Monday, December 27, 2010

Hippocratic Oath (ဟစ်ပိုခရေးတီးစ်) ပဋိညာဉ်

• I promise that my medical knowledge will be used to benefit people’s health; patients are my first concern. I will listen to them, and provide the best care I can. I will be honest, respectful, and compassionate towards them.
• ကျွန်ုပ်၏ ဆေးပညာသည် လူတို့၏ အကျိုးစီးပွါးအတွက် အသုံးချပါမည်ကို ကတိပေးပါသည်။ လူနာသည် ပဌမ ဦးစားပေး ဖြစ်သည်။ သူတို့ပြောသည်ကို နားထောင်၍ တတ်စွမ်းသရွေ့ စောင့်ရှောက်ပါမည်။ ရိုးသားသော ကရုဏာဖြင့် လေးစားခြင်းကို ရယူပါမည်။

• I will do my best to help anyone in medical need, in emergencies. I will make every effort to ensure the rights of all patients are respected, including vulnerable groups who lack means of making their needs known.
• မည်သူ့ကိုမဆို အရေးပေါ် ကျန်မာရေး လိုအပ်ချက် ရှိလာလျှင် အကောင်းဆုံး အကူအညီပေးပါမည်။ လိုအပ်ချက် မပြည့်စုံကြသော ရောဂါဝေဒနာ ရလွယ်ကြသူများ အပါအ၀င် လူနာတို့၏ အခွင့်အရေးကို မည်သည့် အခါမဆို လေးစားပါမည်။
• I will exercise my professional judgment as independently as possible, uninfluenced by political pressure or the social standing of my patient. I will not put personal profit or advancement above my duty to my patient.
• ကျွန်ုပ်၏ ပညာပိုင်းဆိုင်ရာ ဆုံးဖြတ်အား နိုင်ငံရေး၊ လူမှုရေးတို့၏ သက်ရောက်မှုများမှ ကင်းပလျှက် အတတ်နိုင်ဆုံး လွတ်လပ်စွာ ချမှတ်ပါမည်။ လူနာအတွက် ထမ်းရွက်မှုအပေါ်မှာ အမြတ်ထုတ်ခြင်း၊ ရာထူး တိုးခြင်းတို့ အတွက် လုပ်ဆောင်မည် မဟုတ်ပါ။
• I recognize the special value of human life, but I also know that prolongation of life is not the only aim of health care. If I agree to perform abortion, I agree it should take place only within an ethical and legal context.
• ကျွန်ုပ်သည် လူ့အသက်၏ အထူးအရေးပါမှုကို သိရှိပါသည်။ သို့တစေ အသက်ဆက်လက် ရှင်သန်ရေးဆိုသည် ကျန်းမာရေး စောင့်ရှောက်ခြင်း၏ တခုတည်းသော ရည်ရွယ်ချက် မဟုတ်သဖြင့် အကယ်၍ ကိုယ်ဝန်ဖျက်ရန် လိုအပ်လာပါက ဥပဒေကြောင်း အရလည်းကောင်း ကျင့်ဝတ် အရလည်းကောင်း ညီညွတ်စေပါမည်။
• I will not provide treatments that are pointless or harmful, or which an informed and competent patient refuses. I will help patients find the information and support they want to make decisions on their care.
• ကျွန်ုပ်သည် အကျိုးမများစေသော-ဒုက္ခရောက်စေသော-ရှင်းပြသည့်အခါ နားလည် တတ်သိသောလူနာများက ငြင်းဆန်သော၊ ကုသမှုကို မပြုလုပ်ပါ။ လူနာများအား ဆုံးဖြတ်ချက် ချနိုင်စေရန် လိုအပ်သော သတင်း အချက်အလက်များ ပေးကာ ကူညီပါမည်။
• I will answer as truthfully as I can, and respect patients’ decisions, unless that puts others at risk of substantial harm. If I cannot agree with their requests, I will explain why.
• အခြားသူများအား ဒုက္ခရောက်ရန် မရှိပါက လူနာ၏ အဆုံးအဖြတ်ကို လေးစားလျှက် တတ်နိုင်သမျှ ရိုးသားစွာ ဖြေဆိုပါမည်။ အကယ်၍ တောင်းဆိုချက်က မဖြစ်နိုင်ပါက အဘယ့်ကြောင့် ငြင်းရသည်ကို ရှင်းပြပါမည်။
• If my patients have limited mental awareness, I will still encourage them to participate in decisions as much as they feel able. I will do my best to maintain confidentiality about all patients.
• အကယ်၍ လူနာသည် စိတ်ခွန်အား မပြည့်မီပါက စိတ်မှန်သူများအလား ဆုံးဖြတ်ချက် ချနိုင်ရန် အားပေးပါမည်။
ကျွန်ုပ်သည် လူနာများ၏ အတွင်းရေးကိစ္စများကို အတတ်နိုင်ဆုံး ထိန်းသိမ်းပေးပါမည်။
• If there were overriding reasons preventing my keeping a patient’s confidentiality I will explain them, I will recognize the limits of my knowledge and seek advice from colleagues as needed. I will acknowledge my mistakes.
• အကယ်၍ ထိုသို့ လုပ်မဖြစ်သော အခြေအနေရှိပါက ကျွန်ုပ်၏ အသိနည်းမှုအား ရှင်းပြပါမည်။ မိတ်ဆွေများ၏ အကြံဥာဏ်ကို ရယူပါမည်။ အမှားကို ၀န်ခံပါမည်။
• I will do my best to keep myself and my colleagues informed of new developments, and ensure that poor standards or bad practices are exposed to those who can improve them.
• ကျွန်ုပ်သည် မိတ်ဆွေများအား အသစ် တိုးတက် ဖြစ်ပေါ်မှုများကို ပြောပြပေးနေလျှက် အရည်အသွေး ညံ့ဖျင်းမှုများကို ဖေါ်ထုတ်ကာ တိုးတက်စေရန် အတတ်နိုင်ဆုံး ဆောင်ရွက်ပါမည်။
• I will show respect for all those with whom I work and be ready to share my knowledge by teaching others what I know. I will use my training and professional standing to improve the community in which I work.
• ကျွန်ုပ်သည် လုပ်ဖေါ် ကိုင်ဖက်များအား လေးစားသမှုဖြင့် မိမိသိရှိ တတ်ကြွမ်းမှုများကို မျှဝေ သင်ကြားပေးပါမည်။ မိမိ၏ လူမှုအသိုင်းအ၀ိုင်း တိုးတက်လာစေရန် တတ်ကြွမ်း နားလည်မှုများကို အသုံးချသွားပါမည်။
• I will treat patients equitably and support a fair and humane distribution of health resources. I will try to influence positively authorities whose policies public health.
• ကျွန်ုပ်သည် လူနာများအား ကျန်းမာရေး အရင်အမြစ်များကို လူ့အသိဖြင့် အညီအမျှ ဝေငှပေးကမ်းပါမည်။ လူထု ကျန်းမာရေး ပေါ်လစီ ချမှတ်သူများအပေါ် အပြုသဘော သက်ရောက်စေပါမည်။
• I will oppose polices which breach internationally accepted standards of human rights. I will strive to change laws that are contrary to patients’ interests or to my professional ethics.
• နိုင်ငံတကာ အသိအမှတ်ပြု လူ့အခွင့်အရေးများကို ချိုးဖေါက်ရာ ရောက်သည့် ပေါ်လစီများကို ဆန့်ကျင် သွားပါမည်။ လူနာများ၏ ကောင်းကျိုး၊ ဆေးပညာ ကျင့်ဝတ်များနှင့် ဆန့်ကျင်သော ဥပဒေများကို ပြောင်းလဲစေရန် ကြိုးပမ်းပါမည်။
• While I continue to keep this Oath unviolated, may it be granted to me to enjoy life and the practice of the Art, respected by all, in all times.
• ဤပဋိညာဉ်ကို မကျိုးမပေါက် လိုက်နာ စောင့်ထိန်းပါက သာယာ ချမ်းမြေ့သည့် ဘ၀ကို ရရှိလျှက်၊ ဆေးကုသခြင်း အတတ်ဖြင့် လူအများ၏ လေးစားမှုကို အစဉ်ရယူနိုင်သူ ဖြစ်ပါစေသောဝ်။

Read more...

Sunday, December 26, 2010

Research and Experience သုတေသန နှင့် ကိုယ်တွေ့

“ကိုယ်တွေ့” ဆိုတာ လူတိုင်းမှာ ရှိတယ်။ ကိုယ်တိုင် တွေ့ကြုံခံစားတာ ရေးရင် Memoirs ကိုယ်ရေး အတ္ထုပ္ပတ္တိ ခေါ်တယ်။ တကယ့် အဖြစ်အပျက်မျိုးကို အခြေခံတဲ့ Based on real story စာအုပ်-ရုပ်ရှင်တွေလဲ အများကြီး။ ကိုယ်တိုင် တွေ့ပါတယ်-မြင်ပါတယ်လို့ Witness ကနေ တရာရုံးမှာ သက်သေထွက်တာမျိုး။ ခရစ်ယာန်ဘာသာမှာ Testimony လုပ်တာမျိုး။ ဒါတွေက တဦးချင်းစီရဲ့ ကိုယ်တွေ့ သက်သက်ပါ။ “ဟုတ်တယ်-မှန်တယ်” ဆိုတာကို ကျမ်းကျိန်တာတို့၊ လက်ဝါးကပ်တိုင်တို့နဲ့ “မဟုတ်ရင်တော့လား” ဆိုတာပြီး၊ “အမှန်ခိုင်းတာမျိုး” ဖြစ်တတ်ပါတယ်။

ပညာနယ်ပယ်တခုမှာ “ဆေးကုတာ” ဆိုပါစို့ ပညာရပ်က သိပ္ပံဖြစ်တာမို့ စမ်းသပ်မှုတွေ၊ သီအိုရီတွေ၊ အကိုးအကား၊ သုတေသန စတာတွေဟာ အခြေခံလဲ ဖြစ်တယ်၊ မှန်-မမှန်ရဲ့ “ပေတံ” လဲ ဖြစ်တယ်။ နောက်တမျိုးကတော့ အနှစ်နှစ် အလလက ကိုယ်တိုင် တွေ့ရ-ကြုံရတာတွေ။ တယောက်ထဲကနေ အများကြီးကို တွေ့လာတာမျိုးပါ။ ကျမ်းမတိုက်ဘဲ ရေးကြ-ပြောကြတယ်။ လက်မခံလဲ ဗွေမယူတာမျိုး။

သုတေသနပေမဲ့ ဗွေယူချင်စရာတွေ ရှိတယ်။ ရှေ့နောက် မညီတာ မကြာခဏ တွေ့ရတတ်တယ်။ ဆိုပါစို့ တလောက “ငရုပ်သီး စားရင် (ကယ်လိုရီ) သုံးပြစ်တာမို့ အလေးချိန် လျော့စေတယ်” တဲ့။ နောက် တဖက်ကနေ ကြည့်ရင် အစပ်တို့ ဟင်းခပ် အမွှေးအကြိုင်တို့မှာ အာဟာရတန်ဘိုးဆိုတာ မည်ကာမတ္တသာ ပါပေမဲ့၊ သူ့အစွမ်းက စားချင်စိတ်ကို ဆွပေး-ခြူပေးနိုင်လို့ စားဝင်စေတယ်။ စားတော့ ဝတာပေါ့။ ဘာကို ယူမလဲ။ အစပ်မပါရင် စားမဝင်သူတွေ အများကြီးထဲ ကျွန်တော်လည်း ပါတယ်။ ခရီးက သွားရဖန်များတော့ နေရာဒေသတွေ အကြောင်း နောကျေနေလို့ ဥရောပ ဘယ်နေရာ သွားသွား ငရုပ်သီးကို ငါးခြောက်နဲ့ ဖြစ်ဖြစ်၊ ငါးပိနဲ့ ဖြစ်ဖြစ် ကျော်လှော် ယူသွားမှ စားရတာ တင်းတိမ်တယ်။ (ကျူနာ-ဆင်းဒဝစ်ရှ်) ကိုလဲ ဒါလေးနဲ့ တွဲစားလိုက်တာဘဲ။

Social Science လူမှုရေးသိပ္ပံ ပညာရှင်တွေကနေ ဂဃနဏ လေ့လာပြီး၊ သီအိုရီ ဖြစ်ဖြစ်၊ ကောက်ချက်ဆွဲတာဖြစ်ဖြစ် လုပ်တယ်။ ပါမောက္ခ တဦးကနေ အဲလိုလုပ်ပြီး၊ ရေးလိုက်တာဟာ အမြဲတန်း မမှန်နိုင်ဘူး။ မှားသွားရင် နောက်တခါ ဂဃနဏ လေ့လာပြန်ပြီးသကာလ၊ စာတအုပ် ထပ်ထုတ်နိုင်တယ်။ နိုင်ငံရေးသမားတဦးဟာ တခါ လွဲသွားရင် “မြောင်းထဲ ရောက်သွားပြီ” လို့ ပြောတတ်ကြတယ်။ သိပ္ပံမှာတော့ (ဒါဝင်) တို့ (နယူတန်) တို့ကို လှန်ဘို့ မလွယ်သေးဘူး။

ဆေးပညာမှာ “တနေရာနဲ့ တနေရာ ဘယ်ဟာမှ မတူပါလား” ဆိုတာ ပြောချင်တယ်။ ဗမာပြည်မှာ ဘာတွေ ပေါလဲ။ မြွေ ပေါတယ်။ ငှက်ဖျား များတယ်။ ဘာတွေ ရှားလဲ ဆေးကောင်း ရှားတယ်။ စားကောင်း သောက်ဘွယ် ဝယ်နိုင်သူ မများဘူး။ တခြား တိုင်းပြည်တွေမှာ ဗမာမြွေ မရှိလို့၊ မြွေဆေးကို ဗမာပြည်မှာ ထုတ်မှ ထိရောက်ပါတယ်။ သူများဆီမှာ 3D computer graphics လုပ်နေကြချိန်၊ ကျွန်တော်တို့ဆီမှာ ရှိတဲ့ 3D ဆိုတာက (TB, Malaria, HIV-AIDS) ရောဂါကြီး သုံးမျိုး။ အသံထွက်ဘဲ တူတယ်။ အနောက်နိုင်ငံတွေမှာ ဆရာဝန်တွေကို TB အကြောင်း သိပ်သင်မပေး ကြတော့ဘူးတဲ့။ မြန်မာပြည်က ဆေးကျောင်းသားများ သိပ်ကံမကောင်းကြပါ၊ ရောဂါတခု ပိုသင်နေကြရရှာတယ်။

