Monday, August 12, 2013

ဆုတောင်းတိုင်းသာ ပြည့်စေချင်ပါသည်

12-8-2013 - 5 hours ago via mobile
Are you still in the black list? Why can't you come home?

ဘယ်တော့ပြန်လာမလဲ မေးကြပါတယ်။ “ဆရာ ပြန်လာမှာလား” ကို ၃၁-၈-၂ဝ၁၂ နေ့ကနဲ့ “ပ ပညာရှင် ပြည်တော်ဝင်” ကို ၂၈-၈-၂ဝ၁၂ နေ့ကရေးဘူးတယ်။

တချို့ကတော့ နာမည်ပျက်စာရင်းလို့ ခေါ်ကြမှာပေါ့၊ “အမည်မည်းစာရင်း Black List စုစုပေါင်း ၆၁၆၅ ဦးထဲကနေ ၂ဝ၈၂ ဦးကို အမည်မည်းစာရင်းကနေ ပယ်ဖျက်ပေးလိုက်ကြောင်း” ၂၈-၈-၂ဝ၁၂ နေ့ထုတ် ကြေးမုံသတင်းစာမှာ ပါတယ်။ ကျွန်တော့်နာမည်ကို နံပါတ် (၇) မှာတွေ့ရပါမယ်။

သူများတွေပြန်ကြပါတယ်။ အိန္ဒိယကနေပြန်သွားကြသူ လက်ချိုးရေနိုင်တယ်။ သတင်းဌာနတခုကတော့ တမြုံလုံး အထဲရောက်သွားပြီးပြီ။ ဒေလီမှာ ရေဒီယိုသတင်းထောက် တယောက်မှ မရှိတော့ပါ။ ပြီးခဲ့တဲ့ရက်တွေကပဲ လူယ်တချို့ ကိုယ့်ရပ်ကိုပြန်ကြတယ်။ အများစုကတော့ တတိယနိုင်ငံတွေကို ရောက်ကုန်ကြပြီ။ တချို့လဲ အဲတာကိုစောင့်နေကြတုံး။ သုံးသပ်ကြည့်ရင် အပြင်မှာ အနှစ်နှစ်အလလ နေခဲ့ကြတာမှန်ပေမဲ့ ကြာလာလေလေ အကျိုးစီးပွါး မတူလေဖြစ်ပြီး၊ ပြန်ဘို့ ဆုံးဖြတ်တာနဲ့ ပြန်ပြီး ဘယ်မှာဘာလုပ်မယ်ဆိုတာမှာ အတော်ကြီး မတူကြတော့ပါ။

ဖိတ်ခေါ်တာမလုပ်ခင်လေးမှာ အမတ် (ဟောင်း) ထဲက ၂ ယောက်ပြန်တယ်။ တယောက်က ဘာသံမှမကြားရဘူး။ တယောက်က သမတကြီး ချီးမွမ်းခန်းနဲ့ ဝင်သွားတယ်။ သမတကဖိတ်ပြီးနောက် တယောက်သာပြန်တယ်။ NLD ထဲက ဆိုရင် ဗဟိုအဆင့်မှာရော၊ မြို့နယ်တွေမှာ ပြန်ပြီးတာဝန်ယူနေကြတယ်။ ဒါပေမဲ့ မများပါ။ တချို့လဲ ကိုယ်ပိုင်အလုပ်သာ လုပ်ကြသတဲ့။ လုပ်ဖေါ်ကိုင်ဖက်လို့ ပြောနိုင်သူတွေလဲ ပြန်ဝင်ကြပါတယ်။ အဝေးရောက်အစိုးရနဲ့ တွဲလုပ်ခဲ့သူတွေထဲက တချို့ဆိုရင် သမတ အကြံပေးလုပ်နေကြတယ်။

ပြည်တော်ဝင်တွေကို မီဒီယာမှာ ဝေဝေဆာဆာ ကျယ်ကျယ်လောင်လောင်၊ စူးစူးရှရှ ဖတ်ရမြင်ရတဲ့အခါ၊ ကိုယ်ပြန်ဖြစ်ရင်တော့ ဆွေမျိုးရင်းခြာတွေနဲ့ ကျန်းမာရေးနဲ့ဆေးပညာ မေးသူတချို့တလေကသာ ပိုစတာမပါပဲ ကြိုကြမှာဘဲလို့ တွေးခဲ့မိသေးတယ်။ (ဗီနိုင်းလ်) ဆို လန့်နေမိတယ်။ Myanmar News Updates မှာ ကျွန်တော့် စာ (၂) ပုဒ်လုံးကို (ကွန်မင့်) ထဲမှာတင်ပေးလိုက်ပါတယ်။

အပြန်လမ်းတောင်မှ စိတ်ကူးထားမိသေးတာ။ တိုင်းပြည်က ထွက်ပြေးရတုံးကလိုပဲ နယ်စပ်ကနေ ခြေလျင်ပြန်တာ ကောင်းမလား။ ယောနယ်ကလမ်းတွေနဲ့ ချင်းတောင်တန်းတွေမှာ ကိုယ့်မသိလဲ ဧည့်ဝတ်ကျေသူတွေ တပုံတပင်ရှိတယ်။ နိုင်ငံရေးကြောင့် ပြေးကြတယ်ဆိုတာ သိသွားတော့လဲ ခါးပုံထဲက ကြက်ဥ ထုတ်ပေးသေးတာဟာ၊ လေယာဉ်မယ်လေးတွေ ကြွေးတာထက် အရသာရှိတယ် ထင်ခဲ့မိတယ်။

တချို့ကလဲ ကျွန်တော့်ကို အထဲမှာနေတယ်ထင်ပြီး၊ ဆရာ့ဆီလာပြချင်တယ် ပြောထားကြလို့ ပြန်ပြီး ဆေးခန်းဖွင့်ရင်လဲ စားဝတ်နေရေး အဆင်လေးပြေမလားလို့ တွေးမိတယ်။။ ဆရာဝန်လိုင်စင် ပြန်ရရင်ပေါ့။ ငါပြန်သွားရင် ဘာလုပ်ချင်သလဲ ဆိုတာကို စိတ်ကူး အိပ်မက်မက်ပြီး “မိုဘိုင်း-အွန်လိုင်း အိပ်မက်” ကို ၂၈-၇-၂ဝ၁၃ နေ့ကရေးလိုက်ပါတယ်။

နေရပ်ပြန်လာပြီး နောက်ရွေးကောက်ပွဲဝင်ပြိုင်ဘို့ ခေါ်တဲ့သူ၊ မျှော်တဲ့သူတွေလဲ ရှိပါတယ်။ ကျွန်တော့်အယူအဆက အခုအနေအထားမှာ နောက်လူတွေကို ဦးစားပေးချင်နေတယ်။ ဒါနဲ့ တီရှပ်နဲ့ ကက်ပ်ဦးထုပ် ဆောင်းပြီး လူထုကြား သွားလာလှုပ်ရှားနေတဲ့ လူငယ်တွေ တိုက်ပုံအင်္ကျီ၊ စုံချပုဝါတွေနဲ့ လွှတ်တော်မှာ ဖြစ်လာရမယ်လို့ “NLD လူငယ်နဲ့ နိုင်ငံရေးစဉ်မြင့်” ကို ၂၂-၇-၂ဝ၁၃ မှာ ရေးပါတယ်။ လူဟောင်းတိုင်းကို နေရာပြန်ပေးစရာမလိုပါ။

နောက်တချက်ကတော့ ပြည်ပနိုင်ငံရေးထဲမှာ ဇနီးကို NLD ကဆိုပြီး အမျိုးသမီးအဖွဲက လက်မခံတာကတမျိုး၊ မိသားတစုလုံးကို ဗမာဖြစ်နေလို့ လူမျိုးကြီးစာရင်းထဲ အထည့်ခံရတာကတမျိုး၊ သားတွေကို အမျိုးသမီးမဟုတ်လို့ ဦးစားမပေးတာမျိုး စတဲ့ မွေးရာပါ အားနည်းချက်တွေကြောင့် နိုင်ငံရေးကနေ ဝိုင်းပယ်ခံရတတ်တယ်။ ဒါမျိုးတွေကို သီးခံ၊ ရင်ဆိုင်၊ ကျော်လွှားခဲ့တာတွေ တော်လောက်ပြီလား တခါတခါထင်လာမိတယ်။ ဒါနဲ့ ခင်မင်ရင်းနှီးတဲ့ ဆရာတော် တပါးဆီ “လျှောက်ထားအပ်ပါသည်ဘုရား” ခေါင်းစဉ်တပ်ပြီး နောင်တော့ အရွေးမခံလိုတော့ပါလို့ ၁၂-၇-၂ဝ၁၃ မှာရေးခဲ့တယ်။ ပြည်ပနိုင်ငံရေးမှာ အဲလိုတွေရှိတာမို့ ပြည်တွင်းကို မကူးစက်ပါစေနဲ့လို့ပါ ဆုတောင်းထားရတယ်။

နိုင်ငံရေးထဲရောက်ကတည်းက ကိုယ့်မိသားစုကို လုံးဝပြစ်ထားခဲ့ရတာပါ။ မိသားစုတာဝန်မှ မကျေပွန်သူတယောက် တိုင်းပြည်အတွက် ဘာအတွက်ပြောနေတာ စဉ်းစားစရာ ဖြစ်မလား။ ဒေါ်စုကတော့ ချွင်းချက်ပေါ့။ ကိုယ်လိုသူလို ဒေါက်တာဇော်မြင့်မောင်မှာတော့ ကလေးတွေက တမျိုးအထင်ခံရတယ်။ ကျွန်တော်လဲ အပြောမလွတ်ပါ။ နောက်ပြီး အထဲမှာ အလုပ်လုပ်မဲ့သူ လူအလုံအလောက်ရှိတယ်လို့ ယူဆပါတယ်။

နောက်ဆုံးတော့ ကံတရားကိုလဲ အားကိုးတာမို့ စာရေးတိုင်း “ပါလို၏” လို့သာ အဆုံးသတ်ဖြစ်ပါတယ်။
ဒေါက်တာတင့်ဆွေ
၁၂-၈-၂ဝ၁၃

Black list မှ ပယ်ဖျက်လိုက်သော မြန်မာနိုင်ငံသားများစာရင်း
ရက်စွဲ၊ ၂ဝ၁၂ ခုနှစ်၊ သြဂုတ်လ ၃ဝ ရက်
၁။ ဒေါက်တာစိန်ဝင်း၊ (NCGUB ဝန်ကြီးချုပ်)
၂။ ခွန်တယ်ဒီဘူးရီ၊ (MPU ဥက္ကဋ္ဌ)
၃။ ဦးပီတာလင်းပင်၊ (ပြန်ဝင်)
၎။ ဒေါ်စန်းစန်း၊ (MPU ဒုဥက္ကဋ္ဌ)
၅။ ဒေါက်တာမျိုးဝင်း၊ (MPU အဖွဲ့ဝင်၊ ကွယ်လွန်)
၆။ ဒေါက်တာစန်းအောင်၊ (NCGUB အဖွဲ့ဝင်)
၇။ ဒေါက်တာတင့်ဆွေ၊ (NCGUB အဖွဲ့ဝင်)

No comments: