Thursday, November 14, 2013

Doctor, Relatives and Relativity (1) ဆရာဝန်တွေ ဆွေမျိုးကို ဆေးကုရင် (၁)

23 Dec 10, 14:52
“ရပ်တာမတ်ရင် အရိပ်မစောင်းဘူး” ဆိုတဲ့ ခေါင်းစဉ်နဲ့ တစ်ပုဒ်လောက် ရေးပါလား။

အတော်စဉ်းစား၊ အတော်တွေးကြည့်ပါတယ်။ “ရပ်တာက မတ်နေပေမဲ့ ထွက်လာတဲ့အရိပ်က စောင်းနေတာ ရှိသလား”။ အရင်ဆုံး မတ်မတ်ရပ်တဲ့ ဥပမာတွေ လိုက်စဉ်းစားတယ်။ ရုပ်ထုမားမားကြီးတွေက ခေါင်းထဲ ဝင်လာတာပေါ့။ ရန်ကုန်က ဦးဝိစာရကျောက်တိုင်၊ ဒေလီက Qutab Minar (ကွိတပ်-မီနား)၊ နယူးယောက်က Statue of Liberty (လစ်ဗာတီ) ရုပ်ထု၊ ခရစ်စမတ် ကာလဆိုတော့ ဘရာဇီးလ်က Christ the Redeemer ရုပ်တုတွေကိုပါ မြင်လာတယ်။

ဒီ အထင်ကရတွေအပေါ် နေထိုးလို့ အရိပ်တွေထွက်တာ ဘယ်လိုပါလဲ။ (လစ်ဗာတီ) အရုပ်ရဲ့အရိပ်က (ဟတ်ဆန်) မြစ်ရေမှာ ပေါ်နေတာမို့ ရေလှိုင်းက ငြိမ်နေတာ မဟုတ်ဘူး။ ပဲရစ်က Eiffel Tower လဲ ခေါင်းထဲ ဝင်လာပြန်တယ်။ သူ့ကြ အရိပ်က ကောင်းကင်ထဲ ပေါ်နေတယ် ပြောရမလား၊ အောက်ကနေ မီးဆလိုက်တွေ လှနေအောင် ထိုးထားလို့။ လေယာဉ်ပျံစီးရင်း ကိုယ့်လေယာဉ်ရဲ့ အရိပ်ကို မြင်ရတဲ့အခါ အောက်က မြေပြင်၊ ရေပြင်၊ သစ်ပင်၊ တောင်ကုန်းတွေပေါ်မှာ ရိတ်ကနဲ မြင့်သွားလိုက်၊ သိမ့်ကနဲ နိမ့်သွားလိုက်နဲ့၊ အရိပ်မစောင်းဘူး ပြောရအောင် မမိုက်ဘူး ဖြစ်နေပြန်ရော။

ဒီတော့ ဘယ်လို ကောက်ချက်ဆွဲမလဲ။ အရိပ်ထွက်စေတာ မတူရင် အရိပ်ကျတာ မတူဘူး။ အရိပ်ကျတဲ့နေရာ မတူရင်လဲ ကွဲပြားတယ်။ ဒါဘဲလာ့း့၊ မဟုတ်သေးပါ။

အလံလွင့်နေတာ မြင်ဘူးမှာပေါ့။ တယောက်က “အလံ လွင့်နေတယ်”။ တယောက်က “လေက လွင့်နေတာပါကွာ”။ နောက်တယောက်က “မင့်စိတ်ကသာ လွင့်နေတာ” တဲ့။

ကျောင်းသားတွေ ငယ်ငယ်ကဆိုရင် သိပ္ပံဘာသာကို စိတ်ဝင်စားကြတာ များတယ်။ “လက်တွေ့မပါ လာမပြောနဲ့” ဖြစ်လာကြရော။ လူကြီးတွေက ဘာသာရေး ပြောဟောနေရင်း နားကြားပြင်း ကပ်တတ်ကြတယ်။ အတိတ်၊ အနာဂတ်၊ ကံ၊ ကုသိုလ်၊ စတာတွေဟာ ဟိုက်ဒရိုဂျင် ၂ လုံးနဲ့ အောက်စီဂျင် ၁ လုံး ပေါင်းပြတာလို မဟုတ်တော့ လက်မခံချင်ကြသူ မနည်းဘူး။

ရုပဗေဒကို ခပ်ကြာကြာ မသင်ဘူးလဲ (အိုင်းစတိုင်း) ရဲ့ နာမည်ကျော် “ရီလေတစ်ဗတီ-သီအိုရီ” ဆိုတာ စာဖတ်ရင်းနဲ့ ရင်းနှီးကြပါလိမ့်မယ်။ သိပ္ပံဘာသာသင်ရင်း ဝိဇ္ပ္ပ္ဇာဘာသာ စိတ်ဝင်စားနေသူတွေလဲ ရှိတာဘဲ။ ဆယ်တန်းမှာ ဟိုခေတ်က “မြန်မာစာ စကားပြေ လက်ရွေးစဉ်” ကို ပြဋ္ဌာန်းစာအုပ် လုပ်ဘူးတယ်။ အမှန်က (အို-ဘီ) ခေါ်တဲ့ စိတ်ကြိုက်-မြန်မာစာ ယူတဲ့ ကျောင်းသားတွေကိုသာ သင်တာပါ။ (အိုင်းစတိုင်း) ရဲ့ ရှုတ်ထွေးလွန်းလှတဲ့ နိယာမကို ဗမာလို ရှင်းကနဲနေအောင် ဥပမာတွေပေးရေးထားတာ အဲဒီစာအုပ်ထဲမှာပါတာကို စိတ်ကြိုက်မြန်မာစာ မယူပေမဲ့ကြိုက်လို့ ဖတ်ဖြစ်ပါတယ်။

မီးရထား နှစ်စီး ပြေးနှုန်း မတူဘဲ၊ အရပ်မျက်နှာ တခုထဲ ဆိုပါစို့ မြောက်ဘက်ကို တနာရီ ၂ဝ မိုင်နှုန်း၊ ၃ဝ မိုင်နှုန်းနဲ့ သွားနေကြတယ်။
• ဘူတာမှာရပ်နေသူက "ရထားတစီးက ၃ဝ နှုန်းနဲ့ မြောက်ဘက်ကို၊ တစီးက ၂ဝ နှုန်းနဲ့ မြောက်ဘက်ကို သွားနေတယ်" လို့။
• နောက်ကျနေတဲ့ ရထားပေါ်ကလူက "ရှေ့ကရထားဟာ (၃ဝ - ၂ဝ = ၁ဝ) မိုင်းနှုန်းနဲ့ မြောက်အရပ်ကို သွားနေတယ်" လို့။
• ရှေ့ရထားပေါ်ကလူက "နောက်ရထားဟာ တနာရီ ၁ဝ မိုင်နှုန်းနဲ့ တောင်အရပ်ကို သွားနေတယ်" လို့ ပြောပြန်တယ်။ ဘယ်သူ မှန်ပါသလဲ။

မောင်ကျောင်းသားတွေ အရွယ်လေးရလာတော့ ဘာသာရေးမှာ ပရမတ် (ပရမတ္တ) ဆိုတာလဲ ကြားဘူးလာကြတယ်။ နားမဝင်၊ သဘောမပေါက်သူ များပါလိမ့်မယ်။ သိပ္ပံထဲကနေ Relative truth နှိုင်းရအမှန်ဆိုတာ သင်လာ၊ ဖတ်လာရမှ အော့် ဒါလား ဖြစ်လာကြတယ်။ တိုတယ်ဆိုတာ သူ့ထက် ရှည်တာနဲ့ နှိုင်းမှ တိုတာလို့ ခေါ်နိုင်တယ်။ ချမ်းသာတယ် ဆိုတာလဲ သူ့ထက် မွဲတဲ့သူနဲ့ ယှဉ်ပြောမှ ရတယ်။ မျဉ်းဖြောင့်ဆိုပြီး အကောင်းဆုံး ပေတံနဲ့ ဆွဲထားပါစေ၊ တကယ် ဖြောင့်မနေဘူး။ ကမ္ဘာကြီးက လုံးဝန်းနေတယ်။ ကမ္ဘာ့ဆွဲအားဆိုတာလဲ သက်ရောက်နေတယ်။

ဖြည့်ကြည့်တတ်တာ တခါတလေ အသုံးကျတယ်။ တခါတလေ အမှားကျူးလွန်ရာကျတယ်။ ဒါနဲ့လဲ မပြီးသေးပြန်ဘူး။ အတုံးလိုက် အတစ်လိုက်သာ မြင်သူ၊ သိသူ-ပြောသူ-ရေးသူတွေဟာ "လူ့ဂွစာ" လို့ ခေါ်ခံရနိုင်တယ်။

