အနှစ်သုံးဆယ် ချစ်တုန်းကွယ်
နောက်ထပ် အနှစ်သုံးဆယ် ချစ်အုံးမယ်
အနှစ်သုံးဆယ် ချစ်တုန်းကွယ်
ဒီနှစ်တွေမှာ
ငါတို့ဟာ
အရာရာကို ရင်ဆိုင်ခဲ့တယ်…။
သမီးတယောက်
သားလေးယောက်
နောက်ထပ်ဆင့်ပွား
မြေးလေးများတောင် ရပြီကွယ်…။
ကြည့်စမ်းပါကွယ်
နှစ်သုံးဆယ်ဆိုတာ
ဘာကြာလိုက်လို့လဲ…
ခိုင်မြဲတဲ့အချစ်နဲ့
ဖိုင်တွဲရမယ့် နှစ်တွေဟာ
တကယ်တော့
တထိုင်ထဲ က,တဲ့ မိနစ်တွေပါပဲ…။
စက္ကန့်က အချစ်
မိနစ်က ကဗျာ
နှစ်သုံးဆယ်ဆိုတာ
ဒါတွေပါပဲ…။
အိမ်ထောင်ရေးရဲ့ဇစ်မြစ်
အချစ်ကို အခြေတည်…
ဟောဒီအိမ်ထောင်ရေးဟာ
မေတ္တာကို သွန်းထု
'မိသားစု'…ရယ်လို့
ဖိအားတခု တိုးပွား
ငါတို့ ပိုချစ်သွားကြတယ်…။
သားတွေ သမီးတွေနဲ့
ပွားစေ ကြီးစေဟဲ့လို့
အားတွေ မီးတွေအထည့်
စနစ်ရဲ့ခွင့်ပြုချက်
သိပ်ရက်စက်လွန်းတယ်ကွယ်…။
မုန်တိုင်းတချက်
ကဆုန်စိုင်းနှက်တော့
တိုင်းပျက် ပြည်ပျက်
အိုးခွက်တခြား
ဟိုး…ရက်များက
တို့များ ခွဲသွားရဖူးတယ်…။
သားတယောက် လက်ဆွဲ
အဖတယောက်ရဲ့ရက်စွဲတွေဟာ
ဘယ်နေရာမှာ ခြောက်ကပ်လို့
ဘယ်နှစ်ကြိမ် ဘယ်နှစ်ခါ
ဂယောက်ဂယက်ဖြစ်ခဲ့ပါသလဲ…
သမီးတယောက်
သားသုံးယောက်ရဲ့
ပါးစပ်ပေါက်တွေ ခွန့်ကျွေး
သနပ်ခါး မမွှေးနိုင်တဲ့မိခင်ဟာ
ဘယ်နေရာမှာ တပေါက်ကျလို့
ဘယ်နေ ဘယ်ကမှာ ပျောက်ခဲ့ရပါသလဲ…
တွေးဆကြည့်ဖို့တောင်မှ
ငလျင်ဆန်လွန်းလှတယ်ကွယ်…။
အဲဒီရဲ့နောက်
တို့နှစ်ယောက်
တခေါက်ပြန်ဆုံကြရတယ်…
ဘယ်မလဲအတိတ်
အနှစ်နှစ်ဆယ်စိတ်ဓါတ်နဲ့
အသစ်ကွယ် တံဆိပ်ကပ်ပြီး
ချစ်စဖွယ် နိမိတ်ဖတ်ခဲ့ကြတယ်…။
လောကဓံတရားကို
မနောခံအားနဲ့
လျှောလန်သွားအောင် တိုက်ခဲ့တယ်…
ချစ်ထုံးရယ်မပြေ
နှစ်သုံးဆယ်လေ
သက်သေ…ကွဲ့…။
ကဲ
နောက်ထပ်တရစ်
အနှစ်ခြောက်ဆယ်
အချစ်…လျှောက်မယ်မဟုတ်လား…။ ။
(အဖေနဲ့အမေတို့ရဲ့မင်္ဂလာပုလဲရတုသို့)
နေမင်းနီ
22.7.1999
04:20 am
နောက်ထပ် အနှစ်သုံးဆယ် ချစ်အုံးမယ်
နှစ်ယောက်ထဲကတည်းက အစပျိုး၊
ကလေးတယောက် တိုးတာဟာ
ချစ်စရာတယောက် တိုးတာပါ။
ကလေးက တယောက်ပြီး တယောက်၊
ချစ်စရာတွေ အသစ်အသစ် ရောက်လာကြ။
ချစ်စရာတွေ အသစ်အသစ် ပေါက်လာကြ။
သားသမီးအချစ် မြေးအနှစ်၊
အနှစ်တွေကလဲ တယောက်ပြီးတယောက်၊
အချစ်တွေက တောက်လျှောက်။
နောက်ပေါက်တွေ တိုးလာမှ သဘောပေါက်ရတာရှိသေး။
ဆီမီးကို ကူးပေးပေမဲ့ ကုန်မသွားဘူးတဲ့၊
ပညာဆီမီးကို ချီးကျူးကြ။
ချစ်စရာတွေ များများလာလဲ အချစ်တွေက ရှားရှားမသွား၊
အချစ်တွေက ပါးပါးမသွား။
မိဘလိုချစ်ရ၊ အဖိုးအဖွါးလိုချစ်ရ၊
အချစ်က လျော့မကျ၊ အသက်ပါ ငယ်သွားရ။
မြေးမကို ကျောင်းပို့ရရင် အဖိုးလို့ မထင်၊
အမြင်ကိုက မအိုလှတဲ့။
မိတ်ဆက်ရရင်
I’m grandfather of four!
ကျွန်တော် ကဗျာဆရာ့ သမီးရဲ့အဖိုး။
တင့်ဆွေ
၂၂-၁၁-၀၉
Saturday, July 16, 2011
အနှစ်သုံးဆယ် ချစ်တုန်းကွယ်
Subscribe to:
Post Comments (Atom)
1 comments:
အကို အကိုရဲ့ အရေးအသားနဲ့ ဘ၀အတွေ့ အကြုံလေးတွေ ကိုရေးထားတာကို အရမ်းသဘောကျမိပါတယ်။ ဒါကြောင့် ညီတို့ ဖိုရမ်မှာ လာရောက်ပီး အကို့အနေနဲ့ စာတွေ လာရေးပေးစေချင်ပါတယ် နောက်ပိုင်းမှာလည်း ညီတို့ အကို့ ဆိုဒ်ကလေးကိုလည်း လမ်းညွှန်ပီးသားလည်း ဖြစ်အောင် ကြော်ငြာပေးချင်လို့ပါ။ အကို့အနေနဲ့ မခတ်ခဲဘူးဆိုရင် လာရောက်ပီး စာတွေ ရေးသားပေးချင်ပါတယ် ညီတို့ ဖိုရမ်က www.globalitmyanmar.org ပါ အကို။
Post a Comment