Sunday, December 26, 2010

Doctors and members ဆရာဝန်တွေ ဆွေမျိုးကို ဆေးကုရင်

23 Dec 10, 14:52
“ရပ်တာမတ်ရင် အရိပ်မစောင်းဘူး” ဆိုတဲ့ ခေါင်းစဉ်နဲ့ တစ်ပုဒ်လောက် ရေးပါလား။

အတော်စဉ်းစား၊ အတော်တွေးကြည့်ပါတယ်။ “ရပ်တာက မတ်နေပေမဲ့ ထွက်လာတဲ့အရိပ်က စောင်းနေတာ ရှိသလား”။ အရင်ဆုံး မတ်မတ်ရပ်တဲ့ ဥပမာတွေ လိုက်စဉ်းစားတယ်။ ရုပ်ထုမားမားကြီးတွေက ခေါင်းထဲ ဝင်လာတာပေါ့။ ရန်ကုန်က ဦးဝိစာရ ကျောက်တိုင်၊ ဒေလီက Qutab Minar (ကွိတပ်-မီနား)၊ နယူးယောက်က Statue of Liberty (လစ်ဗာတီ) ရုပ်ထု၊ ခရစ်စမတ် ကာလဆိုတော့ ဘရာဇီးလ်က Christ the Redeemer တွေကိုပါ မြင်လာတယ်။

ဒီ အထင်ကရတွေအပေါ် နေထိုးလို့ အရိပ်တွေ ထွက်တာ ဘယ်လိုလဲ။ (လစ်ဗာတီ) အရုပ်ရဲ့အရိပ်က (ဟတ်ဆန်) မြစ်ရေမှာ ပေါ်နေတာမို့ ရေလှိုင်းက ငြိမ်နေတာ မဟုတ်ဘူး။ ပဲရစ်က Eiffel Tower လဲ ခေါင်းထဲ ဝင်လာပြန်တယ်။ သူ့ကြ အရိပ်က ကောင်းကင်ထဲ ပေါ်နေတယ် ပြောရမလား၊ အောက်ကနေ မီးဆလိုက်တွေ လှနေအောင် ထိုးထားလို့။ လေယာဉ်ပျံစီးရင်း ကိုယ့်လေယာဉ်ရဲ့ အရိပ်ကို မြင်ရတဲ့အခါ အောက်က မြေပြင်၊ ရေပြင်၊ သစ်ပင်၊ တောင်ကုန်းတွေပေါ်မှာ ရိတ်ကနဲ မြင့်သွားလိုက်၊ သိမ့်ကနဲ နိမ့်သွားလိုက်နဲ့၊ အရိပ်မစောင်းဘူး ပြောရအောင် မမိုက်ဘူး ဖြစ်နေပြန်ရော။

ဒီတော့ ဘယ်လို ကောက်ချက်ဆွဲမလဲ။ အရိပ်ထွက်စေတာ မတူရင် အရိပ်ကျတာ မတူဘူး။ အရိပ်ကျတဲ့နေရာ မတူရင်လဲ ကွဲပြားတယ်။ ဒါဘဲလာ့း့။

ခပ်ရွယ်ရွယ်တုံးက ဆရာတော်တပါး မေးတာ ခံရဘူးတယ်။ “စစ်ကိုင်း-တံတားက အသွားလမ်းလား၊ အပြန်လမ်းလား” တဲ့။ မန္တလေး ဆေးကျောင်းသားလဲ ဖြစ်ဘူး၊ စစ်ကိုင်း ဆေးရုံမှာလဲ တာဝန်ကျဘူးတဲ့ ဒကာလေးခင်ဗျာ ချွေးသာပြန်တယ်၊ အဖြေမှန် မထုတ်တတ်ခဲ့ပါ။

အလံ လွင့်နေတာ မြင်ဘူးမှာပေါ့။ တယောက်က “အလံ လွင့်နေတယ်”။ တယောက်က “လေက လွင့်နေတာပါကွာ”။ နောက်တယောက်က “မင့်စိတ်က လွင့်နေတာကွ” တဲ့။

ကျောင်းသားတွေ ငယ်ငယ်ကဆိုရင် သိပ္ပံဘာသာကို စိတ်ဝင်စားကြတာ များတယ်။ “လက်တွေ့မပါ လာမပြောနဲ့” ဖြစ်လာကြရော။ လူကြီးတွေက ဘာသာရေး ပြောဟောနေရင် နားကြားပြင်း ကပ်တတ်ကြတယ်။ အတိတ်၊ အနာဂတ်၊ ကံ၊ ကုသိုလ်၊ စတာတွေဟာ ဟိုက်ဒရိုဂျင် ၂ လုံးနဲ့ အောက်စီဂျင် ၁ လုံး ပေါင်းပြတာလို မဟုတ်တော့ လက်မခံချင်ကြသူ မနည်းဘူး။

ရုပဗေဒကို ခပ်ကြာကြာ မသင်ဘူးလဲ (ရီလေတစ်ဗတီ-သီအိုရီ) ဆိုတာ ဟိုစာ၊ ဒီစာဖတ်ရင်းနဲ့ ရင်းနှီးကြပါလိမ့်မယ်။ သိပ္ပံဘာသာ သင်ရင်း ဝိဇ္ပ္ပ္ဇာဘာသာ စိတ်ဝင်စားနေသူတွေလဲ ရှိတာဘဲ။ ဆယ်တန်းမှာ ဟိုခေတ်က “မြန်မာစာ စကားပြေ လက်ရွေးစဉ်” ကို ပြဋ္ဌာန်းစာအုပ် လုပ်ဘူးတယ်။ အမှန်က (အို-ဘီ) ခေါ်တဲ့ စိတ်ကြိုက်-မြန်မာစာ ယူတဲ့ ကျောင်းသားတွေကိုသာ သင်တာပါ။ (အိုင်းစတိုင်း) ရဲ့ ရှုတ်ထွေးလွန်းလှတဲ့ နိယာမကို ဗမာလို ရှင်းကနဲနေအောင် ဥပမာတွေပေး ရေးထားတာ။

မီးရထား နှစ်စီး ပြေးနှုန်း မတူဘဲ၊ အရပ်မျက်နှာ တခုထဲ ဆိုပါစို့ မြောက်ဘက်ကို တနာရီ ၂ဝ မိုင်နှုန်း၊ ၃ဝ မိုင်နှုန်းနဲ့ သွားနေကြတယ်။ ဘူတာမှာ ရပ်နေသူက ပြောတယ် "ရထားတစီးက ၃ဝ နှုန်းနဲ့ မြောက်ဘက်ကို၊ တစီးက ၂ဝ နှုန်းနဲ့ မြောက်ဘက်ကို သွားနေတယ်" လို့။ နောက်ကျနေတဲ့ ရထားပေါ်ကလူက "ရှေ့ကရထားဟာ (၃ဝ - ၂ဝ = ၁ဝ) မိုင်းနှုန်းနဲ့ မြောက်အရပ်ကို သွားနေတယ်" လို့ ပြောမယ်။ ရှေ့ရထားပေါ်ကလူက "နောက်ရထားဟာ တနာရီ ၁ဝ မိုင်နှုန်းနဲ့ တောင်အရပ်ကို သွားနေတယ်" လို့ ပြောပြန်တယ်။ ဘယ်သူ မှန်သလဲ။

မောင်ကျောင်းသားတွေ အရွယ်လေးရလာတော့ ဘာသာရေးမှာ ပရမတ် (ပရမတ္တ) ဆိုတာလဲ ကြားဘူးလာကြတယ်။ နားမဝင်၊ သဘောမပေါက်သူ များပါလိမ့်မယ်။ သိပ္ပံထဲကနေ Relative truth နှိုင်းရအမှန်ဆိုတာ သင်လာ၊ ဖတ်လာရမှ အော့် ဒါလား ဖြစ်လာကြတယ်။ တိုတယ်ဆိုတာ သူ့ထက် ရှည်တာနဲ့ နှိုင်းမှ တိုတာလို့ ခေါ်နိုင်တယ်။ ချမ်းသာတယ် ဆိုတာလဲ သူ့ထက် မွဲတဲ့သူနဲ့ ယှဉ်ပြောမှ ရတယ်။ မျဉ်းဖြောင့် ဆိုပြီး အကောင်းဆုံး ပေတံနဲ့ ဆွဲထားပါစေ၊ တကယ် ဖြောင့်မနေဘူး။ ကမ္ဘာကြီးက လုံးဝန်းနေတယ်။ ကမ္ဘာ့ဆွဲအားဆိုတာလဲ သက်ရောက် နေတယ်။

တံတားဟာ တံတားဘဲ။

ဖြည့်ကြည့်တတ်တာ တခါတလေ အသုံးကျတယ်။ တခါတလေ အမှားကျူးလွန်ရာကျတယ်။ ဒါနဲ့လဲ မပြီးသေးပြန်ဘူး။ အတုံးလိုက် အတစ်လိုက်သာ မြင်သူ၊ သိသူ-ပြောသူ-ရေးသူတွေဟာ "လူ့ဂွစာ" လို့ ခေါ်ခံရနိုင်တယ်။

“ဘုရားစဉ်မှာ ဆွမ်းတော်တင်တာ ကြွက်လမ်းပြသာ ဖြစ်တယ်” လို့ ပြောတာဟာ မမှန်ဘူးလို့ ငြင်းမရဘူး။ ဒါပေမဲ့ တဖက်ကနေ ကပ်ကြည့် ပြောတာ မဟုတ်လား။ ကုသုလ်ပြုတာဖြစ်ဖြစ်၊ တလွဲလုပ်တာဖြစ်ဖြစ် ကံသုံးပါးလုံး ပါရတယ်။ ဘုရားစဉ်က ဆွမ်းတော်တော့ မြင်ရတာပေါ့။ ဆွမ်းကပ်သူရဲ့ စိတ်အစဉ်ကို မြင်မကြည့်တတ်ဘူး။

တချို့က “ဖက်နှစ်ဖက် ကြည့်ပါ” ပြောတယ် ပညာရှိသလိုဘဲ။ နိုင်ငံရေးမှာလဲ မတောက် တခေါက် အနောက်က ပညာရှင်တွေရော၊ (မီဒီယေတာ) ဝင်လုပ်ချင်သူတွေကရော ဟိုဘက်က နည်းနည်းလျှော့၊ ဒီဘက်က နည်းနည်းပြော့ ခိုင်းတတ်တယ်။ တဖက်ဖက်တော့ မလိုက်သလိုဘဲ။ "မတူတဲ့ နှစ်ဘက်လုံးကို ဆတူဘဲ" လို့ ပြောနေတာ။

“ငါ အိပ်ချင်ရင် အိပ်လိုက်တယ်။ စားချင်ရင် စားလိုက်တယ်။” လို့ ပြောတာဟာ လူပျင်းကနေ ပြောနေတာ မဟုတ်ဘူး။ အိပ်ချင်ပေမဲ့ အိပ်မရတာမျိုးဖြစ်တာ အားလုံးလောက်ဘဲ။ စားချင်လို့ စားနေပေမဲ့ ကောင်းလိုက်တာ၊ မကောင်းဘူး၊ ဟိုဟာ စားရရင် ပိုကောင်းမှာဘဲ၊ မတွေးတဲ့သူ ရှိသလား။

ထူးခြားတဲ့ ပုဂ္ဂိုလ်ဆိုတာ ဖူးချင်တယ်ဆိုလို့ ဝါးရုံတောထဲကို ခေါ်သွားတယ်။ “ဒီဝါးက ဖြောင့်တယ်။ ဒီဝါးက ကောက်တယ်။” လို့သာ ပြောပြလိုက်တယ်။ ကောက်နေတာကို ဖြောင့်စေချင်စိတ် မရှိသူ။ ကောက်နေလို့ ကြောင့်ကျစိတ် မဝင်သူ။ တွယ်တာစိတ်၊ မက်မောစိတ် ကင်းသူ။ ဘာဆိုဘာမှ မဖြစ်သူဆိုတာ လွန်မြောက်သူဘဲ။

“Doctors who treat their family members must be vigilant not to create conflicts of interest or treat inappropriately.”

ဆေးကုရာမှာ ကိုယ့်အမျိုးအရင်းတွေကို ကိုယ်တိုင်ဆေးမကုဘို့ ဆရာ့ဆရာတွေက လမ်းညွှန် တားမြစ်ထားတယ်။ လူဆိုတာ ဘက်လိုက်တတ်ကြတယ်။ နည်းနည်းနဲ့ များများတော့ ကွာတယ်။ လူတိုင်းက တည့်တည့် မကြည့်တတ်ဘူး၊ လူတိုင်းက စိတ်လှုတ်ရှားတတ်ကြလို့ သတ်မှတ်ချက် လုပ်ထားရတယ်။

ရှိတာက အတည့်၊ အလင်းက ဖြောင့်တန်း၊ အရိပ်ကျရာက ညီညာပေမယ့်၊ အရိပ်ကြည့်သူက လူဖြစ်ပါတယ်။

Dr. တင့်ဆွေ
၂၄-၁၂-၂ဝ၁ဝ

26 Dec 10, 12:34
Q: အတွေးတွေ ပွားရပါတယ်ဆရာ။ မင်းဘက်ကကြည့်တော့ လက်ဖဝါး ငါ့ဘက်ကကြည့်တော့ လက်ဖမိုး-ဆိုသလိုပေါ့။ ဘယ်သူ မှားပါတယ်လို့ ပြောလို့မရသလို ကိုယ်လုပ်စရာရှိတာကို ဆက်လုပ်။ ဒါအမှန်တရားပဲ မဟုတ်လားဆရာ။

A: “တဘက်က ကြည့်တော့ လက်ဖဝါး နောက်တဘက်က ကြည့်တော့ လက်ဖမိုး” ဆိုတာ ပြောကြတယ်။ သူလဲ မမှား၊ ကိုယ်လဲမှန် ဆိုတဲ့ သဘာကောင်းမှုထက် ကျော်လွန်သွားသင့်တယ်။ “လက်ဟာ လက်” လို့ အထိမှာတင် ရပ်နိုင်ရင် ဘက်ဆိုတာ နှိုင်းနေတာသာ ဖြစ်တာ သိလာမယ်။

“အတွေးပွားတယ်” ဆိုတာ ကျင့်စဉ်တခုလိုဘဲ။ နောက်ဆိုရင် အဆင့်တက် လာလိမ့်မယ်။ ချွေးပြန်အောင် တွေးနေသူကို ဆရာ လုပ်သူကနေ တောင်ဝှေးနဲ့ ရိုက်လိုက်လိမ့်မယ်။ ရုတ်တရက် ရပ်လိုက်တာနဲ့ အတွေးသမားရဲ့ ဥာဏ်ထဲမှာ ဖြတ်ကနဲ တခုခု ရလိုက်ရင် တခန်းရပ်သွားပြီ။ မရသေးရင် နောက်တနည်း လာလိမ့်မယ်။

လက်ကို ဟိုဘက် ပြေးကြည့်လိုက်၊ ဒီဘက်က ပြန်ကြည့်လိုက်နဲ့ ခရီးလဲပန်း၊ စိတ်လဲနွမ်းလှတယ်။ တင်ကူးစိတ်နဲ့ အတိတ်ဟောင်း အတွက် အဝေးကြီးခရီး ခေါက်တုံ့ခေါက်ပြန် သွားနေတတ်ကြတယ်။ ဘယ်သူက အသွားခိုင်းသလဲ။

“ငါသည် ရပ်နေ၏၊ သင်သာ ရပ်လော့” လို့ လက်ညှိုးဖြတ်ဘို့ ပြေးလိုက်နေသူကို မိန့်တော်မူဘူးတယ်။

မေးခွန်းတွေ ဖြေရင် မှန်သားကြေးမုံမှာ ပေါ်တဲ့အတိုင်းသာ ဖြေရမယ်လို့ သင်ပေးတယ်။ တစိုးတစိမှ အပိုရော အလိုရော ကင်းနေတာ ပြောတာ။ ဖြည့်ပေးတာ သဘောကောင်းတယ်လို့ အရပ်ပြောတော့ ရှိတယ်။ ရောဂါကို စစ်တာမှာ သွားသာ ဖြည့်လိုက်ရင် တက်တက်စင် လွဲရော။

Dr. တင့်ဆွေ
၂၆-၁၂-၂ဝ၁ဝ

0 comments: