Tuesday, November 29, 2011

Doctor-patient relationship (2) ဆရာ-လူနာ ဆက်ဆံရေး (၂)

Wed, Oct 26, 2011 at 10:27 AM
ဆရာရဲ့ “လူနာဆရာဆက်ဆံရေး” အကြောင်း ဖတ်ပြီး၊ The Voice က Interview ကို ဆရာဘယ်လို မှတ်ချက်ပြုမလဲ ဆိုတာ သိချင်လာပါတယ်။ Link ပေးလိုက်ပါတယ်။

ပေးတဲ့ (လင်ခ်) ကို သွားလို့ မရပါ။ ဒါနဲ့ ရှာဖတ်ပါတယ်။

အူအတက်ရောဂါ၊ နှစ်ခါ ခွဲစိတ်ကုသရတာ နဲ့ လူနာ ကွယ်လွန်သွားရရှာတဲ့ သတင်းကို (ရေဒီယို) နဲ့ (အင်တာနက်) ကတဆင့် ကြားရ၊ ဖတ်ရပါတယ်။ လက်လှမ်း မီသလောက်ပေါ့။ မေးလာလို့တော့ ဖြေရမဲ့ တာဝန်ရှိတာမို့ ပြန်ဖြေပါမယ်။ ပုံနှိပ်ထုတ်ဝေဘို့ မရေးခဲ့သေးပါ။ ရေဒီယိုကလဲ မပြောခဲ့ပါ။

ကျွန်တော့်မှာ စည်းကမ်းတခု ရှိပါတယ်။ “ကိုယ့်အဖွဲ့အစည်းတွင်း ကိစ္စမျိုးကို အပြင်ကို ထုတ်ပြောသင့်မှ ပြောရမယ်” ဆိုတဲ့ လိုက်နာမှု တခု ကိုယ့်ဖါသာ ထားပါတယ်။ ဒီသတ်မှတ်ချက်မှာ အားကောင်းချက်ရှိသလို နစ်နာမှုလဲ ဖြစ်ရတာ ကိုယ်တွေ့ပါ။ ကိုယ့်ဘက်က ဘာမှ မပြောတော့ တဖက်ကဘဲ ပြောချင်ရာ ပြောတာတွေကို အကုန်မဟုတ်တောင် တဝက်လောက် ယုံသွားရင် မပြောသူမှာ အတော် နစ်နာတယ်။ ရေတိုသဘောပါ။ အမှန်ဆိုတာ တခါတလေ အချိန်ပေးရတယ်။

အခုအရေးက ဆေးပညာနဲ့ တိုက်ရိုက် ပတ်သက်တယ်။ ကိုယ်တိုင်က ဆရာဝန် ဖြစ်နေသလို လူနာလဲ ခဏခဏဖြစ်တာဘဲ။

ဘယ်အရေး ဘယ်ကိစ္စမဆို ဘယ်လိုမြင်တယ်ဆိုတာ လူတိုင်း စိတ်ထဲမှာ ဖြစ်ပေါ်တယ်။ တချို့က ထုတ်ပြောကြတယ်။ အနီးဆုံးက လူတွေသာမက နားထောင်သူတိုင်း ကြားနိုင်တဲ့ (မီဒီယာ)၊ ဖတ်သူတိုင်း သိမဲ့ စာနယ်ဇင်းတွေကနေ ပြောကြ-ရေးကြတယ်။ ဝစီကံတပိုင်း ကာယကံတပိုင်း ဖြစ်စေကြတယ်။

တွေးတောတာ၊ ဆင်ခြင်တာတွေဟာ လေ့လာမှုအသိ တိုးလာတာနဲ့အမျှ ပြောင်းလဲ လာတယ်။ ရင့်ကျက်မှု ရှိလာလေလေ စဉ်းစား တွေးခေါ်မှုလဲ ရင့်သန်လေ ဖြစ်သေးတယ်။ လူတိုင်းပါ။ ဒီတော့ ထုတ်ပြောတာမျိုး၊ ချရေးတာမျိုးကို တောင်းဆိုမှု အားကို မလွန်ဆန်နိုင်မှသာ လုပ်တာ ကောင်းတဲ့အကျင့်လို့ ထင်ပါတယ်။

စကားကြီး ခြောက်ခွန်းထဲက နှစ်ခွန်းကို ပြောအပ်တယ်ဆိုတာ ဖတ်ဖူး-မှတ်ဖူးသလို လိုက်နာနိုင်သလောက် လိုက်နာပါတယ်။ “ပြောအပ်တယ်ဆိုတဲ့ စကားနှစ်မျိုးကလဲ မပြောရင် မဖြစ်ဘူး၊ ပြောသာပြောပါလို့ ညွှန်တာ-ခိုင်းတာ လို့တော့ မထင်ပါ။”

ဒီအဖြစ်အပျက်ကို အစ-အဆုံးတော့ မသိပါ။ ဒီအဆင့်လောက် သိသူကနေ ဝေဖန်သမှုပြုရင် အားလုံး မမှန်နိုင်တာတော့ သေခြာတယ်။ နှာစေးနေတာတော့ မဟုတ်ပါ။ ဖေးဖေးမမ ထောက်ပြမိရင် နစ်နာစေမှာ မဟုတ်ပေမဲ့၊ ဘက်လိုက်မှု ဖြစ်သွားရင် မကောင်းတော့ပြန်ပါ။ အထင်နဲ့ ဝေဖန်မိရင် ခံရသူကို ဝါးကူထိုးရာကျနေမယ်။

သေခြာတာလောက်သာ ပြောပါရစေ။ ဒီလိုအဖြစ်မျိုး ဖြစ်တတ်ပါတယ်။ အခုမှ မဟုတ်သလို နောင်လဲ ဖြစ်နိုင်တယ်။ ဒီတိုင်းပြည်မှာသာ ဖြစ်တတ်တာ မဟုတ်ပါ။ ကျွန်တော်လဲ အပြောမလွတ်သူလို့ ဝန်ခံပါရစေ။ ဒီသတင်းမျိုးကို လူသိအောင် လုပ်တာရဲ့ ရည်ရွယ်ချက် တခုဟာ နောင် မဖြစ်စေအာင် ကူညီရာကျသင့်ပါတယ်။ တခါလောက် မမှန်တာ လုပ်မိသူတိုင်း တသက်လုံး အမှားတွေချည်း ဆက်မလုပ်ကြပါ။ စိတ်ဆိုး ဒေါသဖြစ်နေရချိန်မှာ ဖြစ်စေချင်တာမျိုးနဲ့ မတူဘဲ၊ စိတ်အေးလက်သာ ရှိလာရင် စာနာစိတ် ဝင်လာတတ်တာလဲ လူ့သဘောဘဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် တခါတလေ Scoop သတင်းတချို့က ဆိုးနေတာကို ပိုဆိုးစေနိုင်တယ်။ ပြန်ပြင်ပေးရင်တော့ တာဝန်သိတတ်တယ်လို့ သတ်မှတ်ရမှာပေါ့။

Medical malpractice ဒါမှမဟုတ် Professional negligence လို့လဲခေါ်တဲ့ ဆေးကုသရာမှာ မမှန်မကန် လုပ်မိတာ၊ ပေါ့ဆတာတွေကို ကျွန်တော်တို့ဆီမှာ တားမြစ်ထားတာတွေ ရှိနေပြီးသားတော့ ဖြစ်ပါတယ်။ ထုတ်ဖေါ်ရေးသားတာ၊ တိုင်တန်းတာ၊ တင်းကျပ်မှုလုပ်တာ၊ စစ်ဆေးအရေးယူတာတွေကတော့ အတိုင်းအတာ တခုအထိသာ ရှိပါသေးတယ်။ အားနည်းနေတာတွေက စနစ်ကြီးတခုလုံး၊ လူမှုအသိုင်းအဝိုင်းကြီး တခုလုံးနဲ့ ဆိုင်ပါတယ်။

ဒီလို အဖြစ်မျိုးနဲ့ ဆိုင်တဲ့ တရားဥပဒေပိုင်းဟာ ကျွန်တော်တို့ တိုင်းပြည်မှာ အလွန်မတန် အားနည်းနေသေးတယ်။ တရားစီရင်ရေး နဲ့ (မီဒီယာ) ဆိုတဲ့ မဏ္ဍိုင်ကြီး ၂ ခုသာမက မဏ္ဍိုင်တွေ အားလုံးက တပြေးညီညီ ကောင်းမွန်၊ တိုးတက်ဘို့ လိုမယ်ထင်တယ်။ ၁၉၄၈-၁၉၆၂ တုံးက တမျိုး၊ ၁၉၆၂-၁၉၈၈ မှာ နောက်တမျိုး၊ ၁၉၈၈-၂ဝ၁ဝ မှာလဲ နောက်ထပ်တမျိုး၊ အခု နောက်တမျိုးတော့မလိုလို ဖြစ်လာနေပြန်ပြီ။ ပြုပြင်မှု လုပ်ကြတယ် ဆိုတာကလဲ အခြေအနေ၊ အချိန်အခါ၊ ခေတ်၊ စနစ်နဲ့ လိုက်လျော ညီထွေဖြစ်ရတယ်။ ဒါမှလဲ အများလဲ လိုက်နာနိုင်တယ်။ ကောင်းလဲ ကောင်းမွန်တယ်။

အခုလို လူသိရှင်ကြား ဖြစ်လာတဲ့ အနေအထားတရပ်ဟာ မလွဲမသွေဖြစ်ရမဲ့၊ ဖြစ်သင့်တဲ့ တိုးတက်တက်မှုမျိုးထဲမှာ ပါတယ်လို့ ယူဆပါတယ်။ ရေးခဲ့သလို တာဝန်ဟာ အားလုံးနဲ့ သက်ဆိုင်တယ် ဆိုတာကိုတော့ သတိချပ်ရပါမယ်။ ညံ့သွားတာ၊ မှားသွားတာ၊ ဆိုးသွားတာတွေဟာ များသောအားဖြင့် စီမံခန့်ခွဲသူ၊ ပေါ်လစီချသူတွေမှာ တာဝန်ရှိပါတယ်။ တိုးတက်လာတာတိုင်းကိုတော့ စီမံခန့်ခွဲသူ၊ ပေါ်လစီချသူတွေကို အမှတ်ပေးလို့ မရတတ်ပါ။ လူဦးရေတိုးလာလို့ ဆေးရုံ၊ စာသင်ကျောင်း၊ အရေအတွက် တိုးလာရတာကို သတင်းစာမှာ ကြော်ညာပြီး၊ (ခရက်ဒစ်) ယူချင်တာ မမှန်ပါ။ အခုတော့ (ဂျာနယ်) တချို့မှာပါ အဲလိုလုပ်နေတယ်။

ဆေးကုသရေးမှာ ကောင်းသထက် ကောင်းစေဘို့ဆိုတာ Medical education ဆေးပညာသင်ကြားရေး၊ Entry-level education ကနဦး-ဆေးပညာဘွဲ့၊ နောက်ပြီး Postgraduate education ဘွဲ့လွန်-အထူးကု နဲ့ ဒီခေတ်မှာ မရတော့ပါ။ Continuing medical education ဆက်လက်သင်ကြားရေး၊ Online learning (အွန်လိုင်း) သင်ကြားရေး၊ ဆိုတာတွေနဲ့ စဉ်ဆက်မပြတ် လေ့လာသမှု ပြုနေကြရမယ်။

UK (ယူကေ) မှာ Quality assurance of undergraduate medical education အရည်အသွေး အာမခံတဲ့ ဘွဲ့ကြို ဆရာဝန်တွေ မွေးထုတ်လာတယ်။ Vocational training အလုပ်လုပ်ရင်း ဆေးပညာ ဆက်သင်စေတယ်။

USA (ယူအက်စ်အေ) မှာ Medical school ဆေးကျောင်း၊ Internship အလုပ်သင်ဆရာဝန်၊ Residency အထူးကု၊ Fellowship တကယ့်အထူးကု ဖြစ်တဲ့ နောက်မှာတောင်မှ လုပ်ရသေးတဲ့ Board certification ဆိုတာ Continuing medical education ဆက်လက်သင်ကြားရေး ဆိုတာထားသေးတယ်။

ကျွန်တော်တို့ဆီမှာ ဆေးပညာသင်ကြားရေးကို အရည်အသွေး အလေးထား-မထား မပြောချင်သေးပါ။ အချိန်တိုတိုနဲ့ သင်ပေးလာတာကတော့ အသေအခြာဘဲ။ ကျွန်တော်တို့ အရင်က ၇ နှစ်ခွဲ၊ ကျွန်တော်တို့က ၇ နှစ် ခေတ်၊ အခု ၆ နှစ်ထဲ။

ဘွဲ့တွေဆိုတာ စာတော်တဲ့သူ၊ ကြိုးစားတဲ့သူတွေ ရနိုင်ကြတယ်။ ရင့်ကျက်မှု ဆိုတာတော့ အတွေ့အကြုံကနေမှ ရတယ်။ ပညာပြိုင်ကြတဲ့ ဆင်ဦးစီးရော ဆီသည်မပါ အနှစ်နှစ်အလလ လက်တွေ့ပညာတွေ သင်ခဲ့ကြလို့ ဖြစ်ပါတယ်။ ဆရာကို အာခံလို့ အာခေါင် လှံစူးသူဟာ ပညာမှာတော့ ပြိုင်စံရှားအောင် တော်ပါတယ်။ “သြဇာလေးနက် ပေါ်ဆီတက်၍ နွယ်မြက် သစ်ပင် ဆေးဖက်ဝင်၏” ဆိုတာမျိုးကို ဆေးပညာ ပါရဂူဘွဲ့ ရထားသူတိုင်းကနေ မဖြစ်စေနိုင်လောက်ဘူး။ “သမားဆို အိုမှ” ဆိုသလို အတွေ့အကြုံကနေ ရင့်ကျက်မှု ရစေတာ မှန်တယ်။

သူများတိုင်းပြည်တွေမှာ ဆေးပညာတွေ၊ ဆေးသုတေသနတွေ ဘယ်လောက် တိုးတက် ကောင်းမွန်နေပေမဲ့ လူတွေအတွက် ကျန်းမာရေး စောင့်ရှောက်မှုဆိုတာ တရားမမျှတမှုတွေ၊ ဒီမိုကရေစီ မကျတာတွေ အများကြီး ရှိနေကြတယ်။

ဗမာပြည်မှာ ဝေဒနာသည် အများကြီးကတော့ အပြစ်တင်စရာ အနားမှာ သားဖွါးဆရာမတောင်မှ မရှိကြပါ။ (မီဒီယာ) ကလဲ လမ်းမပေါက်တဲ့ဆီ မရောက်နိုင်ကြသေးပါ။ ကိုယ့်နိုင်ငံအတွက် ကျန်းမာရေးကအစ ကောင်းတာ၊ မှန်တာ၊ တရားမျှတတာတွေ ဖြစ်စေဘို့ ကိုယ့်အခြေခံ၊ ကိုယ့်ပေတံနဲ့ ကိုယ်တိုင် ကြိုးပမ်းကြရပါလိမ့်မယ်။ အားလုံးက လုပ်မှရမယ်။ အဲလို လုပ်ခွင့်လဲ ရှိရမယ်။

Dr. တင့်ဆွေ
၂၆-၁ဝ-၂ဝ၁၁

Read more...

Doctor-patient relationship (1) ဆရာ-လူနာ ဆက်ဆံရေး (၁)

2011/7/22
မျက်လုံးဝါရခြင်း အကြောင်းကို ဖြေကြား ပေးတဲ့အတွက် ဖော်မပြတတ်အောင် ကျေးဇူး အများကြီး တင်ရပါတယ်။ ဆရာ၏ စိတ်ဓာတ်နှင့် စေတနာ၊ ပညာနှင့် လုပ်ဆောင်ချက်များ အတိုင်း ထပ်တူကျမည့် ဆရာများ မြန်မာပြည်မှာ အများကြီး ရှိနေခဲ့ရင် ကောင်းမယ် ဆိုတာကို တွေးမိသေးတယ်။

ကျေးဇူးတင်တယ်ဗျာ။ မောပန်းနေတဲ့ အချိန်မှာ အားရှိလာစေတာလဲ မှန်တယ်ဗျ။

ဒီကနေ့ ဘာပြောကောင်းမလဲ။ အလုပ်ရုံ-ဆွေးနွေးပွဲ တခု အောက်ထပ်မှာ လုပ်နေရသေး၊ မွေးလူနာကလာ၊ သူမမွေးသေခင် နောက်တယောက် ထပ်ရောက်လာ။ မွေးကြတော့လဲ ၁၅ မိနစ်သာ ကွာလို့ ဆေးခန်းရှိ လူကုန် အလုပ်ရှုတ်သလား မမေးနဲ့။ ဆေးခန်းဆိုတာက မည်ကာမတ္တ၊ ဈေးချိုတဲ့ အိမ်ခန်းငှား လုပ်ရတာ။ ဆရာမ ဆိုတာ လာပါ-ကူပါ-သင်ယူပါ လုပ်နေကြရတယ်။ ဒါပေမဲ့ အားလုံး ချောချော မောမောဘဲ။ သားဦးမွေးသူက ယောက်ျားလေးရလို့ ဝမ်းသာတဲ့ မိဘ၊ ဆွေမျိုးတွေလိုဘဲ ကိုယ်လဲ ဝမ်းသာကြရတာပေါ့။ အခုလို အားပေးစာ ဖတ်ရတော့ နောက် လူနာတွေအတွက် အဆင်သင့် ဖြစ်သွားပြီပေါ့ဗျာ။ တကယ်ပြောတာ သားဦး မွေးမဲ့ကလေးမ သရိုးသရည် ဖြစ်နေပြီဆိုဘဲ။ ဒီညတော့ မနိုးလောက် ကောင်းပါရဲ့။

ည ၁၁ နာရီ ၄၂ မိနစ်၊
၂၂-၇-၂ဝ၁၁

2011/7/24
ကျွန်တော် ရေးလိုက်တဲ့စာ ဆရာ့အတွက် အားဖြစ်သွားစေတဲ့အတွက် ဝမ်းသာမိပါတယ်ဆရာ။ သားဦးလေး မွေးမယ့် အမျိုးသမီးလည်း အခုလောက်ဆို အဆင်ပြေချောမွေ့စွာ မွေးပြီးရောပေါ့။ ဆရာတို့တွေလည်း အတော် ပင်ပန်းခဲ့ကြမှာပဲနော်။ အခန်းကလေး ငှားပြီး ဆေးခန်း ဖွင့်တာဆိုတော့ ကျဉ်းမှာပဲနော်။ ဖြစ်နိုင်ရင် ဆရာတို့ ဆေးခန်းလည်း ကျယ်ကျယ်ဝန်းဝန်း ဖြစ်စေချင်တယ်။ တစ်ခုရှိတာက ရန်ကုန်က (့) တို့လို ကျယ်ဝန်းပြီး ငွေကုန် စေတနာနည်း ဆိုတာတွေထက် အဆပေါင်း မြောက်မြားစွာ သာတယ်ဆိုတာတော့ ယုံတယ်။ ကျွန်တော် ကြားဖူးနေတာရယ်၊ အရိုးစွဲနေတာရယ် တစ်ခုရှိတယ်။ ဆင်ခြေဖုန်း ရပ်ကွက်တွေမှာရှိတဲ့ ဆေးရုံတွေမှာ ပိုက်ဆံ မတတ်နိုင်လို့ မွေးဖွားကြတဲ့ မွေးလူနာတွေကို Nurse မတွေက ဆိုဆဲတာကိုပေါ့။ တစ်ဖက်သားမှာ ခံရခက်တဲ့ ဝေဒနာကိုလည်း ခံစားရ။ ဆဲဆိုခြင်း ကိုလည်း ခံစားရဆိုတော့ သနားဖို့ကောင်းတယ်လို့ မြင်တယ်။ ဒါက တစ်ဖက်ကို ကြည့်တာပါ။ နောက်တစ်ဖက်က ကြည့်မယ် ဆိုရင်လည်း Nurse မတွေလည်း တစ်နေ့တစ်နေ့ အလုပ်တွေ များမယ် မဟုတ်လား။ အဲဒီတော့ သူတို့လည်း တစ်ခါတလေ စိတ်တိုမိကြလို့ ဆိုဆဲကြမှာပဲလေ ဆိုတာလည်း တွေးမိပါတယ်။ ကောင်းတာကတော့ ပိုက်ဆံ မတတ်နိုင်တဲ့ သူကိုလည်း ကောင်းကောင်း မွန်မွန် မွေးပေး? ပိုက်ဆံ ရှိတဲ့သူကိုလည်း ကောင်းကောင်း မွန်မွန် မွေးပေး။ အဲဒါဆို အကောင်းဆုံး ပါပဲ။

Dear
ဟုတ်ကဲ့ မှန်းကြည့်တာ အတိအကျဘဲ။ သားဦးလေး မွေးသွားပါပြီ။ မွေးလူနာ နံပါတ် ၁၉၄ ဖြစ်တယ်။ နောက်တရက် နံပါတ် ၁၉၅ လဲ မွေးဖွါးသွားပြီ။ ခုတလော မွေးလူနာတွေက သဘောကောင်းနေကြတယ်။ ခက်ခက်ခဲခဲတွေလဲ မဟုတ်၊ အချိန်ကောင်းတွေမှာ လာမွေးနေကြတယ်။ သူတို့ ကုသိုလ်၊ ကိုယ့်ကုသိုလ်ပေါ့။

ဆေးခန်းက ၁၅ ပေ ပါတ်လည် ခန်းလေးကနေ စခဲ့တာ။ ဒိနောက် တခန်းခွဲ အခန်းမှာ အတော်ကြာခဲ့တယ်။ အခု ပိုအဆင်ပြေလာတယ်။ ကျယ်ပါတယ်။ ဆေးခန်းလခ လှူမဲ့သူအပေါ်မူတည်တာလဲ ပါတာပေါ့။

လူနာ-ဆရာ ဆက်ဆံရေး အမြဲပြော၊ မပြတ်ကြား သိနေရတယ်။ ပြုပြင်မှု နည်းနေလို့သာ ပြောကြ-ရေးကြ တာပေါ့ဗျာ။ (အက်သစ်) ဆိုတာတော့ ကြမ်းကျိန်တာနဲ့ ဥပဒေနဲ့ တစုံတရာ တားတာရှိပေမဲ့၊ လူမှုဆက်ဆံရေး ဆိုတာကို ဘာနဲ့ ပြင်ယူမလဲ။ (မီဒီယာ) က အသံကျယ်လာတာ ကောင်းတယ်။ အထွေထွေ အားနည်းချက်ကြီးထဲက အချက်လေး တခု ဖြစ်မယ်။ နေရာတကာမှာ အဲဒါမျိုးတွေ ရှိတယ်မဟုတ်လား။ ဘတ်စ်ကား ခရီးသွားတွေနဲ့ ဆေးခန်း-ဆေးရုံ လာရသူတွေ အတူတူ ခံနေကြရတယ်။ စပါယ်ယာတွေ ထက်တော့ ဆရာဝန်-ဆရာမတွေက စာပိုသင့်ခဲ့ကြတာကတော့ မတူကြဘူး။

Doctor-patient relationship “ဆရာ-လူနာဆက်ဆံရေးသည် ရောဂါအမည်တပ်ခြင်းနှင့် ဆေးကုသခြင်းတို့အတွက် အရည်အသွေး ကောင်းသော ကျန်းမာရေး စောင့်ရှောက်မှု ရရှိစေရန် အလွန်အရေးပါသည်” လို့ အဘိဓါန်မှာ ရေးပါတယ်။ Contemporary medical ethics ခေတ်မီ ဆေးပညာ ပဋိဥာဉ်မှာလဲ ပါနေပါတယ်။ အမှန်က ဆေးပညာကို စသင်ကြရမဲ့ အချိန် ဆေးရုံထဲ ခြေချတော့မဲ့ကာလ ကတည်းကနေ လိုက်နာ၊ စောင့်ထိန်းစရာတွေကို သတိကြီးကြီးနဲ့ လိုက်နာ ကျင့်ကြံဘို့ လိုတာပါ။ လူနာတွေရဲ့ သူများမသိစေချင်တာကို ထိန်းသိမ်းပေးဘို့၊ သူတို့ရဲ့ ဂုဏ်သိက္ခာတွေကိုလဲ လေးစားကြရမယ်။ လူနာတွေကလဲ ကိုယ့်ကို ကုသပေးမဲ့ ဆရာဝန်ကို ယုံလို့ ပုံအပ်တာမျိုး ဖြစ်တာများမယ် ထင်ပါတယ်။ လိုက်နာသင့်တာတွေကို တကယ်လိုက်နာသူ ဆရာဝန်တွေဟာ နာမည်ရကြတယ်။ စိတ်-အထူးကုတာနဲ့ မိသားစု-ဆရာဝန် အမျိုးအစားတွေက ရောဂါဗေဒတို့ ဓါတ်ခွဲခမ်းတို့ထက် ပိုလိုကြတယ်။

ဆက်ဆံရေး ဆိုတာ အသွား-အပြန် နှစ်ဘက်လုံးနဲ့ ဆိုင်တယ်။ အပြန်အလှန် လေးစားမှု လိုတယ်။ တန်ဘိုးထားမှု ရှိသင့်တယ်။ ယုံကြည်မှုအထိ ရရင် ကောင်းတယ်။ ဝတ်ကျေ တန်းကျေဆိုရင် ပညာပိုင်းအရ ဆုံးဖြတ်တာမှာ Compromised အားနည်းသွားပြီ။ မလုံလောက်ဘူး၊ ဘက်လိုက်မှု ပါတော့မယ်။ ဖြစ်နိုင်ရင် Second opinion နောက် ဆရာတဦးကို ချဉ်းကပ်ဘို့ လမ်းရှိသင့်တယ်။

Michael Balint နဲ့ သူ့ဇနီးတို့ကနေ ဗြိတိန်မှာ လေ့လာပြီး The Doctor, His Patient and the Illness ကို ရေးသားခဲ့တယ်။
• Physician superiority ဆရာက ထိပ်က အမြင်၊ ဆရာဝန်က ပညာရှင်မို့ သိသူဖြစ်လို့ အထက်ကနေ ဆက်ဆံတယ်။ လူနာက ဝေဒနာ ခံစားနေရချိန်မို့ အလိုလို အောက်ကရောက်တာ သဘာဝ ဖြစ်တယ်။ ဆရာအပေါ် မှီခိုချင်စိတ် ကဲနေမယ်။ ဆရာက ဒီအခြေအနေကို နားလည်ရမယ်။
• Benefiting or pleasing အကျိုးကို ပေးမလား၊ နှစ်သိမ်မှုကို ဖြစ်စေမလား၊ ရွေးချယ်ရမဲ့ နှစ်ခွ-အမြင် ဖြစ်တတ်တယ်။ အဲလို အခြေအနေမှာ ဆရာဝန်က ဗျူဟာ သုံးရမယ်။
• Formal or casual သမားရိုးကျလား၊ ထုံးစံအတိုင်းလား၊ သူများနိုင်ငံတွေမှာ နာမယ် ခေါ်တာကအစ အလွဲ မခံတတ်ဘူး။ လေ့လာမှု တခုမှာ လူနာ ၂၂၃ ယောက်က First names နာမယ်အစလုံး ခေါ်တာ ကြိုက်တယ်၊ ၁၇၅ ယောက်က ကိစ္စမရှိဘူးတဲ့၊ ၉၉ ယောက်က မကြိုက်ဘူး။
• Transitional care လူနာကိုယ်တိုင်လား၊ လူနာရှင်လား၊ ဆရာဝန်တွေက လူနာကို တိုက်ရိုက် မေးချင်တယ်။ တချို့လူနာရှင်တွေက ရှေ့ကချည်း နေတတ်တယ်။
• Other people present ဘေးလူတွေ ရှိနေတာ၊ ကောင်းကျိုးဖြစ်စေနိုင်သလို၊ သူများမသိစေချင်တာကို လူနာက ပြောမထွက်တာ ရှိတယ်။ ဥပမာ Sexual issues လိင်ပိုင်းကိစ္စတွေ။
• Bedside manner လူနာကုတင်ဘေးမှာ၊ ဆရာ့ Vocal tones အသံ အနိမ့်-အမြင့်၊ Body language ကိုယ်-မျက်နှာ အမူအယာ၊ Openness ပွင့်ပွင့်လင်းရှိတာ၊ စတာတွေဟာ အလွန်မတန် အရေးပါတယ်။ ဝတ္ထုတွေ ရုပ်ရှင်တွေမှာ နမူနာ ကောင်းတာတွေ ပါတယ်။
o Doc Martin British TV series ဗြိတိသျှ တီဗွီဇာတ်လမ်းတွဲထဲက Doc Martin ဟာ လူနာကုတင် ဘေးမှာ ညံတဲ့သူအဖြစ် သရုပ်ဆောင်တယ်။
o Lost ထဲက Sm Hurley ကနေ Jack Shephard ကိုပြောတာက သူ့ရဲ့ Bedside manner ဟာ Sucks တဲ့။
o Scrubs ထဲက J.D ကတော့ Great bedside manner ရှိသူဆရာဝန် ဖြစ်တယ်။

ကျွန်တော်တော့ ကိုယ့်အထွာလေးနဲ့ကိုယ် ကျိုးစားပါတယ်။ များသောအားဖြင့် ဆေးရုံလေးတခု ဖြစ်ဖြစ်၊ တိုက်နယ်တခု ဖြစ်ဖြစ်၊ မြို့နယ်တခု ဖြစ်ဖြစ် ကျန်းမာရေးဌာနမှာ ဦးစီးရသူဖြစ်ရင် လခယူသူတွေကို သွန်သင်ပါတယ်။ နမူနာလဲ ပြမှရတယ်။ ကိုယ်မလုပ်ဘဲ သူများပြောတာ ဘယ် တန်ဘိုးရှိပါ့မလဲ။

တနေ့ကဘဲ ဆေးခန်းလေးက ဆရာမတွေကို ပြောနေမိတယ်။ လူနာတွေ အားလုံးလောက် နီးနီးက ဗမာစကား မပြောကြဘူး။ မတတ်တာရော၊ နဲနဲသာ တတ်တာရောကြောင့်ပါ။ မပြောချင်တာလဲ ပါပုံရသေးတယ်ဗျ။ ဒီတော့ သူတို့ စကားရော ဆရာဝန့် စကားပါ ပြောနိုင်တဲ့ (ဗော်လန်တီယာ) ဆရာမတွေနဲ့ တွဲလုပ်ရတာပေါ့။ ကြာတော့ ကျွန်တော် သတိထားမိတာ တခုကို ထုတ်ပြောဘို့ အချိန်ကျပြီဆိုပြီး တနေ့က ပြောလိုက်တယ်။

“မင်းတို့ လူမျိုးတွေက လောကွတ်စကား အတော်နည်းတာဘဲကွ”။ လောကွတ် ဆိုတာဘာလဲ ရှင်းပြရသေးတာပေါ့ဗျာ။ "လူနာတွေကို ဘာလူမျိုးလဲ၊ ကလေးတွေဆို ကျောင်းနေလား စသဖြင့် မေးတာ-ပြောတာ မရှိသလောက်ဘဲ"။ "အမှန်က လူနာကို ထမင်းစားပြီးပြီလား မေးလိုက်၊ လူနာ စဉ်းစားနေတုံး ဟော ဆေးကို ဖတ်ကနဲ ထိုးလိုက်၊ မနာတော့ဘူးကွ။ ငါက မင်းတို့စကား မတတ်တော့ ပြောမရဘူး ဖြစ်နေတယ်"။

ဆေးခန်းမှာ ရီစရာလဲ ရှာကြံပြောရသေးတာ။ တနေ့ကပါဘဲ။ အကူဆရာမက လူနာကို ပြဒါးတိုင်နဲ့ အပူချိန် တိုင်းနေတယ်။ (သာမိုမီတာ) က အဖြူရောင်၊ ပါးစပ်ထဲမှာ ခပ်စောင်စောင်း ငုံထားတော့ "ဟေ့ လူနာက ဆေးခန်းမှာ ဘာလို့ ဆေးလိပ် သောက်နေတာလဲ" လို့ ရီစရာ လုပ်တယ်။ ဆရာမက ချက်ချင်း သဘော မပေါက်လို့ ရှင်းပြရတော့ ရီစရာ နှစ်မျိုးဖြစ်ရော။ တိုင်းရင်းသားတွေနဲ့ ဟာသလုပ်ရတာ ပညာပိုပါမှရတာ။ ကိုယ်က အဲလောက် မတော်ဘူး။

ချင်းလူမျိုးတွေထဲမှာ ဖလမ်း၊ ဟားခါး၊ တီးတိန်၊ မတူပီ၊ မီဇို၊ စသလို အမျိုးမျိုး ရှိတယ်။ သွားနုတ်နေရင်း၊ “ဟေ့ ဒီလူနာ ဘာလူမျိုးလဲ”။ ဆိုပါစို့ ဖလမ်း၊ “အေး ကြည့်ကွ ဖလမ်းတွေ သိပ်သတ္ထိကောင်းတာ ထုံဆေးနဲ့ဆို လုံးဝမနာဘူး”။

မွေးလူနာတွေကိုလဲ သူတို့ အားပေးတာ ကိုယ်က အားမရဘူး။ လူနာရှင်တွေကလဲ ခရစ်ယန်လို ဆုတောင်းပေးတာသာ လုပ်ကြတယ်။ စောစောကပြောသလို လောကွတ်စကား နည်းကြတာကိုး။ လူနာတွေကလဲ မပြောတာကို ကိစ္စရှိပုံမရဘူး။ ကိုယ်ကဘဲ တတ်တဲ့ စကားနဲ့ “အေး ဗိုက်မနာခင် အသက်ဝအောင်ရှူထား၊ ပါးစပ်ဟရှူ၊ ရေသောက်ချင်သောက်၊ ဖျော်ရည် သောက်ချင်သောက်၊ ညီး ခဏနေရင် ကလေးအမေ ဖြစ်တော့မယ်။” အားပေးရတယ်။

တချို့တော့ ချိုသာစကား၊ ရီစရာစကား သဘောကျပါတယ်။ ခြေထောက် ပတ္ထီးစီးပေးလိုက်ရသူကို ဘောလုံး မကန်နဲ့နော် ပြောလိုက်ရင် ပြုံးသွားတယ်။ နုတ်ပေးလိုက်တဲ့ သွားကို အိပ်ရောက်ရင် ချက်စားပြောတော့ ဂွမ်းငုံထားရင် မချိတင်ကဲ ပြုံးလိမ့်မယ်။

ယားတာကို သူတို့စကားနဲ့ (အထပ်) လို့ ဆိုတာလောက်တော့ ဆရာဝန် သိပါတယ်။ တနေ့က (အထပ် မော) ယားသလား မေးတာ လူနာက “တခါတလေ အထပ်” တဲ့ ဆရာဝန်ပါ ရီရရော။

Dr. တင့်ဆွေ
၂၅-၇-၂ဝ၁၁

Read more...

NGOs and Good Attitude စိတ်ရင်းစိတ်ထား

ဆရာဝန်၊ NGO နဲ့ INGO တွေအကြောင်း ဆက်စပ်ပြီး ဆရာဝန် (မ) တဦးကနေ ရေးတာတခု (ဖေ့စ်-ဘုတ်ခ်) မှာ ဖတ်ရတယ်။ စိတ်စေတနာ အရေးပါတာကို အလေးအနက် ပြုထားလို့ ချီးကျူးပါတယ်။

ကျွန်တော်တို့ တိုင်းပြည်လို ဆင်းရဲတဲ့ နောက်ကျတဲ့ အောက်ကျတဲ့ နေရာဒေသတွေမှာ နေရတာ တကယ်တော့ ဓါတ်ခွဲခန်းမှာ အစမ်းသပ်ခံကြရတဲ့ (ဂီနီပစ်) ခေါ်တဲ့ သတ္တဝါလေးတွေနဲ့ အတူတူဖြစ်တယ်။ သုတေသန ဆိုတာ နေရာတကာမှာ လိုတယ်။ တခြားနယ်ပယ်တွေကို မပြောလိုပါ။ ကျန်းမာရေးမှာတော့ အသေအခြာ ခံကြရတာ အမှန်ပါ။

ဆေးအသစ်တွေကို စမ်းသပ်မှုပြုရင် အရင်ဆုံး ကြွက်ဖြူတို့ (ဂီနီပစ်) စတဲ့ အကောင်တို့ကို အရင် စမ်းရတယ်။ ဒါတောင် တိရစ္ဆာန် အခွင့်အရေး လုပ်သူတွေက ကန့်ကွက်ကြတယ်။ နောက် လူကို စမ်းတဲ့အခါ (ဗော်လန်တီယာ) လူနာတွေကို စမ်းတယ်။ ဒီလိုလုပ်တာက တရားဥပဒေအရ အပြစ်လွတ်ပါတယ်။ ဆေးကာင်စီလို အဖွဲ့စည်းကနေ ခွင့်ပြုချက်ရရင် ဈေးကွက်ထဲ ရောက်လာမယ်။ ဒါလဲ ဘေးထွက်-ဆိုးကျိုး ဆိုးဝါးတာတွေ နောက်မှ တွေ့လာပြန်လို့ ပြန်ပိတ်ရတဲ့ ဆေးဝါးတွေ မနည်းဘူး။

လူမသိ၊ သူမသိ အစမ်းခံရာတတွေ အများကြီး ရှိပြန်သေးတယ်။ ဆေးကုမ္ပဏီတွေကနေ ဆရာဝန်တွေကို Sample not for sale ဆေးနမူနာဆိုပြီး ဆေးအသစ်တွေကို အခမဲ့ပေးတာတွေ ရှိတယ်။ တော်တော့ ဆရာဝန်တွေ မရပါ။ ဆေးအသစ်ကိုလဲ တော်တော့ လူနာတွေ မရပါ။ ဂုဏ်ယူ-ကြွားဝါစရာ မဟုတ်ပါ။ အစမ်းသပ်ခံကြရတာ ဖြစ်ပါတယ်။

ဆေးသစ် သုတေသနထဲမှာ လူအများကြီးထဲချ စမ်းတော့ ဆင်းရဲတဲ့နေရာတွေမှာ စလုပ်တာတွေ တွေ့ဘူးကြပါလိမ့်မယ်။ စောစောက လေ့လာဆန်းစစ်မှုက သိပ် အရေအတွက် မများသေးတော့ အသေခြာကြီး မဟုတ်သေးဘူး။ အာရှ၊ အာဖရိကမှာ NGO တွေ ခြေချင်းလိမ်နေကြတယ် မဟုတ်လား။ NGO တွေ များတာဟာ နိမ့်ကျနေသေးတာကို ပြတယ်။

ဆင်းရဲတဲ့ နေရာတွေမှာ လုပ်တာထဲက အကုန်လုံးကို အပြစ်ပြောချင်တာ မဟုတ်ပါ။ ငှက်ဖျားဆေးကို ငှက်ဖျားတောမှာ စမ်းမှ မှန်တာရတယ်။ ဘီ-ပိုး၊ စီ-ပိုး စမ်းတာတွေလဲ အဲလိုပါဘဲ။ အဖြစ်များရာ နေရာမှာ စမ်းကြရတယ်။ HIV ဆိုရင် အာဖရိက သွားလုပ်မှ သဘာဝကျပါတယ်။ မြန်မာပြည်မှာလဲ မြွေဆေးကို မြွေပေါတဲ့ အပူပိုင်းက မြွေတွေကနေ ဆေးထုတ်ယူရတယ်။ ကိုယ့်ဒေသထွက် မြွေဆိပ်-ဖြေဆေးဟာ အမေရိကားကနေ ထုတ်တာထက် ကောင်းတယ်။

သုတေသန လုပ်တယ်ဆိုတာ ပြီးဆုံးသွာတဲ့ အလုပ်မျိုး မဟုတ်ဘူး။ စိတ်ချရတယ်ဆိုတဲ့ ဆေးကုသနည်း၊ ကာကွယ်နည်းတွေ အားလုံးကို ဆက်ပြီး၊ ဆက်ပြီး လေ့လာနေကြရသေးတယ်။ ဒါမျိုးကို (ကလင်နီကယ်-ဖီလ်ဒ်) ဆေးကုသ နယ်ပယ် လေ့လာချက်လို့ ခေါ်တယ်။ အသိအမှတ်ပြုပြီး၊ တရားဝင် ထုတ်လုပ်-ရောင်းချခွင့်လဲ ရပြီးတဲ့ နည်းတွေရဲ့ တကယ့်နယ်ပယ်မှာ ထိရောက်မှု ဘယ်လောက် ရှိသလဲ။ ဘယ်လိုဟာက ပိုကောင်းသလဲ ဆန်းစစ်တာမျိုး။

ကျန်းမာရေးအတွက် ကူညီနေကြတဲ့ NGO တွေကို ကျေးဇူးတင်ကြရတာ မမှားပါ။ ဒါပေမဲ့ သတိကြီးကြီး ထားစရာတွေ အများကြီး ရှိတယ်။ နိဒါန်းမှာရေးခဲ့တဲ့ ဆရာဝန်မ ပြောသလို ဗျူရိုကရေစီ သဘောအရသာမကဘဲ မမြင်နိုင်တာတွေ ရှိသေးတယ်။ ဥပမာ အိန္ဒိယမှာ မြန်မာဒုက္ခသည်တွေကို အကူညီပေးနေ၊ စောင့်ရှောက်ပေးနေကြတဲ့ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းတွေ ရှိတယ်။ UNHCR ဆိုတဲ့ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက အစပေါ့။ Partner organizations (ပါတနာ-အော်ဂနိုက်ဇေးရှင်း) ဆိုတာတွေလဲ ပါတယ်။ သူနဲ့ တွဲလုပ်တယ် ဆိုတဲ့ အဓိပ္ပါယ်ရတယ်။ တကယ်တော့ (ဖန်းဒ်) ပိုက်ဆံ လက်ဝေခံယူပြီး ကိုယ်စား လုပ်နေကြတာသာ ဖြစ်ပါတယ်။

ကူညီတယ်ဆိုတာ ကောင်းတော့ ကောင်းပါတယ်။ ကျောင်းဆရာတွေ ဆရာဝန်တွေလိုဘဲ (သမ္မာအာဇီဝ) လို့ အလွယ် ပြောတာကို ငြင်းဘို့ ခက်တယ်။ ဘာသာရေး အဆုံးအမမှာ ရှိတယ် မဟုတ်လား။ လှူတတ်မှ ဒါနမြောက်တယ် ဆိုတာ။ စိတ်ထားဟာ ကံသုံးပါးမှာ လှည်းတစီလုံး ပါလာအောင် ဆွဲပေးတဲ့ ရှေ့ဆုံးက နွားများလိုဘဲ ဦးဆောင်တယ်။ တလွဲကိုလဲ ဆွဲရင် တလွဲပါသွားတယ်။ ကူရညီရတဲ့ အလုပ်တော့ လုပ်တာပါဘဲ၊ လခကောင်းကောင်းလဲ ရနေမှာဘဲ။ ကံရဲ့ အကျိုးကိုတော့ မယူတတ်ရင် မရနိုင်ပါ။

ဆရာဝန်မကတော့ UN ကလူတွေကို ချန်လိုက်ပါတယ်။ (ယူအင်) ဆိုတာ ကမ္ဘာမှာ အကြီးဆုံး ဗျူရိုကရေစီ ယန္တယားကြီး ဖြစ်ပါတယ်။ အစိုးရတွေနဲ့ ဖွဲ့ထားပြီး၊ အစိုးရမဟုတ်ဘူး ပြောလို့ရတဲ့ အဖွဲ့ကြီးဖြစ်တယ်။ တကမ္ဘာလုံးက အစိုးရတွေ ပါနေပေမဲ့ ကမ္ဘာကို အုပ်စိုးသူလို လုပ်မရဘူးလို့ တရားဝင်သဘော ပြောလို့ရတယ်။ ဒါ့ကြောင့် ကမ္ဘာကြီးဟာ Anarchy (အနာခီ) မင်းမဲ့ဝါဒီ ဖြစ်တယ်လို့ ပြောကြတာပေါ့။

(ယူအင်) ကလူတွေလဲ ပြောခဲ့တဲ့ (အင်ဂျီအို) (အိုင်အင်ဂျီအို) တွေနဲ့ မခြားပါ။ ကောင်းတဲ့ အလုပ်မျိုးတွေ လုပ်နေတာတွေ အားလုံး မဟုတ်ပေမဲ့ အများကြီးပါ။ လုပ်နေသူတွေဟာ လခကောင်းကောင်းရလို့ လုပ်နေသူက ဘယ်လောက် များသလဲ မတရားတော့ မစွပ်စွဲချင်ပေမဲ့ မဟုတ်ပါစေနဲ့သာ ဆုတောင်းရမှာပေါ့။

စေတနာ့ဝန်ထမ်း နဲ့ (အင်ဂျီအို) လုံးဝ မတူကြပါ။ Civil society (ဆီဘယ်လ်-ဆိုဆိုင်ယယ်လ်တီ) လူမှုအဖွဲ့အစည်းလို့ ခေါ်ကြတယ်။ ဒါပေမဲ့ လူမှုအဖွဲ့စည်းတိုင်းလဲ လူတွေကို ကောင်းဘို့ လုပ်တာ မဟုတ်ပြန်ပါ။ ဥပမာ (စွမ်းအားရှင်) လို အဖွဲ့မျိုး။ နောက်ပြီး နာမည် မကောင်းတဲ့ အဖွဲ့ထဲ ပါနေပေမဲ့ တကိုယ်ရည်သဘော စိတ်ထား ကောင်းသူတွေ ရှိတတ်ပါတယ်။ (မဆလ) ခေတ်တုံးက ပုဂ္ဂိုလ်တချို့ကို ကိုယ်တိုင် ကြုံဘူးပါတယ်။

အတူတူပါဘဲ NLD လို လူထုထောက်ခံမှု အများဆုံးရတဲ့ အဖွဲ့ချုပ်ထဲမှာ ဖွဲ့ဟယ်၊ ဖွဲ့ဟယ်နဲ့ စခဲ့ရတော့ လူပေါင်းစုံ ပါလာခဲ့တယ်။ ဖြစ်စဉ်-သဘောအရ အမှန်ဖြစ်တတ်တာသာ ဖြစ်ပါတယ်။ မမှန်သူတွေ ကြာကြာမခံတတ်ပါ။ မမှန်ကန်တဲ့ အသင်းအဖွဲ့ဆိုတာလဲ တာရှည်မခံပါ။ ဒါလဲ (ဒိုင်နမစ်ဇင်) ပြောင်းလွဲ-ဖြစ်စဉ်သဘောအရ ဖြစ်တာမျိုးပါဘဲ။ ကြာရင် ရင့်ကျက်လာကြပါတယ်။

ဘာဘဲလုပ်နေနေ စိတ်ရင်း စေတနာသည်ဟာ အခရာကျပါတယ်။ ဆရာဝန်အလုပ်၊ ကျောင်းဆရာအလုပ်မှ မဟုတ်ပါ။ နာရေးအတွက် ကူညီနေသူမှန်သမျှကို ဘယ်သူတွေမှ စေတနာအရာမှာ လိုက်မမီနိုင်ပါ။ စေတနာ မဆင်းရဲတဲ့ မြန်မာပြည်မှာ အစမ်းသပ်ခံရတာတွေ နည်းပါစေ။

Dr. တင့်ဆွေ
၁၈-၉-၂ဝ၁၁

http://www.facebook.com/notes/sone-yay/%E1%80%81%E1%80%80%E1%80%B9%E1%80%81%E1%80%B2%E1%80%B1%E1%80%9E%E1%80%AC%E1%80%98%E1%81%80%E1%80%99%E1%80%BA%E1%80%AC%E1%80%B8-%E1%81%81/135042813261307
ခက်ခဲသောဘ၀များ (၁)

Read more...

Saturday, July 16, 2011

အနှစ်သုံးဆယ် ချစ်တုန်းကွယ်

အနှစ်သုံးဆယ် ချစ်တုန်းကွယ်
နောက်ထပ် အနှစ်သုံးဆယ် ချစ်အုံးမယ်

အနှစ်သုံးဆယ် ချစ်တုန်းကွယ်

ဒီနှစ်တွေမှာ
ငါတို့ဟာ
အရာရာကို ရင်ဆိုင်ခဲ့တယ်…။
သမီးတယောက်
သားလေးယောက်
နောက်ထပ်ဆင့်ပွား
မြေးလေးများတောင် ရပြီကွယ်…။

ကြည့်စမ်းပါကွယ်
နှစ်သုံးဆယ်ဆိုတာ
ဘာကြာလိုက်လို့လဲ…
ခိုင်မြဲတဲ့အချစ်နဲ့
ဖိုင်တွဲရမယ့် နှစ်တွေဟာ
တကယ်တော့
တထိုင်ထဲ က,တဲ့ မိနစ်တွေပါပဲ…။

စက္ကန့်က အချစ်
မိနစ်က ကဗျာ
နှစ်သုံးဆယ်ဆိုတာ
ဒါတွေပါပဲ…။

အိမ်ထောင်ရေးရဲ့ဇစ်မြစ်
အချစ်ကို အခြေတည်…
ဟောဒီအိမ်ထောင်ရေးဟာ
မေတ္တာကို သွန်းထု
'မိသားစု'…ရယ်လို့
ဖိအားတခု တိုးပွား
ငါတို့ ပိုချစ်သွားကြတယ်…။

သားတွေ သမီးတွေနဲ့
ပွားစေ ကြီးစေဟဲ့လို့
အားတွေ မီးတွေအထည့်
စနစ်ရဲ့ခွင့်ပြုချက်
သိပ်ရက်စက်လွန်းတယ်ကွယ်…။

မုန်တိုင်းတချက်
ကဆုန်စိုင်းနှက်တော့
တိုင်းပျက် ပြည်ပျက်
အိုးခွက်တခြား
ဟိုး…ရက်များက
တို့များ ခွဲသွားရဖူးတယ်…။

သားတယောက် လက်ဆွဲ
အဖတယောက်ရဲ့ရက်စွဲတွေဟာ
ဘယ်နေရာမှာ ခြောက်ကပ်လို့
ဘယ်နှစ်ကြိမ် ဘယ်နှစ်ခါ
ဂယောက်ဂယက်ဖြစ်ခဲ့ပါသလဲ…

သမီးတယောက်
သားသုံးယောက်ရဲ့
ပါးစပ်ပေါက်တွေ ခွန့်ကျွေး
သနပ်ခါး မမွှေးနိုင်တဲ့မိခင်ဟာ
ဘယ်နေရာမှာ တပေါက်ကျလို့
ဘယ်နေ ဘယ်ကမှာ ပျောက်ခဲ့ရပါသလဲ…
တွေးဆကြည့်ဖို့တောင်မှ
ငလျင်ဆန်လွန်းလှတယ်ကွယ်…။

အဲဒီရဲ့နောက်
တို့နှစ်ယောက်
တခေါက်ပြန်ဆုံကြရတယ်…
ဘယ်မလဲအတိတ်
အနှစ်နှစ်ဆယ်စိတ်ဓါတ်နဲ့
အသစ်ကွယ် တံဆိပ်ကပ်ပြီး
ချစ်စဖွယ် နိမိတ်ဖတ်ခဲ့ကြတယ်…။

လောကဓံတရားကို
မနောခံအားနဲ့
လျှောလန်သွားအောင် တိုက်ခဲ့တယ်…
ချစ်ထုံးရယ်မပြေ
နှစ်သုံးဆယ်လေ
သက်သေ…ကွဲ့…။

ကဲ
နောက်ထပ်တရစ်
အနှစ်ခြောက်ဆယ်
အချစ်…လျှောက်မယ်မဟုတ်လား…။ ။

(အဖေနဲ့အမေတို့ရဲ့မင်္ဂလာပုလဲရတုသို့)
နေမင်းနီ
22.7.1999
04:20 am

နောက်ထပ် အနှစ်သုံးဆယ် ချစ်အုံးမယ်

နှစ်ယောက်ထဲကတည်းက အစပျိုး၊
ကလေးတယောက် တိုးတာဟာ
ချစ်စရာတယောက် တိုးတာပါ။

ကလေးက တယောက်ပြီး တယောက်၊
ချစ်စရာတွေ အသစ်အသစ် ရောက်လာကြ။
ချစ်စရာတွေ အသစ်အသစ် ပေါက်လာကြ။

သားသမီးအချစ် မြေးအနှစ်၊
အနှစ်တွေကလဲ တယောက်ပြီးတယောက်၊
အချစ်တွေက တောက်လျှောက်။

နောက်ပေါက်တွေ တိုးလာမှ သဘောပေါက်ရတာရှိသေး။
ဆီမီးကို ကူးပေးပေမဲ့ ကုန်မသွားဘူးတဲ့၊
ပညာဆီမီးကို ချီးကျူးကြ။

ချစ်စရာတွေ များများလာလဲ အချစ်တွေက ရှားရှားမသွား၊
အချစ်တွေက ပါးပါးမသွား။
မိဘလိုချစ်ရ၊ အဖိုးအဖွါးလိုချစ်ရ၊
အချစ်က လျော့မကျ၊ အသက်ပါ ငယ်သွားရ။

မြေးမကို ကျောင်းပို့ရရင် အဖိုးလို့ မထင်၊
အမြင်ကိုက မအိုလှတဲ့။

မိတ်ဆက်ရရင်
I’m grandfather of four!
ကျွန်တော် ကဗျာဆရာ့ သမီးရဲ့အဖိုး။

တင့်ဆွေ
၂၂-၁၁-၀၉

Read more...

Friday, June 24, 2011

24-6-2011 New Website

လက်ရှိ Blogs တွေကို အထဲက ဖတ်ရတာ ခက်တယ်ပြောကြလို့ Website domain အသစ်မှာ တင်ထားလိုက်ပါပြီ။
တည်ဆောက် ပြုပြင်ဆဲဖြစ်လို့ အဆင်မပြေတာတွေ့ရင် သည်းခံပေးကြပါ။
Yamuna Online Clinic

Dear readers
New website has been constructed for inside audience. All postings of my Blogs can be read. Apology for inconvenience!
Yamuna Online Clinic
Read more...

Wednesday, April 27, 2011

အသက်ရှည်စွာ အနာမဲ့ကြောင်း

• အသက်ရှည်စွာ အနာမဲ့ကြောင်း၊
• ကောင်းလှစေချင်၊ ပဲ့ပြင်နိစ္စ၊
• ကွပ်ဆုံးမသား၊ မိဘဆရာ စကားနာ၍၊
• ကျမ်းစာသိမြင်၊ တတ်အောင်သင်လော့၊
• ပေါ်လွင်မပြု၊ ကောင်းရာတုလျက်၊
• ကောင်းမှုမြတ်နိုး၊ ကောင်းအောင်ကြိုး၍၊
• ကောင်းကျိုးကိုယ်၌ တည်စေမင်း။

လောကသာရပျို့၊ (ကန်တော်မင်းကျောင်းဆရာတော်)
Read more...

Age determination ၁၈ နှစ်ပြည့်ရင် လူရာဝင်

အသက်ကိုကြည့်ပြီး လူအမျိုးမျိုးက သတ်မှတ်မှု အမျိုးမျိုး ထားကြတယ်။ ဘယ်လောက်ရှိမှ ဘာလုပ်ရမယ် ဆိုတာမျိုး။ မဲပေး၊ ဈေးဝယ်။ ကားမောင်း၊ မိန်းမတောင်း။ စစ်ထဲဝင်၊ ပင်စင်ယူ။ ဘယ်လောက်ရှိမှ ဒီ(ဆိုဒ်)ဝင်၊ ဒီရုပ်ရှင်ကြည့် စသဖြင့်။ ပြဿနာ ရှိလာရင် ဆရာဝန် ပါရတတ်တယ်။

ဆေးပညာထဲမှာ Forensic Medicine ဆိုတဲ့ မှုခင်းဆေးပညာ သပ်သပ်ရှိတယ်။ အသက်ကို တိတိကျကျ ဘယ်၍-ဘယ်မျှ ရှိတယ်ဆိုတာ စစ်ပြီး၊ တရားရုံးမှာ ထွက်ရတာလဲပါတယ်။ တရားခံ-တရားလို အသက်ကို ဇာတာနဲ့ မရဘူး။ ဆရာဝန်ကနေ သွားပေါက်တာကြည့်၊ ဓါတ်မှန် ရိုက်ပြီး သိတာတွေနဲ့ ဆုံးဖြတ်ရတယ်။ ၉ တန်းစာမေးပွဲ အစိုးရစစ်ခေတ်တုံးက အသက် ၁၅ နှစ် မပြည့်လို့၊ ဗေဒင်ဆရာနဲ့ ဇာတာသစ်လုပ်၊ တရားရုံးသွား ကြမ်းကျိမ်၊ လိမ်ကြည့်လည်း မရပါ။ ဥပဒေဟာ ဥပဒေတဲ့။ စာမေးပွဲ မကျဘဲနဲ့ တတန်းတည်းကို ၂ နှစ် နေခဲ့ရတယ်။ ဥပဒေဆိုတာကို နည်းနည်းလေးမှ အတိမ်းအစောင်း မခံပါလားလို့ မှတ်သား နာခံခဲ့ရတယ်။ အဲဒီခေတ်က ကြာခဲ့ပါပြီ။ ကြာရင် သာသွားတတ်သလို၊ ခြာသွားတတ်တာလည်း ရှိတယ်။

Bone age “အရိုးကြည့်-အသက်သိ” ဆိုတာနဲ့ ဆရာဝန်တွေက ဆုံးဖြတ်ချက်ပေးရတယ်။ Long bones ခေါ်တဲ့ ပေါင်ရိုး၊ ခြေသလုံးရိုး၊ လက်ဖျံရိုး၊ လက်ချောင်းရိုးတွေမှာ ထိပ်ဖျားပိုင်းတွေက အရိုးကို လာဆက်တာက သူ့အသက်နဲ့သူ။ X-ray ရိုက်ရတယ်။ တံတောင်ဆစ်ရိုးဆက်ရင် ၉-၁၃ နှစ်၊ Iliac crest တင်ပါးဆုံအပေါ်-ရှေ့ထိပ်ရိုးဆက်ရင် ၁၂-၁၆ နှစ်၊ ညှပ်ရိုး (ကော်လာ-ဘုန်း) ၁၂-၂၂ နှစ် စသဖြင့် သိနိုင်တယ်။

ကလေးတွေ အသက်ကြတော့ ငယ်သွားပေါက်တာကို ကြည့်ရတယ်။ အထက်-အောက် အလည်ရှေ့သွား ၄ ချောင်းက ၆-၁၂ လ၊ အထက်-အောက် ဘေးရှေ့သွား ၄ ချောင်းက ၉-၁၆ လ၊ ပဌမအန်ရှေ့သွား ၄ ချောင်းက ၁၃-၁၉ လ၊ အထက်-အောက် စွယ်သွား ၄ ချောင်းက ၁၆-၂၃ လ၊ အထက်-အောက် ဒုတိယအံသွား ၄ ချောင်းက ၂၂-၃၃ လမှာ ပေါက်တယ်။ ကြီးသွား ၃၂ ချောင်းမှာ ၆ နှစ်က စပေါက်တယ်။ ၁၃ နှစ်မှာ ၂၈ ချောင်းရှိပြီး၊ အံဆုံးတွေက ၁၇-၂၁ နှစ်ရောက်မှ ပေါက်တယ်။ အံဆုံးမပေါက်သ၍ အသက် ၁၈ နှစ် မပြည့်သေးဘူးပေါ့။ တရားတပေါင် ဖြစ်လေ့ရှိကြတဲ့ အသက်ကတော့ ၁၆-၁၈ နှစ် ဖြစ်ပါတယ်။

Voting age ဆိုတဲ့ မဲပေးပိုင်ခွင့်ကိုလည်း တကမ္ဘာလုံးမှာ အများဆုံး သတ်မှတ်တာက ၁၈ နှစ်ပါ။ ၁၆ နှစ်နဲ့ မဲပေးလို့ရတာ ၇ နိုင်ငံ ရှိသွားပါပြီ။ ၁၇ နှစ် ရှိရင် မဲပေးလို့ရတာ ၆ နိုင်ငံ၊ ၂ဝ နှစ်က ၄ နိုင်ငံ၊ ၂၁ နှစ်က ၁၆ နိုင်ငံ၊ အသက်အကြီးဆုံးက ဥဇဗက်ကစ္စတန် ၂၅ နှစ်ရှိမှ ပေးရတယ်။ ဆလိုဗေးနီးယားမှာ ၁၆ နှစ်တော့ ဟုတ်ပါရဲ့ အလုပ်ရှိမှ မဲပေးရတယ်။ အလုပ်လက်မဲ့တွေက ပေးတဲ့မဲနဲ့ တက်လာတဲ့ အစိုးရကမှ အလုပ်အကိုင်တွေ ဖန်တီးပေးမယ် ထင်ရတယ်။ လက်တွေ့မှာ အဲလိုလည်း ဟုတ်ချင်မှ ဟုတ်တာပါ။ မဲဆွယ်တုံးမှာ သည်းခြေကြိုက်တွေ ပြောပြီး၊ အာဏာရတော့ ဘာမှမလုပ်တဲ့ အစိုးရက အများကြီး။ ဘာမဲဖြစ်ဖြစ် ငါ့ပုံးထဲ ရောက်အောင်လုပ်ပြီး၊ တက်အုပ်ချုပ်တာတွေလည်း ရှိတာဘဲ။

မဲပေးသူတွေကို အသက်နဲ့သာ ကန့်သတ်ပြီး၊ အရွေးခံမဲ့သူတွေကိုတော့ သွေးစစ်သလို လုပ်တာတွေလည်း ရှိတယ်။ Blood group matching သွေးအုပ်စု စမ်းတယ်-စစ်တယ်ဆိုတာ သွေးလှူသူနဲ့၊ လူနာတည့်-မတည့် စမ်းရတာပါ။ “သွေးစစ်ပေးတဲ့ ဆရာနဲ့ တည့်-မတည့် စမ်းတာမဟုတ်ပါ။”

မဲပေးရာမှာ ခွဲခြားသလို မင်္ဂလာဆောင်နိုင်တဲ့ အသက်ကိုလည်း သတ်မှတ်ထားကြတယ်။ အများအားဖြင့် ၁၈-၁၆ နှစ် ဖြစ်တယ်။ ယောက်ျားလေး-မိန်းကလေး မတူဘူး။ သတို့သမီးအသက်က ပိုငယ်လေ့ရှိတယ်။ ဆူဒန်မှာ အပျိုဘော်ဝင်ရင် ရပြီတဲ့။ မဒါဂါးစကား၊ တန်ဇန်နီးယား၊ တူနီးရှား၊ ဗင်နီဇွဲလား၊ ပါရာဂွေး၊ မိန်းကလေး ၁၄ နှစ်၊ အပျိုဖြစ်တဲ့ အရွယ်ပါဘဲ။ ဘရူနိုင်းနဲ့ ကူဝိတ်မှာ ကန့်သတ်ချက်မရှိလို့ အပျိုမဖြစ်သေးလဲ ရပုံကြတယ်။ အယ်လ်ဂျီးရီးယား၊ အင်ဒိုနီးရှား၊ စင်္ကာပူ၊ ဟောင်ကောင်၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယမှာ ၂၁-၁၈ နှစ်။ တရုပ်မှာတော့ ၂၂-၂ဝ နှစ်ရှိမှ လက်ထပ်လို့ရတယ်။ အသက် ငယ်ငယ်နဲ့ အိမ်ထောင်ပြုပေးတဲ့ ထုံးစံဟာ ရှေးကျပါတယ်။ ဗုဒ္ဓလက်ထက် ရှင်သာရိပုတ္တရာရဲ့ညီ အငယ်ဆုံး (ရေဝတ) ကို ၇ နှစ်သားမှာ မိဘတွေက မင်္ဂလာဆောင်ပေးခဲ့ကြတယ်။

၂၁ ရာစုထဲရောက်ပေမဲ့ အီရန် မှာ ယောက်ျားလေး ၁၄ နှစ်၊ မိန်းကလေး ၉ နှစ်၊ လင်မယားဖြစ်လို့ရတယ်။ ကျွန်တော်တို့ လူမျိုးတွေအတွက်တော့ ဆေးပညာအရ ငယ်လွန်းတယ်။ တလောက ဆေးခန်းမှာ ကလေးလာမွေးတဲ့ မိန်းကလေးကို အသက်မေးတော့ တိတိကျကျ ပြောပါတယ်။ ၁၅ နှစ်နဲ့ ၁ဝ လ။ ဆရာဝန်က အားနာလို့ သူ့စာအုပ်မှာ ၁၆ နှစ် လုပ်လိုက်ရတယ်။ အကောင်းတော့ မွေးပါရဲ့ ကလေးက လသားနဲ့ ဆုံးသွားရှာတယ်။ (ယူနီဆက်ဖ်) ရဲ့ ၁၈ နှစ်မပြည့်ဘဲ လက်ထပ်ထိမ်းမြားသူ အမျိုးသမီးဦးရေ သန်း ၆ဝဝ ကျော်ထဲမှာ ဒီကလေးမ ပါချင်မှပါမယ်။ ဒုက္ခသည်မို့ ဟိုမှာလည်း စာရင်းပျောက်၊ ဒီမှာလည်း စာရင်းမပေါက်။

ပင်စင်ပေးတဲ့ အသက်ကိုလည်း သတ်မှတ်ကြတာ နိုင်ငံတိုင်းမှာပါ။ ဒါပေမဲ့ ပင်စင်ယူရမဲ့ အသက်၊ ပင်စင်ခံစားခွင့်၊ (ပင်စင်-ဖန်းဒ်)၊ စသဖြင့် ပင်စင်ယူရမဲ့လူတွေ မနစ်နာရအောင်၊ ပိုကောင်းအောင် ကြိုးပမ်းမှုတွေသာ ရှိပြီး၊ ပင်စင်သွားရမှာကို မသွားဘဲ ပေကပ်နေတာမျိုးကိုတော့ (ဝီကီ-ပီးဒီးယား) (ဝီကီ-မြန်မာ) တွေမှာ ရှာလို့မရဘူး။ ဆရာဝန်ကိုလည်း အသက်ကျော် နေ-မနေ လာမမေးပါ။

အသက် သတ်မှတ်ချက်ကြောင့် စာမေးပွဲ ဝင်မဖြေရတဲ့ ပြဿနာလေးက အသေးအဖွဲပါ။ အသက် ၁၆ နှစ်က ၁၈ နှစ် အကြားကို လူငယ်လို့ သတ်မှတ်တဲ့ တိုင်းပြည်တွေမှာ သူတို့လေးတွေကို လူကြီးတွေနည်းတူ တရားစီရင် ပြစ်ဒဏ် ပေးနေတာတွေကတော့ မျိုးဆက်ကို ဆိုးသထက်ဆိုးအောင် လုပ်ရာကျတယ်။ ကျန်းမာရေးအရဘဲ ပြောရရင်၊ (ဘီ)ပိုး ကာကွယ်ဆေးကို မွေးစကနေ အသက် ၁၈ နှစ် အောက်၊ သေချာပေါက် ထိုးပေးရပါတယ်။

ဥပဒေသုံးနဲ့ အရပ်သုံး ဝေါဟာရတွေ ရှိတယ်။ Age of majority ဆိုတာ လူလားမြောက်တဲ့ အရွယ်၊ လူကြီးပိုင်းဝင်တဲ့ အသက်ကို ခေါ်တယ်။ Age of license ဆိုတာကတော့ ဒါကိုလုပ်ခွင့်ရှိတယ်လို့ သတ်မှတ်တဲ့ အသက်ဖြစ်တယ်။ Age of consent ဆိုတာကတော့ လိင်ဆက်ဆံတာမှာ စိတ်အလိုတူ-မတူ ပြောပြနိုင်တယ်လို့ သတ်မှတ်တဲ့ အသက်ဖြစ်တယ်။ Age of criminal responsibility ဆိုတာက ရာဇဝတ်မှု ကျူးလွန်တာ လုပ်ပေမဲ့ အသက်ငယ်သေးလို့ အပြစ်ပေး အရေးယူဘို့ မသင့်သေးဘူးလို့ သတ်မှတ်သက်ဖြစ်တယ်။

Age of majority မှာ အသက် ၁၄ နှစ်ကနေ ၂၁ နှစ်အထိ ရှိတဲ့ ၁၄၈ နိုင်ငံစာရင်းကို ပြုစုထားတယ်။ ၁၈ နှစ် လို့ သတ်မှတ်တာတဲ့ ၁၁၆ နိုင်ငံက အများဆုံးဖြစ်တယ်။ မြန်မာပြည်က စာရင်းမပေါက်သေးဘူး။ တိုင်းပြည်က လူလား မမြောက်သေးလို့တော့ မဟုတ်ပါ။ ၁၈ နှစ်ဖြစ်နိုင်ပါတယ်။ ဖြစ်သင့်ပါတယ်။ ၁၈ နှစ်ပြည့်သူတွေကနေ ကျွန်တော်တို့ တိုင်းပြည် ရှေ့ရေးကို ပြဋ္ဌာန်းပါလိမ့်မယ်။ သူတို့ကို သင်ပေး၊ တင်ပေးကြရပါမယ်။

၁၈ နှစ် ပြည့်ပြီးလို့ လိုင်စင်ရှိပေမဲ့ လမ်းမှားဆိုတာသိရင် ကားမောင်းချင်ကြမည် မထင်။ “ခွဲစိတ်ဆရာဝန် ဆိုတာ ဘယ်လိုခွဲရမယ်ကိုသာ သိတဲ့သူမဟုတ်။ မခွဲဘဲနေသင့်တာကိုပါ သိတဲ့သူဖြစ်ပါတယ်။”

Dr. တင့်ဆွေ
၂၂-၅-၂ဝ၁ဝ

Read more...

Monday, April 18, 2011

Men's rights အမျိုးသား အခွင့်အရေး

Human rights လူ့အခွင့်အရေး၊ Women rights အမျိုးသမီး-အခွင့်အရေး နဲ့ Children rights ကလေးသူငယ်-အခွင့်အရေး ဆိုတာတွေက ကျယ်လောင်နေတာမို့ ယောက်ျား အခွင့်အရေးလို့ ပြောလိုက်ရင် တချို့က မျက်လုံး ပြူးချင်ပြူးမယ်၊ ပါးစပ် ပွစိပွစိ ဖြစ်ချင်ဖြစ်မယ်။

ဖြစ်ချင်စရာပါဘဲ။ Rape အဓမ္မပြုကျင့်မှု Sexual Harassment လိင်ပိုင်းဆိုင်ရာ စော်ကားမှု၊ Divorce လင်-မယား ကွာရှင်းမှု၊ Custody ကလေး ထိန်းသိမ်းခွင့် ဆိုတာတွေက နေရာတိုင်း၊ နိုင်ငံတိုင်းလိုလိုမှာ ရှိနေ၊ လုပ်နေကြတယ်။ အဲဒီ “အရေးကြီး” တွေဟာ အရေးကြီးပါတယ်။ Violence Against Women အမျိုးသမီးများ အကြမ်းဖက်ခံရမှု ဆန့်ကျင်ရေးတွေထဲမှာ Domestic violence အိမ်တွင်း-အကြမ်းဖက်မှု၊ Dowry သတို့သမီးကပေးရတဲ့ မင်္ဂလာဆောင်ကြေး ဆိုတာတွေလဲ ပါတယ်။ ကမ္ဘာ့ ကုလသမဂ္ဂကနေ ကမကထ လုပ်နေတာတောင်မှ မတရားမှုတွေ ဆက်ဖြစ်နေဆဲ၊ ဆက်များနေဆဲ ဖြစ်ပါတယ်။

ဒီခေတ်မှာ စဉ်းစားမှုတွေ ပိုလာကြတယ်။ အရင်က မရှိသေးတာကို ဆန်းတယ်လို့ ခေါ်ကြရင် အဆန်း တိုးလာတာထဲမှာ ၁၉၇၇ က ဖွဲ့ခဲ့တဲ့ Coalition of Free Men “လွတ်လပ်သော-ယောက်ျားများ ညွန့်ပေါင်းအဖွဲ့” ဆိုတာလဲ ပါမယ်။ စောစောက ပြောခဲ့တဲ့ “အရေးကြီးတွေ” ဟာ တခါတလေ Men's rights and freedoms ယောက်ျား အခွင့်အရေးတွေနဲ့ လွတ်လပ်မှုကို ထိပါးစေတယ်လို့ ထောက်ပြလာတဲ့ အဖွဲ့ဖြစ်တယ်။

The right to a fair trial and the right to due process တရားစီရင်ရေးမှာ မျှတမှု နဲ့ တန်းတူမှု ဖြစ်ရမှာကို ထိပါးစေတာမို့ Violation of Constitutional rights ဖွဲ့စည်းပုံပါ အခွင့်အရေးကိုပါ ထိပါးတယ်လို့ ပြောတယ်။ Affirmative Action အမျိုးသမီး အခွင့်အရေးတွေ တိုးတက်လာအောင် အသေအခြာ လုပ်ပေးရမဲ့ အစီအမံတွေ၊ ဒါမှမဟုတ် Quota programs ခွဲတမ်းချ သတ်မှတ်ပေးရမှုတွေကြောင့် ယောက်ျားတွေမှာ နစ်နာရတယ်လို့ ထောက်ပြတယ်။ ဒီ အမျိုးသား-အခွင့်အရေး လှုတ်ရှားမှုထဲမှာ အမျိုးသမီးတွေလဲ ပါနေတယ်။

ကျား-မ အခွင့်အရေးဆိုတဲ့ (အစ်ရှုး) ဆိုတာ ယောက်ျားအရေးကို ပြောရ၊ လုပ်ရတာမျိုး မဟုတ်ပါ။ လိင်အတူတူတွေက ဘယ်အရေးမှာမဆို အတူတူမြင်ကြတာ မဟုတ်ပါ။ လိင်မတူလို့ တခြားလိင်ကို ဆန့်ကျင်မယ်လို့လဲ မထင်မှတ်သင့်ပါ။

Marriage and divorce လက်ထပ်ခွင့်နဲ့ ကွာရှင်းခွင့်ဆိုတာ အစဉ်အလာအရ ယောက်ျား အခွင့်အရေးပိုင်း ဖြစ်ပါတယ်။ ဥပဒေကြောင်းနဲ့ ဘာသာရေးတွေဟာ အိမ်တွင်းရေး အပြင်ဘက်ကနေ အဲလို မဖြစ်သင့်တာတွေ ဖြစ်နေရစေတယ်။ လင်မယား ကွာရှင်းချင်ကြတာမှာ အမျိုးသမီးကနေ စတာ ၃ ပုံ ၂ ပုံကျော် ရှိတယ်။ ကွာရှင်းခွင့်ရပြီး ကလေးကို Custody ထိန်းသိမ်ခွင့်၊ Access to offspring ကလေးကို လာတွေ့ဆုံခွင့် ရောက်တော့ မအေကို ဦးစားပေးထားကြတယ်။ ဒါဟာ တဖက်သတ်ကြပါတယ်လို့ ပြောကြတယ်။

မင်္ဂလာဆောင်တာက ငွေကြေး အရရော စိတ်ပိုင်းဆိုင်ရာမှာပါ ကျွန်ပြုခံရသလို ထင်လာသူတွေ ရှိလာတယ်။ ဒါဟာ မင်္ဂလာ မဆောင်ဘဲ အတူနေကြတဲ့ အလေ့အထကို များလာစေတဲ့ အကြောင်းတွေထဲမှာ ပါတယ်။ မိန်းမအတုလဲ ယူထားနိုင်တယ်၊ ကာမဆက်ဆံလို့လဲ ရတယ်၊ ကွာရှင်းစရာလဲ မလိုဘူး၊ ငွေပိုကုန်စရာလဲ မရှိတော့ အဆင်ပြေသလိုဘဲ။ တန်ဘိုး ဆိုတာ ခေတ်မတူရင် ပြောင်းတတ်တယ်။ တန်ရာ တန်ရာတွေဘဲ ညားကြတယ်ဆိုတာ အစိုးရနဲ့ လူထုသာမကပါ။

အခွင့်အရေးကို ဆက်ရေးရင် နိုင်ငံရေး ဖြစ်သွားမယ်။ ကျန်းမာရေး ဒေါင့်ကို ထောက်ပြပါရစေ။
• Male-only military conscription ယောက်ျားတွေသာ စစ်မှုထမ်းရတာကိုတော့ လူအတော်များများ ပြောကြပါတယ်။
• စကားရည်လုပွဲမှာသာမကပါ အင်္ဂလန်မှာ ပြောနေတယ်၊ Minister for Women အမျိုးသမီးရေးရာ ဝန်ကြီးရှိရင် Minister for Men အမျိုးသားရေး ဝန်ကြီးလဲ ရှိရမှာဘဲတဲ့။
• Male circumcision ယောက်ျားတွေ ပန်းအဖျား လှီးဖြတ်တာမှာ ကာယကံရှင်ရဲ့ ဆန္ဒမပါဘဲ မလုပ်သင့်ဘူးလို့ ထောက်ပြတယ်။
• နိုင်ငံတွေမှာ ကျန်းမာရေး အသုံးစရိတ် မတူတာလဲ ပြောကြတယ်။ ဥပမာ အင်္ဂလန်မယ် အမျိုးသမီးတွေမှာ တနှစ် ၄ဝဝဝဝ ဖြစ်ပြီး၊ ၁၃ဝဝဝ သေဆုံးနေရတဲ့ Breast cancer ရင်သား-ကင်ဆာ နဲ့ တနှစ်မှာ ၂၇၂ဝဝ ဖြစ်ပြီး၊ ၁ဝဝဝဝ သေဆုံးနေရတဲ့ Prostate cancer ယောက်ျား ဆီးကျိတ်-ကင်ဆာအတွက် သုတေသန စရိတ်တွေ ယှဉ်ကြည့်ရင် ယောက်ျား-ရောဂါအတွက်က ၄ ပုံ ၁ ပုံသာ ရှိပါတယ်။
• လုပ်ငန်းခွင်မှာ သေဆုံးရသူ နှုန်းဟာ ယောက်ျားတွေမှာ များတယ်။ ဒါ့ကြောင့် ယောက်ျားတွေရဲ့ Lifespan အသက်ရှင်နိုင်တာက မိန်းမတွေထက် ၅ နှစ် နည်းနေတယ်။ ကျားမ-တန်းတူရေး Gender equality ကို ပြောနေသူတွေက ဒါတွေကို ထောက်မပြကြဘူးတဲ့။ သုတေသန လုပ်သူတချို့ကလဲ ဒီလိုခြားနာတာက သဘာဝလို့ ဆိုနေကြတယ်။ ယဉ်ကျေးမှုနဲ့ လူ့အသိုင်းအဝိုင်းကြောင့် ဖြစ်နေရတာလို့ စောဒက တက်နိုင်ပါတယ်။
• Suicide ကိုယ့်ကိုယ်ကို သတ်သေသူလဲ ယောက်ျားတွေက များတယ်။ အမေရိကားမှာ ၃ အချိုး ၁ ကနေ ၁ဝ အချိုး ၁ အထိ ရှိတယ်။
• Refugees ဒုက္ခသည်အရေးမှာလဲ မလွတ်ပါ။ Women အမျိုးသမီး၊ Children ကလေးတွေနဲ့ Single men လူလွတ်-ယောက်ျား ခွဲခြားမှု အလွန်မတန် များလွန်း-မှားလွန်းနေတယ်။ လှေစီး-ဒုက္ခသည်တွေထဲက Families မှာ အကျုံးဝင်တဲ့ အမျိုးသမီးတွေ နဲ့ ကလေးတွေကိုတော့ Housed in facilities in the community အိမ်နဲ့ရာနဲ့ (ကွန်မြူနတီ) မှာထားစေ။ လူလွတ်-ယောက်ျားတွေကို Immigration detention centre ထိန်းသိမ်ရေးစခန်း ပို့စေ။
• Male Abortion ဆိုတဲ့ ယောက်ျား-ကိုယ်ဝန်ဖျက်ခွင့် ဆိုတာ ၁၉၉၈ မှာ စပေါ်လာတယ်။ အမျိုးသမီး တယောက်မှာ ကိုယ်ဝန် ရလာရင် Abortion ဖျက်ချခွင့်၊ Parenthood ကလေးယူခွင့် နဲ့ Adoption သူများကို ကလေးမွေးစားဘို့ ပေးပိုင်ခွင့် ရှိသလိုမျိုး ယောက်ျားမှာလဲ Parental rights ဖခင်ဖြစ်ခွင့်နဲ့ Financial responsibility ငွေကြေး တာဝန်ရှိမှုတွေ ရှိသင့်တယ်လို့ ဆိုတယ်။
• ၂ဝဝ၆ တုံးက အမေရိကားမှာ အစီအစဉ်မရှိဘဲ ကိုယ်ဝန်ရတာကို အိမ်ထောင် မပြုရသေးတဲ့ အမျိုးသမီးက အဖေါ်ယောက်ျားကို ပြောလာရင် ယောက်ျားမှာလဲ အဖေဖြစ်ခွင့်၊ ယူမယ်-မယူဘူး ဆုံးဖြတ်ပိုင်ခွင့် ရှိသင့်တယ်လို့ ငြင်းပါတယ်။
• Pro-life ခေါ်တဲ့ ကိုယ်ဝန်-မဖျက်ရေးသမားတွေကလဲ ယောက်ျားလုပ်သူမှာ ကလေးကို ယူခွင့် အဆုံးအဖြတ် ရသင့်တယ်လို့ ပြောနေတယ်။
• University of Georgia လေ့လာမှုတခုအရ ပြစ်မှုထင်ရှားလို့ ပြစ်ဒဏ်ချခံကြရတာမှာ ယောက်ျားနဲ့ မိန်းမ မတူတာ တွေ့ရတယ်လို့ ဆိုတယ်။ တချို့နိုင်ငံတွေမှာတော့ Social security အသိုင်းအဝိုင်း လုံခြုံမှု ရှိစေအာင် ဆိုပြီး အဲလို တမင်လုပ်ထားကြရတယ်။

Domestic violence အိမ်တွင်း အကြမ်းဖက်မှုရဲ့ Propaganda ဝါဒဖြန့်မှုမှာ Physical violence ရုပ်ပိုင်း-အကြမ်းဖက်မှု ဖြစ်တိုင်း အမျိုးသမီးတွေက အမြဲတန်း Self-defense ကိုယ့်ကိုယ်ကို ခုခံကာကွယ်တာပါလို့ တသဝေမတိမ်း သတ်မှတ်ထား ကြတယ်။ ဒါပေမဲ့ ၁၉၉၃ တုံးက နာမည်ကြီးသွားခဲ့တဲ့ အမှုတခု နယူးယော့ခ် နားက (ဘတ်ဖဲလို) မှာ ဖြစ်ခဲ့တယ်။ Violence against man ယောက်ျား အကြမ်းဖက်ခံရတာ ဖြစ်ပါတယ်။

Lorena Leonor Gallo de Bobbitt ကနေ သူ့ယောက်ျား John Wayne Bobbitt အိပ်ပျော်နေတုံး သူ့လိင်အင်္ဂါကို မီးဖိုချောင်သုံးဒါးနဲ့ လှီးဖြတ်လိုက်တယ်။ ရဲကို ပြောတာကတော့ “ဆက်ဆံရင် သူကချည်း Orgasm (အော်ဂဇင်) ရတယ်။ ကျမကို ဘယ်တော့မှ မစောင့်ဘူး။ သိပ် တကိုယ်ကောင်း ဆန်တာဘဲ” တဲ့။

Feminist groups တွေက အမျိုးသမီးဖက်ကနေ လိုက်အော်ပေမဲ့ Bobbit ဘက်က လိုက်အော်သူ မရှိသလောက်ဘဲ။ နှစ်တွေ ကြာတော့ အမျိုးသားက တောင်းပန်စကား ဆိုပေမဲ့ Lorena ကတော့ သင်းကွပ်လိုက်တဲ့အတွက် မတောင်းပန်ပါ။

မီဒီယာတွေကို၌က ခွဲခြားအသားပေးနေကြတာ မျှတမှု မရှိဘူးလို့ ဆိုတယ်။ Arran Stibbe (2004) ကနေ Men's health problems and behaviors ယောက်ျားတွေရဲ့ ကျန်းမာရေး ပြဿနာတွေနဲ့ အမူအကျင့်တွေဟာ Socialized gender role of men in culture ယဉ်ကျေးမှုမှာ ယောက်ျားကို လိင်ခွဲခြားမှုနဲ့ ဆက်စပ်နိုင်တယ်လို့ ဆိုတယ်။ ဘာလို့လဲဆိုတော့ တီဗွီ၊ ရေဒီယို၊ မဂ္ဂဇင်းတွေမှာ ယောက်ျားသားတွေကို ပုံဖေါ်ရင် သေနတ်၊ အမြန်ပြေးကား၊ (အပြာကား) တွေနဲ့ တွဲထားကြတယ်။ ဒါတွေအားလုံးဟာ Health risks ကျန်းမာရေး အန္တရာယ်တွေ ဖြစ်နေပါတယ်။

Dr. တင့်ဆွေ
၁၁-၄-၂ဝ၁၁


Read more...

Sunday, January 16, 2011

နွယ်မြက်သစ်ပင် ဆေးဖက်ဝင်

“ကတိသစ္စာ တည်သောခါဝယ် သြဇာလေးနက် ပေါ်ဆီတက်၍ နွယ်မြက်သစ်ပင် ဆေးဖက်ဝင်၏” ထဲက ပေါ်ဆီတက် ရဲ့ အဓိပ္ပါယ်ကို မသိလို့ပါ။

(မာဃဒေဝ ဆုံးမစာ) ထဲကပါ။ (ပေါ်ဆီတက်) ရဲ့သဘော-အဓိပ္ပါယ်ကို မြန်မာစာ ကျွမ်းကျင်ဆရာတွေကတော့ ပိုပြီး လေးလေး နက်နက်၊ အကိုးအကား တွေနဲ့ ပြောပြနိုင်ပါလိမ့်မယ်။ တွေးကြည့်လို့ ရသလောက်တော့ ရေးပါရစေ။

(ပေါ်ဆီတက်) ကို ဆန့်ထုတ်ကြည့်ရင် (အပေါ်၊ အဆီ၊ အတက်)။ အပေါ်ကို အဆီ အထက်လာတာ။ (အပေါ်) ဆိုတာ အောက်က ဟာထက် Better-quality သာတယ်။ အဆီက Higher အထက်ကနေတယ်။ တက်လာတယ်ဆိုတာလဲ Superior အမြင့်ရောက်လာတာ။ ဆိုတော့ All positives အကောင်းဘက်တွေချည်းဖြစ်တယ်။

သူ့အတိုင်းထက် ကျို-ချက် စတဲ့ Efforts အားထုတ်မှု တခုခုလုပ်ပေးရင် ပိုကောင်းတာ၊ More potent ပိုပြီး အာနိသင် ရှိတာကို ရစေတယ်။ အဲလို ရလာတာကို Concentrate (အဆီအနှစ်) ထုတ်ယူတယ်လို့ ပြောနိုင်တယ်။

(ဆီ) (အဆီ) ဆိုတာ Lighter ပေါ့ပါးလို့ အပေါ်တယ်တယ်။ နောက်တမျိုးလဲ အတွင်းထဲ၊ အောက်ထဲကနေ အထက်-အပေါ်-အပြင်ကို ထွက်လာတာလဲ Essence အဆီ-အနှစ် ခေါ်တယ်။ သစ်ပင်ကနေ Oozing အစေးထွက်တာလဲ ဒီသဘောဘဲ။

Cream (မလိုင်)။ Elite (လူ့မလိုင်) ဆိုတာတော့ သိကြတဲ့အတိုင်းဘဲ။ သူများအထက်က နေရာရသူ၊ နေရာယူနိုင်သူ၊ နေရာယူချင်သူ။

ဆေးတွေမှာ Forte ဆိုတာပါရင် အထူးလုပ်ထားကိုဆိုလိုတယ်။

ပြုပြင်စီရင်တာ လုပ်ပြီးမှ၊ ရလာ-ထွက်လာတဲ့ အကျိုးတခုဟာ အကောင်းဆုံးအရာ၊ ဒါမှမဟုတ် လိုချင်တာ ရလာစေတဲ့ သဘော ဖြစ်တယ်လို့ ပြောနိုင်မယ် ထင်ပါတယ်။

၁၆-၁-၂ဝ၁၁


Read more...