ဆေးကျောင်း ရောက်အောင် လိုအပ်တဲ့ အရည်အချင်းတွေ ငယ်ငယ်ကတည်းက ရှိခဲ့တယ်လို့ ပြောရမလား မသိပါ။ တစ်အချက်ကတော့ အမြင့်ခုန် ဝါသနာပါခဲ့တာပါ။ ဝါးလုံးထောက်ခုန် (ပိုးလ်-ဂျမ့်) ပေါ့။ တနေ့တော့ ထောက်ကျင်း မထောက်မိဘဲ ခုန်လိုက်တာ ချော်ကျလို့၊ ခုနစ်တန်း ဖြေပြီး၊ ကျောက်ပတ္တီး စီးရပါရောလား။ အဲဒီတုံးက အိန္ဒိယလူမျိုး ဆရာဝန်ကို စမ်းသပ်ခဆိုလား ၁၆ ကျပ် ပေးရတဲ့ခေတ်။ ဆေး-ကျန်းမာရေး-ဆရာဝန်နဲ့ စတင် မိတ်ဆက်နိုင်ခဲ့တယ်။
နေခဲ့ရတဲ့ မုံရွာ၊ စတိတ်-တူး ကျောင်းက ဆေးပညာနဲ့ ပိုနီးတယ်။ စတိတ်-ဝမ်းတွေ၊ သရီးတွေက ကြိုက်ချင်မှ ကြိုက်မှာ။ အဟုတ် ပြောတာပါ။ ဝမ်းက ဈေးနဲ့ နီးပြီး၊ စတိတ်-သရီးက လမ်းမ ဘေးမှာ။ တူးကျောင်းက ဆေးရုံကြီးနဲ့ ကပ်လျက်။ ၆ တန်း၊ ၇ တန်းတုံးက နေရတဲ့ အခန်းတွေဟာ ဆေးရုံရဲ့ Morgue (Mortuary) ရင်ခွဲရုံနဲ့ အနီးဆုံး။ လူသေတွေ သွင်းတာ၊ ထုတ်တာ ကြည့်ရဲတဲ့ ကျောင်းသား ကြည့်။ ရေခဲတိုက် လို့တော့ ခေါ်မရဘူး။ အနံ့တွေက ထောင်းကနည်း၊ ထောင်းကနည်း။ ဆေးကျောင်း မရောက်ခင် ပွဲမဝင် ပြင်ကျင့်ခွင့် ရခဲ့တာပေါ့။
ကျောင်းကနေ အလုံလမ်းဖက် ထွက်ရင် ဆေးရုံဘေးက သွားရတယ်။ ဆေးရုံက ပြစ်ထားတဲ့ အမှိုက်တွေထဲ ပုလင်းခွံတွေ အတိုင်းသားပေါ့။ အဲဒီခေတ်မှာ ဆေးရုံးစွန့်ပြစ်ပစ္စည်း ဘယ်လိုစွန့်ရမလဲလို့ (ဝက်ဘ်ဆိုက်) တွေမှာ မရေးသေးဘူးမို့လား။ Medical waste disposal systems ဆိုတာတောင် တင်တာ မကြာလှသေးဘူး။ ကျွန်တော့်အဖို့ နှာခေါင်းယဉ်စေတဲ့ အတွက် ကျေးဇူးရှိပါတယ်။
ပုလင်းခွံတွေထဲမှာ (ပနယ်စလင်) တွေက အများဆုံး။ ဒီဆေးကို အခု မဖြစ်မှ သုံးကြတော့တယ်။ (အိုင်းယင်း-ဖလေးမင်း) စတွေ့တာ အခုဆို နှစ် ၈ဝ ရှိသွားပြီပေါ့။ စပေါ်တော့ ဘာရောဂါအတွက် စွမ်းသလဲဆိုရင် “(ဂနိုးရီးယား) ကို လေး နာရီ အတွင်း အပျောက်ကုမည်” ဆိုပြီး ကြော်ငြာနိုင်ခဲ့ပါတယ်။ တကယ် အစွမ်းထက်တာကလား။ အခုတော့ Penicillin နောက် မျိုးဆက်တွေက နေရာယူနေပါပြီ။ (အင်ပစလင်)၊ (အမောက်ဆာစလင်) ဆိုတာတွေက (ပနယ်စလင်) ကနေ ဆက်တွေ့ လာတာတွေပေါ့။ အခုဆို Cef စာလုံးတွေနဲ့စတဲ့ ပဋိဇီဝဆေးဆိုတာ ပဉ္စမမျိုးဆက် အထိရောက်နေပြီ။ အတော်လည်း စွမ်းကြတယ်။
ဆေးမျိုးဆက်သစ်တွေ ပေါ်သလို ရောဂါ မျိုးဆက်သစ်တွေလည်း ပေါ်လာတယ်။ အရင်ကခေါ်ခဲ့တဲ့ (ဂနိုရီးယား) ဟာ ကာလသားရောဂါ VD ဆိုတာတွေထဲက နာမည်ကြီးပေါ့။ သူ့အပြင် (ရှန်ကာ)၊ (ဆစ်ဖလစ်)။ နောက်ပေါ်ဖြစ်လေ ဆိုးလေ။ အဲလိုဘဲ ရောဂါတွေကလည်း ခေတ်ဟောင်း၊ ကာလပေါ်တွေ၊ နောက် (ဟစ်ပ်-ဟော့ခ်) တွေ ရောက်လာနေပြီ။ လူငယ်-လူရွယ်တွေက အသစ်ဆိုရင် ချက်ချင်း ကြိုက်ချင်ကြတာကိုး။
ကျား-မ၊ ကျား-ကျား အတူနေတာကနေ ကူးတဲ့ရောဂါ STD/STI တွေမှာ အသဲရောင် B ဆိုတာက ခေတ်မီသူတိုင်း သိကြတဲ့ (HIV) ထက် အဆတရာ အကူးမြန်တယ်။ အတူနေကြတာရော၊ ဆေးထိုးအပ်ကရော၊ အမေကနေ သူ့ကလေးရော ကူးတတ်တယ်။ C ပိုး ကတော့ သွေးကနေ ပိုကူးတယ်။ အသဲကို ပိုပြီး ပျက်စီးတတ်တယ်။ ဘာဖြစ်ဖြစ် မသက်သာပါ။ မသိလို့လဲ မဖြစ်ပြန်။ ဖြစ်ပြီဆိုရင် Liver transplantation အသဲ အစားထိုးရတဲ့ကိန်း ဆိုက်ရော့။
တဆင့်စကား၊ တဆင့်နား ပြောလိုက်ကြပါ။ အိန္ဒိယမှာ အသဲလာလဲကြတဲ့ ဗမာပြည်က လူတွေ ပြတ်တယ် မရှိဘူး။ အသဲလဲဘို့ ဒေလီကို လာကြတယ်။ ကျောက်ကပ် လဲသူတွေဆို (ကိုလ်ကတ္တား) ကို လာတတ်ကြရတယ်။ အရင်အခေါ် (မဒရပ်)၊ အခု (ချနိုင်း) ကို နှလုံး ခွဲစိတ်လာကုသူ ကောင်းပြီး ပြန်သွားတော့ ပြောတာက ဘန်ကောက်၊ စင်္ကာပူမှာထက် တဝက်လောက် အကုန်အကျ သက်သာသတဲ့။
အသဲ-ကျောက်ကပ် လှူတာက “ရွှေဝါရောင်” တွေ များတယ်။ ဖုန်းဖုန်းတွေပေါ့။ ကူမဲ့ ညီမဲ့ ဒေသခံ “ရွှေ” တွေလည်း ရှိပါတယ်။ အလိမ်ခံရသူတွေလည်း မရှားဘူး။ လိမ်တဲ့ထဲမှာ “ကုလားရွှေ” တွေပါတယ်။ တချို့သာပါ။ တကယ်တော်တဲ့ မြန်မာပြည်ဖွါး ကုလားသွေးပါသူတွေ အတော်များများက ဘာသာစကား အရာသာမက စေတနာမှာ သာကြသူတွေနဲ့ တွေ့ရင် ကံကောင်းလိမ့်မယ်။ တောင်ပိုင်း (မဒရပ်စ်) က မိတ်ဆွေတဦးကတော့ ဆေးလာကုတဲ့ မြန်မာပြည်သားတွေ အကူအညီလိုရင် ပြောပါတဲ့။ အခမဲ့ ကုသိုလ်ယူချင်လို့ ပြောတားတယ်။
မကြာသေးခင်က အိန္ဒိယနိုင်ငံသားတဦး မြန်မာပြည်သွားရင်း ကွယ်လွန်တယ်။ ဥပဒေဆိုလား သတ်မှတ်ချက်ဆိုလား တရားဝင်လာတဲ့ တာဝန်ရှိသူတဦး နေမကောင်းရင် အစိုးရဆေးရုံမှာသာ ကုသခွင့်ရှိသတဲ့။ ရောဂါကြောင့် မဟုတ်ရဘဲ ဆက်တွဲဖြစ်တဲ့ ပိုးဝင်ရာကနေ သေဆုံး သွားရရှာတယ်။ Disposable တခါသုံး အသုံးအဆောင်ဆိုတာမျိုးတွေ လုံလောက်အောင် မသုံးခဲ့တဲ့ အထောက်အထား စကားတွေ သိရလို့ မြန်မာပြည်မှာ ပြင်ဘို့ကောင်းတဲ့ ဥပဒေတွေ၊ သတ်မှတ်ချက်တွေကြောင့် အသက်ပေးရတယ်လို့ ပြောရင် လွန်ရာမကျလောက်ပါ။
တိုက်ဆိုင်မှု တခုပြောရမှာဘဲ။ မရှေးမနှောင်းမှာ မြန်မာပြည်သားတဦး နယူးဒေလီမှာ ဆေးလာကုရင်းနဲ့ ကွယ်လွန် သွားတယ်။ အဲဒီပုဂ္ဂိုလ်ကတော့ ကြိုက်တဲ့ဆေးရုံမှာ စိတ်ကျေနပ်လောက်အောင် ဆေးကုသွားနိုင်ခဲ့ပါတယ်။
အိန္ဒိယကိုလာပြီး ဆေးကုတဲ့ လူနာတွေက ဒေါ်လာ ၁ သောင်း၊ ၂ သောင်း၊ လွယ်သူ၊ ရှိသူ၊ ရှာနိုင်သူတွေပါ။ ဆေးရုံ အနီးအနား အိမ်တွေမှာ ခေတ္တခဏ တည်းခိုပြီး၊ ဆေးကုကြရတယ်။ ကျောက်ခေတ် နံရံဆေးရေး ပန်းချီတွေဟာ အဲဒီခေတ်က လူသားတွေ ဘယ်လိုဟာတွေလဲလို့ သိစေနိုင်တယ်။ ခုခေတ်မှာလဲ ဒေလီဆေးရုံဝန်းကျင်က အိမ်နံရံတွေကလည်း တည်းခိုသွားတဲ့ မြန်မာပြည်က လူတွေအကြောင်း ကောင်းကောင်း ပြောပြနေတယ်။ တိုင်းပြည်ဖခင် နာမည်ကို ရေးသွားသူလည်း ရှိတယ်။ နောက်ရောက်လူနာက အဲဒါကို အတင်း ဖျက်ခိုင်းတာလဲ ရှိတယ်။
ရောဂါ ဝေဒနာတွေကတော့ ဘယ်သူ့ကိုမှ မညှာဘူး။ လေးစားရမဲ့ ပုဂ္ဂိုလ်မျိုးကို အောက်မေ့သူရဲ့ စိတ်သန္တာန်မှာ လေးစာမှု၊ ကြည်ညိုစိတ်တွေ ရှိနေပါလိမ့်မယ်။ နောက်တယောက်မှာ မနာလိုမှု၊ မုန်းတီးစိတ်တွေ ဖြစ်နေနိုင်တယ်။ ဆရာဝန်တွေ မတတ်နိုင်တဲ့ ရောဂါမျိုး ဖြစ်လာရင် ကံကောင်းနေဘို့ လိုတယ်။ ကံတရား ကောင်းအောင် စိတ်ထား ကောင်းရပါလိမ့်မယ်။ “အားလုံး ကံကောင်းကြပါစေ။”
Dr. တင့်ဆွေ
၅-၇-၂ဝ၁ဝ

0 comments:
Post a Comment