“ဘုရားစဉ်မှာ ဆွမ်းတော်တင်တာ ကြွက်လမ်းပြသာဖြစ်တယ်” လို့ ပြောတာဟာ မမှန်ဘူးလို့ အပြတ်တော့ငြင်းမရဘူး။ ဒါပေမဲ့ ဒီအပြောဟာ တဖက်ကနေကပ်ကြည့်ပြီးသာပြောတာ မဟုတ်လား။ ကုသိုလ်ပြုတာဖြစ်ဖြစ်၊ တလွဲလုပ်တာဖြစ်ဖြစ် ကံသုံးပါးလုံး ပါရတယ်။ ဘုရားစဉ်က ဆွမ်းတော်ဆီကို ခဏနေရင် ကြွက်-ယင်-ခြင်-ပိုးဟပ်လာမှာပေါ့လို့ ပညာအမြင်နဲ့ ပြောတယ်။ ဆွမ်းကပ်သူရဲ့ စိတ်အစဉ်ကို မြင်ကြည့်နိုင်တဲ့အထိ ပညာကမရောက်တတ်ဘူး။

တချို့က “ဖက်နှစ်ဖက် ကြည့်ပါ” ပြောတယ် ပညာရှိသလိုဘဲ။ နိုင်ငံရေးမှာလဲ မတောက်တခေါက် အနောက်က ပညာရှင်တွေရော၊ (မီဒီယေတာ) ဝင်လုပ်ချင်သူတွေကရော ဟိုဘက်က နည်းနည်းလျှော့၊ ဒီဘက်က နည်းနည်းပြော့ ခိုင်းတတ်တယ်။ တဖက်ဖက်တော့ မလိုက်သလိုဘဲ။ "မတူတဲ့ နှစ်ဘက်လုံး (ဆိုးတာရော-ကောင်းတာရော၊ မှန်တာရော-မှားတာရော) ကို ဆတူဘဲ" လို့ ပြောနေတာ။ “အမှားကို အမှတ်တဝက်ပေးနေတာဖြစ်တယ်။”

“ငါက အိပ်ချင်ရင် အိပ်လိုက်တယ်။ စားချင်ရင် စားလိုက်တယ်။” လို့ ပြောတာဟာ လူပျင်းကနေ ပြောနေတာ ဟုတ်ချင်မှ ဟုတ်မယ်။ အိပ်ချင်ပေမဲ့ အိပ်မရတာမျိုးဖြစ်တာ အားလုံးလောက်ဖြစ်ဘူးမယ်ထင်တယ်။ ကျွန်တော့ဆီလာတဲ့ မေးခွန်းတွေ မနည်းဘူး။ စားချင်လို့ စားနေပေမဲ့ ကောင်းလိုက်တာ၊ မကောင်းဘူး၊ ဟိုဟာစားရရင် ပိုကောင်းမှာဘဲ၊ မတွေးတဲ့သူ ရှိသလား။

ထူးခြားတဲ့ပုဂ္ဂိုလ် (ရဟန္တာ) ဆိုတာ ဖူးချင်တယ်ဆိုလို့ ဝါးရုံတောထဲကို ခေါ်သွားတယ်။ “ဒီဝါးက ဖြောင့်တယ်။ ဒီဝါးက ကောက်တယ်။” လို့သာ ပြောပြလိုက်တယ်။ ကောက်နေတာကို ဖြောင့်စေချင်စိတ် မရှိသူ။ ကောက်နေလို့ ကြောင့်ကျစိတ် မဝင်သူ။ တွယ်တာစိတ်၊ မက်မောစိတ်ကင်းသူ။ ဘာဆိုဘာမှ မဖြစ်သူဆိုတာ လွန်မြောက်သူဘဲ။

ရှိတာကအတည့်၊ အလင်းကဖြောင့်တန်း၊ အရိပ်ကျရာက ညီညာပေမယ့်၊ အရိပ်ကြည့်သူက လူဖြစ်ပါတယ်။ လူဖြစ်တဲ့ဆရာဝန်တွေ သတိထားရမှာကို စာအဆက်မှာသာ ရေးပါရစေ။

Dr. တင့်ဆွေ
၂၄-၁၂-၂ဝ၁ဝ

No comments: