Friday, June 14, 2013

မျက်နှာပျက်ရတာ ဖေ့စ်ဘွတ်ပါ

Facebook ဖေ့စ်ဘွတ်ဟာ အမေရိကန် တက္ကသိုလ်ကျောင်းသာတွေ စာသင်နှစ်အစမှာ တယောက်နဲ့တယောက် သိအောင်သုံးကြရတဲ့ စာအုပ်ရဲ့နာမည်ဖြစ်ပါတယ်။ ၂ဝဝ၄ မှာ Mark Elliot Zuckerberg မာ့ခ် ဇူကားဘတ် နဲ့ ဟားဗတ် တက္ကသိုလ်က သူငယ်ချင်း လေးယောက်ကနေ စထွင်လိုက်တာပါ။ အစကတော့ ဟားဗတ် တက္ကသိုလ်မှာသာသုံးဘို့ ရည်ရွယ်ခဲ့ပေမဲ့ တခြားတက္ကသိုလ်တွေ၊ ကောလိပ်တွေဆီ ကူးစက်လာပြီး၊ ၂ဝ၁၂ စက်တင်္ဘာ စာရင်းအရ တကမ္ဘာလုံးမှာ ဖေ့စ်ဘွတ်သုံးနေသူပေါင်း သန်း ၁ဝဝဝ မကတော့ပါ။ ဒီဆန်းစစ်ချက်ထဲမှာ ၈့၇% ဟာ အတုတွေလို့ ဆိုပါတယ်။ အသက် ၁၃ နှစ်ပြည့်သူတွေအတွက်သာ သတ်မှတ်ထားပေမဲ့ အသက်မပြည့်တဲ့ကလေးပေါင်းက ၂ဝ၁၁ မေလ စစ်တမ်းတခုအရ ၇့၅ သန်းရှိပါသတဲ့။

တီထွင်သူတွေက Online social networking service အွန်လိုင်း ဆိုရှယ်ကွန်ယက်လို့ဆိုပေမဲ့ လက်တွေ့မှာတော့ ဆိုရှယ်သဘောထက် လေးနက်တာတွကိုပါ သုံးလာကြပါတယ်။ နိုင်ငံရေး၊ ကျန်းမာရေး၊ ဘာသာရေး၊ လူမျိုးရေး၊ အရေးမှန်သမျှသုံးကြတာ ချီးကျူးစရာပါ။ ဒါပေမဲ့ ဆိုရှယ်တခုတည်းသမား မဟုတ်သူများအတွက် ခက်နေပါပြီ။

ဖေ့စ်ဘွတ်မှာ မိတ်ဆွေစာရင်းကို ဘယ်သူ ဘယ်ဝါမှန်းမသိဘဲ တန်းသွင်းရတာာက အများဆုံးဖြစ်တယ်။ အကောင့်တခုမှာ လူ (လူမဟုတ်တာလဲ ပါမလားမသိပါ) ၅ဝဝဝ ကို တရားဝင် မိတ်ဆွေစာရင်းသွင်းနိုင်တယ်။ အသွင်မတူ အိမ်သူမဖြစ် ဆိုသလို ပေါင်းကြည့်မှ ခွဲရတာလဲဘူ့တွေမှာ မလွဲသာမရှောင်သာ ကြုံလာကြရပါတော့တယ်။

ဖေ့စ်ဘွတ်ကို မသုံးသေးခင်ကတည်းက ကိုယ်ပိုင် (ဘလော့ခ်) လေးတွေရေးပြီး ကျန်းမာရေးနဲ့ ဆေးပညာစာတွေ တင်ပါတယ်။ မကြာခင်မှာ (ကွန်မင့်) လုပ်မရအောင် ပြောင်းလိုက်ရပါတယ်။ အခုလဲ ဖေ့စ်ဘွတ်မှာ (အန်ဖရင်း) လုပ်ရတာ သိပ်တော့ မနည်းတော့ပါ။ သုတေသနအရ ငါးထောင်ထဲမှာ ၄၃၅ ယောက်က အတုပါတဲ့။ (ဂဏန်း ၃ လုံး အသစ်ထွင်တာ မဟုတ်ပါခင်ဗျား။)

စာတပုဒ်ရေးနေရင်း၊ သတင်းတပုဒ်တင်နေရင်း အွန်လိုင်းကနေ ရေဒီယိုနားထောင်ပါတယ်။ ဝါသနာရှိလို့ ဘောလုံးပွဲ၊ တင်းနစ်ပွဲလဲ ကြည့်ချင်ပါသေးတယ်။ သူများတွေက တလေးတစား တင်ထားတာတွေကိုလည်း လိုက်မီအောင်မဖတ်ရင် တခေတ်နောက်ကျသလား ခံစားမိပါတယ်။

ကျွန်တော့်ထက် ဖေ့စ်ဘွတ်မှာ အချိန်မပေးနိုင်သူတွေ အများကြီးရှိပါမယ်။ နိုင်ငံရေးနဲ့ ကျန်းမာရေး မေးရင်-ရေးရင် လုပ်လက်စကို ရပ်ထားပြီး အတတ်နိုင်ဆုံး တုံ့ပြန်ပါတယ်။ မှတ်ချက်တို၊ မေးခွန်းတိုလေးတွေက တချို့နေရာတွေမှာ ထိရောက်တတ်ပါတယ်။ အမျိုးအဆွေလို၊ ဆရာတပည့်လိုကနေ “နေကောင်းကြလား” မေးခွန်းမျိုးဟာ အလွန်ကို တန်ဘိုးရှိပါတယ်။

ဒီကြားထဲမှာ ‘မင်္ဂလာပါ’၊ ‘နေကောင်းလား’၊ ‘Hi’, ‘Hello’ လုပ်နေတာမျိုးတွေဟာ အနှောင့်အယှက် ဖြစ်စေပါတယ်။ နှုတ်ဆက်ပြီးနောက် မေးတာမြန်းတာလဲ ဆက်မလာပါ။ ဒီအကြောင်းကို တခါရေးပြီး ကိုယ့် (တိုင်းမ်-လိုင်း) မှာ တင်ထားတာ ပြန်ရှာမရတော့ပါ။ ဒီလိုသာဆိုရင် (ဘလော့ခ်) ကိုဘဲ ပိုအားကိုးရမလားဘဲ။

လူ ၅ဝဝဝ ကို တသမတ်တည်းထားတာ မကြိုက်ပါ။ အချိန်နဲ့အတူ အရာရာဟာ ပြောင်းနေတာမို့ အချိန်နဲ့လိုက်ပြီး ကိုက်အောင် ပြောင်းတာက ဒီမိုကရေစီသဘောဖြစ်ပါတယ်။ Friends ထားနိုင်တဲ့အရေအတွက် အပြည့်ရှိပေမဲ့ တင်ထားတာတခုကို မှတ်ချက်ပြုသူအရေအတွက်ဟာ ၁၅ဝ မကျော်တာ သတိထားမိပါတယ်။ တခါမှ ပေါ်မလာသူတွေကို ဖျက်ချင်ပေမဲ့ အားနာစိတ်နဲ့ နပမ်းလုံးရပါတယ်။

Friends စာရင်းက ဖျက်ရတာက မခက်ပါ။ ကလစ် တချက်သာနှိပ်ဘို့ လိုတယ်။ နည်းပညာက လွယ်ပေမဲ့ စက်မဟုတ်တဲ့ လူအဖို့တော့ ခက်ပါတယ်။ စက်က ဖျက်ရတာလွယ်ပြီး၊ လူက အဖျက်ရခက်လှပါတယ်။ “စိုသောလက် မခြောက်စေနဲ့” ဆိုတာ လူကသာသိတယ်မဟုတ်ပါလား။

Friend = သူငယ်ချင်းလို့ ဘာသာမပြန်ရင် မမှန်တော့ပါ။ Facebook ရဲ့ မူရင်းအဓိပ္ပါယ်က “မျက်နှာသိ-မိတ်ဆွေ” ဆိုပေမဲ့ မျက်နှာပျက်ရတာလဲ ဖေ့စ်ဘွတ်သာဖြစ်ပါတော့တယ်။

ဒေါက်တာတင့်ဆွေ (၁ဝ-၆-၂ဝ၁၃)

No comments: