှာ။ အပြင်ရောက်လာတဲ့ သူငယ်ချင်း ဆရာဝန်ဆိုရင် ပွဲလမ်းရှိတိုင်း ကဗျာရွတ်တယ်။ သူစပ်တာတော့ မဟုတ်ဘူး။ ဆရာတင်မိုး ကဗျာမှန်သမျှ အလွတ်ရွတ်တဲ့လူ။ “ကဗျာ ပေါ်တာဆွဲတာ”လို့ သူကပဲ ပြောတယ်။ ခုတလော (ဝက်ဆိုက်) တွေပေါ်မှာ မဟာဂီတဆောင်းပါးတွေရေးနေသူတယောက်ကလဲ သူငယ်ချင်းဆရာဝန်ဘဲ။

ရှိသေးတယ်။ ဆေးကျောင်းမှာ သူငယ်ချင်းတယောက်က စောင်းတီး အတော်ကို တော်တာ။ ဗမာမဟုတ်ဘူး။ ရည်းစားပုံကို ကျွန်တော် ဆွဲပေးရသူတွေထဲက တယောက်ပေါ့။ နောင်နှစ်တွေကြာတော့ ပြည်ထောင်စုအရေးကို လုံးပမ်းမှုတွေ လုပ်တဲ့အထဲမှာ တိုင်းရင်းသားတဦးကနေ စာတပုဒ်ရေးဘူးတယ်။ သူညွှန်းတာက “တိုင်းရင်းသား သီချင်းတပုဒ်လောက်ကို ဗမာတယောက်က ပိုင်ပိုင်နိုင်နိုင်ဆိုပြရင်” ဆိုတာကို ဖတ်ရတော့၊ ကျွန်တော့်သူငယ်ချင်း စောင်းတီးကောင်းတဲ့ဆရာဝန်ကို သွားအမှတ်ရတယ်။

Dr. တင့်ဆွေ

Read more...

Rural Doctor တောသားဆရာဝန်

ကျွန်တော်မွေးတာက မင်းရွာ၊ ကျွန်တော့် အမေရဲ့ရွာက မင်းတိုင်ပင်၊ ကျွန်တော့်ဘဝက “မင်းပြေး” မင်းဘေးသင့်ထားလို့။

မင်းရွာက ရွာသေးသေးလေးပါ။ အဲဒီတုံးက အိမ်ခြေ (၈ဝ) လောက်ပဲရှိမယ်။ တောင်ယမားလို့ခေါ်တဲ့ မိုးရာသီ မိုးသည်းမှ ရေရှိတဲ့ သဲချောင်းကမ်းမှာရှိတယ်။ ချောင်းဘေး၊ မြေနိမ့်လို့ ရွာထဲမှာ သုံးတောင်၊ ငါးပေ လောက်တူးရင် ရေထွက်ပြီ။ ရေကလဲ ကောင်းလိုက်တာမှ။ အေးလို့၊ ကြည်လို့။ အိမ်တိုင်းမှာ ခြံရှေ့နား တတွင်း၊ သစ်ပင်ရေလောင်းဘို့ ခြံနောက်မှာ တတွင်း၊ ရေတွင်း နှစ်တွင်းတော့ ရှိကြတာချည်းဘဲ။

အဲလို ရေကောင်းလွန်း၊ ရေပေါလွန်းလှတဲ့ မင်းရွာသားတယောက် နောင် အနှစ်အစိတ်လောက် ကြာတော့ "ငါန်းဇွန်သား လမ်းဆိုးမတွေ့၊ မြို့သာသား ရေဆိုးမတွေ့" ဆိုတဲ့အရပ်မှာ (၆) နှစ် တာဝန်ကျတယ်။ မြို့သာဆိုတာ ရေ အင်မတန် မကောင်းတာကလား၊ မိုးရေကို နှစ်ပါတ်လည် အသုံးခံအောင် လူတရပ်-တဖေါင် နက်တဲ့ ကွန်ကရစ်ကန်နဲ့ စုဆောင်း သိုလှောင်ပြီး သုံးရတာ၊ ခေါင်းလျှော်ချင်ရင် မိုးရေလေး တပုံးဆွဲသွားမှဖြစ်တာ။ ဘာပဲဖြစ်ဖြစ် မြို့သာကို ကျွန်တော် အတော်ချစ်ပါတယ်။ (အခု မြို့သာ အရင်လိုမဟုတ်တော့ဘူးလို့ ဝမ်းသာစရာ သတင်းစကား မြို့သာသားတွေက ပါးကြတယ်။) မြို့သာအကြောင်း မမေ့စရာတွေ တပုံကြီး၊ ကျွန်တော် တောဆရာဝန်၊ “ဂျန်ဂယ်လ်-ဒေါက်တာ” ဖြစ်စေခဲ့တာ မြို့သာ၊ ကလေးအငယ်ဆုံး နှစ်ယောက် ဖွါးမြင်ခဲ့တာ မြို့သာမို့ ရေသာမကောင်းပေမဲ့ အမှတ်ရစေဘို့ရာ "ရေစက်" ဖြစ်ပါတယ်။

မင်းရွာက ပုလဲမြို့နယ် တောင်ဘက် အစွန်ဆုံးရွာ။ သူ့တောင်ဘက်က ကျောက်တောင်ရွာက မြိုင်နယ်ထဲ ရောက်သွားပြီ။ တိုင်းကလဲ မကွေးတိုင်း ဖြစ်သွားရော။ ပုလဲက စစ်ကိုင်းတိုင်း။ အဲလို မြို့နယ်ရော၊ တိုင်းရော ခြားနေတဲ့နေရာမှာ မွေးခဲ့ရတဲ့ ကျေးဇူးကို နောင်အနှစ် ၄ဝ-၅ဝ ကျမှ သိလာရတာရှိတယ်။ နိုင်ငံရေးသမား ဝရမ်းပြေး ပုန်းရတုံးက နယ်ကျော်ပြီး ဟိုကူး၊ ဒီပြောင်း လုပ်နေရင်း ပုလိပ် မျက်စိလည်စေခဲ့တယ်။ ရဲတပ်ဖွဲ့တွေ မြို့နယ်အမိန့်၊ တိုင်းအမိန့် တောင်းရ၊ တင်ရတော့ သူတို့ခမျာ အလုပ်များတာပေါ့။ ပြေးရပုန်းရတဲ့ လူအဖို့တော့ နဲနဲချောင်တယ်။ သူတို့တတွေလဲ ကျွန်တော့်လူနာတွေမို့ သူတို့စေတနာနဲ့ ကိုယ်အဖမ်းမခံတာလား စဉ်းစားမိသေးတယ်။

ပုန်းရ-ပြေးရတာ ၁၉၉ဝ နိုဝင်ဘာမှာပါ။ မေလ မကုန်ခင်လေးက ရွေးကောက်ပွဲနိုင်ခဲ့တယ်။ အဲဒါ ဝရမ်းပြေးဖြစ်ဘို့ ဖန်လာတာဘဲ။ နောင် (၁ဝ) နှစ်ကြာတော့ (အိုင်ပီယူ) ခေါ်တဲ့ နိုင်ငံတကာ လွှတ်တော်အမတ်များ သမဂ္ဂအစည်းအဝေး၊ ဂျော်ဒန်နိုင်ငံ အာမန်မြို့တော်ကို သွားပြီး ဗမာပြည်ကအမတ်တွေ ခံနေကြရတဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေကို အစစ်ခံထွက်ဆိုရတုံးက “Being elected should not be a Crime ရွေးကောက်ခံရခြင်းသည် ရာဇဝတ်မှု မဖြစ်သင့်” ဆိုတဲ့ ခေါင်းစည်းစာတမ်း ရိုက်သွားပြီး (လော်ဘီ) လုပ်ခဲ့ရတယ်။

အမေ့ရွာ မင်းတိုင်ပင် ဆိုတာ ကင်းဝန်မင်းကြီးရဲ့ရွာပါ။ အမေက ဦးကောင်းရဲ့ မြေးတော်တယ်။ အရင်က “မုံတိုင်ပင်” လို့ ရာဇဝင်-သမိုင်း စာအုပ်ဟောင်းတွေမှာ ရေးတယ်။ ငယ်ငယ်ကတည်းက ကင်းဝန် ရဲ့အမျိုးဆိုတာကို နဲနဲကြွားဘူးခဲ့တယ်။ ကိုးတန်း-ဆယ်တန်း ကဗျာလေး-စာလေး ရေးတုံးက ကင်းဝန်နွယ် ဘာ-ညာ ဆိုပြီး ကလောင် နာမယ်ခံယူခဲ့ဘူးတယ်။ ကိုယ်တိုင်က ပန်းချီဆွဲပြီး၊ မြန်မာစာဆရာ ဘုတလင်ချစ်လေးက ကြီးကြပ်ပေးတဲ့ “ပုလဲသွယ်” နံရံကပ် စာစောင်မှာ အဲဒီနာမည်နဲ့ တခါတလေ ပါဘူးတယ်။ ဆရာ့ကိုရော၊ သူငယ်ချင်းတွေပါ အမှတ်ရလို့ ကျွန်တော့် နိုင်ငံရေး (ဘလော့ခ်) ကို “ပုလဲသွယ်” လို့ နာမည်ပေးလိုက်တယ်။

နောင် နှစ် (၄ဝ) ကျော်တော့ ကယားလူမျိုး နိုင်ငံရေးမိတ်ဆွေတွေက အသိအမှတ် ပြုတာကိုတော့ ကျေနပ် ဝမ်းမြောက်တာ အမှန်ပါ။ ကယားပြည်ကို သီးခြားပြည်တခုအဖြစ် သီပေါမင်းကိုယ်စား လက်မှတ်ထိုး ထုတ်ပြန်ခဲ့တာ ကင်းဝန်မင်းကြီး ဦးကောင်းလို့ ကယား-ကယန်းတွေက သူများတွေထက် သိကြတယ်။ ကင်းဝန်မင်းကြီးကို အဲလို အမြင်ရှိသူတွေ အကဲဖြတ်တာကိုရော၊ “ဦးကောင်းလိမ်ထုတ်” ဆိုတာရော၊ နှစ်ခုလုံးကို သူ့အမျိုးတွေက အမွေခံရမှာပါ။ ကင်းဝန်မင်းကြီးနဲ့ ပတ်သက်ရင် ဆရာမြသန်းတင့်ရဲ့ “တောင်သမန်အင်းက လေညှင်းဆော်တော့” ထဲမှာ ရေးသားချက်ကိုတော့ မြန်မာ့စွယ်စုံကျမ်းထက် နှစ်သက်ပါတယ်။

ဦးကောင်းမွေးနေ့ နှစ် (၁၄ဝ) တုံးက ဦးလေးတယောက်ရဲ့ အစီအစဉ်နဲ့ မင်းတိုင်ပင်မှာ ပွဲတခုလုပ်ခဲ့ဘူးတယ်။ အဲဒီတုံးက ကျွန်တော်က ဆေးကျောင်းသားပဲ ရှိသေးတာ။

Dr. တင့်ဆွေ

Read more...

Once a Rose တချိန်တုံးကတော့ နှင်းဆီ

ဆေးကျောင်းကို ရောက်လာကြတဲ့ ကျောင်းသူကျောင်းသားတွေမှာ တူတဲ့အချက် တခုကတော့ ဆယ်တန်းမှာ အမှတ် ကောင်းကောင်း ရခဲ့ကြတာဖြစ်တယ်။ ဆယ်တန်းအောင်မှတ်ဆိုတဲ့ တရားစီရင်ချက်ကြောင့်ဖြစ်လာကြတာလို့ ဆိုချင်တာပါ။ ကျွန်တော်တို့အရင်က စီနီယာ ကျောင်းသားကြီးတွေက အဲဒီအချက်နဲ့ မတူတဲ့ အခြေခံတမျိုး ရှိကြတယ်။ သူတို့ ဆေးကျောင်း ရောက်ရတာက့ သိပ်တော့ မသိလှပါဘူး၊ သုတေသနလုပ်တာ မဟုတ်လို့။ အထင်နဲ့ ရေးရရင် ဆွေမျိုး အသိုင်းအဝိုင်းအရ အခြေအနေနဲ့ တွန်းအားတွေကြောင့်၊ ရည်မှန်းချက်တွေရှိရှိ၊ ပြင်ပြင်ဆင်ဆင်နဲ့ ရောက်ကြတာလို့ ထင်တယ်။

ကျွန်တော့် တယောက်အတွက် မှန်တာကတော့ ဆွေမျိုးအသိုင်းအဝိုင်းနဲ့ အခြေအနေ တွန်းအားတွေမရှိဘူး။ ရည်မှန်းချက် ဆိုတာလဲ ငါဆရာဝန်ဖြစ်ရမယ်လို့ မှန်းပြီး စာလုပ်ခဲ့တာလဲ မဟုတ်ဘူး။ “အဲဒီခေတ်က ပညာရေးစနစ် ပုံသွင်းတဲ့အထဲ ပါသွားတာပါ။”

ဆေးကျောင်းသားတွေမှာ နောက်တူတဲ့အချက်တခု ရှိသေးတယ်။ ဘဝင်ကိုယ်စီအနည်းနဲ့ အများရှိကြတာ။ ဘဝင်ဆိုတာ အတိအကျ အသုံးစကား ဟုတ်ချင်မှ ဟုတ်မယ်၊ ဆေးကျောင်း တက်ရတာကို ဂုဏ်ယူကြတာမျိုး ဆိုချင်တာပါ။ အပြစ်မရှိလှဘူး ထင်ပါတယ်။ အဲဒီခေတ်မှာ ဆယ်တန်းအမှတ် အများဆုံးကိုမှ ဆေးလိုင်း သတ်မှတ်တာကိုး။ ဒီတော့ မိဘတွေ၊ ဆွေမျိုးတွေ၊ “ဆွေမျိုးတော်ချင်သူတွေ” အဖို့ ဒီ စံသတ်မှတ်ချက်ကို လိုက်ကြပေါ့။ ကိုယ်ကြိုးစားလို့ ရတာကို ကျေနပ်မှုရှိတာ ပုံမှန်ဘဲ။

“ဆွေမျိုးတော်ချင်သူ” ဆိုတာ သိတဲ့အတိုင်း သားမက်၊ ချွေးမရွေးကြတာပါ။ ဗမာပြည်မှာက အကြိုက်ခေတ် ဆိုတာ ပြောင်းနေတယ်။ ခေတ်ကလဲ စနစ်နဲ့ ယှဉ်လိုက်နေသေးတယ်။ စနစ်ဆိုတာ နိုင်ငံရေး၊ လူမှုရေး စတာတွေ ရောနေတာမျိုး။ စစ်ဗိုလ်တွေ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ခေတ်မှာ ကျွန်တော်တို့ ကြီးခဲ့ရပါတယ်။ နောက်တခါ ဆရာဝန်က နှင်းဆီခိုင် ဖြစ်လာပြန်တယ်။ ဆိုရှယ်လစ်ခေတ် အတော်ခရီးရောက်လာတော့ သင်္ဘောသားခေတ် ဖြစ်လာတယ်။ သင်္ဘောသားခေတ်ကနေ နိုင်ငံခြားသွားခေတ် ဖြစ်လာတယ်။ ကိုယ့်တိုင်းပြည်မှာတင် အလုပ်လုပ်ဘို့ အဆင်မပြေတဲ့ အခြေအနေဆိုတာ အဲဒီကတည်းက စခဲ့တာ ကနေ့အထိပါ။

စစ်ဗိုလ်တွေ တခါပြန်ပြီး တပါတ်လည်လာတယ်။ ဒီတခါတော့ “ပျိုတိုင်းကြိုက်တဲ့ စိန်ပန်းခိုင်”။ တချို့လူတွေ စိန်စီနေချိန်၊ ဆန်စားဘို့ မလွယ်သူတွေက များလွန်းနေလို့၊ မုဒိတာပွါးဘို့ ခက်သူက မနည်းဘူး ထင်တယ်။

ဆရာဝန်ခေတ်တော့ တကြော့ပြန်တယ် မကြားမိဘူး။ ဆရာဝန် နှင်းဆီခိုင်ခေတ်တုံးကတော့ တချို့သူငယ်ချင်းတွေ ရောင်းကောင်းခဲ့တာ များလှတယ်တော့ မထင်ဘူး။ မရှိဘူးတော့ မဟုတ်ပါ။ နောက်တော့ အိမ်ထောင်ရေး အဆင်မပြေတာတွေလဲ ကြားရတယ်။ အိမ်ထောင်ရေးဆိုတာ ကိုယ်ကြိုက်-ကိုယ်ယူတွေလဲ အဆင်မပြေတာ ရှိတာပါဘဲ။

အိမ်တောင်ရေးစံ သတ်မှတ်ချက်က နေရာဒေသ၊ ခေတ်၊ လူမျိုး၊ ဘာသာ မတူရင် ခြားနားကြတာ အရင်က သိပ်သတိမထားခဲ့မိဘူး။ ကိုယ်သိထားတဲ့ စံကိုဘဲ ယူတတ်တာကိုး။ ပြည်ပရောက်တော့ ခေတ်မီ-ခေတ်ရှေ့ရောက်၊ တိုးတက်တယ်ဆိုတဲ့ တိုင်းပြည်ကစံတွေကို ပြည်ပရောက်တွေက နာယူမှတ်သား လိုက်နာကြတော့တယ်။ ကျွန်တော်တို့ လင်မယားခေတ်ကလူတွေဟာ အောက်ကုန်ပြီဆိုတဲ့ အတန်းအစားဖြစ်ကုန်ကြရော။ အမျိုးသမီးအဖွဲ့အစည်း တချို့ကြားထဲ “တလင်တမယားဆိုတဲ့စကား နားခါးသတဲ့ဗျာ”။ ကျွန်တော်တော့ ငယ်ငယ်ကတည်းက ကြိုက်တဲ့ တမာကို ပီဇာနဲ့ မလဲပေါင်။

“ချုပ်တည်း သည်းခံနိုင်စွမ်း ဆိုတာဟာ၊ လွတ်လပ်စွာ ပြောဆို-ရေးသား-လုပ်ကိုင်ခြင်းရှိရမယ် ဆိုတာကို ဆန့်ကျင်တယ်လို့ ထင်ကြတာ လွဲနေတယ်။” နိုင်ငံရေးအမြင်နဲ့ (အက်တစ်ဘစ်) အမြင်က ဒီနေရာမှာကွာတယ်။

လူဆိုတာ လက်လွတ်စပယ် မနေ-မပြော-မလုပ်စွမ်း ရှိရတယ်။ ယဉ်ကျေးတာနဲ့ ရိုင်းတာကလဲ အဲဒီအစွမ်းတွေ များတာနဲ့ နည်းတာကို ခွဲခေါ်တာဖြစ်တယ်။ သူများထက် ချုပ်တီး-အောင့်အီး-သည်းခံနိုင်စွမ်း ကြီးမားသူတွေကို ဆရာတင်ကြရ၊ ဆီးကပ်ကြရ၊ ကိုးကွယ်ကြရတာဖြစ်ပါတယ်။

အစဉ်အလာတွေဟာ အတားအဆီးတွေမို့ မလိုအပ်တော့ဘူး၊ လုပ်ချင်တာကို လွတ်လွတ်လပ်လပ် လုပ်သင့်တယ်ဆိုတာ အလွယ်ဆုံး အလုပ်မျိုးပါ။ သတ္တိလဲ မလိုဘူး၊ (ဝပ်ရှော့) လုပ်ဘို့လဲ မလိုဘူး။ ရိုင်းရိုင်းပြောရရင် အရှက်နည်းဘို့သာ လိုတာ။

ဆရာဝန်တွေအဖို့တော့ ဆန်းသစ်လာနေတဲ့ ဆေးပညာကို စဉ်ဆက်မပြတ်လေ့လာနေကြရတယ်။ အဲဒါကသာ ခေတ်နဲ့ ညီတယ်၊ ခေတ်မီတယ်လို့ ခေါ်တယ်။ ကနေ့ (ယူအက်စ်) မှာ၊ (ယူကေ) မှာ ဘာအသစ်တွေ့သလဲကို သိနေကြရတယ်။

ဗမာပြည်ဆေးလောကထဲက နှင်းဆီတွေဟာ မွှေးနေဆဲလို့ ထင်ပါတယ်။

Dr. တင့်ဆွေ

Read more...

House Surgeon ဟောက်ဆာဂျင်

ကျွန်တော် ဆရာဝန်ဖြစ်တာ၊ (အမ်ဘီဘီအက်စ်) ပြီးတာ၊ ၁၉၇၂ အောက်တိုဘာမှာ။ မန္တလေး ဆေးကျောင်းကပါ။ ကျောင်းပြီးတာနဲ့ အလုပ်သင်-ဆရာဝန် House surgeon (၁) နှစ်တိတိ လုပ်ရတယ်။ (ဟောက်ဆာဂျင်) လို့ ခေါ်တာ နုတ်ကျိုးနေပြီ။ အမှန်က (ဟောက်ဆာဂျင်) ဆိုတာ တိုင်းပြည်တခုနဲ့တခု မတူဘူး။ (ဟောက်စ်) ဆိုတာ ဒီနေရာမှာ ဆေးရုံကို ပြောတာ။ အမေရိကမှာ တာဝန်ကျရင် အဆင်သင့် ရှိနေရတဲ့ ဆေးရုံက လက်ထောက် ခွဲစိတ်-ဆရာဝန်ကို ခေါ်တယ်။ ဗြိတိန်မှာတော့ လုပ်သက်ရင့် ခွဲစိတ်-ဆရာဝန်ကို ပြောတာ။ သူ့အထက်က ခွဲစိတ်-ဆရာဝန်ကြီး နေရာမှာ ဝင်ယူနိုင်တဲ့ ခွဲစိတ်-ဆရာဝန် ဖြစ်တယ်။ နယူးဇီလန်မှာ ခေါ်တာနဲ့ ကျွန်တော်တို့ဆီမှာ ခေါ်တာက ပိုနီးစပ်တယ်။ သူတို့ဆီမှာက (၂) နှစ်လုပ်ရတာဘဲ ကွာတယ်။ ခွဲစိတ်လိုင်း (ဟောက်ဆာဂျင်) နဲ့ သမားတော်လိုင်း (ဟောက်ဖီဇစ်ရှင်) ဆိုပြီး ခွဲထားသေးတယ်။ အိန္ဒိယမှာတော့ (ဟောက်စ်-ဆာဂျရီ) ဒါမှမဟုတ် (အင်တန်းရှစ်ပ်) ၁ နှစ် လုပ်ရတယ်။ အမေရိကားက Residency နဲ့လဲမတူပါ။

ကျွန်တော်တို့ဆီမှာ လက်ထောက် ဆရာဝန် မှန်သမျှကိုလဲ Assistant surgeon (အေအက်စ်) လို့သာ ခေါ်ကြတယ်။ လက်ထောက် ခွဲစိတ်-ဆရာဝန်လို့ အတိအကျ ဘာသာပြန်နိုင်တာပါ။ ဆေးမှူးစတဲ့ တခြား ဆေးပညာသယ်တွေနဲ့ အဓိကမတူတဲ့ အရည်အချင်းကတော့ ဆရာဝန်ကသာ လူနာကို ခွဲစိတ်ကုသနိုင်လို့ပါ။

(ဟောက်ဆာဂျင်) ၁ နှစ်ကို မေမြို့စစ်ဆေးရုံမှာ တာဝန်ကျတယ်။ (ဟောက်စ်) လုပ်ရင်း နေရာပြောင်း (ထရန်စဖါ) ကျတာ အတော်တော့ ရှားမယ်ထင်တယ်။ သူငယ်ချင်း မေမြို့သူ ဟောက်ဆာဂျင်ကို သူ့မိဘတွေက မေမြို့မှာဘဲ လုပ်စေချင်လို့တဲ့၊ သူငယ်ချင်းကတော့ မန္တလေးမှာဘဲ နေချင်တယ်ပြောတာဘဲ။ ဒါနဲ့ ကျွန်တော်နဲ့ လဲရတာ ဖြစ်သွားပြီး၊ သူ့မိဘတွေ ကျေးဇူးနဲ့ ကျွန်တော် မေမြို့စစ်ဆေးရုံကနေ မန္တလေးပြည်သူ့ဆေးရုံကြီး ပြောင်းရတယ်။

ကျွန်တော့် အကြိုက်လဲ ဖြစ်သွားလို့ သူ့မိဘတွေကို ကျေးဇူးတင်ပါတယ်။ အကြိုက်ဆိုတာက ကျွန်တော့်အဖို့ မန္တလေးမှာ ပိုအဆင်ပြေတယ်လေ၊ အမျိုးအဆွေတွေလဲ ရှိတာကိုး။ ပိုအရေးကြီးတာက မေမြို့ စစ်ဆေးရုံမှာ ဟောက်ဆာဂျင် လုပ်တဲ့သူတွေ အထဲကနေမှ စစ်တပ်ဆရာဝန်လုပ်ဘို့ ခေါ်လေ့ရှိတယ်မဟုတ်လား။ အမျိုးသားစစ်မှုထမ်း မလုပ်မနေရ ဥပဒေအရပေါ့။ (၃) နှစ် ဝင်လုပ်ရမှာ။ ကျွန်တော်က အဲဒါမျိုး မလုပ်ချင်ခဲ့ဘူး။

စစ်ထဲမဝင်ချင်တာလို့လဲ အပြတ်ပြောချင်တာ မဟုတ်ပါဘူး။ (၉) တန်း ဖြေနေတုံးက၊ စစ်တပ်ကနေ လျှောက်လွှာတွေ စာသင်ခန်းထဲအထိ လာဝေတယ်။ မေမြို့ စစ်တက္ကသိုလ် (ဒီအက်စ်အေ) တက်ဘို့ စစ်ဗိုလ် စုဆောင်းရေးပေါ့။ ဝင်ဖြေတယ်။ ဘာရယ် မဟုတ်ဘူးလို့ ပြောရမှာပေါ့။ အဲဒီတုံးက အသက် (၁၅) နှစ်ရှိသေးတာကိုး။ ဆရာဝန် ဘွဲ့ပြီးတော့ (၂၄) နှစ်ရှိပြီ။ (၁၅) နှစ်နဲ့ (၂၄) နှစ်မှာ လုပ်ချင်တာ-မလုပ်ချင်တာတွေ မတူတော့ဘူး။ အိမ်ထောင်ကျပြီးပြီ။ အခြေအနေနဲ့ ဘဝလဲ ခြားနား၊ အကြိုက်လဲ ပြောင်းပြီပေါ့။

မေမြို့ စစ်တက္ကသိုလ်တက်ဘို့ လျှောက်လွှာတင်သူတွေ အဲဒီတုံးက မုံရွာ၊ ခလရ (၁၅) တပ်ထဲ သွားပြီး ရေးဖြေဖြေရတယ်။ လူ (၁ဝဝ) ကျော်လောက်ရှိမှာပါ။ အဲဒါ လနဲနဲကြာတော့ အောင်သတဲ့။ မှတ်မိသလောက် မုံရွာက (၆) ယောက် အောင်တယ်။ ရန်ကုန် သွားပြီး နောက်တဆင့် ဖြေရမတဲ့။ ဖြေတာပေါ့။ ရထား၊ ကား၊ စရိတ်ငြိမ်းမို့ ရန်ကုန်သွား ဖြေဖြစ်တာလဲ ဟုတ်ပါတယ်။

အဲဒီတုံးက ပြည်လမ်း၊ ဗိုလ်ရှုခံနဲ့ မျက်နှာချင်းဆိုင်၊ ဗိုလ်ရွေးအဖွဲ့လို့ ခေါ်တဲ့ (အိုတီတီ) တပ်ထဲမှာ နေပြီး၊ ဗိုလ်ဖြစ်မဲ့သူတွေ ရေးဖြေ၊ နှုတ်ဖြေ၊ တခြားဖြေစရာတွေ ဖြေရတယ်။ တခြားဆိုတာတွေက စိတ်ပိုင်းမေးတာ၊ စစ်မြေပုံဖတ်တာတို့၊ ကာယ အလုပ်တွေက အတော်ပါတယ်။ တက်တာ-ဆင်းတာ၊ ကျော်တာ-ဖြတ်တာတွေပေါ့။ ဒုတိယအကြိမ် အောင်စာရင်း ထုတ်တော့လဲ အောင်ပြန်ရော။

အံ့သြတာက ကျွန်တော်က အောင်လဲ ထူးပြီးစိတ်လှုတ်ရှားတာ မရှိသလို၊ မအောင်လဲ အသာ အိမ်ပြန်ဘို့။ ဒုတိယအဆင့် မအောင်လို့ ငိုသူတွေရှိတာ အံ့ရော။ ကျွန်တော်က သူတို့ကို အောင်စေချင်လိုက်တာ။ စိတ်ပါလက်ပါ လုပ်ချင်သူကို ရွေးရင် ဘယ်လောက် ကောင်းလေမလဲ။ စိတ်ပိုင်း စစ်ဆေးသူတွေက မသိလေရော့သလား မပြောတတ်ပါ။

ကျွန်တော် ညံ့တာ ကိုယ့်ကိုယ်ကို အဲဒီတုံးက မသိဘူး။ သူများတတွေက ဘာတွေမေးမယ်၊ ဘာတွေဖြေရမယ်၊ ဘာပြီး ဘာ၊ အတော်သိကြတယ်။ အဲဒါတွေ အားလုံးလဲဘဲ ကျွန်တော့်အဖို့ အံ့စရာတွေ။ ကိုယ်ရချင်-ဖြစ်ချင်တာတွေ ကိုယ်က ကြိုသိထားအောင် လုပ်တယ်ဆိုတာ အမှန်က တော်တာပါ။ ကျွန်တော်က အ,တော့ (၈) တန်း၊ (၉) တန်း စာမေးပွဲတွေလို တနှစ်တတန်း၊ သင်ချိန်သင်၊ စာကျက်ချိန်ကျက်၊ ဖြေချိန်ကျဖြေ၊ ဒီလောက်ထက် ပိုမသိခဲ့ဘူး။

စစ်ထွက် ဦးလေးတယောက်ရှိတာ “မင်း ဘာမေးမေး ဦးအောင်သာဖြေ။ ကြောက်မနေနဲ့” ဆိုတဲ့ အကြံကောင်းလေး တခုတော့ ဆောင်သွားတာ။ စစ်မြေပုံ ဖတ်ခိုင်းတော့၊ ဦးလေး အကြံအတိုင်း သူများတွေထက် ဦးအောင် ကျွန်တော် ဖြေတယ်။ ဘယ်နေရာကို ရဟတ်ယာဉ်နဲ့ ဆင်းမယ်ဆိုတာ ကျွန်တော် အရင်ဆုံး ခပ်တည်တည် ပြောလိုက်ပါတယ်။ အမှတ်တော့ ရမယ် ထင်တာဘဲ။ စစ်တဲ့သူက ဆက်မေးတယ်၊ နောက်ပြီးတော့ရောတဲ့။ ကျွန်တော် ဘာမှ ဆက်မဖြေ တတ်တော့ပါ။ မကြောက်ရဘူး ဆိုတာတော့ သတ္တိမွေးနိုင်တယ်၊ မသိတာတော့ မဖြေတတ်ဘူး။

တတိယအဆင့်က ဆေးစစ်။ စစ်လိုက်တာ စုံနေတာဘဲ။ မင်္ဂလာဒုံ စစ်ဆေးရုံကြီးမှာ အခေါက်ခေါက်။ နောင် နှစ်အနည်းငယ်ဆို ကျွန်တော် ဆေးရုံ-ဆေးဝန်ထမ်း ဆိုတဲ့ဘဝကို ရမယ်ဆိုတာ ကြိုမသိခဲ့ပါ။ ဒါနဲ့ ဆေးစစ်လဲ အောင်တယ်။

အဲ နောက်ဆုံးက ဘာစစ်တာမှတော့ မရှိတော့ဘူး။ ဒါပေမဲ့ ကျွန်တော် ကျတယ်။ လူ (၁ဝဝ) လား မသိဘူး ရွေးခေါ်တယ်။ ကျွန်တော် မပါဘူး။ ကံတရား ပေါ့ဗျာ။ စစ်တာ-ဆေးတာ အကုန်အောင်၊ မစစ်တာကကျ။ အောင်မြင်စွာ ဆုတ်ခွါရတယ်ဆိုတာ ဒါမှ အစစ်။

မေမြို့ စစ်ဆေးရုံမှာ (ဟောက်စ်) ဝင်လုပ်ကြရမဲ့ မန္တလေးက အောင်လာကြတဲ့ ကျွန်တော်တို့ သူငယ်ချင်းတတွေ အတော့်ကို ဟောင်းနွမ်း ဆွေးမြေ့နေတဲ့ စစ်ဆေးရုံထဲက တိုက်အိမ်တလုံးမှာ စုနေကြရတယ်။ စာမေးပွဲပြီးကြတာက သြဂုတ်လ၊ အလုပ်သင် ဝင်ရတာလဲ မကြာဘူး၊ ဆောင်းတွင်း ရောက်တာနဲ့ စတယ်။ မေမြို့က အေးလိုက်တာလဲ မပြောပါနဲ့။ ကိုယ်က မုံရွာ၊ မန္တလေးမှာ နေလာသူဆိုတော့ မေမြို့ဆောင်းကို ကြောက်တယ်၊ ရေတထပ်ချိုးဘို့ ဆိုတာ စွန့်စားခန်းဘဲ။ ဆရာဝန် စစ်ဗိုလ်တွေ အဲဒီမှာ ဘယ်လိုနေနိုင်ကြလဲ မသိဘူး။ အော့့် နောက်မှသိတယ်၊ သူတို့ကတော့ ရေနွေးရမှာကိုး။ အရပ်သား အလုပ်သင်ဆရာဝန်လေးတွေလောက် စစ်ဗိုလ်တွေက ရေးအေးနဲ့ချိုးရဲတဲ့ သတ္တိမှ မရှိကြတာဘဲ။

နောက် အနှစ် ၂ဝ လောက်ကြာရင် မေမြို့ထက် ပိုအေးလှတဲ့ ချင်းတောင်တန်းကြီးကို ဒီဇင်ဘာလထဲ (၅) ညနဲ့ (၆) ရက်တိတိ၊ ခြေလျင်ဖြတ်ပြီးသကာလ၊ တိုင်းပြည်ကနေ ထွက်ခွါရလိမ့်မယ်လို့ မတွေးမိခဲ့ပါ။

Dr. တင့်ဆွေ

Read more...

ရွံစိတ်

ဆရာခင်ဗျာ ရွံတတ်တာကို အင်္ဂလိပ်လိုဘယ်လိုခေါ်လဲခင်ဗျ။ ဘာကြောင့်ဖြစ်ရတာလဲ။ ဖျောက်ပစ်လို့ရနိုင်ပါသလားခင်ဗျာ။

• ရွံ (N) Loathe, fear with loathing; (V) Thing which is loathsome or detestable

• ရွံကြောက်စိတ်ဆိုတာ ပင်ကိုယ်စိတ်အခြေအနေဖြစ်တယ်။ ရောဂါလို့တော့ မသတ်မှတ်သင့်ဘူး။
• ဘယ်လိုဖျောက်ရမယ်ဆိုတာ ဆေးရယ်လို့မရှိပါ။ ကိုယ်တိုင်ဖျေဖျောက်ဘို့ ကြိုးစားသင့်တယ်။
• ဥပမာ ကျွန်တော် ဆေးကျောင်းမတက်ရခင်က လူသေအလောင်းကို ကိုယ်တိုင်ကိုင်ကြည့်ဘို့ ရွံကြောက်စိတ် ရှိတယ်။ ငါမလုပ်မဖြစ်ဘူး။ ပညာအတွက်လုပ်ရတာဘဲဆိုပြီး စိတ်ကိုပြုပြင်အားတင်းခဲ့ရတယ်။ တီကောင်၊ ဖါး၊ ဝက်ပေါက်စလေးတွေကို ခွဲစိတ်ရတုံးကလဲ အဲလိုဘဲ။ ငါ ဇီဝဗေဒကိုသင်နေတာလို့ မနည်းအားတင်းခဲ့ရတယ်။ အဲဒါတောင် ခုနေမှာ မကိုင်ချင်စိတ်က ဆက်ရှိနေတယ်။ အရေးအကြောင်းဆိုရင်တော့ စိတ်ကို ပြန်မွေးနိုင်မယ် ထင်ပါတယ်။
• ဆရာဝန်ဖြစ်ပြီးနောက် လူသတ်မှုအလောင်းတွေ လတ်လတ်ဆတ်ဆတ်ဆိုရင် စိတ်ကိုကြိုစားဘို့ မလိုပေမဲ့ ပုပ်ပွနေတာမျိုးအတွက် စိတ်အားပြန်တင်းရသေးတယ်။ အနာထဲက လောက်ကောင်ကို ဖယ်ပေးရရင်လဲ ကိုယ့်စိတ်ကို အားခဲရဆဲဖြစ်ပါတယ်။
• ဘာသာရေးအဆုံးအမကိုလဲ အားကိုးရတယ်။ ဖြစ်ပြီးသားဟာကို ကောင်းကောင်း၊ ဆိုးဆိုး ဆက်ပြီး စိတ်ထဲထည့်မထားရဘူးလို့ ဆုံးမတာရှိတာမဟုတ်လား။
• ဇင်တရားမှာ ဥပမာလေးတခုရှိတယ်။
• ဘုန်းကြီးကျောင်းရှေ့ ရေမြောင်းတခုကို ကျော်သွားဘို့ ခက်နေတဲ့ တကာမတယောက်ကို ဦးဇင်းတပါးကနေ ပွေ့ချီပြီး ကျော်သွားနိုင်အောင် ကူညီလိုက်တယ်။ အဲဒါကိုမြင်သွားတဲ့ ဒုတိယကိုယ်တော်က ဝိနည်းနဲ့မညီဘူး။ မလုပ်အပ်ဘူးဆိုပြီး စိတ်ထဲ စနိုးစနင့်ဖြစ်နေတယ်။ ညပိုင်းရောက်လို့ စကားစမြီပြောချိန်မှာ ဒုတိယကိုယ်တော်က မနေနိုင်တော့ဘဲ ထုတ်ပြောပြီး ကန့်ကွက်တယ်။ “ဘုန်းကြီးတန်မဲ့ မာတုကာမကို ထိကိုင် ပွေ့ချီခြင်းဟာ မအပ်စပ်ပါဘုရား” လို့။
• ပဌမကိုတယ်တော်က ပြန်လျှောက်လိုက်ပါတယ်။ “အရှင်ဘုရား တပည့်တော်ကတော့ တကာမကို ညနေကတည်းက ရေမြောင်းတဖက်မှာ ချထားပြစ်ထားပြီးပါပြီဘုရား။ အခုထိ တကာမကို ပွေ့ချီထားသူကတော့ ကိုယ်တော်ပါဘဲဘုရား။”

ဒေါက်တာတင့်ဆွေ
၁၁-၁၁-၂ဝ၁၃

Read more...

Sunday, November 10, 2013

Medical Student ဆေးကျောင်းသား

ကျွန်တော် ကျောင်းသားဘဝရောက်တာ (ဖဆပလ) ခေတ်မှာပါ။ ၄ တန်း၊ ၇ တန်း၊ ၉ တန်း၊ ၁ဝ တန်းတွေက အစိုးရစစ်လို့ ခေါ်တဲ့ တပြည်လုံး အတိုင်းအတာနဲ့ စာမေးပွဲစစ်တဲ့ စနစ်ဖြစ်တယ်။ အခုဆို အရင်လို မဟုတ်တော့ဘူး။ ၁ဝ တန်းကတော့ ခုလဲ မပြောင်းသေးဘဲ အစိုးရစစ် ဖြစ်ဆဲပါ။ ဒါတောင် ၁၂ တန်းစနစ် ပြောင်းတော့မလိုတော့ ကြားနေရတယ်။ အဲဒီတုံးက ၁ဝ တန်းအောင်စာရင်းက အောင်ချက် ၁၄% မကျော်ဘူး။ ဘွဲ့ရဆိုတာ အတော်ကို နည်းသေးတယ်။ ဆယ်တန်းကို တက္ကသိုလ်ဝင်တန်း ခေါ်ပြီး၊ ကိုးတန်းကို ဟိုက်စကူးလ်ဖိုင်နယ် လို့ခေါ်ကြတယ်။ သူငယ်ချင်းတယောက်က ကျွန်တော်တို့ ရှစ်တန်း ရောက်တော့ "ဒု-အကြို-တက္ကသိုလ်ဝင်တန်း" လို့ ခေါ်လိုက်တယ်။ အတော်ကြံကြံဖန်ဖန်ပြောတတ်တဲ့ကောင်။

ရှေးစကားတွေ ပြောရအုံးမယ်။ အဲဒီအချိန်က ကောလိပ်ရောက်ရင် ပဌမ နှစ်နှစ်ကို (အင်တာ)၊ (အင်တာ-မီဒီရိတ်) လို့ ခေါ်တယ်။ (အင်တာ-အေ)၊ (အင်တာ-ဘီ)။ (ဘီအေ) အတွက်က (အိုင်အေ)၊ (ဘီအက်စ်စီ) အတွက်က (အိုင်အက်စ်စီ)။ (အင်တာ) လောက်အောင်ရင်ဘဲ အတော်ဟုတ်လှပြီ။ (ဘီအေ) ဆိုရင် မြို့အုပ်လောက် ဖြစ်မယ်။ (ဘီအက်စ်စီ) က အရှားသား။ အဲဒီအရွယ်တုံးက အရေးပိုင်၊ ဝန်ထောက်ဆိုတာ တခုခု ဖြစ်နိုင်မယ်လို့ ကိုယ့်ကိုယ်ကို ထင်ခဲ့တယ်။ အဲလို မှန်းခဲ့မိတာက “အရွယ်နဲ့ ခေတ်အခြေအနေတွေဟာ လူတွေ ဖြစ်ချင်တာကို လွှမ်းမိုးနိုင်လို့ဘဲ”။

ဆရာဝန်ဖြစ်ဘို့ဆိုတာ အိပ်မက်တောင် မမက်ပါဘူး။ တော်လှန်ရေးကောင်စီနောက် “မဆလ” လို့ အတိုကောက်ခေါ်တဲ့ ခေတ်မှာလဲ ဘာမဆို ခိုင်ခိုင်မာမာ လုပ်ရမှာမျိုးကို ခဏခဏ ပြောင်းခဲ့တယ်။ ဓါတ်ခွဲခမ်းထဲက (ဂီနီပစ်) တွေလို ခံရတဲ့လူတွေ အများကြီးထဲမှာ ကျွန်တော်ကိုယ်တိုင် ရင်ဆိုင်ခဲ့ရတာကတော့ ပညာရေးနဲ့ ကျန်းမာရေးကိစ္စတွေပါ။

ဆေးကျောင်းဆိုတာက ရန်ကုန်မှာ တခုတည်းကနေ မန္ကလေး ဖွင့်လာတာ ကျွန်တော်တို့ ရှေ့တင်ဆိုပါတော့။ အဲဒီတုံးက ဆရာတွေဟာ အိန္ဒိယသွေးက များသေးတယ်။ (အင်တာ) နှစ်နှစ်မှာ (မိန်း) လို့လူအများခေါ်တဲ့ မန္ကလေးတက္ကသိုလ်မှာ တက်ကြရတယ်။ ဘာသာက (ဘိုင်အို) ယူရတယ်။ "ဘိုင်အို-ထိုင်ငို"လို့ လူသိများတဲ့ခေတ်ပေါ့။ (အင်တာ) အောင်တာနဲ့ ဆေးကျောင်းကို တက်နိုင်တယ်-မတက်နိုင်ဘူးဖြစ်တယ်။ သိပ်မကြာခဲ့ဘဲ၊ တော်လှန်ရေးကောင်စီခေတ်မှာ အပြောင်းအလဲတွေ လုပ်လိုက်တာ ၁ဝ တန်းအောင်ချိန် ဆုံးဖြတ်တာမျိုး ဖြစ်လာတယ်။ ဝိဇ္ဇာ-သိပ္ပံဆိုတာ ဖြစ်လာတယ်။ ကျွန်တော်တို့ ဆေးကျောင်းကို တန်းတက်ရချိန်မှာ (မိန်း) ကနေ (ဝသ) ခေါ်တဲ့ မန္ကလေး ဝိဇ္ဇာနဲ့သိပ္ပံတက္ကသိုလ် ဆိုပြီး၊ ဆိုင်းဘုတ်ပြောင်းလိုက်တယ်။

ကံတရားလို့ပြောတာကို ယုံကြည်တယ်။ ဗုဒ္ဓဘာသာတရားအရ ဆိုတာတင်မကဘူး၊ လက်တွေ့ဘဝအရပါ ယုံတာပါ။ အထက်တန်းကျောင်းသားဘဝ ဖြစ်ခဲ့တာတခုက အဲလိုသာ မဟုတ်ခဲ့ရင် ကျွန်တော့်ဘဝလဲ အခုလို ဟုတ်ချင်မှဟုတ်မှာ။ ကျွန်တော် (၉) တန်းရောက်တော့ အသက်က (၁၅) နှစ် မပြည့်ဘူးတဲ့။ အဲဒါ စာမေးပွဲ မဖြေရဘူး။ တရားရုံးသွားပြီး “အသက်ပြည့်ပါတယ်” ကြမ်းကျိန်စာနဲ့၊ ဇာတာအကောင်းစားနဲ့ တင်တာလဲမရဘူး။ ဒါနဲ့ (၉) တန်းကို မကျဘဲ နှစ်ခါ နေခဲ့ရရော။

ကိုးတန်းဖြေမဲ့ ကျောင်းသားတွေကို စစ်ဗိုလ်စုဆောင်းရေးလုပ်တယ်။ (ဒီအက်စ်အေ) ဝင်လျှောက်တော့ မုံရွာမှာရေးဖြေ အောင်တဲ့သူတွက ရန်ကုန်မှာ ဗိုလ်ရွေးအဖွဲ့ သွားဖြေရတယ်။ အဲဒီမှာလဲ ရေးဖြေ၊ ကာယလုပ်၊ စိတ်ပိုင်းဖြေ၊ မြေပုံဖတ်၊ ဆေးစစ်တာတွေ အကုန်အောင်ပြီး နောက်ဆုံး မစစ်တာက ကျလို့ စစ်ထဲ မရောက်ရဘူး။ ဆရာဝန်ဖြစ်ဘို့ ကံကဖန်လာတာဘဲ။

ဆေးပညာက သိပ္ပံဘာသာရပ်မို့ သိပ္ပံဘာသာတွဲယူမှ အဆင်ပြေတာမျိုး။ ခက်တာက အဲဒီတုံးက တပြည်လုံးမှာ သိပ္ပံသင်ပေးနိုင်တဲ့ ကျောင်းက သိပ်မရှိသေးဘူး။ ၁ဝ တန်းရောက်တဲ့နှစ်မှာ ကိုယ်နေတဲ့ကျောင်းကို သိပ္ပံသင်ပေးနိုင်တဲ့ ဆရာ ၂ ယောက် ရောက်လာအောင် ကံတရားက ဖန်တီးပေးလိုက်တယ်။ ဆရာတွေရောက်မှ ရူပဗေဒ၊ ဓါတုဗေဒနဲ့ သင်္ချာကို တနှစ်ထဲနဲ့ သုံးနှစ်စာ သင်ယူရတယ်။ အဲဒီခေတ်က နောင်ခေတ်နဲ့ ကွာတာက သိပ္ပံဘာသာတွေ အားလုံး အင်္ဂလိပ်လို သင်ရတာ။ အာဏာသိမ်း အစိုးရ တက်ထာတာ နှစ်နှစ် သုံးနှစ်ရှိသေးတယ်၊ စာသင်လို့နှစ်တဝက် မရှိခင် မြန်မာစာက လွဲရင် အင်္ဂလိပ်လို မသင်ရ လို့ ညွှန်ကြားတယ်။ သင်္ချာကလွဲရင် ဗမာလို ပြောင်းသင်ရ ပြန်ရော။ နိုင်ငံတကာ ဘာသာစကား အားမပေးတော့တာ၊ တလွဲဆံပင်ကောင်းခဲ့လို့။ စာမေးပွဲဖြေရင်လဲ ဗမာ-အင်္ဂလိပ် ကပြားဖြေနိုင်တယ်။ “အရည်အချင်းတွေ ရေရောတာမျိုး” စခဲ့တာ အဲဒီကတည်းက။

အစိုးရသစ်က စီမံကိန်းတွေဆွဲတော့ တနှစ်ကို ဆရာဝန် ၅ဝဝ ထုတ်ရမှာတဲ့၊ သိပ္ပံမသင်ဘူးသူတွေပါ ခေါ်မှ ငါးရာက ပြည့်မှာကိုး။ ဘာခက်လဲ လူကြံရင် ဘာခံနိုင်မလဲ။ တီထွင်ရတာပေါ့။ အဲဒီ စမ်းသပ်မှုကို ကျွန်တော် လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်။

ဆယ်တန်းအောင် အမှတ်တွေကို စုစုပေါင်းနဲ့စဉ်လိုက်ရင် သိပ္ပံသမားတွေက တပမ်းသာတယ်။ ဝိဇ္ဇာဆရာ-ဆရာမတွေက အတော် အမှတ်ပေး နှမြောကြ မဟုတ်လား။ အခုထိဘဲဗျ။ ဒါ့ကြောင့် အမှတ်စုစုပေါင်း တခုတည်းနဲ့ မဆုံးဖြတ်ဘဲ၊ ILA (Intelligent level + Aggregate) စနစ်ကို ထွင်လိုက်တာဘဲ။ ဆိုလိုတာက ဘာသာရပ်တိုင်းကို ဂရိတ် ဆယ်မှတ်စီနဲ့ ပြောင်းတယ်။ အမှတ် ၃ဝ ကနေ ၄ဝ ကို ဂရိတ် ဘယ်လောက်၊ ၄ဝ ကနေ ၅ဝ ဆိုဘယ်လောက်၊ စသဖြင့် တွက်တာမျိုး။ ဝိဇ္ဇာသမားတွေ မနာအောင် လုပ်တာပါဘဲ။ မြန်မာစာဆိုပါတော့ ၅ဝ ကနေ ၆ဝ ဆို ဂရိတ် ကောင်းပြီ။ ဂရိတ်စုစုပေါင်းတာ တူနေရင် အမှတ်ပေါင်း အနည်းအများနဲ့ အဆင့်စီတယ်။ ကျွန်တော် ဘယ်လောက် ကံကောင်းလဲ ဆိုတော့ မြန်မာစာကို ၆၁ မှတ်ရလိုက်တာ ဂရိတ် ကောင်းသလား မမေးနဲ့။ မြန်မာစာကြောင့် ဆေးကျောင်းရောက်ရတာလို့တောင် ပြောရမလားဘဲ။

ဆယ်တန်းဂေဇက်ထွက်ပြီး ပညာရေးစနစ်က အခြေမကျသေးလို့ ချက်ချင်း ကောလိပ်ဆက်မတက်ကြရဘူး။ အလဲ-အပြောင်းတွေပေါ့။ “လဲတဲ့လူတွေ လဲပြီး၊ တက်လာသူတွေက ရှောက်ပြောင်းတာ”ကို ပြောချင်တာ။ ခုနစ်လ-ရှစ်လလောက် ကြာတယ်။ “လုပ်အားပေး” ဆိုတာ စခဲ့တဲ့ ခေတ်ပေါ့။ တပြည်လုံး မူလတန်းကျောင်းတွေကို ဆရာသွားလုပ်ရတာ။ နောင် ဆေးကျောင်းကို ရောက်ပြန်တော့လဲ တက္ကသိုလ် ကျောင်းသားတွေ ကျောင်း ပိတ်ရက်မှာ ကုန်သွယ်ရေး စာရင်းတွေ ဝင်လုပ်ရတဲ့ လုပ်အားပေးဆိုတာ လုပ်ရဘူးသေးတယ်။ “အဓမ္မလုပ်အားပေး” လို့ မခေါ်သေးပါဘူး။

တက္ကသိုလ်ဝင်ခွင့်စာအုပ် ပြာစိမ်းစိမ်းလေးတွေ တအုပ်စီရတယ်။ ဦးစားပေး (၃) မျိုး ရွေးနိုင်သတဲ့၊ အသက်မွေးဝမ်းကျောင်း နှစ်ခုနဲ့ (မေဂျာ) တခု ရေးတင်ရတာ။ (မေဂျာ) ကိုစတာလဲ အဲဒီခေတ်ပေါ့။ အသက်မွေးဝမ်းကျောင်းဆိုတာ ဆေး၊ သွား၊ စက်မှု၊ တိကု၊ စိုက်ပျိုးရေး၊ ဆိုတာတွေ။ ကျွန်တော့်အမှတ်က အကောင်းထဲပါနေတော့ ထိပ်ဆုံးက စ ကိုင်တာဘဲ။ ဆေးကို ပဌမဦးစားပေး၊ ဟုတ်ပြီ။ ဒုတိယ ဘာရွေးမလဲ။ အစဉ်အတိုင်းက ဆေးပြီးရင် စက်မှု၊ စက်မှုထဲက ဗိသုကာဆိုတာ အဲဒီအချိန်က ကျွန်တော် အကြိုက်ဆုံးဘဲ။ စိတ်ကူးလေးတွေ ပြောင်းလာပြန်တာ။ ကျွန်တော်က ပုံဆွဲဝါသနာပါတာမို့ ပုံတွေ၊ ဒီဇိုင်းတွေနဲ့ဆို ကိုက်မယ်ထင်တာကိုး။

အဲ့ ဒါပေမဲ့ ကျွန်တော့်မိဘတွေက ရန်ကုန်သွားပြီး ကျောင်းမထားနိုင်ခဲ့ပါ။ စိတ်မကောင်း တချက်မှမဖြစ်ပါဘူး။ ဆေးကျောင်းက မန္တလေးမှာလဲ ရှိတာဘဲ။ အဲတော့ မန္တလေးမှာဘဲရှိတဲ့ စိုက်ပျိုးရေးက ဒုတိယဦးစားပေး ရေးချလိုက်တယ်။ တတိယ မေဂျာကတော့ ဆယ်တန်းအောင်မှတ်ထဲက အများဆုံးရထားတဲ့ ဓါတုဗေဒ။

အဖြေထွက်တော့ မန္တလေးဆေး။

Dr. တင့်ဆွေ

Read more...

Seven Years ၇ နှစ်သင်တန်း

ကျွန်တော်တို့ ဆေးကျောင်းတက်ရတာ (၇) နှစ်တိတိခေတ်ကပါ၊ ၁၉၆၅-၇၂။ နောက်တော့ ခြောက်နှစ်ခွဲ ဖြစ်သွားတယ်။ အခုတော့ အလုပ်သင်-ဆရာဝန် (၁) နှစ်ပါ ပေါင်းရင် (၆) နှစ်ထဲရှိတော့သတဲ့။ (၈) နှစ်ကြာမှ ဆရာဝန်ဖြစ်ခဲ့သူတွေက ဥာဏ်ရည်နည်းတဲ့သဘောပေါ့။ ဖုတ်ပူ-မီးတိုက် မကြိုက်ရင် မစားနဲ့ပေါ့။ (၇) နှစ်ထဲမှာ ပဌမနှစ်နှစ်က “အင်တာ” (အင်တာမိဒိရိတ်) လိုပါဘဲ။ ဆေးကျောင်းမှာဘဲ၊ အင်တာဘာသာရပ်တွေ သင်ရတာ။

အရင်က (၁) နှစ်စီ နှစ်တန်း၊ ဒုတိယ အမ်ဘီ-စီနီယာ လို့ခေါ်ခဲ့တာကို ကျွန်တော်တို့ခေတ် ရောက်တော့ ပေါင်းလိုက်ပြီး၊ ဒုတိယနှစ် (၁) နှစ်ခွဲတန်းမှာ တကယ့်ဆေးပညာ အခြေခံတွေစပြီ။ ခန္ဓာဗေဒ နဲ့ ဇီဝကမ္မဗေဒ သင်ကြရတယ်။ မန္တလေး ဆေးကျောင်းမှာ ကျောင်းသား (၁ဝ) ယောက်လောက် တစုမှာ လူ့အလောင်းတခုရတယ်။ ဟုတ်လား မဟုတ်လားတော့ မသိဘူး၊ “ရန်ကုန်ဆေးကျောင်းမှာဆို ဒို့လောက် အလောင်းမပေါဘူး” ဆိုပြီး အလောင်း အများပြိုင်ကြသေးတယ်။ လူ့အရိုးစုလဲ ကျွန်တော်တို့ ခေတ်မှာ မရှားပါဘူး။ တယောက် တစုံ၊ တချို့က တယောက် တခြမ်းဝယ်ပြီး၊ ကိုယ့်အခန်းထဲကို ချိတ်ထားကြတာဘဲ။ တစုံကိုမှ (၅ဝ) ကျော်လောက် ပေးရတယ်။

နောက်နှစ်က တနှစ်တတန်းစီနဲ့၊ နှစ်တန်းမှာ ရောဂါဗေဒ၊ ဆေးဝါးဗေဒ၊ အနုဇီဝဗေဒ နဲ့ လူမှုရေး ဆေးပညာ၊ မှုခင်း-ဆေးပညာတွေ သင်ရတယ်။ ဆေးရုံလက်တွေ့ ဆိုတာလဲ စတယ်။ စာသင်ခန်းနဲ့ လက်တွေ့ခန်းက ကျောင်းထဲမှာရော၊ ဆေးရုံကြီးမှာ ကူးချီ-သန်းချီပေါ့။ ကျွန်တော့်အဖို့တော့ တတိယ အမ်ဘီတန်းရောက်တော့ နဲနဲပျင်းလာသလိုဘဲ။ စိတ်လေလာတာလဲ ပါတာပေါ့။ နှစ်ဘာသာ ပြန်ဖြေလိုက်ရတယ်။ နှစ်ကျတာတော့ မဟုတ်ဘူး။ (ကွန်ပတ်) လို့ ခေါ်တယ်။ စာမေးပွဲကြီးအပြီး နောက်တလအကြာမှာ လိုတဲ့ဘာသာကိုပဲ ပြန်ဖြေခိုင်းတာပါ။ အမှန်က အဲဒီဘာသာတွေဟာ အလွယ် စာရင်းထဲမှာ ပါတာတွေ။ သင်ခန်းစာရသွားလို့ ခက်ပေဆိုတဲ့ နောက်ဆုံးနှစ်တွေမှာ ရှောရှောရှူရှူ ဖြစ်သွားခဲ့တယ်။

ကျောင်းသားဘဝဆိုတာ နှစ်ကြာရင် အချိုးအကွေ့တခုမှာ ပြောင်းတတ်တယ်။ ဆေးပညာဆိုတာက (၁၇) နှစ် မာရသွန်နဲ့ တူတယ်။ သူငယ်ချင်းတချို့ (၁ဝ) တန်းတုံးက (ဒီ) ရခဲ့တဲ့ ဘာသာရပ်ကို ဆေးကျောင်း ပဌမနှစ်တွေမှာ ပြန်ဖြေရတယ်။ ကျွန်တော်ထက် စောပြီး စိတ်လေသွားတာနေမှာပေါ့။ အရွယ်ကလဲ (၁၆) နှစ်ကျော်စ၊ အပြောင်းအလဲ တွေကလဲ ကြီးတာကိုး။ ပတ်ဝန်းကျင်သစ်မှာ အထာမကျဖြစ်တာတို့၊ စိတ်လှုတ်ရှားတာ များသွားတာတို့ ရှိတတ်တယ်။ ဒီအရွယ်တွေကလဲ အဖေါ်ရှာတဲ့အရွယ် ဖြစ်နေပြန်လို့ နှလုံးအကြောင်းသင်ရင် သင်ခန်းစာမှာမပါတဲ့ နှလုံးသားကိစ္စကို စိတ်ဝင်တစားလေ့လာပြီး လက်တွေ့ပါ ဆင်းကြတယ်လေ။ အံကျပန်ကျ ဖြစ်တာက များပေမဲ့၊ မဖြစ်တာတွေလဲ ကြုံကြရတယ်။ ဆေးကျောင်းတုံးက တွဲခဲ့တဲ့အတွဲတိုင်း နောင်မှာ လက်ဆက်ဖြစ်ချင်မှဖြစ်တတ်တယ်။

တချို့ဆို ကျောင်းမပြီး၊ ဆရာဝန် မဖြစ်လိုက်ရတော့ဘူး။ ခါးတဝက် ပြတ်သွားတာ ကျွန်တော်တို့ ဘက်ခ်ျ မှာ သူငယ်ချင်း နှစ်ယောက်ရှိတယ်။ မန္တလေးသားတွေ။ စိတ်မကောင်းဖြစ်ခဲ့ရတယ်။ အဲဒီတုံးက။ နောက် ပြန်စဉ်းစားမိရင် ဘာထူးမလဲ ဆရာဝန်ဖြစ်တဲ့လူနဲ့ မဖြစ်တဲ့လူဆိုတာလေး ကွဲလွဲတာအပြင် မထူးပါဘူး။ ဆရာဝန် ဖြစ်ချင်တဲ့ဘက်က နေကြည့်ရင်တော့ အနုတ်သဘော။ ဘက်မလိုက်ဘဲ ကြည့်တတ်ရင် ဘာမှထူးတာမဟုတ်။

ဆရာဝန် ဖြစ်ပြီးနောက် တာဝန်ကျဒေသတခုမှာ ဆရာတော်တပါးက အမေးနဲ့ တရားပြဘူးတယ်။ "ဒကာကြီး စစ်ကိုင်း တံတားဟာ အသွားလမ်းလား၊ အပြန်လမ်းလား" တဲ့။ အဲဒါလို သဘောပေါက်ဘို့ ဆေးကျောင်းသားဘဝဆိုတာ ငယ်သေးတယ်။ အမှန်ကတော့ နုသေးတာပါ။ အသိဆိုတာ အသက်နဲ့ အမြဲတန်း အချိုးကျတာ မဟုတ်ဘူး။ မန္တလေးကနေ သွားရင်တမျိုး၊ စစ်ကိုင်းကဆိုရင်တမျိုး၊ ငါဘာဖြေရမလဲ စဉ်းစား၊ ချွေးပြန်ခဲ့ဘူတဲ့ အရွယ်ပေါ့။ တံတားကို တံတားဘဲလို့ မြင်မကြည့်တတ်သေးပါ။

နောက်ဆုံး တနှစ်ခွဲကတော့ တကယ့်နောက်ဆုံး။ နောက်ဆုံးနှစ် အပိုင်း (ခ) လို့ ခေါ်တယ်။ တနှစ်ခွဲတန်း။ ဆေးပညာ ဘာသာကြီး (၄) ရပ်ပေါ့။ ဆေး၊ ခွဲစိတ်၊ သားဖွါး-မီးယပ် နဲ့ ကလေးဆေးပညာ။ ဆေးရုံကြီးမှာပဲ သင်ရတော့တယ်။ ညလဲ သွားရတာမျိုးလဲ ရှိလာတယ်။

ဆေးကျောင်းသာ လာတက်ရပြီး၊ စိတ်မပါဘူး ဆိုသူတွေလဲရှိတယ်။ မိဘတွေကြောင့် လာတက်ရတာလို့ ဆိုကြတယ်။ ဘွဲ့ရပြီးရင်လဲ ဆရာဝန် မလုပ်ဘူး ဆိုသူလဲရှိတယ်။ ကျောင်းပြောင်း၊ လိုင်းပြောင်း သွားတာ နဲနဲပါးပါး ရှိတယ်။ ကျောင်းသားဟောင်းကြီးတွေဆိုတာ ရှိသေးတယ်။ မအောင်နိုင်လို့ ပြန်ပြန် ဖြေနေရတယ်။ နောက်ဆုံးနှစ်ဆိုရင် အရင်က ဘယ်လောက်ကြာကြာရတယ်။ နောက်တော့ ၃ ခါ ပြန်ဖြေခွင့် ပေးတယ်။ ညီအကိုတော်သူ တယောက်ဆို နောက်ဆုံးနှစ် (ခ) မှာ ဘယ်နှစ်နှစ် ကြာသွားလဲတောင် မသိတော့ဘူး။

ပညာရေးညံ့လို့ကြောင့် မဟုတ်ဘဲ ဆရာဝန် မဖြစ်လိုက်ရသူတွေလဲရှိတယ်။ ဘာဆိုတာ စဉ်းစားကြည့်ပေါ့။ ခေတ်က အာဏာသိမ်း အစိုးရခေတ်မို့ နိုင်ငံရေးဆိုတာ ဘယ့်လောက် စာထုပ်စာပိုး ပိနေပေမဲ့ သက်ရောက်မှု ရှိတာဘဲ။ နိုင်ငံရေးကြောင့် ကျောင်းထုတ်ခံရတာတွေ နှမြောဘို့ ကောင်းလိုက်တာ။ သူများနိုင်ငံတွေမှာ မရှိတာမျိုး။ ထောင်ထဲက လွတ်လာပြီး၊ အသနားခံတာတွေ၊ ဘာတွေ လုပ်တာတောင် မေဂျာလိုင်းကိုဘဲ သင်စေတယ်။

ကျွန်တော်က သိပ်နိုင်ငံရေးဆန်ခဲ့တဲ့လူ မဟုတ်ဘူး။ မိသားစုမှာရော အသိုင်းအဝိုင်းမှာပါ ခပ်ကင်းကင်းတွေဆိုပါတော့။ ဒါတောင် ဒုတိယအမ်ဘီတန်းရောက်တော့ တရုပ်အရေးအခင်းနဲ့ ကြုံတဲ့အခါ ပါခဲ့တာပေါ့။ အစိုးရဆန့်ကျင်ရေး မဟုတ်လိုက်လို့ ဘာမှ အရေးယူမခံရဘူး။ မန္တလေး နန်းတွင်းက ထောင်ထဲမှာ နေ့ခင်း ခေါ်ထားပြီး။ ညရောက်တော့ မန္တလေးတောင်နားက စစ်တပ်တခုထဲ သွားအိပ်ကြရတယ်။ ခြင်ထောင်နဲ့ဘာနဲ့ပေါ့။ နောက်နေ့ညနေ ကျောင်းက အဆောင်မှူးလက်ထဲ ပြန်အပ်တယ်။

သင်ခန်းစာတချို့ ရလိုက်ပါတယ်။ ဆေးကျောင်းသားတွေနဲ့ ဝ-သ လို့ ခေါ်ခဲ့တဲ့ ဝိဇ္ဇာနဲ့သိပ္ပံ ကျောင်းသားတွေ ချီတက်ပြီး ပေါင်းကြတာ၊ (အေ) လမ်း ဟိုဘက်-ဒီဘက်၊ ကြားမှာ လုံခြုံရေးတွေက တားတာခံရတယ်။ အဟောအပြောကောင်းတဲ့ ဗိုလ်မှူးတယောက်က ပြေရာပြေကြောင်း တရားဟောတာ နာကြရတယ်။ ဒါလဲ မပြန်ကြလို့ မနက်မလင်းတလင်း အချုပ်ကားတွေ လာတဲ့အခါ မတက်ကြဘူး။ စစ်တပ်က လိုက်လျောပြီး၊ တီအီး (၁၁) စစ်ကားတွေ ရောက်လာတယ်။ ထောင်ချီတဲ့ ကျောင်းသား အုပ်ကြီးထဲက ရာဂဏန်းဘဲ ကားပေါ်မှာပါလာတော့တယ်။ ဆေးကျောင်းက (၆) ယောက် လားပါတယ်။

အနှစ် (၂ဝ) ကျော်လို့ ၁၉၉ဝမှာ ရွေးကောက်ပွဲလုပ်တော့ ဆရာဝန် (၅ဝ) တိတိ အရွေးခံကြရတယ်။ အားလုံးဟာ NLD ကချည်း ဖြစ်ပါတယ်။

Dr. တင့်ဆွေ

Read more...

Thursday, November 7, 2013

MBBS means အမ်ဘီဘီအက်စ် ဆိုတာ

ဆရာဝန်ဖြစ်ကာစမှာ ကိုယ့်အရင် ဖြစ်ထားပြီးတဲ့ ဆရာဝန်တွေဟာ လက်တွေ့နယ်က ဆရာတွေဘဲ။ ဆေးလောကမှာ စီနီယာတွေက နောက်လူတွေကို ဆေးကျောင်းမှာကတည်းက ဖေးမ-ကူညီတဲ့ အစဉ်အလာရှိပြီးသား။ ဆေးစာအုပ်ဆိုတာတွေက အတော် ဈေးကြီး၊ အတော်လဲ ရှားတယ်။ ဒါ့ကြောင့် တနှစ်ပြီးသွားရင် နောက်တက်လာမဲ့ ကျောင်းသားတွေကို စာအုပ်တွေ ငှားတာဖြစ်ဖြစ်၊ ရောင်းတာဖြစ်ဖြစ် ပေးတာဖြစ်ဖြစ် လက်ဆင့် ကမ်းကြရတယ်။ ဆိုရှယ်လစ်ခေတ်မှာ ပညာတွင်း နက်တာပေါ့ဗျာ။

ဆရာဝန် ဖြစ်စတွေအဖို့ ဆရာ့ဆရာတွေရဲ့ကျေးဇူးကြီးပါတယ်။ ကျောင်းမှာတုံးက လက်တွေ့ဆိုပေမဲ့ လက်နဲ့ တွေ့ယုံသာ ရှိခဲ့တာ။ ရှေ့နေပျိုမှ-သမားအိုမှလို့ ဆိုတော့ အိုတယ်ဆိုတာက အတွေ့အကြုံ ရင့်ကျက်တာကို ညွှန်းတာဖြစ်မှာပေါ့။ ရင့်ကျက်လေလေ တည်ငြိမ်လေလေ။ အတွေ့အကြုံ များလေလေ အမှားနည်းလေလေ။ ကြွမ်းကျင်ရာ လိမ်မာဆိုတာ လေ့ကျင့်မှုတွေ များလာမှ ဖြစ်နိုင်တာမျိုး။ အတုယူစရာတွေဆိုတာ ယူတတ်လေ ရလေပါဘဲ။

တရားရုံးမှာ မှုခင်းဆေးပညာ အစစ်ခံရတာမှာ ဆရာဝန်ပေါက်စဆိုရင် ကိုရွှေရှေ့နေတချို့က ပညာပြချင်တတ်တယ်။ ဒါမျိုး ဘယ်လိုရင်ဆိုင်မလဲ ကိုယ့်ဆရာတွေက သင်ပေးပါတယ်။ ပြဿနာက ကြီးတာတော့ မဟုတ်ပါဘူး။ အဲဒီခေတ်က တရားသူကြီးဆိုတာ ဥပဒေပညာ မတတ်မှ ဖြစ်တဲ့ခေတ်။ သူတို့က ဘယ်နားလည်ပါ့မလဲ။

“ပညာတွင်းနက်တယ်” ဆိုတဲ့စကားကို ဆရာဝန်ဖြစ်ပြီးနောက် ပြန်ကြားရတာရှိတယ်။ ကျန်းမာရေးလုပ်သားတို့ အရံသားဖွါးဆရာမတို့ မွေးထုတ်ရတဲ့ကာလတုံးက မှတ်မှတ်သားသား စကားရဘူးခဲ့တယ်။ စာရေးတတ်၊ ဖတ်တတ်သူတွေကို ကျန်းမာရေး လုပ်သားအဖြစ် ၂၁ ရက် သင်တန်းတွေပေးရတယ်။ မိန်းကလေးတွေ လေးတန်း အောင်ရင် အရံသားဖွါး တလသင်တန်းပေးတယ်။ စီမံကိန်းအလုပ်တွေပေါ့။ တချို့တော်ကြပါတယ်။ သူ့အရပ်နဲ့ သူ့ဇာတ် ကိုက်အောင် အကျိုးပြုနိုင်ကြတယ်။ တချို့လဲ ကိုယ့်သား သမီးလေးတွေ ဆေးကုတတ် လာပြီဆိုပြီး ဂုဏ်ယူကြတယ်။ ကျေးလက်ကျန်းမာရေးဌာနတခုစီ တာဝန်ယူရတဲ့ ကျန်းမာရေးမှူးလို ဖြစ်လာပြီလို့ ထင်ကြသူတွေလဲရှိတယ်။ တချို့ကြ ကိုယ့်သားလေး ဆရာဝန်ဖြစ်သွားပြီလိုလို မှတ်ကြတယ်။

ဆရာဝန်ဆိုတာ ၇ နှစ်တောင် သင်ရတယ်ဆိုတာသိတော့ “ဆရာတို့က ပညာပါရမီ တယ်နည်းတာကိုး၊ ကျမသားက ၂၁ ရက်နဲ့ ဆရာဝန်ဖြစ်တာ့” တဲ့။

အစိုးရခန့် ဆရာဝန်ဆိုတာ မြို့နယ်တခုမှာ ၂ ယောက်ထက် ပိုမရှိဘူး။ နယ်ကံကောင်းရင် တိုက်နယ်ဆေးရုံကို လူတွေက ကိုယ်ဖါသာကိုယ် ဆောက်ပြီး ဖွင့်နိုင်လို့၊ တိုက်နယ်ဆရာဝန်ပါ ပေါင်းရင် ၃ ယောက်အထိရှိနိုင်တယ်။ လူဦးရေက တသိန်း မအောက်ဘူး၊ ကျွန်တော်တို့ ဆေးကျောင်းမတက်ခင်က လူဦးရေ တသောင်းမှာ ဆရာဝန်တယောက်။ ဆရာဝန်ဖြစ်ချိန်ဆို ငါးထောင်ကို ဆရာဝန်တယောက် ရှိလာမယ်လို့ စီမံကိန်းလုပ်ထားတာ ဖတ်ရဘူးတယ်။ ဘာမဆို စီမံကိန်းခေတ်ကိုး။ နောက် ပြန်ကြည့်တဲ့အခါ မွေးထုတ်နိုင်တဲ့ ဆရာဝန်ဦးရေ၊ အင်ဂျင်နီယာဦးရေက မှန်းချက်နဲ့ ကိုက်သလောက်ဘဲ။ မကိုက်တာက မွေးထုတ်လိုက်တဲ့ ပညာတတ်ပြီးသားတွေကို အလုပ်ပေးဘို့ ဆေးရုံ၊ ဆေးဝါး၊ တခြားလိုအပ်တာတွေနဲ့အညီ ဖြည့်ဆီးဘို့လိုတဲ့ တိုးတက်လာရမဲ့ စီးပွါးရေးက နီးနီးစပ်စပ်တောင် မအောင်မြင်ဘူး။ အင်ဂျင်နီယာတွေလဲ ဘာထူးမလဲ။ ရရာအလုပ် ရှာကြရတော့တယ်။

တခါတော့ မြို့သာမှာတုံးက နယ်ကိုခရီးထွက်တဲ့အခါ ကိုယ်မွေးထုတ်ထားတဲ့ ကျန်းမာရေးလုပ်သား တယောက်အိမ်ကို ရောက်သွားတယ်။ ဒီကောင်က လူပေါင်းဆန့်တယ်၊ ဆက်ဆံရေးလဲ ကောင်းတယ်။ အောင်မြင်တဲ့ ကျန်းမာရေးလုပ်သား တယောက်ပေါ့။ သူ့အမေကပြောတယ်၊ “ဆရာရယ် ကျမသား မောင်မြင့်ဌေးက မတတ်တာလဲ မရှိဘူး၊ တတ်တာလဲ မရှိဘူး ဆရာရဲ့။”တဲ့။

ကျွန်တော့်တို့လို တောနယ်တွေမှာဘဲ တောက်လျောက် တာဝန်ကျခဲ့ရသူတွေ ဘွဲ့လွန် မတက်ရပါ။ ဒါ့ကြာင့် ဘာအတူးကုလဲ မေးရင် အကုန်လုံးကုတယ်လို့သာ ဖြေနိုင်တယ်။ အမှန်ဘဲလေ၊ တောတွေမှာ ဘာမဆို အကုန် မလုပ်လို့ကို မဖြစ်ဘူး၊ ခေါင်းကအစ ခြေထောက်အဆုံး၊ မျက်စိရော၊ အရိုးရော၊ သားဖွါး-မီးယပ်ရော၊ ကလေးရော အကုန်လုံးကို တာဝန်ယူရတာ။ မဟုတ်ရင် ကိုယ်က အထူးကုဆေးရုံ လွှတ်တာတောင် လူနာတွေ အများစုကြီးက သွားဘို့ငွေမရှိ၊ သွားစရာ လမ်းမပေါက်၊ ကံနဲ့ ဆရာ့ကိုသာ အားကိုးရရှာကြတာ။ ဒီတော့ ကိုယ့်တာဝန် ပုံကျရော။ ကိုယ်ဆိုတဲ့ တောဆရာဝန်ကလဲ လက်နက် တန်းဆာပလာသာ မရှိတာ၊ မဖြစ်ဖြစ်အောင် လုပ်ပေးရတာ များတယ်။

ဓါတ်မှန်မရှိ၊ ဓါတ်ခွဲခန်းမရှိ၊ အာလ်ထွာဆောင်းဆိုတာ ပေါ်တောင်မပေါ်သေး။ ဓါတ်မှန်၊ ဓါတ်ခွဲခန်း၊ အာလ်ထွာဆောင်းတွေ မရှိပေမဲ့ ရောဂါတွေကတော့ ရှိတယ်။ ရှိတဲ့ပစ္စည်းနဲ့ ဖြစ်အောင်လုပ်တဲ့ပညာကို ဆေးကျောင်းမှာ မသင်ရဘူး။ ကြာတော့ တောဆရာဝန်တွေ “ဂျင်နရယ်လစ်” တွေ ဖြစ်လာကြတယ်။ ဒီတော့ မတတ်တာလဲမရှိ-တတ်တာလဲမရှိအစား ဖြစ်သွားကြရော။

အမ်ဘီဘီအက်စ် ဆိုတာ အဲဒီအဆင့်လောက်ပါ။

Dr. တင့်ဆွေ

Read more...

Doctor ဒေါက်တာ

Doctor ဒေါက်တာဆိုတာ အဓိပ္ပါယ် (၃) မျိုး ရှိပါသတဲ့။
(၁) Doctor ပါရဂူဘွဲ့ရထားသူ၊
(၂) Physician သမားတော် နဲ့
(၃) Surgeon ခွဲစိတ်ဆရာဝန်။

Doctor ကို နာမည်ရှေ့မှာ Title ကင်ပွန်းတပ်ခေါ်ရတာဟာက (လက်တင်) စကားကနေလာပြီး၊ စာလုံးပေါင်းရော အဓိပ္ပါယ်ပါတူတယ်။ သင်ကြားသည်၊ သင်ကြားရန်ကနေလာတဲ့ နာမ်စာလုံး Docēre ဆိုတာ ဖြစ်တယ်။ ဥရောပမှာ တက္ကသိုလ်တွေ စပေါ်ကတည်းကနေ ဂုဏ်ပြုခေါ်လာနေခဲ့တာပါ။ ဒိနောက် ကိုလိုနီနယ်တွေဆီ ရောက်တယ်။ အမေရိကန်၊ မြန်မာနိုင်ငံလဲပါတယ်ပေါ့။ Doctorate-level degree ပါရဂူဘွဲ့နဲ့ အဆင့်တူတာ ရထားသူကို Dr. နဲ့ Dr တပ်ခေါ်တာဟာ စာသင်နေတဲ့ ပညာရှင်ဆရာတွေရော သုတေသနပြုနေသူ ပညာရှင်တွေပါ အကြုံးဝင်ပါတယ်။

Physician ဆေးပညာရှင်ကို မြန်မာလို “သမားတော်” လို့ ယေဘုယျခေါ်နေခဲ့တယ်။ ရိုးရိုး MBBS ဆေးပညာဘွဲ့ ရယုံနဲ့ “သမားတော်” လို့ ခေါ်လေ့မရှိကြဘူး။ သူများနိုင်ငံတွေမှာတော့ ဆရာဝန်မှန်သမျှ Physician လို့ အများဆိုင်နာမ်အနေနဲ့ ခေါ်ပါတယ်။ “ဆေးပညာကို အသုံးချသူပညာရှင်” လို့ အဓိပ္ပါယ်ဆောင်တယ်။ ဆေးပညာကို တိုးတက်စေအာင်လုပ်မယ်၊ ထိန်းသိမ်းတာလုပ်မယ်၊ လူ့ကျန်းမာရေးကို စောင့်ရှောက်ပေးမယ်၊ ဒီလိုလုပ်တာတွေထဲမှာ လေ့လာသင်ယူ-သင်ကြားခြင်း၊ ရောဂါရှာဖွေခြင်း၊ ကိုယ်ကျန်းမာရေး-စိတ်ကျန်းမာရေးကို ကုသပေးခြင်းတွေပါတယ်။

သူတို့အထဲမှာ Specialist medical practitioners အထူးကုဆရာဝန်တွေပါမယ်။ General practitioners (GP) မိသားစု ဆရာဝန်တွေဆိုတဲ့ လူနာတဦးချင်းဖြစ်ဖြစ်၊ မိသားစုတွေကိုဖြစ်ဖြစ်၊ အသိုင်းအဝန်ကိုဖြစ်ဖြစ် ကျန်းမာရေးအတွက် တာဝန်ယူ ကုသပေးသူတွေလဲပါတယ်။ ဒီလိုဆရာဝန်တိုင်းဟာ ဆေးပညာကို အခြေခံကအစ (ဥပမာ ခန္ဓာဗေဒ၊ ဇီဝကမ္မဗေဒ၊ ရောဂါဗေဒ)၊ ကုသနည်း ဆိုတဲ့ ဆေးသိပ္ပံပညာတွေကိုပါ အသေးစိတ် သင်ယူတတ်မြောက်ထားရတယ်။ ဒါတင်မက Art or craft of medicine ဆေးပညာရဲ့အနု-လက်မှုပညာကိုပါ နားလည်ကြရပါတယ်။

Surgeon ဆိုတာက Surgery ခွဲစိတ်ဆေးပညာအထူးကုဖြစ်တယ်။ ခွဲစိတ်ပညာမှာလဲ အမျိုးမျိုးအကျုံးဝင်တယ်။ ခွဲစိတ် အထူးကုတိုင်းဟာ Physician ဆေးပညာ၊ Dentist သွားဘက်ဆိုင်ရာဆေးပညာ၊ Podiatrist ခြေထောက်ပိုင်း ဆေးပညာ၊ Veterinarian တိရစ္ဆာန်ဆေးပညာ ဆရာဝန်တွေဖြစ်ပြီးမှ ထပ်ပြီးအထူးပြုသင်ယူထားရသူဖြစ်တယ်။

Doctor စကားလုံးကို တခြားနေရာတွေမှာလဲ သုံးပါသေးတယ်။ တခုခုကို ဆရာဝန်တွေဆေးကုသလို ပြောင်းသွားအောင် လုပ်ပေးတာကိုလဲ ကြိယာအနေနဲ့ သုံးလေ့ရှိတယ်။ ကောင်းသွားအောင်ရော ဆိုးသွားအောင်လုပ်တာမှာပါ သုံးတယ်။
• She doctorred the soup with a dash of sherry. စွပ်ပြုတ်ကို ပိုပြီး အရသာရှိအောင် ပြုပြင်စီမံလိုက်တယ်။
• He doctors people. လူတွေကိုသွားပြီးဆရာလုပ်တယ်။
• He doctored the evidence. သက်သေခံပစ္စည်းကို လိုသလိုပြုပြင်တယ်။

ရှေးအင်္ဂလိပ်မှာ Doctor ဆိုတာ Expert ကြွမ်းကျင်သူ၊ Authority အခွင့်အာဏာရှိသူလို့ အဓိပ္ပါယ်ရတယ်။ ဘမ်းစကား အနေနဲ့ တောစခန်းထွက်ချိန်နဲ့၊ သဘောင်္ပေါ်မှာ ထမင်းချက်သူကိုလဲ ဒေါက်တာ ခေါ်ပါသေးတယ်။ ဆေးပညာမဟုတ်တဲ့ နယ်ပယ်တွေမှာလဲ ဒေါက်တာခေါ်တယ်။ တခြားဘာသာရပ်တခုခုမှာ Doctor of Philosophy Ph.D. ဘွဲ့ရရင် ဒေါက်တာ ခေါ်တယ်။ ခရစ်ယာန်ဘာသာမှာ Theology (Th.D.) ဘွဲ့ရထားသူတွေကိုလဲ ဒေါက်တာလို့ ခေါ်တယ်။ Doctor of the Church လို့လဲရှိပါတယ်။

• ဆေးပညာဆိုရင် အမေရိကားမှာ Doctor of medicine (M.D.) နဲ့ Doctor of osteopathic medicine (D.O.) ဘွဲ့ရတာရင် ဒေါက်တာခေါ်နိုင်တယ်။ Osteopathy ဆိုတာက တခြားနည်းဆေးပညာရပ်တခု ဖြစ်တယ်။
• အမေရိကားမှာ DPM, MD, DMD, DDS, DPT, DC ဘွဲ့တွေရရင် ဒေါက်တာခေါ်ပြီး၊ ယူကေမှာ MBBS ရရင် ခေါ်တယ်။
• Veterinary medicine တိရစ္ဆာန်ဆေးပညာဘွဲ့ရသူတွေကိုလဲ ဒေါက်တာခေါ်တယ်။
• Folk medicine ခေါ်တဲ့ ရိုးရာဆေးပညာ ကျွမ်းကျင်သူကို ခေါ်တာလဲရှိတယ်။
• ဆရာဝန်တဦးဟာ ဆေးပညာရပ်နဲ့ဆိုင်တာ၊ သိပ္ပံပညာရပ်ဆိုင်ရာ ဘာသာရပ်တခုခုကို Ph.D. ဘွဲ့တွေပါထပ်ရရင် အထူးကုဆရာဝန်ဆိုတာထက် ပညာရှင်လို့ သတ်မှတ်တာက ပိုပြီးသင့်လျှော်လာတော့တယ်။

အမေရိကားမှာ ခွဲစိတ်ဆရာဝန်တွေကို တခြားအထူးကုတွေထက်ပိုပြီး ကြာကြာသင်ပေးတယ်။ ရိုးရိုးကောလိပ်မှာ ၄ နှစ်၊ ဆေးကောလိပ်မှာ ၄ နှစ်နဲ့ ဆေးရုံမှာ ၃ နှစ်၊ စုစုပေါင်း ၁၁ နှစ်ကြာသင်ရတယ်။ အထူးကုဆိုရင် ဆေးရုံမှာတင် ၈ နှစ်ထိ နေရတယ်။ ဆရာဝန်ဖြစ်ချင်သူတိုင်း ကောလိပ်မှာ Biology ဇီဝဗဒေ၊ Chemistry ဓါတုဗေဒ၊ Physics ရူပဗေဒ၊ Math သင်္ချာတွေအပြင် English အင်္ဂလိပ်စာပါသင်ရတယ်လို့ သတ်မှတ်ထားတယ်။ ၄ နှစ်ကို Medical school နဲ့ ၅ နှစ် အနည်းဆုံး Residency လို့လဲရှိတယ်။ ၉ နှစ်ကြာတယ်။ မြန်မာပြည်မှာတော့ ၆ နှစ်နဲ့ အပြီးအစီးလုပ်လိုက်တာဟာ စဉ်းစားစရာဖြစ်မနေပါလား။

ဆရာဝန်တွေဟာ သူများတွေထက် အလုပ်ချိန်ပိုတာများတယ်။ ၂ဝဝ၈ စစ်တမ်းတခုအရ ဆရာဝန် ၁ဝ ယောက်မှာ ၃ ယောက်ဟာ တပတ်မှာ နာရီ ၆ဝ လုပ်ခဲ့ရတယ်။ ထုံးစံက နာရီ ၄ဝ သာဖြစ်တယ်။ ရုံးလို၊ ဓါတ်ခွဲခန်းလိုမှာ လုပ်ရသူတွေက အချိန်သတ်သတ်မှတ်မှတ်ရှိနိုင်ပေမဲ့ တခြားဆရာဝန်တွေက အရေးပေါ်ခေါ်ရင် ထပြေးကြရတယ်။ အမေရိကားမှာ ဆရာဝန်တွေ ဝင်ငွေကောင်းတယ်လို့ ဆိုနိုင်တယ်။ ၂ဝဝ၈ စစ်တမ်းမှာဘဲ ရိုးရိုးဆရာဝန်တွေက တနှစ်မှာ ဒေါ်လာ ၁၈၆,ဝ၄၄ ရကြပြီး၊ အထူးကုဆရာဝန်တွေက ၃၃၉,၇၃၈ ဒေါ်လာရကြတယ်။

ဒေါက်တာ (ဆရာဝန်) အဓိပ္ခါယ်ဖွင့်ဆိုမှုဟာ နေရာဒေသအလိုက် အရည်အချင်း၊ ဘွဲ့အမည်၊ စတာတွေ ကွဲပြားပါတယ်။ ဝင်ငွေလဲ မတူပါ။ ဒါပေမဲ့ အားလုံးမှာ တူညီချက်တခုရှိတယ်။ Ethics of medicine ဆေးပညာပဋိညာဉ်ဆိုတဲ့ စောင့်ထိန်း လိုက်နာအပ်တဲ့ စိတ်နေစိတ်ထား၊ အပြောအဆို၊ အပြုအမူ (ကံသုံးပါး) အတွက် ပြဋ္ဌာန်းချက်တွေ ဖြစ်တယ်။ မြန်မာပြည်က ဆရာဝန်တိုင်း Hippocratic Oath ဟစ်ပိုကရေးတီးပဋိညာဉ်ကို လိုက်နာကြရတာဟာ တသက်တာအတွက်ဖြစ်ပါတယ်။

ကျွန်တော့်ကို “ဆရာ” လို့တလုံးတည်းခေါ်တာ သဘောကျတယ်။ အသက်ကြီးပေမဲ့ “ဆရာကြီး” မဟုတ်ပါ။ ဆေးလောကမှာ အထူးကုတွေကိုသာ “ကြီး” ထည့်လေ့ရှိတယ်။ စာရေးရင်တော့ နာမည်ရှေ့မှာ “ဒေါက်တာ” လို့ ရေးပါတယ်။ ဘာလို့လဲဆိုတော့ ၁၉၉ဝ ရွေးကောက်ပွဲရလဒ်ကို အစိုးရဂေဇက်မှာ ဒီအတိုင်းပါတယ်။ ရွေးကောက်ပွဲက ရတာဆိုလို့ ဒါတခုဘဲရှိလို့ပါ။

ဒေါက်တာတင့်ဆွေ
၂၅-၁၁-၂ဝ၁၂

Read more...

အနှစ်နှစ်ဆယ်၊ မြစ်နှစ်ဆယ်

• ချင်းတွင်းဘေးမှာလူဖြစ်၊ မူးမြစ်ကို တနှစ်မှာ ဆယ်ခါကျော်ဖြတ်၊
• အရှေ့ရပ်က ဧရာဝတီဘေး၊ မန္တလေးမှာ ဆေးပညာသင်ခဲ့ရသည်။

• ဆရာဝန်ဖြစ် ၁၅ နှစ်အကြာ၊ မြန်မာပြည်မှာ သွေးနဲ့ချွေးတို့စီးဆင်းရာ ဒုက္ခမြစ်ကြီးတစင်း ပေါ်ထွန်းလာ၊
• နိုင်ငံရေးပင်လယ်မှာ ခုန်ချမိ၊ ကနေ့အထိ။

• မဏိပူရ (မြစ်သာ) နဲ့ ကုလားတန် (ချင်သုပွေ) မြစ်တွေကို ကျော်ပြီးသကာလ၊
• တရားခံပြေးဘဝ စခဲ့ရတာဟာ ကနေ့အထိပါ။

• ယမုန်နာမြစ်စ်ီးဆင်းရာ ဒေလီမှာသာ၊ အနှစ်နှစ်ဆယ်ကျော်ကြာ၊
• မိသားစုထဲမှာ စစ်ထောက်လှမ်းရေး စစ်ဆေးတာ ပဌမဆုံးခံရတဲ့ သားအကြီးရဲ့ အရိုးပြာကို မျှောလိုက်ရတာ ဂင်္ဂါမြစ်ထဲမှာ။

• သောင်ရင်းမြစ်ကို စုန်ဆန်၊ ကျည်ဆံသံနားစွင့်ပြီး၊ အစည်းဝေးများ၊ ညီလာခံများ၊
• ‘ကျောက်ဖယား’ မြစ်၊ ‘ရိုင်း’ မြစ်၊ ‘သိမ်း’ မြစ်၊ သူများနိုင်ငံကမြစ်များလဲ မရေတွက်နိုင်အားပြီ။

• ဗြဟ္မပုတ္တရကို အခါခါကျော်ဖြတ်၊ နယ်စပ်ကိုခရီးထွက်၊
• အသက်ရှင်နေသေးသရွေ့ မြစ်တွေများစွာ ဖြတ်နေရတာ အစဉ်းနှစ်ဆယ်မကပါ။

• ဒုက္ခရစရိယာကျင့်ရာအနားက သုဇာတာ ရွှေခွက်မျောရာ နာရဉ္ဇရာမြစ်ကိုရောက်တာ ဘယ်နှစ်ခေါက်မှန်းမသိပါ၊
• သာဝတ္ထိအနားမှာ မပဒါ ပရိဒေဝမီး လောင်မြိုက်တဲ့မြစ်အနား၊ သံဝေဂပွါးခဲ့ဘူးပါသည်။

• ‘ရေတို့မည်သည် မြင့်ရာမှ နိမ့်ရာသို့သာ စီးဆင်းသည်’ ဟု ဖခင်ပြောစကား ကြားယောင်နေမိ၊
• မြန်မာပြည်ကမြစ်တွေဆီ ပြန်ရောက်ရလိုပါ၏။

ဒေါက်တာတင့်ဆွေ
၁၁-၈-၂ဝ၁၃
Read more...

Wednesday, November 6, 2013

ဆရာ ပြန်လာမှာလား (၂)

ကိုပေါက် - သူများနိုင်ငံ (အိန္ဒိယ)ကို ပထမဆုံး ခြေချခဲ့ရတဲ့နေ့။ ၂၁၊ ၁၂၊ ၁၉၉ဝ သောင်ပြင်ပေါ် ငုတ်တုတ်ထိုင်နေတာ ကျုပ်ထင်တယ်။ အဲဒီချောင်းနဖူးမှာပဲ ဝါးတဲထိုး၊ ငှက်ပျောရွက်မိုးပြီး တညအိပ်ခဲ့တယ်။ အဲဒီချောင်းကို ရောက်ဖို့ ဟားခါးမြို့ကနေ ၅ ညနဲ့ ၆ ရက် ခြေလျင်လျှောက်ခဲ့ရတယ်။ တောင်ယာတဲတွေမှာ ၂ ည အိပ်ခဲ့ရတယ်။ ထန်တလန်နယ်က ချင်းရွာလေး ၃ ရွာမှာ ၃ ည အိပ်ခဲ့ရတယ်။ ရောင်ကိုင်းနေတဲ့ ခြေထောက်တွေကို ချင်းအဖွားကြီးတွေက ရေနွေးနဲ့ ဆားနဲ့ နယ်ပေးလို့ သက်သာရတယ်။ ချင်းတောင်ကြီးကျေးဇူး တသက် မမေ့ပါ။

ကိုငြိမ်းဝေ - ဒီနေရာလေးက သောင်းရင်းမြစ်နဲ့တော်တော်တူတာပဲဗျ။ ဟိုဘက်ကမ်းကူး ထိုင်းနိုင်ငံရောက်တာပဲ။ ဒါပေမယ့် ကပ်ပြီးကြွားလိုက်ဦးမယ် ကိုပေါက်ရေ။ သောင်ရင်းက အစဉ်အလာကို အာခံ တော်လှန်တဲ့ မြစ်ဗျ။

ကျွန်တော် - ကိုငြိမ်းဝေ ကဗျာသမား ခင်ဗျားတို့နှစ်ယောက်လို မဟုတ်တော့ သံပေါက်နဲ့ တူနေမလားမလားဘဲ၊ သောင်ရင်းကိုလဲ ရေးမိတယ်ဗျ။

ချင်းတွင်းမှ သောင်ရင်း
• သောင်ရင်းမှာ စုန်ဆင်းဆန်တက် လှေခွက်ကရေယို၊
• အမိမြေကို ခြေပြန်ချပြီး အစည်းဝေးတွေတက်ခဲ့ရ၊ မနေ့ကဘဲထင်သေး။

• အလှမ်းလဲ မဝေးပြီထင်မှတ်၊ နေရပ်ကိုပြန်လာ၊
• လူနာ-လူမမာ၊ လူနုံခြာခြာတွေအတွက်၊
• အသက်ဆက်ပေးခြင်လှပါပြီ။

• ဒေလီမှာကြာ ငါဘာလုပ်ခဲ့သလဲ၊
• မဲပေးတာယူ၊ မဲပေးသူတွေကိုထားခဲ့၊
• ငါ တာဝန်ကျေရဲ့လား။

ဒေါက်တာတင့်ဆွေ
၁၆-၆-၂ဝ၁၃
(ရေစကြို NLD မှ ဒေါက်တာကျော်ငွေရဲ့ နယ်ဆင်းခရီး ဖတ်ပြီးရေးပါတယ်။)
(ကိုပေါက်က ကျွန်တော်နဲ့တူ ထွက်ပြေးသူ၊ ၉ တန်းကျောင်းသား၊ ကျွန်တော့်သား)
(ဓါတ်ပုံ = ၁၉-၁၂-၁၉၉ဝ ချင်းတောင် နေရာမြှ နေ့လည်စာ စားကြစဉ်)

Read more...

Tuesday, November 5, 2013

ဆေးအာဏာသိမ်းခြင်း

“ပီဠိယက္ခကို မြားချွန်မပေးကြနဲ့” စာအောက်မှာ မှတ်ချက်တခု ထူးထူးခြားခြားတွေ့ရပါတယ်။

“စစ်တပ်ကို အတော် မုန်းနေပုံရပါတယ်။ တရားခံရှာ တော်ပါတယ်။ အမှန်တရားကို လက်ခံပါ။ အမှန်ကို ဦးတည်ပါ။ အဖြေနဲ့ အနီးစပ်ဆုံးကို သွားပါ။ ဘဝင်မြင့်လျင် ရူးတတ်သည်။”

“စစ်တပ် (တပ်မတော်) ကို ဘယ်သူကမှ မမုန်းသင့်ကြပါ။ စစ်အာဏာရှင်စနစ်နဲ့ စစ်တပ်ကို ကိုယ်ကျိုးအတွက် လမ်းလွဲပြီး အသုံးချတဲ့စနစ်ကိုတော့ လက်မခံပါ။ ကိုယ်ကျိုးသုံးပြီး တိုင်းပြည်အကျိုး ထိုက်သင့်သလောက် ရရင်ကို အဆိုးမဆိုချင်လှပါခင်ဗျား။”လို့ ပြန်ရေးခဲ့ပါတယ်။ တွေးစရာပေးလို့ ကျေးဇူးတင်ပါတယ်။

စစ်မှုထမ်းဆိုတာ တခြားအသက်မွေးမှုတွေလိုပါဘဲ။ အသက်မွေးဝမ်းကြောင်းတခုထဲက တယောက်ယောက်ကိုဖြစ်ဖြစ်၊ တစုစုကိုဖြစ်ဖြစ် အပြစ်ဆိုချင်ရင် ဥပမာ ကျောင်းဆရာတွေ မကောင်းဘူးလို့ မပြောရပါ။ ချီးမွမ်းချင်ရင်လဲ ဥပမာ ရှေ့နေတွေဟာ တော်လိုက်တာလို့ ပြောရင်လဲ မမှန်သေးပါ။

ကိုယ်တိုင်က အသက်မွေးမှုအတတ်ပညာမှာ ဆရာဝန်ဖြစ်လို့ ဆရာဝန်တိုင်းကို ချီးမွမ်းကြပါလို့ ဘယ်သောအခါကမှ မရေး-မပြောပါ။ ဆေးလောကက ဘဝင်မကျစရာဆိုရင်လဲ အပြုသဘောနဲ့ ထောက်ပြ-တင်ပြပါတယ်။ ဥပမာ “Ca Breast ကိုယ့်ပေါင်ကိုယ် လှန်ထောင်းခြင်း” “Victims of Era ဆရာဝန်၊ ဆေးကျောင်းသားများသည် သားကောင်များဖြစ်သည်” ဆိုတာမျိုး။

အသက်မွေးမှုနှစ်ရပ်ကို ပြောင်းပြန်လုပ်ကြည့်ပါမယ်။

“ဆေးအာဏာသိမ်းခြင်း” တရပ် မြန်မာပြည်မှာ ပေါ်ပေါက်လာတယ်။ “ရောဂါကပ်ကြီးကျရောက်မဲ့ဘေးကနေ လက်တလုံးအလိုမှာ မြန်မာနိုင်ငံတော်ကြီးကို ကယ်တင်ဘို့အတွက် ဆရာဝန်တွေကနေ မလွဲသာမရှောင်သာ တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာကို သိမ်းယူလိုက်ရပါကြောင်း” ပထမဆုံး ထုတ်ပြန်ချက်မှာ ပါရှိတယ်။

အရင်အုပ်ချုပ်နေသူတွေကို ထိန်းသိမ်းတယ်။ ထောင်ချတယ်။ နိုင်ငံရေးပါတီအားလုံးကို ဖျက်သိမ်းလိုက်တယ်။ အစိုးရထဲမှာ ဆေးပညာတတ်တဲ့သူတွေချည်းသာပါပြီး ဖွဲ့လိုက်တယ်။ ကာကွယ်ရေး၊ ပြည်ထဲရေး၊ နိုင်ငံခြားရေး၊ သာသနာရေး ဝန်ကြီးဌာနတိုင်းမှာ ဆရာဝန်တွေကိုသာ ဝန်ကြီးခန့်တယ်။

တိုင်းသူပြည်သားမှန်သမျှ ဆေးထိုးအပ်ဆိုရင် ၁ မီလီမီတာရှည်တာတောင်မှ မကိုင်ရလို့ တင်းတင်းကြပ်ကြပ် တားမြစ်လိုက်တယ်။ ဆေးပြားမှန်ရင် တခြားလူလက်ထဲမှာ မရှိစေရ။ ဆရာဝန်၊ သူနာပြု၊ ဆေးပညာရှင် ဓါတ်ခွဲပညာရှင် ကလွဲရင် ကျန်တာတွေကို ဖွဲစကွဲအောက်မေ့တယ်။

ဆေးအဖွဲ့အစည်း ကြီးငယ်တွေ ထူထောင်တယ်။ ဗိုက်နာဘူးသူမှန်သမျှ၊ ခေါင်းကိုက်ဘူးသူတိုင်း၊ အဖွဲ့ထဲကို မဝင်မနေရ။ စာမေးပွဲအောင်ချင်သလား၊ ဂုဏ်ထူးရချင်သလား။ ဆေးရုံလာတက်ရင် အဖွဲ့ဝင်ကပ်ပါမှ ကုတင်နေရာရမယ်။ ART လို ရှားတဲ့ဆေး၊ CD 4 count ကြည့်မနေဘဲ၊ ဆေးအသင်းတော်ကြီးကနေ ဦးစားပေးတာ ရွေးတယ်။

ဝါဒဖြန့်ချိရေးဟာ တိုင်းပြည်စီးပွါးရေးထက် အရေးကြီးတယ်။ "ဆေးကလွဲရင် ဘာမှမကောင်း၊ ဆေးချည်းသာကောင်း" လို့ ထင်မှတ်ယုံကြည်လာအောင် နည်းမျိုးစုံသုံးတယ်။ “ဆရာဝန်သာအမိ၊ ဆရာဝန်သာအဖ” ဆိုင်းဘုတ်ဖြူကြီးတွေ နေရာတကာမှာ ဖွေးဖွေးလှုပ် စိုက်ထူထားတယ်။ တိုင်းပြည်တလွှား ဂျူတီကုတ်တွေခေတ်စားစေတယ်။

ဆယ်နှစ်လောက်ကြာလာတော့ ပါတီဖွဲ့ဘို့လုပ်ပါတယ်။ “ကျန်းခိုင်ရေးအသင်း”။

မြွေတံဆိပ်နဲ့ မဟာအသင်းကြီးထဲ သန်းပေါင်းများစွာပါစေတယ်။ လူတွေဆိုတာ ခပ်ရိုးရိုးသမားက များပြီး၊ ခပ်အအတွေက မနည်းဘူး မဟုတ်လား။ လူလယ်ကြီးတွေကို ထိပ်ပိုင်းနေရာတွေ ပေးလိုက်တယ်။ ဆေးအင်ပါယာမှာ လာဘ်လာဘစီးပွါး များသလား မမေးနဲ့။ လူတွေသိအောင် ဘယ်တော့မှ ထုတ်မပြောဘူး။ အချင်းချင်းတော့ ရော့အင့်။

စိတ်ဓါတ်စစ်ဆင်ရေးဆိုတာ ဆေးပညာကနေလာတာပါ။ လူတွေအထာကို နောကျေနေအာင်သိပါတယ်။ အချိုကြိုက်ရင် ထန်းလျှက်၊ အစပ်ဆို ရွှေလံဗိုလ်။

ယေဘုယျချခြင်း အပြစ်မကင်းပါ။ “ဘယ်အဆစ်ကအပြစ်ရှိသလဲ” ဆိုတာလေး ရေးဘူးပါတယ်။ တပ်မတော်ထဲမှာ တော်တဲ့၊ တတ်တဲ့၊ စိတ်ထားကောင်းတဲ့ပုဂ္ဂိုလ်တွေ ကိုယ်တိုင်တွေ့ဘူး သိဘူးတယ်။ အတူတူပါဘဲ ဌာနတိုင်းက လူတွေထဲမှာလဲ ရှိတယ်။ အရပ်သားတွေထဲမှာ ညံ့တဲ့၊ ရိုင်းတဲ့၊ ကောက်ကျစ်တဲ့သူတွေရှိသလို စစ်တပ်ထဲမှာလဲ ရှိတယ်။

အသက်မွေးမှုတခုကနေ အာဏာနဲ့အရာရာကို အပိုင်စီးတာတော့ တော်တော်တတ်တတ် မြန်မာ့သမိုင်းမှာ ရာသက်ပန် ရပ်သင့်ပါပြီ။ စစ်အာဏာက မာရသွန်ခရီးရှည်ကြီးထဲကနေ ခြေတလှမ်းဆုတ်လာတာဟာ လားရာကောင်းပါတယ်။ ဒါပေမဲ့ သူကနေ မွေးထုတ်ထားသူတွေက မာန်စွယ်ပြတဲ့ခေတ်ထဲမှာသာ ရှိသေးတယ်။

“မာန်စွယ်တွေ ကျိုးပါစေ။ ကျွန်တော်တို့မှာ ရန်စွယ်မရှိပါခင်ဗျား။”

ဒေါက်တာတင့်ဆွေ
၅-၁၁-၂ဝ၁၃

Read more...

Sunday, November 3, 2013

၂ဝ၁၃ ဒေဝါလီည

ဒေဝါလီည

• ဒိုင်းကနဲ မိုင်းခွဲသလို၊ ဝုန်းကနဲ ဗုံးကွဲသလို၊
• အသံတွေကျယ်လောင် တောင်ပြိုသလို၊
• မီးပန်းတွေထွက် လျှပ်စီးလက်သလို၊
• အိုသူတွေ ညီးညူ၊ ရွယ်သူတွေ ပျော်ပါး၊ ငယ်သူတွေ ဆော့ကစား၊
• သူများနိုင်ငံမှာနေ ဒေဝါလီအတွက်၊ သီတင်းကျွတ်လပြည့်နေ့ကထက် လက်ဆောင်တွေပိုရ၊ ဘယ်မေ့ပါ့မလဲ။

ကိုယ့်မွေးရပ်မြေကို

• စိတ်မကူးမိတဲ့နေ့ မရှိ၊
• စိတ်ကူးနဲ့ မရောက်တဲ့နေ့ မရှိ၊
• စိတ်ကူးနဲ့ မပြန်ဖြစ်တဲ့နေ့ မရှိ၊
နောက်ထပ့့်
• မရှိစကား မပြောရပါလို၏။

ဒေါက်တာတင့်ဆွေ
Read more...