အညာဒေသရဲ့ တခြမ်း၊ ချင်းတွင်းမြစ်ဝှမ်းမှာ တာဝန်ကျခဲ့တာ များလို့ ဒီဒေသမှာ ဘာတွေ ပေါပြီး၊ ဘာတွေ ရှားလဲ ကောင်းကောင်း သိတယ်။ လက်လှမ်း မဝေးတဲ့ အညာဧရာဝတီဘေးက အခြေအနေလဲ တီးမိ ခေါက်မိပါသေးတယ်။ ခုတော့ မြန်မာပြည် အနောက်ခြမ်းနဲ့ မြောက်ခြမ်းက လာတဲ့လူတွေနဲ့ အတူနေရ၊ ဆေးကုပေးရ လုပ်ရပြန်တော့ အသိသစ်တွေ တိုးလို့လာ ပြန်တယ်။ ရောဂါတွေ၊ ဝေဒနာတွေ။ ဖြစ်နေကြတာတွေနဲ့ ဖြစ်အုံးမှာတွေ။

လူတွေကို ရစေတဲ့ ရောဂါဘယတွေကလဲ နေရာမတူရင် ကွဲပြားကြတာဘဲ။ ကံ နဲ့ စိတ် ကို အသာထား၊ ဥတု နဲ့ အာဟာရမှာ ကွာခြားသွားကြလို့ဘဲ။ ရောဂါပိုး အမျိုးမျိုးတွေကလဲ လူနဲ့ သိပ်တူကြတာ။ ရေကြည်ရာ မြက်နုရာ သိပ်ရှာတတ်ကြတာကလား။ မတူတာက ပိုးတွေ၊ အကောင်တွေဟာ လူတွေလို ဗီဇာမလိုဘဲ ဟိုနိုင်ငံ၊ ဒီနိုင်ငံကို ကူးခွင့် ရှိတယ်။ ဒီပြည်-ပြည်နယ်တွေက စကားမတတ်လဲ စားဘို့ သောက်ဘို့ မခက်ဘူး။ ယဉ်ကျေးမှု မတူတာ အပထား၊ တွေ့တဲ့သူနဲ့ ညားလို့ရတယ်။ ဘာသာရေး ဘေးချိတ်။ ဥပုသ်၊ တနင်္ဂနွေ၊ သောကြာ ဘာမှလိုတာ မဟုတ်ပါ။

ကနေ့ခေတ်မှာ အသားအရောင်၊ လိင်၊ ဘာသာရေး၊ အသားအရောင်၊ လူမျိုးရေး၊ ခွဲခြားတာမှန်သမျှ တိုက်ဖျက်ရေးဟာ နားမခံနိုင်အောင် ကျယ်လောင်လှတယ်။ သူတို့ဘဲ ပေါင်းကြတယ်၊ ယူကြတယ်၊ နောက် ဆဲကြတယ်၊ ကွဲကြတယ်။ လူ့သဘာဝကနေ ပိုးမွှားသဘာဝဆီ ဦးတည်နေပါသလား။

မြေပုံမှာ နိုင်ငံရယ်၊ တိုင်းရယ်၊ ပြည်နယ်ရယ်၊ နောက်ဆိုရင် ကိုယ်ပိုင်ဆိုလား သူပိုင်ဆိုလား၊ ဘာတွေ ဘယ်လိုခွဲခွဲ၊ ရောဂါ-ဝေဒနာတွေကိုတော့ အမိန့်အာဏာနဲ့ ဖိနှိပ်-တားမြစ်ဖို့ ခက်ပါတယ်။ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းမှာရှိတဲ့ ကျန်းမာရေး ပြဿနာတွေလည်း ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ် နဲ့ နာဂတောင်တန်းက လူတွေမှာ ရှိကြတယ်။ သွေးအား၊ ဗီတာမင် နည်းတာတွေ တူတယ်။ စိတ်သောကတွေ တူတယ်။ လိင်ကနေ ကူးစက်ရောဂါတွေ တူတယ်။ ဝမ်းလျော-ဝမ်းပျက် တူတယ်။

မတူတာတွေလည်း ရှိပါသေးတယ်။ သူတို့ဆီမှာ အဆိပ်ပါတဲ့မြွေ မရှိဘူး။ မွေးစကလေး မေးခိုင်ရောဂါ၊ အရင်က မကြာမကြာ တွေ့ခဲ့တယ်။ ဒုက္ခသည် ဆေးခန်းမှာ လာမွေးတာ အခုထိ ကလေး ၂၅၇ ယောက်မှာ မေးခိုင်တဲ့ကလေး တရွေးသားမှ မတွေ့ပါ။ အထဲတုံးက ကလေးဖွါးပြီး၊ သားဦးဆိုရင် မအေမှာ နို့နာ ပေါက်တာ ၃ ယောက်၊ ၁ ယောက်လောက် အထိကို ကုပေးခဲ့ရတာ။ အခု အားလုံးပေါင်း ၃ ယောက်ထက် ပိုမတွေ့သေးဘူး။ ပြည်နယ်က လာသူတွေ အတော် ကောင်းပုံရတယ်။ “ကံ” ပြောတာ။ “မိခင်-ကလေး စောင့်ရှောက်ရေး” တော့ မသိပါ။

အထဲတုံးက Hydrocele မုတ္တ နဲ့ Hernia အူကျ ဆိုတာ ပေါသလား မမေးနဲ့။ ဆရာဝန်ဖြစ်စတွေ လက်တွေ့ သင်ဘို့ အကောင်းဆုံး ရောဂါတွေဘဲ။ မုံရွာ၊ မန္တလေး၊ စစ်ကိုင်းမှာ အစာအိမ်ပေါက်တာ ခဏခဏ ခွဲပေးရတယ်။ အခု ရှာမှရှား။ အူအတက်လည်း အထဲမှာ များပေမဲ့ အခု ၂ ယောက်စ၊ ၃ ယောက်စသာ ရှိတယ်။ ယောက်ျားလေး ငယ်ငယ်တွေ ဆီးအိမ်မှာ ကျောက်တည်တာ ငါန်းဇွန်-မြို့သာ-ပုလဲဘက်မှာ အတော်များတယ်။ ဒီမှာ တခါမှ မလာသေးဘူး။ ကလေးတွေမှာ ပန်းငုံတာ Phimosis ကြ ဒီက အတော်ကို ပိုများတယ်။ TB ကတော့ တိုင်းပြည်က ထွက်ပြေးလာလည်း မသက်သာပါ။ အထဲကနေ ပါလာတာရော။ အသစ်ကူးခံရတာရော။ ဘီပိုး၊ စီပိုး၊ HIV ဘယ်ဆီမှာ ဖြစ်ဖြစ် (အာရှတိုက်မှာ) အတူတူပါ။

သုတေသနတွေကို ပြန်ကောက်ပါရစေ။
“ဗီတာမင် B သည် နှလုံးရောဂါကို သက်သာစေသည်။”
“ဗီတာမင် E သည် အရက်မသောက်သူများတွင်ဖြစ်သော အသဲအဆီများရောဂါ ကုသရန် အလားအလာကောင်း။”
“ကိုယ်ဝန်ဆောင်စဉ် ဗီတာမင် D များများပေးခြင်းဖြင့် အချိန်စော မွေးခြင်းမှ တားဆီးနိုင်။”
“ပန်းနာရှိသည့်ကလေးများ ဗီတာမင် D နည်းခြင်းနှင့် ဆက်စပ်နေသည်။”
“ဗီတာမင် D သည် ခုခံအားကြောင့်ဖြစ်ရသည့် ရောဂါများအတွက်လည်း ကောင်းသည်။”

ဗီတာမင်တွေကို အမြဲအကောင်းတွေချည်းလို့ ထင်ကြ၊ သတ်မှတ်တြတယ်။ A များသွားရင်တော့ မကောင်းပြန်ဘူး။ C ကို များများ ပေးတာ ဘာမှ မဖြစ်ဘူးလို့ အစဉ်တစိုက် နားလည်ထားရာကနေ တနေ့ကဘဲ “ဗီတာမင် C နှင့် E များစွာ ပေးခြင်းသည် ကင်ဆာ ဖြစ်စေနိုင်။” လို့ သုတေသနတခု ထွက်လာပြန်တယ်။

“ကောက်ချက်ကို ခုန်ချသလို ဒရောသောပါး မလုပ်အပ်ဘူး။” လို့ ဆိုပါတယ်။ သုတေသနတွေကို အထူးပြု လေ့လာသူတွေက လွဲရင် ခေါင်းစဉ်သာ ဖတ်ပြီး၊ မှတ်ယူကြတာ များတယ်။ သတင်းသမားတွေဆိုတာက ဖတ်တဲ့လူကို ဖမ်းစားဘို့သာ အဓိကမို့ မျက်လုံးကျယ်၊ ပါးစပ်ဟစေအောင်သာ သုတေသနသတင်းကို ခေါင်းစဉ်နဲ့ ဆွဲဆောင် တတ်ကြတယ်။ စာတမ်းတခုလုံး မဖတ်ရင် တခါတလေ သုတေသန ဆိုလိုချက် ပျက်ရော။

သုတေသနဆိုတာ များများကို လုပ်နိုင်လေလေ အမှန်နဲ့ နီးစပ်လေ ဖြစ်တယ်။ ဒါတောင် ဘယ်သူတွေကို ဘယ်နေရာမှာ ဘယ်တုံးက ဘယ်လောက်များများကို သုတေသနလုပ်သလဲ လိုသေးတယ်။ ဥပမာ ယမုန်နာဆေးခန်းလေးမှာ ကလေးဖွါးတာကို စာရင်းချကြည့်ရအောင်။
• မွေးလူနာ ၅ဝ ယောက်ထဲကနေတွက်ရင် ယောက်ျားလေး ၄ဝ% နဲ့ မိန်းကလေး ၆ဝ%၊
• မွေးလူနာ ၁ဝဝ ယောက်ထဲကနေတွက်ရင် ယောက်ျားလေး ၄၃% နဲ့ မိန်းကလေး ၅၇%၊
• မွေးလူနာ ၂၅၇ ယောက်ထဲကနေတွက်ရင် ယောက်ျားလေး ၄၇့၇% နဲ့ မိန်းကလေး ၅၂့၃%၊

ဒီကိန်းဂဏန်းတွေက မြန်မာနိုင်ငံသားတွေကို ကိုယ်စားပြုတယ်လို့ ပြောလို့ မရဘူး။ ကျွန်တော့် လူနာတွေရဲ့ ၉ဝ% ဟာ ချင်းလူမျိုးတွေမို့ ချင်းတွေဆို ဒါမှန်တယ်လို့ ပြောတာလဲ တစိတ်တပိုင်းသာ မှန်သေးပြန်တယ်။ ဒေလီမှာ နေကြရတဲ့ ချင်းလူမျိုးတွေဟာ ချင်းတောင်မှာ နေကြရတုံးကလို၊ နေရ၊ စားရတာ မတူပြန်လို့၊ စိတ်နဲ့ ရုပ်ပေါ်အပေါ်မှာပါ ကျန်းမာရေး စောင့်ရှောက်မှု ရတာတွေမှာပါ မတူကြပါ။

ချုပ်လိုက်ရင် တိတိကျကျ သုတေသန ဆိုတာတွေနဲ့ အနှစ်နှစ်အလလ ကိုယ်တွေ့တွေ ပေါင်းစပ်နိုင်ရမယ်။ “များ-များလာတဲ့ အတွေ့အကြုံတွေကိုလည်း အားကိုးပါ။ သုတေသန ဆိုတိုင်းလည်း ကိုင်းရှိုင်းဘို့ ဆန္ဒမစောပါနဲ့။” သုတေသနတွေကိုလည်း သတင်းရောင်းစားတာထက်မက အလေးအနက် လေ့လာရပါမယ်။

Dr. တင့်ဆွေ
၉-၅-၂ဝ၁ဝ

Read more...

Amniotic Sac အထူ နဲ့ အပါး

“တရွာသားကို ရည်းစားလုပ်တော့ လွမ်းရတတ်သည်။ ပဝါပါးကို ကြက်သားထုပ်တော့ စွန်းတတ်သည်။” အထဲကဟာ လူမြင်စေချင်လျင် အင်္ကျီပါး ဝတ်ကြသည်။ အခုခေတ်မှာ အပါးပင်လျှင် မဝတ်ချင်ကြတော့ပါ။ စက္ကူပါးပါး၊ အဝတ်ပါးပါး၊ ပါးသောအရာများသည် ပေါက်ပြဲလွယ်သည်။ လုံအောင် မဖုံးနိုင်ပါ။

ဒါပေမဲ့ ကိုယ်ဝန်-ရေမြွာအိတ်ဟာ ပါးပေမဲ့ သန္ဓေသားကို လုံအောင်ဖုံးပြီး၊ ကောင်းကောင်း ကာကွယ်နိုင်တယ်။ ပါးတယ် ဆိုတိုင်း အားနည်းချက် မဟုတ်သလို၊ ထူတိုင်းလဲ အားသာချက် ဟုတ်ချင်မှ ဟုတ်ပါမယ်။ “သိပ်ထူတဲ့ကောင်” ဆိုတာ နှိမ်ပြောခံရတာပါ။ တံတိုင်းထူကြီးတွေ၊ နံရံမြင့်ကြီးတွေဆောက်တဲ့ အလေ့က ရှေးကျသွားပါပြီ။

လူတွေလုပ်တဲ့ နံရံတွေဟာ လုံအောင်သာ လုပ်ပေးတယ်။ ဒါတောင် ကိုယ့်ကိုယ်ကို (ဗွီအိုင်ပီ) လုပ်သူတွေဟာ တံတိုင်းပေါ်မှာ ပုလင်းကွဲတွေပါ စိုက်ထားရသေးတာ။ (ဗွီဗွီအိုင်ပီ) နေရာတွေကြ ပုလင်းကွဲနဲ့ မရလို့၊ ဓါတ်ကြိုးတွေ တပ်ထားရသေးတယ်။ လျှပ်စစ်ဝိုင်ယာ ဝင်းထရံ Electric fences ဟာ (မာ့ခ်တွိန်း) ရေးခဲ့တဲ့ “အာသာဘုရင်ကြီး ရှေ့မှောက် ရောက်ရသော ယန်းကီး တယောက်” ဝတ္တုထဲမှာ ပါခဲ့တာမို့ နှစ် ၁ဝဝ ကျော်သွားပြီ။ (စီနီယာ-ဗွီအိုင်ပီ) တွေက ဥမင်လှိုင်ခေါင်း တူးတာ ဝါသနာပါကြတယ်။

လူမှာတော့ အဖုံးအကာတွေက လုံခြုံအောင် ဖုံးအုပ်ပေးတဲ့ပြင်၊ သဏ္ဌာန်ပေါ်အောင်လဲ ဖေါ်ဆောင်ပေးတယ်။ လိုအပ်ရင် သင့်တာတွေ ဝင်စေ-ထွက်စေအာင်ဆိုတဲ့ ရှုတ်ထွေးတဲ့ တာဝန်ကိုပါ လုပ်ပေးသေးတယ်။ မွေးကတည်းကနေ သေတဲ့အထိ ရှူလိုက်တဲ့လေကို သန့်သွားအောင် လုပ်ပေးတဲ့ အလုပ်ကို အဆုပ်ထဲက အင်မတန် ပါးလွှာတဲ့ Alveoli ခေါ်တဲ့ လေအိပ်လေးပေါင်း သန်း ၃ဝဝ ကနေ လုပ်ပေးတယ်။ Gas exchange “လေ လဲလှယ်ရေးဌာန” ပေါ့။ နှစ်လမ်းသွား တာဝန်ယူပါတယ်။ ဒါပေမဲ့ ဘယ်လောက် ပါးသလဲဆိုရင် (မိုက်ခရောင်) ၂ဝဝ-၃ဝဝ သာ အထူရှိတယ်။ (မိုက်ခရောင်) ဆိုတာ ၁ မီတာရဲ့ ၁ သန်းပုံ ၁ ပုံ ပြောတာ။ စကားမှာ “အတော်ပါးတဲ့ကောင်” ဆိုတာ အကင်းပါးတာကို ခေါ်တာမို့ ချီးကျူးရာ ကျတယ်။

လူ့ခန္ဓာကိုယ်မှာ အဖုံးအကာတွေ နေရာတကာ ရှိတယ်။ လက်ဖမိုးမှာက အရေပါး၊ လက်ဖဝါးမှာ အရေထူ။ နုတ်ခမ်း၊ မျက်ခမ်း၊ မွေးလမ်း တို့မှာ နိုင်လွန်စလို ပါးပြီး၊ ပိုးလို ချောတဲ့ အဖုံးလွှာရှိတယ်။ လူမှာ အထူဆုံး၊ ခေါင်းကိုဖုံးတဲ့ ဦးရေခွံဟာ ငါးထပ်ရှိတာ။ ဘောလုံးသမားတွေကြ ထူယုံမကဘူး၊ မာသေးတယ်။

အရေပြားရဲ့ နောက်အလုပ်တခုက ကိုယ်ထဲက ရေနဲ့ ဆားကို စွန့်ထုတ်ပေးတယ်။ နဖူးကချွေး ပါးစပ်ထဲကျအောင် အလုပ် လုပ်ရသူများက ငံတာသိကြတယ်။ ထမင်းချက်ရင် မျက်စိထဲ ချွေးဝင်တဲ့ အိမ်ရှင်မတွေ ငရုပ်သီး မကိုင်ဘဲ စပ်ကြရတယ်။

(လီယို-တော်လ်စထွိုင်) ဝတ္ထုတွေကို ဆယ်တန်း ပြဋ္ဌာန်းစာအုပ် လုပ်ဖူးတယ်။ တပုဒ်မှာ “လက်မှာ အသားမာ မရှိရင်၊ ထမင်းမကြွေးဘူး” တဲ့။ အသားမာတွေ ရှိနေအောင် အလုပ်လုပ်တာတောင်မှ ထမင်းဝအောင် မစားရတာကိုတော့ အခုခေတ် စာရေးဆရာတွေက (ဆင်ဆာ) လွတ်ရင် ရေးကြစေချင်တယ်။

ပါးလွလွလေး နောက်တခုကတော့ ကျောက်ကပ်ထဲက Bowman's capsule ဖြစ်တယ်။ လူ့ကျောက်ကပ်ဟာ ရေစစ်နဲ့ တူတယ်။ ရေစစ်ဆိုတာ အဝတ်စ ဖြူဖြူလေးကို နခမ်းမှာ သွပ်ကြိုးဝိုင်းလေး ထည့်ချုပ်ပြီး၊ အောက်မှာ ချွန်နေအောင် ဆက်ချုပ်တားတာ။ အပေါ်ကနေ ရေလောင်းထည့်ရင် အနယ်-အမှုံတွေကို အောက်မကျအောင် စစ်ပေးမယ်။ ပရိက္ခရာ (၈)ပါးထဲမှာလဲ “ပရိသာဝန” ဆိုတာ ရေစစ်ပါ။ ရေစစ်နဲ့ စစ်တာချင်း တူပေမဲ့ ကျောက်ကပ်က လိုချင်တာတွေကို ချန်ထားပြီး၊ မလိုတာတွေကို စစ်ထုတ်ပြစ်တာမို့ ပြောင်းပြန် ဖြစ်ပါတယ်။ သွေးကို (ဘောမင်း-ကက်ပ်ဆူးလ်) ကနေ လိုချင်တာတွေ စစ်ထားပြီး၊ မလိုတာတွေ ထုတ်ပေးလိုက်တော့ “ဆီး” ဖြစ်လာရတယ်။

နယ်နိမိတ်တွေကို မြစ်တွေ၊ တောင်တွေ၊ ပင်လယ်-ရေအိုင်ကမ်းခြေစတဲ့ သဘာဝ နယ်ခြားတွေနဲ့၊ ဒါတွေမရှိရင် နယ်ခြား မှတ်တိုင်တွေနဲ့ သတ်မှတ်ပါတယ်။ နယ်စပ်မျဉ်းကို မကျော်ရဘူးလို့ ဥပဒေနဲ့ တားထားပေမဲ့ သိတဲ့အတိုင်း ဗမာပြည်မှာ နယ်စပ်တိုင်းကနေ နေ့တိုင်း၊ ဝင်-ထွက်နိုင်ကြတယ်။ ထိုင်းနဲ့ မလေးရှားကို ကျောက်ကပ်လိုဘဲ တဖက်သတ်ဘဲ သွားတယ်။ ကန်တော့ပါရဲ့ ထွက်နေသူတွေကို ဆီး လို့ ပြောချင်တာ မဟုတ်ဘူးနော်။ ကျောက်ကပ်ရောဂါ ရှိရင် လိုတာတွေကိုပါ ထုတ်ပြစ်တာမို့ Albumin (ပရိုတင်း) တွေပါ ဆီးထဲ ပါသွားနေတယ်။ တိုင်းပြည်က ကျောက်ကပ်နာနဲ့ တူနေတာမို့ ဆေးကုရနေရတယ်။

အိန္ဒိယ နဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ်တွေကတော့ အဆုပ်ထဲက လေအိပ်နံရံနဲ့ ဆင်တယ်။ အဝင်ရော၊ အထွက်ရောဘဲ။ ပြန်ပြောင်း-ပြောင်းပြန် ဖြစ်နေတာက အာသန်-ကသည်းသူပုန် နဲ့ ခေါ်တောကုလားတွေ လာစေ၊ ဒုက္ခရောက်နေတဲ့ ကိုယ့် နိုင်ငံသားတွေ ထွက်စေ။ (အောက်စီဂျင်) ကို ထုတ်ပြီး၊ (ကာဗွန်ဒိုင်အောက်ဆိုဒ်) ကို စုပ်ယူတာမျိုး။ ဒီရောဂါလဲ တပါထဲ ကုရမှာဘဲ။

အရှေ့မြောက်နယ်စပ်ကတော့ ဘာနဲ့တူလည်းဆိုရင် “မီးနီရပ်ကွက်” မှာ (ကွန်ဒွန်) မပါတဲ့လူကို ဧည့်ခံနေရသလိုဘဲ။ မရှိလို့ လုပ်စားပါတယ်။ ကုမရတာနဲ့ ညားနေရရှာတယ်။ ခုခံအားကိုပါ ဖျက်ဆီးတယ်။ လက်ယပ်ကလည်း ခေါ်နေကြသေးတာ။ ခုထိ ကုမရသေးဘူး။

“အမှန်နဲ့ အမှားကြားမှာ ပါးပါးပါးလေးသာ ခြားတယ်” လို့ မှတ်ချက်ပြုကြပါတယ်။ လုံခြုံအောင် စည်းတား ထားခဲ့ပေမဲ့ ဒဿဂီရိက သီတာမင်းသမီးကို ခိုးသွားနိုင်ခဲ့တယ်။ တံတိုင်းမြင့်မှာ ပုလင်းကွဲ စိုက်တာနဲ့ မလုံခြုံပါ။ အောက်စီဂျင်နဲ့တူတဲ့ လောင်စာ-စွမ်းအင်တွေက ပြောင်းပြန် ထွက်နေတာမို့ ဓါတ်ကြိုးလည်း မဆင်နိုင်ပါ။ Supermax ဆိုတာ ကုန်တိုက် မဟုတ်ဘူး။ High Security Prison အထူး-လုံခြုံ-တင်းကြပ်တဲ့ အကျဉ်းစခန်းကို ခေါ်တာ။ Guantanamo ပင်လယ်အော်က ဟာမျိုး ပေါ့ဗျာ။ ဝေဖန်တာ၊ ကန့်ကွက်တာကို လေးစားရမှန်း သိတော့ ဒါလဲ ပိတ်ရတော့မယ်။ (ဘာလင်) တံတိုင်းဟာ ၂၈ နှစ်သာ ခံတယ်။ ဆွေးမြေ့လို့ ပျက်သွားတာ မဟုတ်ပါ။ တံတိုင်းခတ်စရာမလိုအောင် လုပ်ကြလို့ပါ။ မြေအောက် (ဘန်ကာ) ထဲ ပုန်းနေတဲ့ အာဏာရှင် ဘယ်ရောက်သွားပြီလဲ။

ဗမာပြည်ကို ရေမြွှာအိပ်နဲ့သာ ကာကွယ်ဘို့ သင့်တယ် မဟုတ်ပါလား။ အဆုပ်လည်း ကောင်းကြပါစေ၊ ကျောက်ကပ်လည်း ကောင်းကြပါစေ။

Dr. တင့်ဆွေ
၁၂-၅-၂ဝ၁ဝ


Read more...

Beautiful hospitals အလိုလို ပိုနေသူများ နှင့် အသက်ပို မရှိတဲ့ ဆင်းရဲသားလူနာများ

Court directs Apollo to give free treatment to poor
ပြည်တွင်းကနေ အလွယ်တကူ ဖတ်ရှုနိုင်တဲ့ အွန်လိုင်း လျှပ်တစ်ပြက်ဂျာနယ်မှာ ဒီသတင်းတခု ဖတ်ရပါတယ်။

“ရန်ကုန်၊ မန္တလေး မြို့ပြများတွင် နိုင်ငံတကာ အဆင့်မီ ပုဂ္ဂလိက ဆေးရုံကြီးများ ဆေးကုသခန်းများ အပြိုင်းအရိုင်း ထူထောင် လာခဲ့ကြသလို ပြည်ပ ဆေးရုံများမှလည်း ရန်ကုန်၊ မန္တလေး၊ တောင်ကြီး အပါအဝင် မြို့ကြီး ပြကြီးများတွင် ပရိုမိုးရှင်း ပြုလုပ်ကာ မြန်မာပြည်တွင်းရှိ လူနာများကို ဝန်ဆောင်မှုများနှင့် မဲဆွယ်လာကြကြောင်း လေ့လာတွေ့ရှိရသည်။

အထူးသဖြင့် ဘန်ကောက်နဲ့ စင်ကာပူက ဆေးရုံတွေ အနေနဲ့ မြန်မာပြည်ထဲမှာ ရုံးခွဲတွေ ဖွင့်ကြတယ်။ သည်က လူတွေကို ဘန်ကောက်၊ စင်ကာပူ စသည်ဖြင့် ပို့ပေးကြတယ်။ အထူးသဖြင့် ပိုက်ဆံတတ်နိုင်တဲ့သူတွေ အတွက်တော့ နိုင်ငံခြားမှာ ဆေးသွားကုရတာ ဆေးသွားစစ် ရတာကိုက ဂုဏ်တစ်ခုပဲလေ။ ကုသပုံ ကုသနည်းလည်း ကွာတာ ရှိသလို ဝန်ဆောင်မှု ကလည်း ကွာတော့ ပိုက်ဆံရှိတဲ့ သူတွေက ကုကြတာပေါ့။ တချို့လည်း ပိုက်ဆံရှိတယ်ဆိုတော့ ရောဂါပေါင်းစုံက အလိုလိုရှိလာကြတယ်။

ရောဂါဆိုတာကတော့ ရှာပြီဆိုရင် ရှိတာပဲကိုး၊ အဲသည်တော့ ပိုက်ဆံရှာတဲ့ သူတွေအတွက် နိုင်ငံခြား ဆေးရုံတွေက မြန်မာပြည်ထဲ ရောက်လာပြီး မားကက်ချဲ့ကြတဲ့ သဘောပဲ စကားပြန် ထားပေးတယ်။ မြန်မာဆရာဝန် ထားပေးတယ်။ မြန်မာနာ့ပ်စ် ထားပေးတယ် ဆိုတော့ လူနာက ပြောလို့ဆိုလို့ ကောင်းတော့ ကြိုက်တာပေါ့လေ။ ဆေးကုပြီးပြီ ဆိုရင်လည်း ရှော့ပ်ပင် ထွက်ကြတာတို့၊ အလည် အပတ် သွားကြတာတို့က ရှိသေးတာကိုး၊ အသည်း အသန်လူနာ၊ သေကောင်ပေါင်းလဲလူ ဆိုရင်တော့လည်း ဒါတွေဘယ်လုပ်နိုင်မလဲ၊ တကယ်တော့ ကိုယ့်တိုင်းပြည်က ဆရာဝန်ကြီးတွေ မတော်လို့မှ မဟုတ်တာ'ဟု လူနာဟောင်း တစ်ဦးမှ လျှပ်တစ်ပြက်သို့ ရှင်းလင်း ပြောကြားခဲ့သည်။”

ကျွန်တော် ဖြစ်နိုင်သ၍ နေ့တိုင်း Health News Update ကို တင်ပေးနေပါတယ်။ ၂၃-၉-၀၉ နေ့က ကျန်းမာရေး သတင်းတခုနဲ့ ချိတ်ဆက် ပေးပါရစေ။

သတင်းက ဒေလီရှိ နာမည်ကြီး-ဈေကြီး-အဆင့်မြင့် အပိုလို ဆေးရုံကြီး ဖြစ်ပါတယ်။ (အပိုလို) ဟာ (ဖိုက်စတား) အဆင့် ဆေးရုံကြီးပါ။ အခန်းခကိုက (ဖိုက်စတား)ဟော်တယ်ခန်းခလို ပေးရလို့ပါ။ ကောင်းတာကတော့ ကောင်းလွန်းပါတယ်။ ကမ္ဘာအရပ်ရပ်က လူနာတွေ လာရောက် ဆေးကုသမှု ခံယူနေတဲ့ နာမည်အကြီးဆုံး ဆေးရုံတရုံလည်း ဖြစ်ပါတယ်။

ကနေ့ ဒေလီ High Court တရားရုံးကနေ ၁၂ နှစ်ကြာ ကြားနာ စစ်ဆေးအပြီး၊ အပိုလိုဆေးရုံမှာ ဆင်းရဲတဲ့ လူနာများအတွက် အတွင်းလူနာ ကုတင် ၃၃%၊ အပြင်လူနာ ၄၀% သတ်မှတ်ပေးဘို့၊ နောက်ပြီး အဲလိုလုပ်ဘို့ ပျက်ကွက်ခဲ့တဲ့ ကာလအတွက် ဒဏ်ငွေ ရူးပီး ၂ သိန်း (US$ 4,100) ချမှတ်လိုက်ပါသေးတယ်။ ဒေလီအစိုးရ ကိုလည်း အဲဒီအတိုင်း ဆေးရုံက လိုက်နာခြင်း ရှိ-မရှိ MS ဆေးရုံအုပ် တဦးနဲ့ စစ်ဆေးစေရန် ဆိုတဲ့ အမိန့်ပါ ထုတ်လိုက်ပါတယ်။

အိန္ဒိယလို၊ မြန်မာနိုင်ငံလို ဆင်းရဲသူတွေ များလွန်းတဲ့ တိုင်းပြည်တွေမှာ ဆင်းရဲသားတွေအတွက် ထည့်မတွက်လို့ မရပါ။ အဲလို အဲလို ဖြစ်လာဘို့ဆိုတာက တရားဥပဒေစိုးမိုးမှု၊ “ကျန်းမာရေးဟူသည် လူတိုင်းအတွက် အခြေခံ ခံစားခွင့် ဖြစ်သည်” ဆိုတဲ့ သဘောတရားကို ကိုင်စွဲ တိုက်ယူမဲ့ လူမှုအဖွဲ့အစည်း၊ အခင်းအကျင်းဆိုတာတွေ ကျယ်ကျယ် ပြန့်ပြန့် ရှိနေမှသာ ဖြစ်လာနိုင်ပါမယ်။

တင့်ဆွေ
၉-၁၀-၂၀၀၉


Read more...

Wednesday, October 27, 2010

Sympathy and Empathy သနားစိတ်၊ စာနာစိတ် နှင့် ဆရာဝန်

လူနာတဦးရဲ့ရောဂါအခြေအနေကို ညှာတာစိတ်နဲ့ သက်သာအောင်လုပ် ပေးချင်တာကို သနားစိတ် Sympathy လို့ ခေါ်မယ်။ လူနာတဦး ဖြစ်ပျက်ခံစားနေရတာကို ကိုယ်ချင်းစာပြီး၊ လူနာနဲ့ မျှဝေခံစားတာကို စာနာစိတ် Empathy ခေါ်ပါရစေ။

အဆက်အစပ် သဘောအရဆိုရင် Sympathy က နိမ့်ကျနေသူ၊ ကံအကြောင်း မလှသူတွေအပေါ်ထားတဲ့ စိတ်သဘော ဖြစ်ပြီး၊ Empathy ကတော့ ဆွေမျိုး၊ မိတ်သင်္ဂဟတွေအပေါ် ထားတာမျိုး ဖြစ်တယ်။ အသိဥာဏ်ကလာတဲ့ ပရဟိတ သဘောလဲ ဖြစ်ပါတယ်။ စိတ်လှုတ်ရှားမှုအရ ပြောရရင် Empathy က နီးနီးကပ်ကပ် ဆက်စပ်မှုဖြစ်ပြီး Sympathy က စောင့်ရှောက်မှု ပေးခြင်းသဘော ဆောင်ပါတယ်။

ဥပမာ “ခင်ဗျားမှာ ဒီရောဂါဖြစ်ရတာ ကျွန်တော် စိတ်မကောင်းပါဘူးဗျာ”လို့ ပြောတာနဲ့ ကိုယ်အမူအယာပြတာတွေက Empathy စိတ်။ “ခင်ဗျားမှာ ဒီရောဂါဖြစ်နေရတာကို ကျွန်တော် ဒီလိုအကောင်းဆုံးလုပ်ပေးပါမယ်”လို့ မပြောရင်တောင်မှ တကယ် လုပ်ပေးတာမျိုးက Sympathy စိတ်ဖြစ်ပါတယ်။

နှစ်မျိုးက တူပေမဲ့ ခြားနာပါတယ်။ Sympathy စိတ်က သူများဝေဒနာကို အသိအမှတ်ပြုရာရောက်ပြီး၊ Empathy စိတ်က ထပ်တူထပ်မျှ ခံစားတဲ့သဘောဆောင်ပါတယ်။ Empathy စိတ်ဟာ နှစ်ဦးသားအကြား တိုင်ပင်မထားကြပေမဲ့ ဆုံးဖြတ် လုပ်ဆောင်တာမှာ သွားတူနေတာမျိုးပါ။ လူနည်းစုလေးတခုမှာ ရှိတတ်တဲ့ ယဉ်ကျေးမှုမျိုးပေါ့။ Sympathy စိတ်က Empathy လို တဖက်သား အနားမှာရှိနေမှ ဖြစ်တတ်တာ မဟုတ်ပါ။

Sympathy စိတ်နဲ့ Empathy စိတ်ဟာ ဆက်စပ်နေတယ်။ လူနာကို ကုသပေးတဲ့နယ်ပယ်မှာ မတူတဲ့ အကျိုးတွေ ရစေပါတယ်။ ဆရာဝန်က Empathy စိတ်ထားရင် သူဟာ လူနာရဲ့ ဝေဒနာခံစားနေရတာကို နားလည်ပြီး ဝေဒနာရဲ့ အမျိုးအစားနဲ့ အရည်အသွေး (ဘာရောဂါလဲ၊ ဘယ်လောက်ဆိုးသလဲ) ဆိုတာအပေါ် အာရုံထားပါမယ်။ Sympathy စိတ်နဲ့ကြည့်တဲ့ ဆရာဝန်ကတော့ လူနာခံစားမှု ရဲ့ အရည်အသွေး (ဘယ်လိုနဲ့ ဘယ်လောက်အထိ ခံစားနေရသလဲ) ဆိုတာကို မျှဝေခံစားတာမျိုး၊ မတူကြပါဘူး။

ဒါ့ကြောင့် Empathy စိတ် ပိုလေလေ၊ ရောဂါကိုကုသရာမှာ အကျိုးများလေ ဖြစ်နိုင်ပြီး၊ Sympathy စိတ် များတာဟာ ဆရာဝန်က ဆုံးဖြတ်ချက်ချရာမှာ လိုအပ်တဲ့ ကြားနေသဘော ပျက်ယွင်းတဲ့အတွက် ပြောင်းပြန်အကျိုး ဖြစ်စေနိုင်တယ်။ တိတိကျကျ ပြောရရင် Empathy စိတ်ဆိုတာက မျဉ်းဖြောင့်သွားသလို များလေ၊ တိုးလေဖြစ်တယ်။ Sympathy စိတ် များတာက (ဂ)ငယ်မျဉ်းလို အစပိုင်းများတာက (အကောင်းသဘော) အတက်ဆီ ဦးတည်ပြီး၊ နောက် ဆက်များလာတာနဲ့ အောက်ပြန် ဆင်းသွားတာမျိုး။

ဟောပြောပွဲတခုမှာ တယောက်က “ပြောသွားတဲ့ဘာသာရပ်ကို ဟောပြောသူဘယ်လောက် ဂရုတစိုက်လေ့လာသလဲ empathetic study of the subject ဆိုတာ နားလည်နိုင်တယ်။” လို့ မှတ်ချက်ချမယ်။ နောက်တယောက်က “ငါတော့ ဟောပြောသူဟာ ဘာသာရင်ကို ပိုင်ပိုင်နိုင်နိုင် မရှိတဲ့အပေါ် only sympathize သနားတောင်သနားသေး။”လို့ ပြောတာမျိုး။

အခြေအနေတခုမှာ empathetic ဖြစ်ပေမဲ့ sympathetic မဖြစ်ဘဲရှိနိုင်တယ်။ ဥပမာ လူနာဟာ မဆင်မခြင်နေလို့ ရောဂါ ဆိုးဝါးသွားတာကို ဆရာဝန်က “သူ ဘာ့လို့ ဒီလိုဖြစ်သွားရတာပါလိမ့်”လို့ စောကြော ဆန်းစစ်တာဟာ empathetic စိတ်နဲ့ လုပ်တာပါ။

မိမိလူနာတယောက် ဆုံးပါးသွားတဲ့အခါ ဆရာဝန်ဖြစ်တဲ့စိတ်မျိုးက empathetic ဖြစ်တာ။ ဆရာဝန်ရဲ့ဆွေမျိုးသားချင်း ဆုံးတဲ့အခါမျိုးမှာတော့ empathetic ရော၊ sympathetic ရော နှစ်ခုလုံးဖြစ်ရပါတယ်။

Empathetic ဖြစ်ဘို့ ဆရာဝန်-လူနာဆက်ဆံရေးက အရေးပါတယ်။ Communications ကြွမ်းကျင်ပါမှ။ မတူတာ နောက်တခုကတော့ Empathy စိတ်ကိုတော့ သင်ယူ လေ့ကျင့်ပေးလို့ တိုးပွါးလာနိုင်ပါတယ်။ Sympathy စိတ်ဆိုတာကို မွေးယူ၊ သင်ပေးလို့ မရပါ။

Empathy စိတ်နဲ့ Sympathy စိတ် နှစ်မျိုးလုံးဟာ ကရုဏာစိတ် Compassion ရဲ့အခြေခံတွေဖြစ်ကြပြီး၊ မေတ္တာ Love ဆိုတာမှာလဲ နှစ်မျိုးလုံး အကြုံးဝင်ကြပါတယ်။

Dr. တင့်ဆွေ
၅-၉-ဝ၉


Read more...

Trans fats အညာသားများ ဆီစားကြသည်

ငယ်ငယ်က နွေရာသီ ကျောင်းပိတ်ရင် ဇာတိရွာကို သွားလည်နေကျ။ အိမ်တိုင်းမှာ ဆီကြိတ်တဲ့ဆုံ ဆိုတာရှိတယ်။ သစ်ပင်ကြီးကြီးရဲ့ အောက်ခြေပင်စည်ကို အလည်မှာ တွင်းပေါက်တခု ထွန်းပြီး ဆုံလုပ်တာပါ။ ဆုံထဲကို မြေပဲဖြစ်ဖြစ် နှမ်းဖြစ်ဖြစ်ထည့်၊ သစ်ကျဉ်ပွေ့မှာ ဝါးကိုင်း တပ်ပြီး နွားတကောင်ကို ဆွဲခိုင်းတယ်။ ဆုံအောက်ခြေမှာ သစ်သားပြားကြီးကို ခွထောက်လုပ်ပြီး ထောက်ပေးထားတာမို့ နွားက ပတ်ခြာလည်သွားတယ်။ သစ်သားပြားကြီးပေါ်မှာ တက်စီးလိုက်ရတာ ပျော်စရာ ကောင်းတယ်။ ကြာတော့ နှမ်းကနေ နှမ်းဆီ၊ မြေပဲကနေ မြေပဲဆီတွေ ထွက်လာပြီ။ လူကြီးတွေက ဆီစစ်စစ်က မွှေးတယ်လို့ ပြောတာကို နားမလည် တတ်တဲ့အရွယ်ကပေါ့။

တချိန်က ဗမာပြည်ဟာ တကယ်ကို “ဆီကိုရေချိုး၊ ဆေးရိုးမီးလှုံ” ဘဝမှာရှိခဲ့တာပါ။ ဆီဆုံခေတ်ကနေ ဆီစက်ခေတ် ရောက်တော့ အမျိုးမျိုး အထွေထွေသော ဆီဆိုတာတွေ ပေါ်လာတယ်။ မြေပဲထဲ၊ နှမ်းထဲ တခြားအစေ့ အဆံတွေ ရောရတော့တဲ့ခေတ် ရောက်လာတယ်။ အဲလိုလုပ်တာ သိပ်မကောင်းမှန်း သူတို့ထက်သိသူ မရှိပါ။ ဒါပေမဲ့ မကောင်းတာမှ၊ ညံ့မှ အသက်ဆက်နိုင်ကြရတဲ့ ခေတ်။ ဆီကိုရေချိုးဘို့ နေနေသာသာ လက်ဖက်ကို ဆမ်းဘို့တောင် မလောက်တော့ပါ။

အရင်တုံးက တိရစ္ဆာန်အဆီထက် အသီးအနှံဆီက ပိုကောင်းတယ်လို့ ပြောခဲ့ကြတယ်။ အခု မဟုတ်တော့ပါ။ ကျန်းမာရေးနဲ့ မသင့်တဲ့ ဆီတွေဆိုတာ အင်္ဂလိပ်လို Trans fats or trans fatty acids လို့ခေါ်တယ်။ (ထရန့်ဆီ) ဟာ ဝါစေ့ဆီ၊ ပဲပုတ်စေ့ဆီ တွေကနေ ထုတ်တာပါ။ လူတွေ သမားရိုးကျ စားသုံးခဲ့ကြတဲ့ဆီကို လူတွေကဘဲ ပြုပြင်ပြီး၊ (ထရန့်ဆီ) လုပ်ကြတာပါ။ သမားရိုးကျဆီကို ဟိုက်ဒရိုဂျင် ထပ်ပေါင်း ထည့်လိုက်တာတဲ့။ စလုပ်ခဲ့သူက ဂျာမန်လူမျိုး။ ၁၉ဝ၂ ကပေါ့။

အဲလိုလုပ် လိုက်တော့ ဆီက ပြစ်သွားတယ်။ ပြစ်တော့ ဘာပိုကောင်း လာလဲဆိုတော့ လွယ်လွယ်ပြောရရင် အသုံးခံတာပေါ့ဗျာ။ ဒီဆီနဲ့ကြော်တဲ့ အစားအသောက်ကလည်း အရသာ တမျိုးထူးလာစေတယ်။ ပြန်ပြန် လဲသုံးနိုင်လို့ တွက်ခြေလဲကိုက်တယ်။ မကိုက်တာကတော့ ကျန်းမာရေးနဲ့ပါ။ နာမည်ကြီး (ကိုလက်စထော) ဆိုး တိုးစေတယ်။

(ကိုလက်စထော) ကလည်း အဆိုး (LDL) နဲ့ အကောင်း (HDL) ဆိုပြီး၊ နှစ်မျိုးနှစ်စား ရှိတာဘဲ။ လူတွေနဲ့ အတော်တူပါလား။ အဆိုး များရင် သိတဲ့အတိုင်း နှလုံးသွေးကြောကျဉ်းတဲ့ (စထုပ်ခ်) ရမယ်။ ဆီးချိုအမျိုးအစား ၂ ရမယ်။ နောက်ပြီး အဝလွန်၊ အသဲ၊ ကင်ဆာ၊ အဇာမိုင်ယား ဆိုတဲ့ရောဂါတွေကိုလည်း ဖြစ်စေမယ်။ ကြောက်စရာကြီး။ အဇာမိုင်ယား ဆိုတာက နာမည်ကြီး ဟောလီဝုဒ် မင်းသားကနေ နှစ်ထပ်ကွမ်း (အော်စကာဆု မဟုတ်ဘူး) သမတဖြစ်ခဲ့သူ ရော်နယ်ရီဂင် အသက်ကြီးတော့ ဖြစ်တာမျိုးပြောတာ။

ဒီလိုမကောင်းပါရက်ကနဲ့ ဘာလို့ ပေါ်ပြူလာဖြစ်လာလဲဆိုတာ သိဘို့လိုတယ်။ ၁၉၉ဝ (ရွေးကောက်ပွဲအကြောင်း ပြောမှာ မဟုတ်ပါ) အရင်က (ထရန့်ဆီ) မကောင်းတာကို သိပ်မသိကြဘူး။ သူငယ်ချင်းတို့၊ လင်မယားတို့လို ပေါင်းကြည့်မှ သိတာမျိုးပေါ့။

လူစားတာတွေထဲမယ် ကဇီဓါတ်၊ သား-ငါး နဲ့ ဆီ-အဆီဆိုတဲ့ သုံးမျိုးကိုယှဉ်ကြည့်ရင် တဇွန်းချင်း တူတာတောင် ဆီ-အဆီ ကနေရတဲ့ (ကလိုရီ) ဟာ ကျန်တဲ့အုပ်စုတွေထက် နှစ်ဆမကများတာ။ လူတယောက်ဟာ ကိုယ်လိုတဲ့ (ကယ်လိုရီ) ရဲ့ ဆယ်ပုံတပုံထက် (ထရန့်ဆီ) ကနေရတာဆိုရင်တော့ မကောင်းဘူး မှတ်ပါ။

အစားအသောက်တွေမှာ အဆီဘယ်လောက် ပါတယ်ဆိုတာ ရေးပြီးမှ ရောင်းရမယ်လို့ ဥပဒေထုတ်တဲ့ တိုင်းပြည်တွေမှာဆို သတိထားနိုင်ပါမယ်။ ဘာဥပဒေမှ ဂရုမစိုက်တဲ့နိုင်ငံဆိုရင် “ကံသာလျင်အမိ၊ ကံသာလျင်အဖ” သဘောထားပြီး၊ တရားနဲ့သာ ဖြေပေတော့။ (ကံ ကို မိဘလို အားထားရာလို့ ဆိုလိုတာပါ။ ကိုယ့်မိဘ အစစ်ကလွဲရင် တခြားဟာတွေက မိဘမဟုတ်တာ သတိထားပါ။)

သူများကိုဘဲ အပြစ်မပြောနဲ့ဗျို့။ (ထရန့်ဆီ) ဖြစ်အောင်မလုပ်ဘဲ နဂိုကတည်းက (ထရန့်ဆီ) ပါတဲ့ဆီတွေဆိုတာလည်း ရှိပါတယ်။ နွားနို့၊ အမဲ-ဆိတ်-သိုးအဆီ၊ ထောပတ်၊ မာဂျရင်း။

ဇာတိမြို့ရွာကနေ ချင်းတောင်ဖက်က ဖြတ်ထွက်ရတုံးက ကားလမ်းဘေးမှာ ကျောက်ဆုံထဲကို ချင်းနှမ်း မဲမဲတွေတည့်ပြီး ကြည်ပွေ့ကို လက်နဲ့ မမောမပမ်း ထောင်းပြီး၊ ဆီဖြစ်အောင်လုပ်နေတဲ့ ချင်းမကြီးတွေ မြင်ခဲ့ရဘူးတယ်။ စိတ်မကောင်းဘူး။ ခုချိန်မှာ (ကပီး) တို့ ဆီထောင်းနိုင်သေးရဲ့လား။ ကျွန်တော့် ရွာမှာတော့ ဆီဆုံပျောက်တာ ကြာခဲ့ပါပြီကော။

လူတွေအားလုံး (ဂလိုဘယ်လိုက်) ဖြစ်ကုန်ပြီ။ (ဂလိုဘယ်လိုက်ဇေးရှင်း) နဲ့အတူ ပါလာတဲ့ အစားအသောက်တွေမှာ (ထရန့်ဆီ) တွေ ပါတယ်။ (ဖရင့်ခ်ျ-ဖရိုင်း)၊ (ဒူးနတ်)၊ (ပက်စ်ထရီ)၊ (ပီဇာ)၊ (ကွတ်ကီးစ်)၊ အာလူး (ချစ်ပ်)၊ (ကင်ဒီ-ဘား)၊ ဟမ်းဘာဂါ၊ ကြက်ကြော်၊ (ပေါ့ပ်ကွန်)၊ (မာဂျရင်း-စတစ်)၊့။

ကဲ့ (မက်ဒေါ်နယ်) တို့၊ (ကေအက်ဖ်စီ) တို့၊ (ပီဇာ)တို့ သွားစားနိုင်သူများ ဆက်ပြီး ကံကောင်းကြပါစေ။

Dr. တင့်ဆွေ

Read more...

Vitamin E ညိုချောလေးတွေ

ဟိုတချိန်တုံးက မန္တလေးဈေးချိုမှာ (တိုးရစ်) အတွဲတခုက ကျွန်တော်တို့အတွဲကို တခုမေးလာတယ်။ လူကဲခပ် ကောင်းပုံရတယ်ခင်ဗျ။ (ဖရု-မားကက်) ဘယ်မှာလဲပေါ့။ ဗမာပြည်မှာက အသီးအနှံဈေးဆိုပြီး သီးခြားရယ်လို့မရှိဘူး မဟုတ်လား။ ဈေးတွေမှာ ပစ္စည်း အမျိုးတူတာတွေကို ဆိုင်ချင်းကပ် ရောင်းတဲ့ စနစ်မျိုးလောက်သာ ရှိတာပါ။ ဈေးချို အနောက်ဖက်တန်း၊ တောင်ဖက်ထိပ်ဟာ ရာသီအလိုက်ပေါတဲ့ အသီးအနှံတွေ ရောင်းတဲ့နေရာပါ။ တတ်စွမ်းတဲ့ အင်္ဂလိပ်စာ (စပီကင်-စကေးလ်)နဲ့ဘဲ လမ်းညွှန်လိုက်ပါတယ်။ ကျွန်တော်တို့ ရောက်နေကြတာက (စီ)ရုံမို့၊ တောင်ဖက်ကို ကိုက် ၁ဝဝ ကျော်လောက် လျောက်ပါပေါ့။ ဗမာပီပီ သဘောကလည်း အပိုဆောင်း ကောင်းလိုက်ပါသေးတယ်။ အဲ့ ဈေးတော့ ဆစ်နော်။ အမှန်ဘဲလေ၊ ကျွန်တော်တို့တိုင်းပြည်မှာက ဈေးဝယ်လာသူကို အင်္ဂဝိဇ္ဇာနည်းနဲ့ အကဲခပ်ပြီးသကာလ ရရင်ရသလောက် ဈေးဝယ်သူဆီက ဖြစ်ညှစ် ရောင်းချင်တဲ့အကျင့် ရှိတယ်မဟုတ်လား။

အရောင်အသွေးစုံလှတဲ့ အသီးအနှံတွေကိုမြင်ရင် ဆရာဝန်တယောက်မျက်စိနဲ့ဆို ဒါဟာ ဗီတာမင်တွေလို့ဘဲ မြင်တတ်ပါတယ်။ ဗီတာမင်တွေဆိုတာ အသီးအနှံတွေကရတာလို့ ယေဘူယျပြောနိုင်တာကိုး။ အမှန်ကတော့ ဒီလိုပြောတာ အတိအကျတော့ မမှန်ပါ။ အသားငါးတွေကလဲ ရတာတွေရှိတယ်ခင်ဗျ။ ကကြီးကနေ အ၊ (အေ-တူ-ဇက်) ဒါမှမဟုတ် (အေ-တူ-ဇိ) ဗီတာမင်တွေထဲက (အီး) အကြောင်းလေး နည်းနည်းပါးပါး ဆွေးနွေး (ရှယ်) ရအောင်လား။

ဗီတာမင် (အီး) ဆိုတာ ဗမာစကားနဲ့ဆို ကြားလို့ သိပ်ကောင်းတာမဟုတ်ပေမဲ့ သူက ရှစ်မျိုးသောဓါတ်တွေကို စုစည်း ခေါ်တာမို့ ခေသူ မဟုတ်ပါ။ ဗီတာမင်တွေကို အဆီမှာပျော်ဝင်တာနဲ့ ရေမှာပျော်ဝင်တာဆိုပြီး နှစ်မျိုးခွဲရာမှာ သူက အဆီမှာ ပျော်သတဲ့။ (အေ)နဲ့ (ဒီ)လိုပါဘဲ။ ဒါ့ကြောင့် ဆီထုတ်လို့ရတဲ့ အစားအစာတွေမှာ ပါတယ်။ အစေ့အဆံတွေ၊ အသီးအရွက်တွမှာ ပါပါတယ်။ နေကြာစေ့၊ မြေပဲ၊ ပဲပုတ်စိ၊ အာရပ်နိုင်ငံတွေကထွက်တဲ့ (အလာမုန်း)၊ သံလွင်ဆီ၊ ဒါတင်ဘယ်ကမလဲ၊ သင်္ဘောသီး၊ မုံညင်းစိမ်း၊ မုံညင်းဖြူ၊ ခရမ်းချဉ်သီး တို့မှာလဲပါတယ်။ (ဘရူကိုလီ) ခေါ် မုံလာပွင့်စိမ်း၊ (ပေါ့ပိုင်-သည်-ဆေးလ်လား) ကာတွန်းထဲက (စပင်းနစ်ရှ်) ခေါ်တဲ့ ဟင်းနုနနွယ်ရွက်တွေမှာ ပါတယ်။

ရုပ်ရှင်-တီဗွီ ကြည့်ရင် နေကြာစေ့လှော်စားတာက အမှိုက်ရှုတ်ပြီး နုတ်ခမ်းနီ ပျက်တတ်ပေမဲ့ ဗီတာမင် (အီး) ပါလို့ ကောင်းပါတယ်။ (ကျွန်တော်က နေကြာစေ့ရောင်းသူ မဟုတ်ပါ။)

အမှန်တော့ ဗီတာမင် (အီး) နည်းတဲ့ရောဂါဆိုတာ အရှားသားပါ။ အဆီကို စုပ်ယူနိုင်စွမ်း မရှိတဲ့အခြေအနေ၊ မွေးတုံးက ကိုယ်အလေးချိန် မပြည့်ရင်၊ အူမှာ ရောဂါတခုခုရှိရင် ဆိုတာလောက်သာ ဖြစ်နိုင်ပါတယ်။

ဗီတာမင် မှန်သမျှ မရှိမဖြစ်လိုပေမဲ့ နည်းနည်းဆိုရတယ်။ လူစားတဲ့အစာတွေမှာ ပါတာမို့ အဆန်းကြီး မဟုတ်ပါ။ အခုရေးတာတွေထက် ပိုပြီး ဆေးရောင်းတဲ့ ကုမ္ပဏီတွေက ကြော်ညာတာတိုင်း သွားတော့မယုံလေနဲ့။ အဲ့ တန်ဆေး၊ လွန်ဘေး ဆိုသလို ဗီတာမင် (အီး) များရင်လဲ မကောင်းပြန်ဘူး။ ဆေးပညာအရပြောရရင် တနေ့ကို ၁ဝဝဝ မီလီဂရမ်ထက် မပိုသင့်ဘူး။ အသက်ငယ်ရင် ငယ်သလို နည်းနည်းဘဲ လိုတာပါ။

ဗီတာမင် (အီး) နဲ့ပတ်သက်လို့ သိပ်မသေချာသေးတာတွေ အတော်ရှိပါတယ်။ နှလုံးသွေးကြောကျဉ်းရောဂါကို ကာကွယ်နိုင်တယ်၊ ကင်ဆာ (အစာအိမ်ကင်ဆာ၊ အမျိုးသမီးရင်သားကင်ဆာ၊ အမျိုးသမီးအူမကြီးကင်ဆာ၊ ယောက်ျားဆီးကြိတ်ကင်ဆာ၊ ဆီးအိမ်ကင်ဆာ) စတာတွေကို ကောင်းစေတယ်ဆိုတာက သုတေသန အဆင့်မှာသာ ရှိပါသေးတယ်။ နောက်ပြီး မျက်စိအတွင်းတိမ်အတွက် အကျိုးများစေတယ်လို့ ဆိုပါတယ်။

သေချာတာကတော့ နေရာင်ထဲမှာပါတဲ့ အန္ကရာယ်ပေးတတ်တဲ့ ခရမ်းလွန်ရောင်ခြည် (ယူဗွီ-လိုက်) ကို ကာကွယ်ရာမှာ သူက ကောင်းပါတယ်။ ဒါ့ကြောင့် သူ့ကို ကောင်းခြင်းငါးဖြာထဲက အသားအရေ၏ ကောင်းခြင်းကို လိုချင်သူ အမျိုးသမီးများက သဘောကျကြတယ် မဟုတ်ပါလား။

အမျိုးသမီးတွေအတွက် ကောင်းမှာတွေ ရှိပါသေးတယ်။ ဝက်ခြံ၊ ရင်သားကင်ဆာ၊ ရင်သားအကြိတ်၊ သွေးဆုံးလက္ခဏာတွေ၊ ကိုယ်ဝန်ရှိချိန်မှာ သွေးတိုးတာ၊ မွေးလမ်းကြောင်း ရောင်တာတွေမှာလဲ ကောင်းစေပါသေးသတဲ့။

ဗီတာမင် (အီး) ရော (အေ) ရောဟာ အသားအရေကို ကောင်းစေပါတယ်။ နှစ်မျိုးလုံးက အဆီမှာ ပျော်ဝင်တာမျိုးတွေမို့ ဆီရှားတဲ့အရပ်၊ ဆီမစားတတ်တဲ့ အကျင့်ရှိတဲ့အရပ်က လူတွေအတွက် သတိထားသင့်တယ်။ ဆီ-အဆီကို ရှောင်တိုင်း မကောင်းပါ။ မြေပဲ၊ နှမ်း၊ နေကြာ၊ ပန်းနှမ်း၊ (ကြက်ဆူဆီ မပါ) ပေါလှတဲ့အရပ်က အညာသူ၊ အညာသားတွေဟာ ညိုချောတွေဖြစ်ကြတာ မဆန်းပါ။

ညိုချောဆိုတာ အသားရောင် ညိုပေမဲ့ ထိတွေ့တဲ့အခါ ချောမွေ့တာကို ဆိုတာပါ။ ဟုတ်ပါတယ်နော့်။

၅-၄-ဝ၉ နေ့ကရေးသည့်စာ။

Read more...

Back Pain ခါးကောင်းမောင်းသန်ကြစေ

ချင်းတွင်းမြစ်ထဲကို အနောက်ဖက်ကနေစီးဝင်တဲ့ ယမားက နှစ်ခုရှိတယ်။ ယမားဆိုတာက နွေဆိုရင် ရေမရှိတဲ့ချောင်းပေါ့။ လူကြီးသူမတွေက ရေမရှိတဲ့ချောင်း၊ နှာခေါင်းနှစ် ဘာဖြစ်စေ-ညာဖြစ်စေ ပြောလေ့ရှိတာပေါ့။ အဲ မိုးများရွာလိုက်ရင် တခေါ်လောက်သာ ကျယ်တဲ့ယမားကို ကန့်လန့်ဖြတ်မကူးလေနဲ့။ ဘယ်လောက်သန်တဲ့ နွားဖြစ်ဖြစ်၊ ဘယ်လောက်မြန်တဲ့ လူဖြစ်ဖြစ် မလွတ်ရေးချ မလွတ်။

တောင်ယမားကမ်းပေါ်က ရွာသေးသေးလေးမှာ ကျွန်တော့်ကို မွေးခဲ့ပါတယ်။ ယမားချောင်းဘေးမို့ ရေကလည်းကောင်း၊ မြေအမျိုးအစားကျပြန်တော့ တနယ်မြေမလို့ခေါ်တယ်။ မဲပြီးစေးနေတာမျိုး။ ပဲ-ပြောင်း-နှမ်း-ဝါ စိုက်ချင်ရာစိုက် အထွက်ကောင်းပါတယ်။ ဒါပေမဲ့ မိုးရွာပြီဆိုတာနဲ့ ကားမပြောနဲ့၊ လှည်းဘီးတောင် မလည်နိုင်တော့ဘူး။ တအောင့်နေတခါ လှည်းဘီးကရွံ့ကို ခြစ်ပြစ်ပါမှ ခရီးဆက်နိုင်မယ်။ ချောင်းစပ်-ချောင်းထဲမှာ ခရမ်းချဉ်၊ ကြက်သွန် စိုက်လို့ကောင်း။ အုန်းဆိုတာ သားသမီးအမွေပေးရင် စာရင်းဝင်တယ်။ ယမားနှစ်ခုကြားနေရာတွေမှာ နောက်ခေတ်ရောက်လာတော့ ကုလားပဲနဲ့ဂျုံကို ပြောင်းစိုက်ကြတာ ကောင်းသလားမမေးနဲ့။

ဒီလိုဆိုလိုက်တော့ ဒီအကောင်ကြီးရင် စိုက်ပျိုးရေးသမားဖြစ်မယ် ထင်နိုင်လောက်ပါရဲ့။ ဖြစ်တော့မလို့ဘဲ။ ဆယ်တန်းအောင်တော့ အမှတ်ပေးစနစ်အသစ်နဲ့ညားခဲ့တယ်။ နောက်လူတွေ သိမှာမဟုတ်ဘူး။ နောက်လူတွေကြုံတာတွေလဲ ရှေ့လူတွေလဲ မသိပါဘူးလေ။ ဘူဘူချင်း လုပ်လိုက်ရဦးမယ်။ အဲဒီခေတ် ဆယ်တန်းအောင်ချိန်မှာ ရွေးရသဗျ။ ကြိုက်တာ တခုတည်းတော့ မဟုတ်ဘူး။ တန်ရာနဲ့ကြိုက်ရာ နှစ်ခုလုံး ရွေးရတာ။ ကျောင်းဆက်တက်ဘို့ ဆေး-စက်မှု၊ ဘာညာပေါ့။ သုံးမျိုးရွေးရမယ်ဆိုလို့ ကျွန်တော်က တတိယဦးစားပေးမှာ စိုက်ပျိုးရေးရွေးခဲ့တယ်လေ။ စောစာကရေးသလို တောသူတောင်သားမျိုးရိုးအရတော့ မဟုတ်ဘူး။ မန္တလေးမှာသင်နိုင်မဲ့ကျောင်းတွေမို့သာ ရွေးခဲ့တာပါ။

ငါးနှစ်သားကနေ မွေးရပ်ကခွါသွားလိုက်တာ အလုပ်အကိုင်ရပြီး၊ အတော်ကြာမှ ကိုယ့်မြို့ကိုယ်နယ်ကို ပြန်လာရတော့တယ်။ အဲဒီအချိန်မှာ ဝါတွေမစိုက်ကြတော့လို့ ဝါစက်ကြီးက မလည်နိုင်တာတောင် အတော်ကြပြီတဲ့။ ဒါပေမဲ့ ကျွန်တော်တို့အုပ်စုအဖို့ အတော်အသုံးကြတာသွားတွေ့ရတယ်။ ဝါလှမ်းတဲ့ အုတ်ခုံကြီးပေါ့။ 87’ x 36’ တင်းနစ်ကစားကွင်းလုပ်ဘို့ အံကိုက်ပဲ။ စတိတ်တူးတုံးကအတူနေ ငယ်သူငယ်ချင်း နှစ်ယောက်ကို အင်ဂျင်နီယာဘဝနဲ့ပြန်ဆုံကြရော။ တယောက်က ဝါလှမ်းတဲ့အုတ်ခုံကို ပုလဲ(အိုးပင်) ကစားကွင်း လုပ်လိုက်တယ်။

ကစားရတာတော့ကောင်းပါရဲ့ တရက်ကြတော့ ကစားရင် ဘောလုံးကိုရိုက်ဖို့ကြိုးစားတာ ကိုယ်အောက်ပိုင်းက မရွေ့နိုင်ဘဲ အထက်ပိုင်းက ဆတ်ကနည်းလှုပ်တော့ ခါးနာပါလေရော။ အတော်ကို ခံရသဗျ။ ခါးနာတဲ့လူတွေက အများသား၊ အကြောင်းအမျိုးမျိုးနဲ့နာတတ်တာ။ ယောက်ျား-မိန်းမ မရွေးဘူး။ အရွယ်က လူလတ်ပိုင်းဖြစ်တတ်ကြတယ်။ စာရင်း မှတ်လေ့လာသူများက လူ ငါးယောက်မှာ လေးယောက်က ဖြစ်ဖူးသတဲ့။ ဒါပေတဲ့ များသောအားဖြင့် သာမန်ကာရှန်ကာနဲ့ ပျောက်ပါတယ်။ နည်းနည်းနားပြီး၊ အကိုက်ပျောက်ဆေးလေး ဘာလေးသောက် ပျောက်တာမျိုး မဆိုးလှပါဘူး။ အဲလိုကံကောင်းသူ မဟုတ်ရင်တော့ ကြာပြီ။ နာပြီ။ တခါဖြစ်ဖူးရင် ထပ်ထပ်လည်းဖြစ်တတ်သေးတယ်။

အကိုက်အခဲပျောက်ဆေးဆိုတာ ပဲလှော်လို၊ အိမ်တိုင်းမှာရှိ၊ လူတိုင်းလဲစားလေ့ရှိတယ်။ ဗမာပြည်တွင်းမှာ (ဘတ်စ်ပရို)၊ အရင်က (အေပီစီ)၊ နည်းနည်းပျင်းတာလိုချင်ရင် (အနာဂျက်ဆင်)၊ အခုနောက်ပိုင်း၊ (ဘလူဖင်)၊ (ကွန်ဘီဖလင်)၊ နာမည်တွေက အမျိုးမျိုး။ ဆေးနာမည်ဆိုတာ ကုပ္မဏီတွေကပေးတဲ့နာမည်(ဘရင်း-နိမ်း)နဲ့ ဆေးနာမည်(ဂျနဲရစ်-နိမ်း)ဆိုတာ နှစ်မျိုး မှတ်ဘို့လိုတာ။ အမှန်က အကိုက်အခဲပျောက်ဆေးဆိုတာက ဆိုင်တွေမှာ ရေတွက်မကုန်လောက်အောင် နာမည်မျိုးစုံရှိပေမဲ့၊ ဆေးအမျိုးအစားအခြေခံက သုံး-လေးမျိုး လောက်သာရှိတာပါ။ NSAID လို့အုပ်စုနာမည်ပေးထားတာ။ (စတီရွိုက်)မပါတဲ့ အနာပျောက်ဆေးကို ပြောတာပါ။ (စတီရွိုက်)ဆိုတာ ဟော်မုန်းလိုဘဲ အာနိသင်ကပြင်း၊ ဘေးထွက်မကောင်းကျိုးကလဲပြင်း၊ ပဲလှော်လိုမစားသင့်ဘဲ၊ ဒူးရင်းသီးလို တခါတလေမှ သေသေခြာခြာ စားရတာမျိုး။

အနာပျောက်ဆေးလို့ အလွယ်ပြောပေမဲ့ သတ္တိက သုံးမျိုးတောင်ရှိတယ်။ နာတာလဲပျောက်၊ ဖျားတာလဲကျ။ ရောင်တာလဲလျော့လို့ သုံးလွန်းတင်ဆေး ဖြစ်တယ်။ တကယ် ပဲလှော်လို စားနိုင်တာကတော့ (ပါရာစီတမော)။ ကျွန်တော်တို့ ကျောင်းနေတုံးက သင်ရချိန်မှာ ဒီဆေးကို အရေးမလုပ်ခဲ့ကြဘူး။ ကျောင်းသားတွေသာမဟုတ်။ ဆေးစာအုပ်တွေမှာတောင် နေရာသိပ်မပေးဘူးဗျ။ အဲ နောက်တော့ သွေးထွက်တတ်တဲ့ရောဂါတွေ ခေတ်စားလာတယ်မဟုတ်လား။ ဗိုက်နာရောဂါသမားတို့၊ သွေးလွန်တုပ်ကွေးတို့၊ ဟိုက-ဒီက သွေးယိုတာတို့ များများလာတော့ အကိုက်ပျောက်ဆေးတွေကို တလေးတစား၊ သတိထားရာကနေ တချိန်က လူသိမများ၊ လူသုံးနည်းခဲ့တဲ့ ကို(ပါရာ)က နေရာရလာတော့တယ်။ ဗိုက်နာသူလဲ ကိစ္စမရှိ။ ကလေးဆိုလဲ ပေးတာပေး။ သိပ်မများရင် ပြီးရော။

အဲ့ ကျွန်တော့်ခါးနာမျိုးကျ တော်တော့်အနာပျောက်ဆေးနဲ့မရတော့ဘူး။ အပြင်းစားတွေသုံးတော့ သုံးနိုင်တယ်။ ဘိန်းတမျိုးမျိုး ပါနေတဲ့ ဆေးမျိုးပြောတာ။ ကြွက်သားပြော့ဆေးလဲ ပေးတတ်တယ်။ ဆေးရှိန်ရှိနေတုံး အနာသက်သာမယ်။ ဘယ်ဆေးမဆို လေးနာရီ၊ ခြောက်နာရီ စသဖြင့် သတ္တိပြကြတယ်။ တနေ့ နှစ်ခါသောက်ဆိုတာ ၁၂ နာရီသာခံလို့ပြောရတာ။ တလခံဆေးဆိုတာ ကြားဘူးမှာပေါ့၊ လေးဘက်နာကြောင့် နှလုံးရောဂါဆက်မဖြစ်အောင်ထိုးရတဲ့ (ပနယ်စလင်)ထိုးဆေး။ အဲဒါမသိတောင် သုံးလခံ ဆိုတာတချို့က ကောင်းကောင်းသိမှာပေါ့။ မိသားစုစီမံကိန်း ထိုးဆေးလေ။ ဒါ့ကြောင့် တနေ့ လေးခါသောက်ဘို့ပေးတဲ့ဆေးကို တခါတည်း အကုန် မသောက်ရတာပေါ့။ ဗီတာမင် (ဘီ) တစ်တို့၊ နှစ်တို့ဆိုတာ ကြားဖူးမှာပေါ့။ ဘီ ၁၂ ကုန်လို့ ဘီ ၆ နှစ်လုံးကို ရောထိုးတယ်ဆိုတာလေ။ ဟာသမဟုတ်ဘူး တကယ်ဖြစ်ဖူးတာ။ ချင်းတွင်းနားမှာပါဘဲဗျာ။

ခါးနာတို့မည်သည် ဆေးတခုတည်းနဲ့မရပါ။ စာအုပ်ကြီးဖတ်ပြီးပြောမှာ မဟုတ်ဘူးနော်။ ဘာမဆို ကိုယ်တွေ့ဆိုတာက မေ့မရဘူး မဟုတ်ပါလား။ ခါးနာသူများ အအိပ်-အနေ-အထိုင် ဤသုံးမျိုး ချက်ပိုင်ဘို့ လိုပါတယ်။ အိပ်ရင် ကြမ်းခင်းမာမာမှာ ခါးစန့်စန့်၊ ခေါင်းအုန်း နိမ့်နိမ့် အိပ်ပါလေ။ ပက်လက်-ကုလားထိုင်မှာ မထိုင်လေနဲ့။ ဆင်းရဲသားကြိုက်ဗျ။ မွေ့ယာမသုံးနဲ့၊ (ဒရင်း-ဘက်)မသုံးနဲ့၊ Hammocks ဆိုတဲ့ ကြိုးတို့၊ အဝတ်တို့နဲ့ လုပ်ထားတဲ့ ပုခက်အိပ်ယာမျိုးနဲ့ စတိုင်မထုတ်လေနဲ့။

ထိုင်ရင် ကျောမှီပါရမယ်၊ ပေါင်ကအခင်းမှာကပ်နေသလို နောက်ကြောက နောက်မှီမှာကပ်နေပါစေ။ ဆောင့်ကြောင့် မထိုင်လေနဲ့၊ လက်တဝါးလောက်သာ မြင့်တဲ့ ဖင်ထိုင်ခုံမှာ ထမင်းချက်ရင်း၊ မီးလှုံရင်း။ အတင်းပြောရင်း၊ သန်းရှာရင်း မထိုင်ပါနဲ့။ တီဗွီ ကြည့်မယ် ဆိုပါတော့ ဆက်တီ-ကွတ်ရှင်ပေါ်မှာ ငါးထပ်သားပြားကိုခင်းထားမှ ကောင်းမယ်။

မနက်လင်းလို့ မျက်နှာသစ်ရင် ပြဿနာတက်ပြီ။ ခါးများ သွားကွေးလိုက်လို့ကတော့ ပိုဆိုးမယ်။ မကုန်းလို့ကလည်း ရေကဗိုက်စိုပြီ။ အဲဒီလိုအလုပ်မျိုး ကြပ်ကြပ်သတိထားပေရော့။ လက်ဆေး၊ ပန်းကန်ဆေး၊ အဝတ်လျှော်၊ ဘာမဆို ခါးကိုဆန့်ပြီးမှ လုပ်ပါ။ တံခါးမင်းတုံး၊ ဘီရိုတံခါး၊ စာရေးစားပွဲ၊ လက်ဆေးခွက်တို့ အားလုံးဟာ ကိုယ့်အရပ်နဲ့ကိုက်ဘို့လိုပါတယ်။ ဘယ်လောက်ဘဲ ပြောင်လက် ချောမွေ့ နေအောင် လုပ်ထားပါစေ၊ ရွှေကွပ်ထားအုံးတော့ အနိမ့်အမြင့် မကိုက်တဲ့ အသုံးအဆောင်ဟာ အကောင်းစာရင်း မသွင်းသင့်ပါ။ ကွန်ပြူတာမှာ ထိုင်ရင် လက်ကောက်ဝတ်ရိုးကိုဘဲ သတိပေးတာ မလုံလောက်ဘူး။

စားရင်းသောက်ရင်းတော့ ဒီစာဆက်မဖတ်နဲ့နော်၊ သတိပေးပါတယ်။ အိမ်သာတက်တာ စပါယ်ရှယ်မှ ဖြစ်တာကို ရေးချင်လို့ပါ။ ဆောင့်ကြောင့်ထိုင်အိမ်သာနဲ့ ရှင်ခန်းဖြတ်သင့်တယ်။ ဗိုလ်ဆန်ဘို့ ဒီနေရာမှာ လိုပါတယ်။ ဒူးကို ၉ဝ ဒီဂရီသာ ကွေးဘို့လိုတဲ့ အမျိုးအစားနဲ့သာ ခါးနာသူများ ထိုက်တန်တော့တယ်။ ဒါတခုကတော့ ဆင်းရဲသားတွေ ကံမကောင်းပြန်ဘူးနော်။ ခါးမနာအောင်သာ ဆင်ခြင်ဗျာ။

ခါးနာတာကို ခါးမှာအပူကပ်ရင်သက်သာနိုင်တယ်။ ပရုပ်ပလာစတာ၊ ငရုပ်သီးပလာစတာ ဆိုတာမျိုး၊ (အင်ဖရာ-ရက်) ဆိုတဲ့ မီးနီကင်တာလဲ အထောက်အကူရပါတယ်။ (ဖီဇီယို) ခေါ်တဲ့ အကူပစ္စည်းတွေနဲ့ လေ့ကျင်ခန်း လုပ်တာတို့၊ ဖယောင်း ကပ်ပေးတာတို့လဲ လုပ်ရတတ်တယ်။ ကံဆိုးသူများ ခါးနာလို့ ခွဲစိတ်ကုရတာမျိုးရှိတယ်။ အာရုံကြောထိတဲ့လူတွေမှပါ။ ခေတ်စားလာတဲ့ ကုနည်းတခုက ခါးမှာ အင်္ဂတေလို အစွမ်းရှိတဲ့ဆေး ထိုးတာတဲ့။

အစားမတော်တလုပ်၊ အသွားမတော်တလှမ်း။ ကစားမတော်တော့ တလှမ်းတောင်မလှမ်းရဘူး ဖြစ်တတ်တယ်။ စားသတိ၊ သွားသတိ၊ ကစားသတိ ရှိနိုင်ကြပါစေ။

Dr. တင့်ဆွေ
၁ဝ-၁၂-၂ဝဝ၈

Read more...

Victims of Era ဆရာဝန်၊ ဆေးကျောင်းသားများသည် သားကောင်များဖြစ်သည်

၂ဝဝ၈ ခုနှစ် အောက်တိုဘာလထုတ် ရွက်နုဝေမဂ္ဂဇင်းက ဆရာအောင်ကြီးရဲ့ ဆောင်းပါးနဲ့ ၁၂-၁၂-ဝ၈ နေ့က (RFA) ကလွှင့်တဲ့ ဆေးတက္ကသိုလ်ဘွဲ့များ ဆေးကုသခွင့် လိုင်စင်ရရေး ခက်ခဲဆိုတဲ့ သတင်းနှစ်ပုဒ်လုံး တပြိုင်နက် ဖတ်ရတယ်။ စိတ် အတော် ထိခိုက်မိပါတယ်။ ခံပြင်းလည်း ခံပြင်းတယ်။ ကျောင်းသား လူငယ်တွေကို သနားမိတာရော ပါတယ်။ စနစ်တကျ ဖျက်ဆီးခံနေကြရတာပါ။

အမေရိကန် သမတသစ်က နေသူ့အုပ်ချုပ်ရေးအဖွဲ့အတွက် လူရွေးနေတုံးက အကောင်းဆုံးဦးနှောက်တွေဆိုပြီး အမွှန်းတင်ထာ ကြားလိုက်မိကြမှာပါ။ LDC အဆင်းရဲဆုံး စာရင်းဝင်ဘဝကနေ ရုံးထွက်နေရချိန်မှာ ဘယ်သူက အုပ်ချုပ်နေနေ၊ တိုင်းပြည်ရဲ့ ဦးနှောက်ကို မသုံးဘူးဆိုရင်၊ အခုအနှစ် ၂ဝ ကျော်လာလို့ လွတ်လမ်းမမြင်သေးတာ ဘယ်ဆန်းမလဲ။

ကျွန်တော်တို့ လူမွဲစာရင်းက လွတ်ဘို့၊ သူများတွေနဲ့ ယှဉ်နိုင်ဘို့၊ ဖြစ်နိုင်ရင် ကျော်တက်ဘို့ဆိုတာ ဗျူဟာကျတဲ့ စိတ်ခေါ်ချက်ပါ။ စေတနာပါတဲ့အမြင် ရှိတယ်ဆိုရင်၊ လူ့ဦးနှောက်ကောင်းတွေကို အနှစ် ၂ဝ နဲ့သင်ကြား၊ မွေးထုတ်နိုင်ပါတယ်။ ကျွန်တော်တို့ တိုင်းပြည်မှာ သိပ်ဝေးလံခေါင်ဖျားတဲ့နေရာတွေက လူတွေအတွက်ရော၊ ဆင်းရဲတဲ့လူတွေအတွက်ရော၊ နောက်ပြီး အမီလိုက်နိုင်ရေး ဦးတည်ချက်ရော စုစပ်ပြီးသကာလ ဗျူဟာအတို-အရှည်ချ လုပ်ရပါလိမ့်မယ်။

ကျောင်းတက်ဘူးသူတိုင်း သိကြမှာပါ။ အတန်းတတန်းမှာ လူတော် ၁ဝ ယောက်လောက်ရှိနိုင်တယ်။ ထူးချွန်တဲ့သူ ၂ ယောက်လောက် ပါနိုင်တယ်။ ကျောင်းတိုင်းလိုလိုကနေ ရွေးထုတ်နိုင်တာမျိုးပါ။ လူတော်လေးတွေတွေ့ပါပြီတဲ့၊ သူတို့ကိုသင်ပေးမဲ့ပညာက ခပ်ရှော်ရှော် ဖြစ်နေရင်လဲ၊ မဟုတ်သေးဘူး။ ပညာခေတ်ဆိုပြီး ထောက်ပြနေတာတော့ရှိပါရဲ့၊ လုပ်ပေးရမဲ့သူက မလုပ်တော့ ထမင်းဆာနေတဲ့ လူအနား ဟင်းလျှာကောင်း အနံ့မွှေးပေးနေရင် ဆာနေသူအဖို့ ပိုပြီး ဒေါသကြီးပါလိမ့်မယ်။

မြန်မာနိုင်ငံသားတွေဟာ လူမျိုးတိုင်းလူမျိုးတိုင်း ထူးခြားတတ်ကြသလို ထူးတာတွေရှိတာပါ။ တီထွင်တတ်တယ်။ အသစ်ထွင်တာထက် မရှိ-ရှိတာနဲ့ ဖြစ်အောင်လုပ်တဲ့အတတ်ကို ဗမာတွေကို အခြေအနေက သင်ပေးထားခဲ့တယ်။ အဲလိုလူစားတွေထဲမယ် စက်ဆရာတွေရော၊ ဆေးဆရာတွေရောပါတယ်။ ဒုတိယကမ္ဘာစစ် လက်ကျန်ကားတွေကို သုံးရအောင်ပြင်တဲ့အတတ်၊ အပိုပစ္စည်း မသွင်းလို့ ရှိတာနဲ့ ဖြစ်အောင်လုပ်တဲ့ စက်မျိုးစုံဆိုတာတွေကို တန်ဖိုးထား သုံးရတဲ့ဘဝတွေကို အနှစ် သုံးဆယ်မက ဖြတ်သန်းခဲ့ရပြီးပြီ။ အခုလဲ ပိတ်ထား-ဆို့ထားတာကို ကျော်ဖြတ်-ခွတက်တဲ့ နည်းတွေ တတ်နေကြရပြန်ပြီ။

ကျွန်တော်ကိုယ်တိုင် ဘာကရိယာပစ္စည်း၊ အဆောက်အဦမှ မယ်မယ်ရရမရှိတဲ့ တောနယ်မှာ တာဝန်ကျတုံးက (မေဂျာ-အော်ပရေးရှင်း) အထိ မဖြစ်မနေလုပ်ပေးခဲ့ရတယ်။ လက်သရမ်းချင်တာမဟုတ်ပါ။ ဆေးရုံကြီးသွားဖို့၊ လူနာတွေမှာ အချိန်လည်းမရှိ၊ ငွေလည်းမရှိကြပါ။ ငွေရှာနိုင်အုံးတော့ လမ်းမပေါက်ပါ။ ဒီတော့ တောဆရာဝန်အဖို့ ဘယ်လမ်း ရွေးရပါမလဲ။ ထိုင်ကြည့်မလား၊ ကိုင်ကြည့်မလား။ ဒီလိုနည်းနဲ့ တောမှာ တာဝန်ကျတဲ့ ဆရာဝန်တိုင်း အထွေထွေ အထူးကုတွေ ဖြစ်လာစေခဲ့ပါတယ်။ ဘယ် (တိုဖယ်) မှ မဖြေဘူးကြပါ။ ခြေစခေါင်ဆုံး ခွဲရတယ်။ ကလေး၊ သားဖွါး-မီးယပ်၊ အရိုး၊ မျက်စိ အကုန်လုပ်နိုင်တယ်။

ဆရာအောင်ကြီးက အခြေအနေဆိုးကြီးကို တစေ့တစောင်း ထုတ်ရေးတာအတွက် အသိပေးနေတာဖြစ်လို့ ကျေးဇူးတင်တယ်။ စာတကြောင်းထဲ ခြုံလိုက်ရင် "သဘာဝအရ အစွမ်းရှိနေပြီးသား ဦးနှောက်တွေကို သွေးပေး-မွေးပေးဘို့ စေတနာ အလျဉ်းမရှိတဲ့ စနစ်ကြီးသည်သာ တရားခံဖြစ်တယ်။"

ဆရာအရွယ်တွေ၊ အဖြူတွေ-အညိုတွေအရွယ်တွေသည် ဇာတ်ကောင်တွေ ဖြစ်သလို၊ နောက် နှစ်ဘယ်လောက်အထိ လက်ခံနေကြအုံးမလဲ ဆိုတာကို သူတို့ဟာ ဖြေနိုင်သူတွေလည်း ဖြစ်ကြပါတယ်။

Dr. တင့်ဆွေ
၁၂-၁၂-ဝ၈

Read more...

University of Rangoon ရန်ကုန်တက္ကသိုလ်

“ရန်ကုန်ကောလိပ်” ကို ၁၈၇၈ မှာ University of Calcutta ကာလကတ္တား တက္ကသိုလ် လက်အောက်ခံအဖြစ် စပြီး ဖွင့်ခဲ့တာပါ။ ဗြိတသျှ ကိုလိုနီ-အုပ်ချုပ်ရေး လက်အောက်ခံ Education Syndicate ကနေ အုပ်ချုပ်ခဲ့ပါတယ်။ ၁၉ဝ၄ မှာ “Government College အစိုးရကောလိပ်” လို့၊ ၁၉၂ဝ မှာ “University College တက္ကသိုလ်ကော်လိပ်” လို့၊ နာမယ် ပြောင်းခဲ့တယ်။ ၁၉၂ဝ မှာဘဲ University College နဲ့ Judson College တို့ကို ပေါင်းပြီးမှ “Rangoon University ရန်ကုန်တက္ကသိုလ်” ဖြစ်လာခဲ့တယ်။

ရန်ကုန်တက္ကသိုလ်ဟာ ကနေ့အထိ တကမ္ဘာလုံးမှာ ထိပ်မှာ ဆက်ရှိနေကြတဲ့ University of Cambridge ကင်းဘရစ်ခ်ျ တက္ကသိုလ် နဲ့ University of Oxford အောက်စ်ဖို့ဒ် တက္ကသိုလ်တွေ ပုံစံကို ယူခဲ့ပြီး ဖွင့်ခဲ့တာဖြစ်တယ်။ ဒါ့ကြောင့်လဲ ၁၉၄ဝ ကနေ ၁၉၅ဝ နှစ်များအထိ The most prestigious university in Southeast Asia အရှေ့တောင်-အာရှမှာ ဂုဏ်ယူနိုင်စရာ၊ One of the top universities in Asia အာရှထိပ်တန်း စာရင်းဝင်တခု အဖြစ် မှတ်တမ်းတင်ခံရတယ်။

၁၉၆၂ ကစပြီး ဗဟိုအစိုးရ လက်အောက်ခံ Directorate of Higher Education အထက်တန်းပညာ ဦးစီးဌာန လက်အောက်ခံ ဖြစ်လာတယ်။ အရင်က ပါမောက္ခတွေ၊ ပညာရှင်တွေ၊ အစိုးရအရာရှိကြီးတွေ ပါဝင်သည့် ကောင်စီကနေ ဦးစီးခဲ့တဲ့ အဖြစ်ကနေ လုံးဝ ပြောင်းလဲသွားရတာပါ။ တချိန်ထဲမှာ Medium of instruction စာသင်ကြားရေး ဘာသာ စကားကိုလဲ အင်္ဂလိပ်စာကနေ မြန်မာစာအဖြစ် ပြောင်းလိုက်ပါတော့တယ်။

ပညာရေး အဆင့်အတန်း ကျလာလို့ ရန်ကုန်တက္ကသိုလ် ကပေးနေတဲ့ ဘွဲ့၊ ဒီဂရီတွေကို အသိအမှတ်ပြုမှုတွေလဲ နိုင်ငံတကာ အဖွဲ့အစည်းတွေက ဆက်မလုပ်တော့တာတွေ များလာခဲ့တယ်။

၁၉၆၄ နောက်ပိုင်းမှာ ဆေး၊ စီးပွါးရေး၊ ပညာရေး စတာတွေကို ခွဲထုတ်လိုက်ပြီး Rangoon Arts and Sciences University (RASU) ရန်ကုန် ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ် လို့ ပြောင်းလိုက်ပြန်ပါတယ်။ (ရာဇူး)လို့ အတိုကောက် ခေါ်ခဲ့ကြတယ်။ တချိန်ထဲ မန္တလေးက ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်ကို Mandalay Arts and Sciences University (MASU) (မာဇူး) လို့ ခေါ်ခဲ့ကြတယ်။ ဘောလုံးပွဲ၊ အားကစားပွဲတွေမှာ ဒီလိုခေါ်ပြီး အားပေးကြရတာပေါ့။

၁၉၈၉ မှာ တနိုင်ငံလုံး အထွေထွေ နာမယ်ပြောင်းပွဲကြီးနဲ့အတူ Yangon University ဖြစ်လာပြန်ပါတယ်။ ၁၉၈၈-၁၉၉ဝ ပါတ်ဝန်းကျင်မှာ ရန်ကုန်တက္ကသိုလ် ကို မကြာခဏ ပိတ်ထားခဲ့ရပါတယ်။ “၈၈၈၈ ထပ်မပေါ်စေရေး စီမံချက်” အရ ကျောင်းသားဦးရေ များတာကို နည်းအောင် လုပ်တော့ ဒဂုံ၊ ရန်ကုန်အရှေ့ပိုင်း၊ ရန်ကုန်အနောက်ပိုင်း စတဲ့ အသစ်တွေ ခွဲထုတ်လိုက်ပါတယ်။ “ကြီးတာကို သေးအောင်၊ ကောင်းနေတာကို အရည်အသွေးကျအောင်” ဖြစ်လာခဲ့ရ ပြန်ပါတယ်။

ရည်ရွယ်ရင်း အောင်မြင်တယ် ပြောရမလား။ ၁၉၉၆ နောက်မှာ ကျောင်းသား ဆန္ဒပြပွဲဆိုတာ ကြီးကြီးမားမား ဖြစ်မလောတော့ပါ။ “အရည်အသွေးမှသည် အရေအတွက်သို့။” ကြွားစရာ ရှားလို့ ကျောင်းတွေ ကောလိပ်တွေ အများကြီး ဖွင့်ပေးတာကို ဂုဏ်ယူဘို့ လူတွေကို ကြွားနေတယ်။

Dr. တင့်ဆွေ
၁၇-၁၁-၂ဝဝ၉


Read more...

Monday, January 11, 2010

Treat the root cause အခြေအမြစ်ကို မသတ်နိုင်သရွေ့ မပျောက်ပါ

(ဘလော့ခ်) တွေမှာ စာဝင်ရေးဖြစ်တာ မကြာသေးပါ။ သူများတွေတော့ (ဘလော့ခ်) ကို ဘယ်လို သဘောထားလဲ မပြောတတ်ဘူး။ ကိုယ့်ထင်တာလေး ပြောရရင် “ကူးစက်ရောဂါ” ဗျ။ နောက်ပြီး၊ ဆေးစွဲသလိုလဲ စွဲတတ်သေးတယ်။ အဟုတ်ပါ၊ ဆရာဝန်ဆိုတာ လူမြင်ရင် လူနာထင်နေတတ်လို့ ပြောတာဘဲလို့ ထင်ချင်လဲ ထင်ပေါ့နော်။

ကျွန်တော် အခုလုပ်နေရတဲ့ လောကထဲ စရောက်လာချိန်မှာ ကွန်ပြူတာ ဆိုတာ ပေါ်မလို့ ရှိသေးတယ်။ ၂၈၆-၃၈၆ ဆိုတဲ့ခေတ်။ (မော်နီတာ) တွေက အဖြူ-အမဲ။ သင်ပြန်တော့ DOS ကနေစရတာ။ Windows တောင်မှ မပေါ်သေးဘူး။ နောက်လူတွေ သိမှာမဟုတ်ဖူး။ အဲလိုရေးတာ ကြွားချင်လို့၊ “နောက်လူတွေ ငါတို့လောက် သိရှာမှာ မဟုတ်ဖူး” လို့ ဆိုချင်တာ မဟုတ်ကြောင်း၊ အလျင်စလို တောင်းပန်ပါတယ်။ လူဟောင်းတွေက ပညာတွင်းနက်ခဲ့သဗျ။ နောက်လူတွေက ခူးပြီး-ခတ်ပြီး၊ အသင့် စားသုံးနိုင်လာကြတာဟာ ဓမ္မတာပါ။ အဲ့ အခုလူတွေကလည်း နောက်လူတွေကို အဲလို ပြန်ပြောကြအုံးမှာပါဘဲ။

ကျွန်တော့် လုပ်ဖေါ်ကိုင်ဖက် တယောက်ရှိတယ်။ သူက နယ်စပ်မှာ အကြာကြီး နေခဲ့ပြီးမှ မြို့တက်လာတာ။ ကွန်ပြူတာလို ပစ္စည်းကို တော်တော်နဲ့ မထိဘူး။ ထိမဲ့ ထိတော့လည်း အခု သူက(ဘလော့ခ်) ဆရာ ဖြစ်နေပြီ။ ကိုယ့်ဖါသာလည်း ဖွင့်ထား၊ သူများကိုလည်း လိုက်သင်ပေးနေရပြီ။ စွဲသလား မမေးနဲ့။ နေ့ရော ညပါ (ဘလော့ခ်) ဖတ်-ရေးနေတာ၊ မှေးချိန်၊ တွေးချိန်၊ စားချိန်၊ အဲ့ သောက်ချိန်လောက်ပဲ နားတယ်။ သိပ်မကြာပါဘူး၊ ကျွန်တော့်ကို ကူးပါလေရော။ တရုံးထဲ လုပ်နေကြတာကိုး။

ဘာနဲ့တူလဲ သိလား၊ TB လိုဘဲ၊ အနားက ခြောက်ပေအတွင်း ရှိသူမှန်သမျှ လူကြီး၊ ကလေး အခမဲ့ဝေပေးနေတာမျိုး။ ကျွန်တော့် အနီးအနားမှာရှိတဲ့ နောက်တယောက်ကတော့ သူ့ဖါသူ တတ်နေပြီး၊ သူများကို ပြောပြ၊ သင်ပေးလေ့ မရှိဘူး။ (တီဘီ) မှာလည်း အဲလိုအမျိုးအစားလည်း ရှိတာကိုး။ သူများကို ကူးတတ်တာနဲ့ သူ့ဖါသာသူ ရောဂါရှိနေရတာ နှစ်မျိုး နှစ်စား။ သလိပ်စစ်လို့ ပိုးတွေ့သူနဲ့ ပိုးမတွေ့သူ။ Positive နဲ့ Negative ခေါ်သလို Open Case နဲ့ Close Case လို့လဲ ခေါ်တယ်။

အဲဒီရောဂါက ဆိုးလို့ တကမ္ဘာလုံး နှိမ်နင်းရေးတွေ လုပ်နေကြတာ ကြာပါပြီ။ ဆိုးတယ်ပြောတာက ကူးလို့၊ အဖြစ်များလို့၊ သေစေလို့ပါ။ ပိုဆိုးတယ်လို့ ပြောနိုင်ပြန်ပြီဗျ။ တကမ္ဘာလုံး နှိမ်နင်းရေးတွေ လုပ်နေတာတောင်မှ ဖြစ်ဆဲ၊ ကူးဆဲ၊ သတ်ဆဲ ဖြစ်နေပါတယ်။ ခေါင်းလဲ မာသလားမမေးနဲ့။ သူ့အကြောင်းသိလို့ ဆေးကို အနည်းဆုံး ၂ မျိုးပေးကုတယ်။ ဒါလဲ မရဘူးဗျ။ ကုနေကြဆေးတွေကို မမှုတော့၊ မဖြုံတော့ဘူး။ Multi-Drug Resistant Tuberculosis ခေါ်တယ်။

ဒုက္ခသည် ဆေးခန်းလေးကို လာပြသူတွေထဲမှာလဲ TB ရောဂါသည် အရေအတွက်က တိုးတိုးလာတယ်။ တချို့ဆို တိုင်းပြည်ကနေ ပြေးလာရပြီး၊ TB ဆေးပါတ် မစေ့သေးသူ ကလေး၊ လူကြီးတွေပါတယ်။ တချိန်ကဆိုရင် လူတယောက် ပိန်ခြောက်ခြောက် ဖြစ်နေ၊ ချောင်းလေး ဆိုးနေရင် TB ကို သံသယ ရှိခဲ့တယ်။ တကယ်တော့ မဟုတ်ပါ။ လူကောင်ထွားပြီး၊ ဆေးလိပ် မသောက်သူများလဲ၊ အကြောင်း တခုခုကြောင့် ဆေးစစ်လိုက်မှ အဆုပ်ထဲ ရေဝင်နေတာ တွေ့နိုင်တယ်။ ပေါင်ခြံတို့ လည်ပင်းတို့မှာ အကြိတ်ပေါ်တာ၊ သွားစမ်းမှ TB မှန်း သိရတယ်။ ဒါ့ကြောင့် မပေါ့ဘို့ အထူး လိုအပ်ပါတယ်။

ကလေးတွေ ဖွါးပြီးတာနဲ့ ဘယ်ဘက် လက်မောင်းမှာ ထိုးပေးတာ TB ကာကွယ်ဆေးပေါ့။ (ဘီစီဂျီ) လို့ ခေါ်တာ။ သြကာသ လောကကြီးထဲ မရောက်ခင်၊ လူတွေနဲ့ မထိမတွေ့ခင် ကလေးကို ဦးအောင် ထိုးပေးရတာပါ။ ဘာလို့လဲဆိုတော လူတောထဲမှာ ပိုးတွေ ရှိနေလို့၊ ပိုးနဲ့မတွေခင် ရောဂါပြီးစေမဲ့ သတ္တိတွေကလေး ကိုယ်မှာ ဖြစ်လာနှင့်အောင် ကာကွယ်ဆေးကို ထိုးပေးရတာပါဘဲ။ အရင်ကတော့ ကလေးတွေ ကလေးမျိုးစုံနဲ့ ကစားရ၊ အတူနေရတော့မှာမို့ ကျောင်းထားခါနီး တခါထပ်ထိုးရတယ်။ အခု မလိုတော့ဘူး။ ဘာလို့လဲဆိုတော့ ကျောင်းမထားခင် ကတည်းက ကလေးတွေဟာ ပိုးရှိသူတွေနဲ့အတူ နေခဲ့ပြီးဖြစ်တာမို့ပါ။

ကာကွယ်ဆေးရဲ့ သဘောက ရောဂါပိုး ဝင်လာရင် ကိုယ်ထဲမှာ ဒီပိုးကို တိုက်ဖျက်နိုင်စွမ်းတွေ အလိုလို ထွက်စေတာမို့ နောက်ထပ် ဝင်လာတဲ့ပိုးကို ပြန်ချဘို့ ကိုယ့်မှာ ခံနိုင်ရည် ရှိနေစေအောင် စီမံတာပါ။ ရောဂါပိုးကို ရောဂါအထိ မဖြစ်စေဘဲ၊ ပိုးအစွမ်းသတ္တိ ကလေးသာ ကျန်နေအောင် အဲဒီပိုးကို နှိပ်ကွပ်ပြီး၊ သေးသိမ်အောင် လုပ်ထားတာလေးကို ကာကွယ်ဆေး အဖြစ် သုံးတာပါ။ BCG ထိုးလိုက်တဲ့ နေရာလေးမှာ အနာလာဖြစ်တယ် မဟုတ်လား၊ အဲဒါက အဲဒီ နေရာလေးမှာ ကွက်ပြီး TB ဖြစ်စေတာပါ။ ဒါ့ကြောင့် ကလေးက နည်းနည်း ကိုယ်ပူ လာတာပေါ့။ အဲလို ဖြစ်နေတုံး ကလေးကိုယ်ထဲမှာ ဒီပိုးကို ပြန်ချမဲ့ သတ္တိတွေက သူ့ဖါသာ ထွက်လာစေတော့တယ်။ အဲ့ နောက်တခါ TB ပိုး ဝင်လာလို့ကတော့ ဒီသတ္တိက ပြန်ချနိုင်အောင် စီမံထားလိုက်တာပါဘဲဗျာ။ အကြံ မကောင်းပါလား။ (အင်တီဘော်ဒီ) လို့မှတ်ရတာ အောက်တယ်၊ “အတွင်းအား”လို့ မှတ်ပါဗျာ။

အတွင်းအားတွေနဲ့ အစွမ်းကောင်းလှတဲ့ သိုင်းကား ရုပ်ရှင်တွေလဲ ကြာတော့ ရိုးလာသလိုဘဲ၊ ပိုးဆိုတဲ့ အကောင် သေးမွှားမွှား လေးတွေက ကိုယ်ထက် ငယ်တော့ ကိုယ့်ထက်လည်တယ် ဆိုတာမျိုးလို၊ အခု ရောဂါကို ခံချမဲ့ ကိုယ့် အတွင်းအားတွေကို မဖြုံချင်တော့ဘူး။

(တီဘီ) ဟာ လေကနေ သယ်ပို့တဲ့နည်းနဲ့ ကူးတာဖြစ်လို့ လေထုပတ်ဝန်းကျင် သိပ်မကောင်းတဲ့ နေရာမျိုးမှာ ကူးစက်ပါတယ်။ ရုပ်ပတ်ဝန်းကျင် မကောင်းတာမျိုးကလည်း ဆင်းရဲတာနဲ့ တိုက်ရိုက် အချိုးကျတယ် မဟုတ်လား။ ကွင်းဆက်သဘောအရ ဆင်းရဲတော့ စီမံကိန်း လုပ်တာတွေက အညံ့စား၊ အပေါစားတွေ ဖြစ်တတ်တယ်။ စီမံကိန်းခေတ်က ကျွန်တော်တို့ တိုင်းပြည်မှာ ၂၆ နှစ် ကြာခဲ့ပါတယ်။ စာရင်းဇယားကို “အောင်မြင်နေပါတယ်၊” “တိုးတက်နေပါတယ်၊” ဆိုပြီး လိမ်ပြတာ အကျင့်ပါတဲ့ အုပ်ချုပ်ရေးစနစ်မျိုးလဲ ဖြစ်ခဲ့တယ်။ (တီဘီ) ပိုးက သင်္ချာမတတ်ဘူး။ သူနည်းသွားပြီလို့ လူတွေကို ညာပြောနေတာကို နားမလည်ခဲ့ဘူး။

အဲဒီခေတ်မှာပါဘဲ ကျွန်တော်တို့ ဆေးပညာ သင်နေရင်း၊ တိုင်းပြည်ကလဲ တရားဝင် အဆင်းရဲဆုံး နိုင်ငံ LDC ဘဝကို ရောက်ခဲ့ရတယ်။ “ကူးစက်ရောဂါများသည် Social-economic condition လူမှု-စီးပွါးရေး မကောင်းပါသဖြင့် ပို၍ ဖြစ်ရသည်။” ဆိုတဲ့ ကောက်ချက်ကို မချရဘူးတဲ့။ မခက်ဘူးလား။ နှိမ်နင်းရေးတွေ အောင်မြင်နေပါတယ်လို့ အစီရင်ခံစာမှာ ပြရတော့ (တီဘီ) က ရီတာပေါ့။ အဲဒါ ကျန်းမာရေး ရာဇဝတ်မှုဘဲ။

HIV က နှိပ်စက်လာချိန် TB က ခေါင်း ပြန်ထောင်လာတာပါ။ ဒီနှစ်မျိုး တွဲလို့ကတော့ ၄ ပုံ ၁ ပုံက အသေစာရင်းထဲ ရောက်သွားတယ်။ မသူတော်အချင်းချင်း ပေါင်းဖေါ်လွေ့ကြတာ။ ဒုတိယ ကမ္ဘာစစ်တုံးက နာဇီဂျာမဏီ၊ မူဆိုလီနီ အီတလီ၊ နဲ့ ဖက်ဆစ် ဂျပန်တို့ ဝန်ရိုးတန်း နိုင်ငံတွေ လုပ်ကြတုံးက Unholy alliance of power and pelf လို့ Franklin Delano Roosevelt (ရုစ်ဗဲလ်တ်) ကနေ ပြောခဲ့ဘူးတယ်။ TB နဲ့ HIV ကို Co-Infection တွဲဖြစ်တဲ့ ကူးစက်ရောဂါလို့ ပြောနိုင်ပါတယ်။

အဲဒီခေတ်က ပြီးခဲ့ပြီဆိုပေမဲ့၊ အခုထိလဲ TB ဟာ လူတွေကို ကူးဆဲ၊ သတ်ဆဲ၊ ဖြစ်နေပါတယ်။ အရာရာတိုင်းကို ညာမရပါ။ ဘယ်အရာမဆို အခြေအမြစ်ကို မသတ်နိုင်သရွေ့ မပျောက်ပါ။ မဟာမိတ်များလို စုပေါင်း တွန်းလှန်၊ တိုက်ထုတ်၊ အနိုင်ယူကြမှ ရပါမယ်ခင်ဗျား။

Dr. တင့်ဆွေ
၂ဝ-၁၂-ဝ၈
၁၁-၁-၂ဝ၁ဝ

Read more...