Sunday, June 23, 2013

ဗြိတိသျှကိုလိုနီအောက်က မြန်မာ့ဗုဒ္ခဘာသာ

“ဓမ္မကာကွယ်ရေးအတွက် တရားသောစစ်ပွဲ”

သီရိလင်္ကာမှာ ပြည်တွင်းစစ်လို့ ပြောကြတဲ့ ၁၉၈၃-၂ဝဝ၉ တုံးက လူမျိုးရေးအရ လက်နက်ကိုင်ကြိုးပမ်းခဲ့တဲ့ Liberation Tigers of Tamil Eelam (LTTE) တမီးလ်ကျားအဖွဲ့ဟာ အသေခံဗုံးခွဲတာ၊ ရန်သူကမိသွားရင် အဆိပ်သောက်ပြီး ကိုယ့်ကိုယ်ကို သတ်သေတာကို သံမဏိစည်းကမ်းနဲ့ ကျင့်သုံးတယ်။ သီရိလင်္ကာဟာ ဗုဒ္ဓဘာသာ အများစုရှိတဲ့ တိုင်းပြည် ဖြစ်တယ်။ ထေရဝါဒဘဲ။ နိုင်ငံရေးမှာ ဗုဒ္ဓဘာသာက နေရာရထားမှုမှာတော့ ထိုင်းနဲ့မတူ၊ မြန်မာနဲ့လဲမတူဘူး။ ဒီသူပုန်ကို နှိမ်နင်းဘို့အတွက် ဗုဒ္ဓဘာသာဆရာတော်တွေက ထိထိရောက်ရောက် လုပ်ဘို့ အစိုးရကို တိုက်တွန်းခဲ့တယ်။ (ဖလော်ရီဒါ) ပြည်နယ် တက္ကသိုလ်၊ ဘာသာရေးပါမောက္ခ၊ ဒေါက်တာ (တက်ဆာ ဘာသိုလိုမောဇ်) ကနေ In Defense of Dharma: Just-War Ideology in Buddhist Sri Lanka စာအုပ်ထဲမှာ “ဓမ္မကာကွယ်ရေးအတွက် တရားသောစစ်ပွဲ အယူအဆ” လို့ သုံးနှုံးထားတယ်။ Terror အကြမ်းဖက်မှုကို စနစ်တကျသုံးတဲ့ LTTE ကို အပြစ်ပြောမလား။ စစ်ရေးနည်းကို သုံးပြီး အပြတ်ရှင်းခဲ့တဲ့ သီရိလင်္ကာအစိုးရကို အပြစ်ဖို့မလား။ အဲဒီတပ်ဖွဲ့ကို နှိမ်နင်းဘို့ လိုလားတဲ့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေကို အပြစ်ဆိုမလား။

ဒေါက်တာတင့်ဆွေ (၂၁-၆-၂ဝ၁၃)

“ဗြိတိသျှကိုလိုနီအောက်က မြန်မာ့ဗုဒ္ခဘာသာ”

• “ဗုဒ္ခဘာသာဟာ မြန်မာ့နိုင်ငံရေးမှာ ဖြည့်ဆီးပေးမှုကြီးတရပ်ဖြစ်တယ်” လို့ နိုင်ငံခြားသား သုံးသပ်သူတွေက မှတ်တမ်း တင်ထားပါတယ်။
• မြန်မာ့လွတ်လပ်ရေးအတွက်စခဲ့ရတဲ့ အမျိုးသားရေးလှုတ်ရှားမှုဟာ Young Men's Buddhist Associations (YMBA) ဝိုင်အမ်ဘီအေ ဖြစ်ပါတယ်။ (YMBA အဖွဲအစည်းတွေဟာ မြန်မာပြည်မှာသာရှိတာ မဟုတ်ပါ။ သီရိလင်္ကာမှာ ကိုလန်ဘို၊ ကိုလုံနာဝါ၊ မဟာရာဂါမ စတဲ့ နေရာအမျိုးမျိုးမှာရှိတယ်။ အမေရိကားနဲ့ ကနေဒါ နှစ်ခုတွဲလဲ ရှိပါသေးတယ်။)
• မြန်မာနိုင်ငံမှာ ကျောင်းသားနဲ့ ရဟန်းတော်တွေဟာ နိုင်ငံရေးဖြစ်စဉ် ကြီးကြီးမားမားတိုင်းမှာ ရှေ့တန်းကနေ ထွက်လာပြီး ဦးစီးခဲ့တာက သမိုင်းတင်ပါတယ်။
• အင်္ဂလိပ်ခေတ်မှာ ဆရာတော် ဦးဥတ္တမနဲ့ ဦးစိန္ဒာတို့ဟာ ရခိုင်ပြည်နယ်ကနေ ထွက်ပေါ်ခဲ့ကြပြီး၊ ရန်ကုန် အင်းစိန်ထောင်မှာ ပျံလွန်တော်မူတဲ့အထိ အစာငတ်ခံဆန္ဒပြခဲ့တဲ့ အာဇာနည်တွေ ဖြစ်တယ်။
• ရန်ကုန်မြို့တော်မှာ ထင်ပေါ်ခဲ့တာက ဆရာတော် ဦးဝိစာရဖြစ်တယ်။
• League of Young Monks ရဟန်းပျိုအဖွဲ့က မန္တလေးမှာ ဗဟိုပြုတယ်။
• ၁၉၂၉-၂ဝ General Council of Burmese Associatiow (GCBA) အသင်းကြီးဟာ YMBA နဲ့ တခြားမျိုးချစ်တွေ စုပေါင်းပြီး ဖွဲ့ခဲ့တာဖြစ်ပါတယ်။ ဗုဒ္ဓဘာသာအပြင်၊ ဟင်ဒူ၊ ခရစ်ယန်နဲ့ မွတ်ဆလင်တွေပါ ပါဝင်နိုင်လာစေတယ်။
• ၁၉၂၂ မှာ General Council of Sangha Associations (GCSA) သံဃအသင်းတော်ကြီးဖွဲ့ခဲ့တယ်။
• ကျွန်တော် သမိုင်းဆရာ၊ သုတေသီမဟုတ်ပါ။ လက်လှမ်းမီတာတွေနဲ့သာ ကောက်ချက်ဆွဲရရင် -
- ဗြိတိသျှလက်အောက်မှာ ဗုဒ္ဓဘာသာကို နှိပ်ကွပ်မှု အထောက်အထား မရှိသလောက်ပါ။
- ဗုဒ္ဓသာကနေသာ အမျိုးသားရေးနဲ့ လွတ်လပ်ရေးကို ဦးစီးမှုပေးခဲ့တာ ဖြစ်တယ်။ လုပ်ခွင့် ရသင့်သလောက်ရခဲ့တယ်လို့ ဆိုနိုင်ပါတယ်။
- ဒီအတွက် ပေးဆပ်ရမှုမှာ ထောင်သွင်းခံရတာ၊ အသက်ပေးရတာဟာ အရေအတွက်က လွတ်လပ်ရေး ဆိုတဲ့ မဟာကြိုးပမ်းမှုကြီးနဲ့စာရင် နည်းပါးပါတယ်။ (၁၉၆၂ နောက်ပိုင်းက ပိုများမလား မပြောတတ်ပါ။)
- ဗြိတိသျှတွေက ခရစ်ယန်တွေပေမဲ့ ခရစ်ယန်ကိုသာ ဦးစားပးတယ်လို့ ထင်ထင်ရှားရှား မှတ်တမ်း လက်လှမ်းမမီပါ။ အစိုးရထဲမှာရော၊ အစိုးရ အရာထမ်းတွေထဲမှာပါ ခရစ်ယန်ကိုသာ ဦးစားပေးခဲ့တယ်လို့ ကောက်ချက် ဆွဲမရပါ။
- တိုင်းရင်သားဒေသတွေမှာ ခရစ်ယန်အယူ ဖြစ်လာအောင်တော့ ရေရှည်စီမံချက်ကြီးနဲ့ လုပ်ခဲ့ပါတယ်။ ဒါလဲ ဗုဒ္ဓဘာသာအပါအဝင် ရှိပြီးသား တခြားဘာသာတွေကနေ အတင်းကူးပြောင်းစေတာမျိုးလုပ်တဲ့ အထောက်အထားက မှတ်တမ်းရှားပါတယ်။ သိမ်းသွင်း ဆွဲဆောင်နည်းကိုသာ သုံးခဲ့ပါတယ်။
• ၁၉ဝဝ-၁၉၁၁ မှာ Irish Buddhist အိုင်းရစ် ဗုဒ္ဓဘာသာဝင်လို့တွင်တဲ့ ဆရာတော် ဦးဓမ္မလောကဟာ ခရစ်ယန်နဲ့ ကိုလိုနီကို (ချဲလင့်) လုပ်ခဲ့လို့ ပုန်ကန်မှုနဲ့ စီရင်တော်မူခံရတယ်။ ဒီအချက်က ဗီယက်နမ်မှာ ဖြစ်ခဲ့တာနဲ့ ဆင်တူတယ်။
• ကျန်တဲ့ ဗုဒ္ဓဘာသာအသင်းတွေ၊ ဆရာတော်တွေကနေ ခရစ်ယန်ကိုဖြစ်ဖြစ် တခြားဘာသာကိုဖြစ်ဖြစ် ဆန့်ကျင်တာ၊ ပိတ်ပင်တာ မရှိသလောက်ဖြစ်ပြီး၊ တိုင်းပြည်တခုလုံးအတွက် အရေးကြီတဲ့ အမျိုးသားရေးနဲ့ လွတ်လပ်ရေး အတွက်သာ ရွက်ဆောင်ခဲ့ကြတာပါ။
• “အမျိုး-ဘာသာ-သာသနာ” ဆိုတဲ့ ဆောင်ပုဒ်ကိုလဲ အကန်အသတ်နဲ့သာ သုံးခဲ့ပါတယ်။
• Boycott ဆိုတဲ့ အင်္ဂလိပ်စာလုံးကို မြန်မာပြန်ရာမှာ “သပိတ်မှောက်” လို့ဖြစ်လာခဲ့ခြင်းဟာ လွတ်လပ်ရေးအတွက် ဗုဒ္ခဘာသာရဲ့ လှပတဲ့သင်္ကေတတခု ဖြစ်ပါတယ်။
• ဒါတွေကြောင့် ဗုဒ္ဓဘာသာထွန်းကား ပြန့်ပွါးရေးအတွက် နည်းနာသစ်တွေကို ခေတ်မီရဟန်းသံဃာတော်တွေက ခေတ်နဲ့ညီအောင် သုံးချင်လာကြတယ်။ လက်နက်ကိုင်နည်း၊ အကြမ်းဖက်နည်း၊ အသေခံနည်း၊ ဘာသာရေးကို တလွဲအသုံးချနည်း၊ လူ့စိတ်ရဲ့ ပြော့ကွက်ကို ထိထိရောက်ရောက် အသုံးချနည်း၊ ဆွဲဆောင်စည်းရုံးနည်း၊ ငွေကြေးနဲ့ လာဘ်လာဘပေးနည်း၊ စတဲ့နည်းတွေကို “ဓမ္မနည်း” က အရေအတွက်မှာ မယှဉ်သာပါ။
• ကျွန်တော့်အမြင်ကတော့ -
- မတူတဲ့ ဘာသာရေးတွေမှာ မတူတဲ့ သာသနာပြုနည်းရှိပါမယ်။ အခြေခံလဲမတူ၊ ပန်းတိုင်လဲ ကွဲပြားကြတယ်။
- ဘယ်သာသာမဆို မွန်မြတ်သန့်စင်မှုကို ရေမရောသင့်ကြပါ။ လောကမှာ အ, တဲ့သူကပိုများတယ်။ ပညာနည်းသူက မနည်းဘူး။ အကြိုက်ပေးရင် လိုက်ချင်သူက တဝက်မကရှိတယ်။
- အာသောကဧကရာဇ်ဟာ ကြီးမားလွန်းလှတဲ့ Kalinga ကာလင်္ဂ သွေးချောင်စီး စစ်ပွဲကြီးတိုက်ခဲ့တာဟာ ဗုဒ္ဓဘာသာ ထွန်းကားစေဘို့ မဟုတ်ခဲ့ပါ။ ပြောင်းပြန်သာ ဖြစ်ပါတယ်။ သူ့သာသနာပြု လုပ်ငန်းတော်ကြီး ကျေးဇူးကို မီအောင်ဆောင်ရွက်နိုင်သူ မပေါ်သေးပါ။

ဒေါက်တာတင့်ဆွေ
၁၉-၆-၂ဝ၁၃

Read more...

ဖေ့စ်ဘွတ်မှာ အတိုအထွာ

“ဖေ့စ်သစ်ကလေးတွေ ကျန်းမာပါစေ”

• ဖေ့စ်ဘွတ်ကို ဆိုရှယ်ကွန်ယက်အဖြစ် ရည်ရွယ်တာပါ။
• ဘာသာရေးတွေ၊ နိုင်ငံရေးတွေလို မာမာတင်းတင်း အငြင်းပွါးစရာတွေကို ခေါက်ထားလို့ ရပါတယ်။
• လူငယ်တွေ ပေါ့ပေါ့ပါးပါးလေးတွေ ရေးကြတာကို အားပေးပါတယ်။
• တချို့လူငယ်တွေက သီချင်း၊ တချို့က မင်းသမီး၊
• တချို့က ရာသီဥတု၊ တချို့ ဘောလုံးပွဲအုပ်စု၊
• တချို့က ပန်းတွေ၊ လန်းဆန်းလတ်ဆတ်တာတွေ၊
• တချို့က စားစရာ ဝါးစရာ၊ သွားစရာတွေ။
• လူငယ်လေးတယောက်ရေးတာ သဘောကျမိတယ်။ “သင်္ကြန်ကျဘို့က နှစ်ရက်ဘဲလိုတော့တယ်။ ပိုက်ဆံရဘို့ဟာ အမေ့အပေါ်မှာ လုံးဝမူတည်တယ်။ အမေ ကြည်အောင် ဆုတောင်းပေးကြပါဗျာ” တဲ့။ ဖြူတယ်။ လူငယ်ပီသတယ်။ သူငယ်ချင်းတွေနဲ့၊ သူ့အမေဟာ သူ့ကမ္ဘာလို့ ဖေါ်ပြနေတယ်။
• နောက်တယောက်ကတော့ “ဆိုင်ကယ်က ဓါတ်ဆီကုန်နေပြီ၊ ကွန်ပြူတာတွေက မပျက်ကြတော့ဘူးလား” တဲ့။ လောဘမဟုတ်ပါ၊ မတရားလိုချင်တာလဲ မဟုတ်ပါ။
• လူကြီးတွေထက် လူငယ်တွေဟာ ပိုသာ၊ ပိုလိမ်မာကြမယ်လို့ မျှော်ပါရစေ့

ဒေါက်တာတင့်ဆွေ (၂၁-၆-၂ဝ၁၃)

“ထိရောက်ပါပေ (ဖေ့စ်ဘွတ်) စာတွေ”

• ဖေ့စ်ဘွတ်စကား ကျယ်သလားမမေးနဲ့ ဘာသာတရား၊ မေတ္တာတရား၊ ရိုးရိုးသားသား၊ ချဲလင့်စကား၊။
• တချို့သတင်းတွေက စေ့ဆော်မှု အားကောင်းလှ၏။ မျက်ရည်ကျစေ၏၊ စာနာစိတ်ရှိစေ၏၊ ဒေါသထွက်စေ၏၊ သင်္ခန်းစာရစေ၏။
• သံခိပ်အရေး အလွန်တော် (ရှော်) ၏။ ၃-၄ မျက်နှာစာလောက်ကို တကြောင်းထဲနဲ့ သိစေအောင်လုပ်နိုင်၏။
• ဖေ့စ်ဘွတ်မှာ ပါဝါရှိ၏။ သတင်းတပုဒ် တင်ထားယုံနဲ့ မမေးဘဲဖြေစေနိုင်၏။ “ကောင်းတယ်”၊ “မကောင်းဘူး”။ “ချကွာ”၊ “့ ရူး”။

ဒေါက်တာတင့်ဆွေ (၂၁-၆-၂ဝ၁၃)

“ကာလသုံးပါး”

• ပြည်ပရောက်တွေ ၁၉၉ဝ ကိုမျှော်ခဲ့၏၊
• ၂ဝဝ၈ ကနေ နိုင်ငံရေးသမားသစ်များ မွေးဖွါးပေး၏၊
• ၂ဝ၁၂ က ဆို့ထားသမျှ ဖွင့်ပေးရ၏၊
• ၂ဝ၁၃ ခရိုရောင်စုံ အကုန်ချမ်းသာစေ၏၊
• NLD က ၂ဝဝ၈ ကိုပြင်ချင်၏၊
• USDP က ၂ဝဝ၈ ကိုထိန်းထား၏၊
• PR သမား ၂ဝ၁၅ အတွက်ကြိုးစားနေ၏၊
• စစ်တပ်က ၂၅% ကိုစောင့်၏၊
• သံဃာတွေ သာသနာစောင့်၏၊
• နိုင်ငံတကာ အကွက်ကောင်းရလာ၏၊
• မြန်မာပြေ အစာမကျေရောဂါဖြစ်လာ၏၊
• Media သမား တာဝန်သိသော် အကျိုးများစေ၏၊
• ဆိုရှယ်ကွန်ယက် ကလောင်စွမ်းတွေ ထက်၏၊
• အတည်ရေးသော် ပညာရ၏၊
• ရယ်သွမ်းသွေးသော် ရယ်ရ၏၊
• အပျက်အပျော်ရေးသော် ပျက်စီးစေ၏၊

ဒေါက်တာတင့်ဆွေ (၂၁-၆-၂ဝ၁၃) “မတူတိုင်းတော့ ရန်သူမဟုတ်ပါ”

• အဖြစ်အပျက်တခါနဲ့ ဘာသာတတခုလုံး ပျက်သုဉ်းပြီ၊
• တရားစာတခုနဲ့ သဃာထုတရပ်လုံး သုံးမရတော့ဘူး၊
• ခေါင်းစဉ်မှာပေါ်တာနဲ့ ဒီကိုယ်တော် အတော်ရှော်တာဘဲ၊
• မှတ်ချက်လေးတခုဖတ်ပြီး၊ အချီးအနှီးသာဖြစ်တယ်၊
• အမျိုးသမီးဆိုတာနဲ့ အမျိုးသမီးထုကြီး ပျက်စီးအောင်လုပ်တယ်၊ စသဖြင့် စသဖြင့် အတော်ကို လွယ်လွယ် ပြောနေ၊ ရေးနေကြပါကလား။

ကျွန်တော်တော့ ဆရာတော်တွေကဖြစ်စေ၊ ဒေါ်စုကဖြစ်စေ၊ မဂ္ဂဇင်းကဖြစ်စေ ဟောသမျှ၊ ပြောသမျှ၊ ရေးသမျှ စေ့စေ့ငင သိရပြီးမှ ပြောချင်တယ်။ အခုဖြစ်လာတာတွေဟာ ဘယ်ကနေ စေ့ဆော်လာခဲ့သလဲ စောကြောသင့်တယ်။ “အလံရှူး” ဆိုတာ တကြိမ်တခါအတွက်သာ တတ်နိုင်တယ်။ အခုလို တိုင်းပြည်နဲ့လူမျိုးဂုဏ်ကို ထိခိုက်နေတာမျိုးဟာ ကြီးမားတယ်။

အချင်းချင်း အတင်းအဖျင်းရေးနေ၊ ပြောနေကြယုံနဲ့ မလုံလောက်ပါ။ အစိုးရကလဲ အစိုးရတာဝန်၊ ဘာသာအသီးသီးမှာလဲ တာဝန်ကြီးတယ်။ လူမှုအဖွဲ့အစည်းများကလဲ တာဝန်မမဲ့သင့်ကြပါ။ နိုင်ငံခြားမီဒီယာကို မြန်မာမီဒီယာက ဘယ်လို တုန့်ပြန်မလဲ။

တိုင်းပြည်အရေး၊ ပြည်ထောင်စုအရေးဆိုတာ အမြင်တခုတည်း၊ လူမျိုးတခုတည်း၊ ဘာသာတခုတည်း၊ မဟုတ်ပါ။ အင်အားဆိုတာ မတူတဲ့အမြင်တွေ၊ လူမျိုးစုတွေ၊ ဘာသာတွေ စုပေါင်းနိုင်မှသာ ကြီးမားပါမယ်။ ကျွန်တော်တို့ကို ကွဲအောင်လုပ်တာ၊ ဂုဏ်ငယ်အောင်လုပ်တာတွေဟာ အပြင်ကနေလာနိုင်တယ်၊ အထဲမှာလဲရှိနိုင်တယ်။ အခုမှမဟုတ်၊ နောက်မှာလဲ လာနိုင်တယ်။ တဆိတ်ရှိ ကွဲပြဲနေကြတဲ့ “မယဉ်ကျေးမှု” ကို ပြင်ကြရမယ်။

Smile at enemy ရန်သူထိုးနှက်ချက် အပြုံးမပျက် ကျော်လွှားနိုင်ပါစေ။ Don’t be smiled by enemy ရန်သူက ကိုယ့်ကို ရယ်သွမ်းသွေးတာ မခံပါနဲ့။

“ထမင်းရည်သောက်ရာကနေ (ကိုကာကိုလာ) သောက်ချင်လို့ လေချဉ်တက်တာတွေ လာပါအုံးမည်။”

ဒေါက်တာတင့်ဆွေ (၂၁-၆-၂ဝ၁၃)

“အပြောသမားဆိုတာ ပြောကွက်ကိုသာရှာတယ်၊ ပျော့ကွက်ရှာတာ မဟုတ်ပါ”

မြန်မာပြည်မှာ -
• အနီ (တည်မြဲ ဖဆပလ) နဲ့ အဝါ (သန့်ရှင်း ဖဆပလ) ခေတ်ကို ၁၉၅၈ ကနေ ၁၉၆၂ အထိ ၄ နှစ်ကြာ ဖြတ်ခဲ့ရတယ်။ အပြာ (ပမညတ) လဲရှိတယ်။
• အုပ်ချုပ်သူတွေက (၁) ၁၉၆၂-၁၉၇၃ စစ်စိမ်း၊ (၂) ၁၉၇၄-၁၉၈၈ မဆလ အပြာနု၊ (၃) ၁၉၈၈-၂ဝ၁ဝ စစ်စိမ်းနဲ့ အုပ်စိုးခဲ့ချိန်တွေမှာ လူထုမှာ ဘာရောင်မှမထွက်နိုင်အောင် မွဲခဲ့တယ်။
• ၂ဝ၁ဝ-၂ဝ၁၂ နောက်မှာတော့ အရောင်တွေ စုံလာတယ်။ မကြာခင် ပိုများအုံးမယ်။
• ချွေးရောင်နဲ့ သွေးရောင် ထုံမွှမ်းတာကတော့ အများဆုံးဟာ ကျောင်းသားနဲ့ NLD ဖြစ်ကြတယ်။ နိုင်ငံရေး အဖွဲ့စည်း မဟုတ်တဲ့အထဲမှာ သံဃာတော်တွေလဲ ပါလာတယ်။
• ချွေးထွက်ထွက်၊ သွေးထွက်ထွက် “ပြောကွက်” ကိုသာစောင့်နေသူတွေကတော့ တစက်မှ မညှာကြပါ။ အရေးသမားတွေကလဲ ထိုနည်းအတူ ဤနည်းလည်းကောင်းဘဲ။

ဒေါက်တာတင့်ဆွေ (၂၁-၆-၂ဝ၁၃)


Read more...

Sunday, June 16, 2013

ချင်းတွင်းမှ သောင်ရင်း

သောင်ရင်းမှာ စုန်ဆင်းဆန်တက် လှေခွက်ကရေယို၊
အမိမြေကို ခြေပြန်ချပြီး အစည်းဝေးတွေတက်ခဲ့ရ၊ မနေ့ကဘဲထင်သေး။

အလှမ်းလဲ မဝေးပြီထင်မှတ်၊ နေရပ်ကိုပြန်လာ၊
လူနာလူမမာ၊ လူနုံခြာခြာတွေအတွက်၊
အသက်ဆက်ပေးခြင်လှပါပြီ။

ဒေလီမှာကြာ ငါဘာလုပ်ခဲ့သလဲ၊
မဲပေးတာယူပြီး မဲပေးသူတွေကိုထားခဲ့၊
ငါ တာဝန်ကျေရဲ့လား။

ဒေါက်တာတင့်ဆွေ
၁၆-၆-၂ဝ၁၃

(ရေစကြို NLD မှ ဒေါက်တာကျော်ငွေရဲ့ နယ်ဆင်းခရီး ဖတ်ပြီးရေးပါတယ်။)
Read more...

Saturday, June 15, 2013

Father's Day ဖခင်များနေ့

ကမ္ဘာမှာ “ဖခင်များနေ့” ကို နှစ်စဉ် ဇွန်လ တတိယ တနင်္ဂနွေနေ့မှာ အများဆုံး ကျင်းပကြပါတယ်။

အမေရိကားမှာ “အမေများနေ့” ကို အောင်အောင်မြင် တီထွင်ကျင်းပနိုင်ရာကနေ ဘယ်နေ့ကို ဖခင်များနေ့လုပ်မလဲ ဆိုတာကို ကြံဆခဲ့ကြတာပါ။ သူတို့ဆီမှာ တခြားပုဂ္ဂိုလ်တွေရှိခဲ့ပေမဲ့ အားလပ်ရက်ဖြစ်အောင် စွမ်းဆောင်ခဲ့သူအဖြစ် Sonora Smart Dodd ကိုအသိအမှတ်ပြုထားကြပါတယ်။ (ဆိုနိုရာ စမတ် ဒေါ့ဒ်) ဟာ ဝါရှင်တန် YMCA မှာ ၁၉၁ဝ ခုနှစ်မှာ စတင် ကျင်းပနိုင်ခဲ့ပါတယ်။

သူမရဲ့ဖခင်ဟာ ပြည်တွင်းစစ် စစ်ပြန်တဦးဖြစ်ပါတယ်။ မသူမရဲ့ ဖခင် စ္စတာ စမတ်ဟာ (ဆင်ဂယ် ဖါးသား) မိန်းမမယူဘဲ ကလေး ၆ ယောက်ကို ကြွေးမွေးပြုစုခဲ့သူပါ။ သူမဖခင်ရဲ့မွေးနေ့ ဇွန် ၅ ရက်ကို တိုက်တွန်းပေမဲ့ ဘာသာရေးဆရာ (ပါစတာ) က အချိန်မပေးနိုင်ရာကနေ တတိယတနင်္ဂနွေလို့ ဖြစ်လာခဲ့ပါတော့တယ်။

အစပိုင်းများ လူသိမများ၊ လူကြိုက်မများပါ။ ၁၉၃ဝ မှာ Father's Day Council အဖေများနေ့ကောင်စီကို အမျိုးသားများ ဝတ်စုံ လက်လီအသင်းရဲ့ အကူအညီနဲ့ နယူးယော့မှာ ဖွဲ့နိုင်လာခဲ့တယ်။ စက်မှုလုပ်ငန်းတွေကို စည်းရုံးပါတယ်။ ၁၉၈ဝ ကျော်နှစ်တွေထဲမှာ ထင်ရှားကျော်စောလာပြီး ယောက်ျား-လက်ဆောင် စက်မှုလုပ်ငန်းကဆိုရင် ဒုတိယ ခရစ္စမတ်နေ့လို့ ယူဆလာခဲ့ပါတယ်။ ၁၉၁၃ ကွန်ဂရက်စ်မှာ (ဘီလ်) ဥပဒေ တင်နိုင်လာပြီး ၁၉၁၆ မှာ သမတ ဝီလဆင်က တက်ပြီး မိန့်ခွန်းလာပြောတယ်။ ၁၉၇၂ ရစ်ချတ် နစ်ကဆင်လက်ထက်မှာ တရာဝင်ရုံးပိတ်ရက်ဖြစ်လာပါတော့တယ်။

အင်္ဂလိပ်လိုစာလုံးပေါင်းရာမှ အစက (ဒေါ့ဒ်) ဖြစ်စေချင်တာက "Fathers' Day" ဖြစ်ပေမဲ့ ကွန်ဂရက်မှာတော့ "Father's Day" ဖြစ်လာခဲ့ပါတယ်။

ဇွန်လ တတိယ တနင်္ဂနွေနေ့မှာ ကျင်းပတဲ့နိုင်ပေါင်းက ၇၅ နိုင်ငံဖြစ်လို့ အများဆုံးဖြစ်ပါတယ်။ မြန်မာနိုင်ငံနဲ့ အမေရိကန် ပြည်ထောင်စုတို့လဲ စာရင်းဝင်နိုင်ငံတွေ ဖြစ်ကြပါတယ်။

ဖခင်များနေ့ကို သမီးတယောက်ကနေ စတင်ခဲ့တာပါ။

၁၆-၆-၂ဝ၁၃ သမီးတယောက်ကနေ စတင်ခဲ့တဲ့ “ဖခင်များနေ့” မှာ ဖခင်များအားလုံးကို ဂုဏ်ပြု၊ သမီးတွေကို ချီးကျူး၊ ဖခင်လောင်းများအား လေးစားကြပါခင်ဗျား။

ဒေါက်တာတင့်ဆွေ
၁၅-၅-၂ဝ၁၃

Read more...

Friday, June 14, 2013

Facebook politics ဖေ့စ်ဘွတ် နိုင်ငံရေး လိုက်မမီသေး

ရေးထားတာလေးတွေကို ခပ်မြန်မြန်ဖြစ်ဖြစ် အချက်အလက်စုံစေ့အောင် ဖတ်မိသူဆိုရင် “မွေးနေ့ဆုတောင်းတာ မကောင်းဘူး”၊ “သမတကို ရှုတ်ချနေတယ်”၊ ဆိုတဲ့ ပြန်လှန်မေးခွန်းမျိုးတွေ လာမယ်မထင်ပါ။

ဦးသိန်းစိန်ဟာ ဦးနေဝင်း၊ ဗခမက စောမောင် နဲ့ ဗခမက သန်းရွှေတို့ထက် အများကြီး ပိုကောင်းတဲ့ခေါင်းဆောင် ဆိုတဲ့အချက်ကို မငြင်းပါ။ သမ္မတ ဦးမောင်မောင်ဟာလည်း ဦးနေဝင်း၊ ဦးစိန်လွင်တို့ထက် ပိုကောင်းတာမှန်ပေမဲ့ (မဆလ) ကသာ ဖြစ်ပါတယ်။ လူထုဟာ ဦးမောင်မောင်ကို ချီးမွမ်းခန်း မဖွင့်ခဲ့ကြဘဲ၊ ဦးမောင်မောင်ပြုတ်အောင်သာ လုပ်တာလည်း မဟုတ်ဘဲ၊ (မဆလ) တပါတီစနစ် ကျဆုံးအောင်သာ အသက်သွေးချွေးတွေ စတေးခဲ့ကြတယ်။

နိုင်ငံရေးမှာ စနစ်ကအရေးကြီးတယ်။ ဘယ်ပါတီကဆိုတာလည်း အရေးကြီးတယ်။ ကွက်ကြည့်ရင် အမှားများမယ်။ တချက်တလေးသာကြည့်ပြီး အကဲဖြတ်တာလဲ အလွဲများမယ်။

“တည့်တည့်ပြောလိုက်ပါရစေ၊ ဦးသိန်းစိန်ထက် အဆ ၁ဝဝ သာသူဖြစ်ပါစေ၊ မပြင်ဆင်သေးတဲ့ ၂ဝဝဂ ဖွဲ့စည်းပုံအရတက်လာသူ၊ လက်ရှိ ကြံ့ခိုင်ရေးပါတီကတင်လာသူ၊ လူထုကရွေးတာ မဟုတ်သူ မှန်သမျှ ပန်းစည်း မပို့နိုင်ပါ။ ပန်းခွေသာပို့ပါမည်။”

(၂၁-၄-၂ဝ၁၃)

Read more...

မျက်နှာပျက်ရတာ ဖေ့စ်ဘွတ်ပါ

Facebook ဖေ့စ်ဘွတ်ဟာ အမေရိကန် တက္ကသိုလ်ကျောင်းသာတွေ စာသင်နှစ်အစမှာ တယောက်နဲ့တယောက် သိအောင်သုံးကြရတဲ့ စာအုပ်ရဲ့နာမည်ဖြစ်ပါတယ်။ ၂ဝဝ၄ မှာ Mark Elliot Zuckerberg မာ့ခ် ဇူကားဘတ် နဲ့ ဟားဗတ် တက္ကသိုလ်က သူငယ်ချင်း လေးယောက်ကနေ စထွင်လိုက်တာပါ။ အစကတော့ ဟားဗတ် တက္ကသိုလ်မှာသာသုံးဘို့ ရည်ရွယ်ခဲ့ပေမဲ့ တခြားတက္ကသိုလ်တွေ၊ ကောလိပ်တွေဆီ ကူးစက်လာပြီး၊ ၂ဝ၁၂ စက်တင်္ဘာ စာရင်းအရ တကမ္ဘာလုံးမှာ ဖေ့စ်ဘွတ်သုံးနေသူပေါင်း သန်း ၁ဝဝဝ မကတော့ပါ။ ဒီဆန်းစစ်ချက်ထဲမှာ ၈့၇% ဟာ အတုတွေလို့ ဆိုပါတယ်။ အသက် ၁၃ နှစ်ပြည့်သူတွေအတွက်သာ သတ်မှတ်ထားပေမဲ့ အသက်မပြည့်တဲ့ကလေးပေါင်းက ၂ဝ၁၁ မေလ စစ်တမ်းတခုအရ ၇့၅ သန်းရှိပါသတဲ့။

တီထွင်သူတွေက Online social networking service အွန်လိုင်း ဆိုရှယ်ကွန်ယက်လို့ဆိုပေမဲ့ လက်တွေ့မှာတော့ ဆိုရှယ်သဘောထက် လေးနက်တာတွကိုပါ သုံးလာကြပါတယ်။ နိုင်ငံရေး၊ ကျန်းမာရေး၊ ဘာသာရေး၊ လူမျိုးရေး၊ အရေးမှန်သမျှသုံးကြတာ ချီးကျူးစရာပါ။ ဒါပေမဲ့ ဆိုရှယ်တခုတည်းသမား မဟုတ်သူများအတွက် ခက်နေပါပြီ။

ဖေ့စ်ဘွတ်မှာ မိတ်ဆွေစာရင်းကို ဘယ်သူ ဘယ်ဝါမှန်းမသိဘဲ တန်းသွင်းရတာာက အများဆုံးဖြစ်တယ်။ အကောင့်တခုမှာ လူ (လူမဟုတ်တာလဲ ပါမလားမသိပါ) ၅ဝဝဝ ကို တရားဝင် မိတ်ဆွေစာရင်းသွင်းနိုင်တယ်။ အသွင်မတူ အိမ်သူမဖြစ် ဆိုသလို ပေါင်းကြည့်မှ ခွဲရတာလဲဘူ့တွေမှာ မလွဲသာမရှောင်သာ ကြုံလာကြရပါတော့တယ်။

ဖေ့စ်ဘွတ်ကို မသုံးသေးခင်ကတည်းက ကိုယ်ပိုင် (ဘလော့ခ်) လေးတွေရေးပြီး ကျန်းမာရေးနဲ့ ဆေးပညာစာတွေ တင်ပါတယ်။ မကြာခင်မှာ (ကွန်မင့်) လုပ်မရအောင် ပြောင်းလိုက်ရပါတယ်။ အခုလဲ ဖေ့စ်ဘွတ်မှာ (အန်ဖရင်း) လုပ်ရတာ သိပ်တော့ မနည်းတော့ပါ။ သုတေသနအရ ငါးထောင်ထဲမှာ ၄၃၅ ယောက်က အတုပါတဲ့။ (ဂဏန်း ၃ လုံး အသစ်ထွင်တာ မဟုတ်ပါခင်ဗျား။)

စာတပုဒ်ရေးနေရင်း၊ သတင်းတပုဒ်တင်နေရင်း အွန်လိုင်းကနေ ရေဒီယိုနားထောင်ပါတယ်။ ဝါသနာရှိလို့ ဘောလုံးပွဲ၊ တင်းနစ်ပွဲလဲ ကြည့်ချင်ပါသေးတယ်။ သူများတွေက တလေးတစား တင်ထားတာတွေကိုလည်း လိုက်မီအောင်မဖတ်ရင် တခေတ်နောက်ကျသလား ခံစားမိပါတယ်။

ကျွန်တော့်ထက် ဖေ့စ်ဘွတ်မှာ အချိန်မပေးနိုင်သူတွေ အများကြီးရှိပါမယ်။ နိုင်ငံရေးနဲ့ ကျန်းမာရေး မေးရင်-ရေးရင် လုပ်လက်စကို ရပ်ထားပြီး အတတ်နိုင်ဆုံး တုံ့ပြန်ပါတယ်။ မှတ်ချက်တို၊ မေးခွန်းတိုလေးတွေက တချို့နေရာတွေမှာ ထိရောက်တတ်ပါတယ်။ အမျိုးအဆွေလို၊ ဆရာတပည့်လိုကနေ “နေကောင်းကြလား” မေးခွန်းမျိုးဟာ အလွန်ကို တန်ဘိုးရှိပါတယ်။

ဒီကြားထဲမှာ ‘မင်္ဂလာပါ’၊ ‘နေကောင်းလား’၊ ‘Hi’, ‘Hello’ လုပ်နေတာမျိုးတွေဟာ အနှောင့်အယှက် ဖြစ်စေပါတယ်။ နှုတ်ဆက်ပြီးနောက် မေးတာမြန်းတာလဲ ဆက်မလာပါ။ ဒီအကြောင်းကို တခါရေးပြီး ကိုယ့် (တိုင်းမ်-လိုင်း) မှာ တင်ထားတာ ပြန်ရှာမရတော့ပါ။ ဒီလိုသာဆိုရင် (ဘလော့ခ်) ကိုဘဲ ပိုအားကိုးရမလားဘဲ။

လူ ၅ဝဝဝ ကို တသမတ်တည်းထားတာ မကြိုက်ပါ။ အချိန်နဲ့အတူ အရာရာဟာ ပြောင်းနေတာမို့ အချိန်နဲ့လိုက်ပြီး ကိုက်အောင် ပြောင်းတာက ဒီမိုကရေစီသဘောဖြစ်ပါတယ်။ Friends ထားနိုင်တဲ့အရေအတွက် အပြည့်ရှိပေမဲ့ တင်ထားတာတခုကို မှတ်ချက်ပြုသူအရေအတွက်ဟာ ၁၅ဝ မကျော်တာ သတိထားမိပါတယ်။ တခါမှ ပေါ်မလာသူတွေကို ဖျက်ချင်ပေမဲ့ အားနာစိတ်နဲ့ နပမ်းလုံးရပါတယ်။

Friends စာရင်းက ဖျက်ရတာက မခက်ပါ။ ကလစ် တချက်သာနှိပ်ဘို့ လိုတယ်။ နည်းပညာက လွယ်ပေမဲ့ စက်မဟုတ်တဲ့ လူအဖို့တော့ ခက်ပါတယ်။ စက်က ဖျက်ရတာလွယ်ပြီး၊ လူက အဖျက်ရခက်လှပါတယ်။ “စိုသောလက် မခြောက်စေနဲ့” ဆိုတာ လူကသာသိတယ်မဟုတ်ပါလား။

Friend = သူငယ်ချင်းလို့ ဘာသာမပြန်ရင် မမှန်တော့ပါ။ Facebook ရဲ့ မူရင်းအဓိပ္ပါယ်က “မျက်နှာသိ-မိတ်ဆွေ” ဆိုပေမဲ့ မျက်နှာပျက်ရတာလဲ ဖေ့စ်ဘွတ်သာဖြစ်ပါတော့တယ်။

ဒေါက်တာတင့်ဆွေ (၁ဝ-၆-၂ဝ၁၃)

Read more...