Sunday, December 6, 2009

သာအိမ်အ၀ ကင်ဆာ Cervical Cancer (Ca Cx)

“ကဲယုံချင်ယုံ မယုံချင်နေ” ဆိုတဲ့ထဲမှာ ကင်ဆာရဲ့သမိုင်းလဲ ပါတယ်။ ဟိုရှေးရှေးကတည်းက ရှိခဲ့တဲ့ ရောဂါ ဖြစ်လို့ပါ။ ဘီစီ ၁၅၀၀ က အီဂျစ် Papyrus ရှေးဟောင်းစာမှာ ရင်သားကင်ဆာ လူနာ ၈ ယောက်ကို ကုသတယ်လို့ မှတ်တမ်း တင်ခဲ့တယ်။ ကင်ဆာကို နာမယ် စပေးခဲ့သူကတော့ ဆေးပညာဖခင်ကြီးလို့ သတ်မှတ်ခံရတဲ့ Hippocrates ဖြစ်တယ်။ ဘီစီ ၄၀၀ တုံးက (ဟစ်ပိုခရေးတီးစ်) ကနေ သားအိမ်ကင်ဆာ “ကုရာနတ္ထိ”လို့ ဆိုခဲ့ပါတယ်။

ဆေးပညာ မသင်ဘူးလို့ ရောဂါတွေအကြောင်း သိပ်မသိပေမဲ့၊ ဗေဒင်ကိုတော့ ပိုသိကြမယ် ထင်ပါတယ်။ ကင်ဆာ နာမယ်ဟာ ဗေဒင်ကနေ လာတာပါ။ ဇွန် ၂၁ ကနေ ဇူလိုင် ၂၂ ရက်အတွင်း မွေးဖွါးသူတွေရဲ့ ဆယ့်နှစ်ရာသီခွင် ရုပ်ဟာ မြန်မာလို ပုဇွန်လုံး (ကရကဋ်)၊ အင်္ဂလိပ်လို Cancer zodiac sign 'The Crab' မဟုတ်ပါလား။ ဗေဒင်ဟောရရင် သူတို့ဟာ စိတ် သိပ်လှုတ်ရှားသူတွေပေါ့။ ဒီအရုပ်နဲ့ ကင်ဆာ ဘယ်လို ဆက်စပ်သလဲ။ အရုပ်ကို သေသေခြာခြာ ကြည့်ပါ။ ခြေထောက်တွေ အများကြီး မဟုတ်လား။ ကင်ဆာက အဲလိုဘဲ ဟိုရောက် ဒီရောက် သွားလွန်းလို့၊ ဖြစ်တဲ့နေရာတွင် မကဘဲ ကူးစက်စေတဲ့ အဓိပ္ပါယ်ကို ဖေါ်ညွှန်းတာ ဖြစ်ပါတယ်။

အိန္ဒိယမှာ Chaini Khaini (ခိုင်နီး)ဆိုတဲ့ ငုံဆေးကို ရောင်းတဲ့အခါ ကင်ဆာအန္တရာယ်ရှိတယ်လို့ သိစေအာင် အရုပ်ကိုပါ ပုံနှိပ်ပြီးမှ ရောင်းစေတယ်။ လွဲနေတာက ပုဇွန်လုံးရုပ် မဟုတ်ဘဲ ကင်းမြီးကောက် ဖြစ်နေတယ်။ ကင်းမြီးကောက် Scorpio ဆိုတာကလဲ ဆယ့်နှစ်ရာသီခွင် ရုပ်ဖြစ်တယ်။ ဒီလူမျိုးတွေက အောက်တိုဘာ ၂၃ နဲ့ နိုဝင်္ဘာ ၂၂ ကြား ဖွါးသူများပါ။ ဗေဒင်အရ ပဋိပက္ခနဲ့ မွေးလာသူတွေလို့ ဆိုပါတယ်။ အဝေးကြီး သွားရှာစရာ မလိုဘူးနော်။ သိပ်မလွဲဘူးလို့တော့ ပြောရမလား၊ Scorpion ဆိုတာကလဲ လူကို သေစေတဲ့ အဆိပ်ရှိ အကောင်ဘဲ။

အမျိုးသမီးများမှာ အဖြစ်များတာတွေက ရင်သားကင်ဆာ၊ အဆုပ်ကင်ဆာ၊ အူမကြီးကင်ဆာလို့ သတ်မှတ် ရာကနေ အခု သားအိမ်အ၀ကင်ဆာဟာ ဒုတိယနေရာ ရောက်လာပြီ။ သေစေတတ်တဲ့ ကင်ဆာမှာတော့ နံပါတ် ၅ လိုက်တယ်။ အမျိုးသမီး ၁ သိန်းမှာ ၁၆ ယောက်ဖြစ်ပြီး၊ ၉ ယောက် သေဆုံးရတယ်။ တနှစ် သန်းတ၀က် ဖြစ်နေပြီး၊ ၂ သိန်းခွဲကျော် သေနရပါသတဲ့။

အီဂျစ်သမိုင်းမှာ ရင်သားကင်ဆာကို မှတ်တမ်းတင်နိုင်ခဲ့တာက အပြင်ကနေ စမ်းကြည့်လို့ ရတာကြောင့် ဖြစ်မယ် ထင်တယ်။ မှန်ပါတယ် ရင်သားမှာ အလုံး-အကြိတ် ရှိ-မရှိ ကိုယ့်ဖါသာကိုယ် စမ်းတဲ့နည်းရှိတယ်။ သားအိမ်အ၀ဆိုတာက မမြင်ကွယ်ရာ ဟို အထဲထဲမှာ ရှိတာကိုး။ သားအိမ်ရဲ့ ပါးစပ်လို အ၀ (အပေါက်) မှာ ဖြစ်ရတာ။ သားအိမ်အ၀ ကင်ဆာက အသက်ကြီးမှ ဖြစ်တာ များတယ်။ အသက် ၂၀ အောက်မှာ အနည်းဆုံး ဖြစ်ပြီး။ ၄၅ ကနေ ၅၅ အထိအရွယ်မှာ အများဆုံးဖြစ်တယ်။ ဒါပေမဲ့ Jade Goody ဆိုတဲ့ ဗြိတိန်က တီဗွီ မင်းသမီးဟာ ဒီရောဂါနဲ့ဆုံးတော့ အသက် ၂၇ နှစ်ဘဲ ရှိသေးတယ်။

ကင်ဆာမှန်သမျှ ဘာ့လို့ဖြစ်ရတယ်ဆိုတာ တိတိကျကျ မသိကြရသေးပါ။ တချို့ အမျိုးအစားတွေမှာတော့ (ဗိုင်းရပ်စ်) လို့ သိနေရပါပြီ။ ၁၉၈၀ ကျမှ သားအိမ်အ၀ကင်ဆာရဲ့ တရားခံဟာ Human Papilloma Virus (HPV) လို့ သိလာခဲ့တယ်။ (HPV) ဆိုတာ သားအိမ်အ၀ ကင်ဆာ နှစ်မျိုးထဲက တမျိုးကို ဖြစ်စေပါတယ်။ သူ့ကြောင့် ဆိုရင်တော့ လိင်ဆက်ဆံတာကနေ ကူးစက်နိုင်တယ်။ မွေးလမ်းမှာ ကြွက်နို့ဖြစ်တာနဲ့လဲ ဆိုင်တယ်။

အများအားဖြင့် စောစောပိုင်းမှာ ဘာလက္ခဏာမှ မပေါ်လို့ ကင်ဆာ ရှိနေမှန်း မသိနိုင်ဘူး။ အချိန်အခါမဟုတ် မွေးလမ်းကနေ သွေးဆင်းတာ။ သွေးဆုံးပြီးမှ သွေးဆင်းတာ။ အတူနေပြီး သွေးဆင်းလာတာ။ အတူနေတုံး ထူးပြီး နာကျင်တာ။ သွေးမဟုတ်ဘဲ အရည်ဆင်းတာ။ အနံ့ဆိုးထွက်တာမျိုးလဲ ရှိနိုင်တယ်။ အဖြူ၊ ပန်းရောင်၊ အနီရောင်၊ အညိုရောင်တွေလဲ ဆင်းတတ်တယ်။

သိပ်မဆိုးတာက သားအိမ်အ၀ကင်ဆာဟာ စောစောစီစီး မကူးတတ်ဘူး။ ပုဇွန်လုံးက အသွားနှေးတယ် မဟုတ်လား။ နောက်ဆက်ဖြစ်ရင် သားအိမ်ကနေ ဘေးကူးပြီ။ ကူးရင်လဲ အနီးအနားများတယ်။ အဝေးသွားရင် သွေးပြန်ရည်လမ်း ကနေကူးတယ်။ နောက်ပိုင်း ရောက်လာရင်တော့ အစားပျက်၊ အားယုတ်၊ ပိန်လာမယ်၊ တင်ပါးဆုံတွင်းက နာမယ်၊ ခြေထောက်နာ-ယောင်၊ ဆီးလမ်း၊ ၀မ်းသွားလမ်း ထိခိုက်၊ အရိုးနာတာတွေ ဖြစ်လာနိုင်တယ်။

လူ-တိရစ္ဆာန်-သစ်ပင် သက်ရှိတွေရဲ့ အသေးဆုံးအစိတ်အပိုင်း တခုကို Cell (ဆဲလ်) လို့ခေါ်တယ်။ အရေပြား၊ ကြွက်သား၊ အရိုး စသဖြင့် (ဆဲလ်) အမျိုးမျိုးရှိတယ်။ (ဆဲလ်) မှန်သမျှ အသစ် ဖြစ်လာကြ၊ ကြီးရင့်လာကြ၊ နောက်ဆုံး သေကြတယ်။ “အနိစ္စ အမြဲမရှိ၊ ဖေါက်ပြန် ပျက်စီးသည့် သဘောရှိ၏” ဆိုတာ ဆေးသိပ္ပံ အလိုအရပါ မှန်တယ်။

(ဆဲလ်)တွေ အသစ်ပေါက်ဘို့ မလိုဘဲ ပေါက်လာရင်၊ ဒါမှမဟုတ် သေရမဲ့(ဆဲလ်)က မသေတာမျိုး ဖြစ်လာရင် Lump (Tumor) အကြိတ် (အလုံး) နှစ်မျိုးထဲက တခုခုဖြစ်လာမယ်။ တခုကတော့ ကင်ဆာ။ တမျိုးက ကင်ဆာ မဟုတ်တဲ့ အကြိတ်။

အဲလို မူမမှန်တဲ့ (ဆဲလ်)တွေ ဖြစ်နေ-မနေ သိအောင် Pap smear လုပ်ရတယ်။ Pap နည်းဆိုတာက ၁၉၂၈ ကတည်းက စပေါ်တယ်။ Pap test စမ်းလို့ မကောင်းတာ တွေ့ရပေမဲ့ ရောဂါဟုတ် မဟုတ် စမ်းလို့ သေခြာမှ ကင်ဆာ ခေါ်တယ်။ ကင်ဆာ မဖြစ်သေးတဲ့ အဆင့်ကို Dysplasia လို့ ခေါ်တယ်။ ယောက်ျားတွေကို HPV ပိုး ရှိမရှိ စစ်ဆေးလို့ မရသေးပါ။

Pap smear နဲ့ ဆရာဝန်ပြတာကို အသက် ၂၀ ကျော်တွေ ၁ နှစ် တခါ မှန်မှန်လုပ်သင့်တယ်။ Pap test က ကောင်းနေယုံ နဲ့တော့ မရှိဘူးလို့ ရာနှုန်းပြည့် မပြောနိုင်ပါ။ ရောဂါရှိမှန်း သေခြာအောင် မွေးလမ်းကြောင်း စစ်ဆေးတာနဲ့ စရတယ်။ ကြည့်တာနဲ့ကို အနေအထား ပြောင်းနေတာ မြင်ရတယ်။ သေခြာအောင် အသားစ ဖြတ်ယူပြီး၊ ဓါတ်ခွဲခမ်းမှာ မှန်ဘီလူးနဲ့ စစ်ဆေးရတယ်။ Biopsy ခေါ်တာပေါ့။

ရောဂါကို နှိမ်နင်းဘို့ဆိုတာ လူတွေကို အသိရှိနေအောင် Awareness လုပ်တာဟာ အရေးပါတယ်။ Screening ခေါ်တဲ့ လူတွေကို အစုလိုက် Pap smear လုပ်ပေးရင် ရောဂါဖြစ်တာကို အစောကြီးသိရတယ်။ ကောင်းကောင်း ကုပေးနိုင်လို့ အသေအပျောက် အတော်နည်းလာတယ်။ မြန်မာပြည်မှာ အမျိုးသမီး ၁၀၀၀ ကို Pap Smear စစ်တမ်း ကောက်ယူ စစ်ဆေးခဲ့ဘူးတယ်။ အဲဒီမှာ သားအိမ်အ၀ကင်ဆာ ဖြစ်စပြုနေသူ ၅ ယောက်ကို တွေ့ရှိခဲ့ရတယ်လို့ ၈-၄-၁၉၇၀ ရက်နေ့မှာ ကျင်းပတဲ့ မြန်မာနိုင်ငံ ဆေးသုတေသန ဆွေးနွေးပွဲမှာ တင်ပြခဲ့ဖူးတယ်။

ကင်ဆာတွေထဲမှာ ကာကွယ်ဆေးရယ်လို့ရှိတာ ဒီရောဂါပါ။ ၂၀၀၆ ခုနှစ်မှာ အမေရိကန် FDA ကနေ အသိအမှတ် ပြုခဲ့တဲ့ ကာကွယ်ဆေးကို Gardasil လို့ခေါ်တယ်။ နောက်တမျိုးကတော့ Cervarix ပါ။ သားအိမ်အ၀ကင်ဆာ ၇၀% ကိုဖြစ်စေတဲ့ HPV နှစ်မျိုးအပြင် တခြား လိင်ကတဆင့် ကူးစက် ရောဂါတွေကိုပါ ကာကွယ်နိုင်တယ်။ ၉၂-၉၈% ထိရောက်တယ်။ သူများတိုင်းပြည်တွေမှာတော့ လိင်ဆက်ဆံတာမျိုးနဲ့ မကြုံနိုင်သေးတဲ့ အသက် ၉ နှစ်သမီးကနေ ၂၆ နှစ်အရွယ် မိန်းကလေးတွေကို ပြစ်မှတ်ထားပြီး ထိုးပေးတယ်။ မုဒိတာပွါးပါလေ။ ကိုယ့်ဆီအတွက် ခက်တာက ဆင်းရဲသူတွေ အဖြစ်များရတဲ့အထဲ ဆေးဈေးက ကြီးလှတယ်။

ကျန်းမာရေး (ဘလော့ခ်)မှာ ဒီရောဂါအကြောင်း တင်တုံးက ပြည်တွင်းက ဆရာဝန်တဦးကနေ (ကွန်မင့်)မှာ ရေးလာတာတခု ရှိတယ်။ “မြန်မာနိုင်ငံမှာ HPV ကာကွယ်ဆေးထိုးဘို့ အခက်အခဲတွေ ရှိနေပါတယ်။ လူအများစုက အဲဒီ ဗဟုသုတ နည်းနေကြပြီး၊ ဆေးတလုံး ကျပ် ၅ သောင်းလောက် ပေးနေရတယ်။ အစိုးရက ဖြစ်ဖြစ် အစိုးရမဟုတ်တဲ့ အဖွဲ့များကဖြစ်ဖြစ် တာဝန်ယူ ဆောင်ရွက်ပေးနိုင်ရင် သားအိမ်အ၀ ကင်ဆာ ဖြစ်ရတာကို အတော်ကြီး ကယ်တင်နိုင်မယ်”။ နောက်ဆရာတယောက် ရေးတာကတော့ “ဆေးတလုံးကို ၈၆၀၀၀ ကုန်ကျပြီး၊ စုစုပေါင်း ၃ လုံးထိုးရင် ကျပ်ငွေ ၂ သိန်း၊ ၄ ထောင် ကျပါတယ်”။

ရောဂါဖြစ်ရင် ၁-၂-၃-၄ ဆိုပြီး၊ အဆင့်တွေ သတ်မှတ်ထားတယ်။ ကုသတဲ့အခါလဲ အဆင့်လိုက် ကုရတယ်။ စောစောသိ၊ ချက်ချင်းကုရင် ပျောက်ပါတယ်။ အဆင့် ၁ ကို သားအိမ်ထုတ်ပေးရတယ်၊ သားအိမ်ဘေးက သွေးပြန်ရည် အကြိတ်တွေကိုပါ ထုတ်ရတာလဲရှိတယ်။ ကလေး ရချင်သေးသူများဆိုရင် (LEEP) နည်း လုပ်ပေးရတယ်။ အဆင့်၁ နောက်ပိုင်း ရောက်နေရင် အားလုံးကုန်ထုတ်နည်း နဲ့ ဓါတ်ကင်တာ လုပ်ပေးတယ်။ အဆင့် ၂ ရောက်နေရင် ဓါတ်ကင်တာနဲ့ ဆေးဝါးနဲ့ ကုပေးတာ ရောတယ်။ တချို့လဲ ခွဲစိတ်တာပါ လုပ်ရတယ်။ ၂၀၀၆ ကတည်းကသုံးနေတဲ့ဆေး ၂ မျိုးကတော့ Hycamtin နဲ့ Cisplation တို့ဖြစ်တယ်။

ကင်ဆာလူနာမှန်သမျှ ၅ နှစ်အထိ အသက်ရှင်သူ ရာနှုန်းဘယ့်လောက်ရှိလဲ ဆိုတာနဲ့ အဆိုးအကောင်း ခွဲခြား သတ်မှတ်တယ်။ အဆင့်စောလေ ကောင်းလေ။ အဆင့် ၁ ဆိုရင် ၈၀-၉၀%။ ၂ တွေက ၆၅-၇၀%။ ၃ က ၂၅-၃၀% နဲ့ နောက်ကျတဲ့ ၄ က ၁၅% ဖြစ်တယ်။

ပြည်တွင်းထုတ် မဂ္ဂဇင်းတခုမှာ ရေးတာရှိတယ်။ သားအိမ်ခေါင်းလို့ သုံးနှုံးတယ်။ “ကိုယ့်လူက ပါးစပ်ထဲ လက်ထည့်ရင်တောင် မကိုက်တတ်ဘူး” လို့ပြောပြီး၊ ရောဂါလက္ခဏာ ပေါ်လာသူ အမျိုးသမီးတွေ ဒုနဲ့ဒေး။ ပါတနာ (သို့) ခင်ပွန်းက ပျော်ပါးလို့ ဘဝနစ်မွန်းခဲ့ရတဲ့ အမျိုးသမီးတွေလဲ ရှိသလို ပါတနာ (သို့) ခင်ပွန်းကို အကြွင်းမဲ့ ယုံကြည်မိလို့ နောက်ဆုံး ဓားစာခံဖြစ်သွားတဲ့ အမျိုးသမီးတွေလဲ တပုံကြီးပါ။ တိုးတက်လွန်းပြီး၊ စိတ်မချရတဲ့ ခေတ်ကြီးထဲမှာ ဘယ်သူ့ ဘယ်သူကိုမှ ယုံဖို့ မခက်ပေဘူးလား” တဲ့။

ကွန်ဒွန်း (Condoms) သုံးတာ ဒီရောဂါအတွက်ပါ ကောင်းတယ်။ တကယ်လို့ အဖေါ်မှာ ကြွက်နို့ရှိနေရင် ဆက်ဆံဘို့ ငြင်းသင့်တယ်။ သားအိမ်အ၀ကင်ဆာဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ လိင်ဆက်ဆံသူတွေ အဖြစ်များလို့ ဆယ်ကျော်သက်များ သတိထားကြပါ။ ကလေး အမွေးများသူတွေမှာလဲ ပိုဖြစ်တတ်လို့ မိသားစုစီမံကိန်း လုပ်ကြပါ။ ဆင်းရဲ နွမ်းပါးသူတွေမှာ ပိုဖြစ်ကြရတယ်။ ချမ်းချမ်းသာသာ နေနိုင်အောင် ဒုတိယ-တတိယနိုင်ငံများ သွားချင် သွားပါလေ။ အဖေါ်များများနဲ့ လိင်ဆက်ဆံသူတွေမှာ အဖြစ်များလို့ အတူနေအဖေါ် နည်းနိုင်သမျှ နည်းသင့်တယ်။ တလင်-တမယားစနစ်ကို အလေးအနက် ပြန်ထားသင့်နေပြီ။

Dr. တင့်ဆွေ
၅-၁၂-၀၉
Prospect Burma အတွက် ရေးသည်။

Friday, December 4, 2009

လောကသာရပျို့၊ ကန်တော်မင်းကျောင်းဆရာတော်

• အသက်ရှည်စွာ အနာမဲ့ကြောင်း၊
• ကောင်းလှစေချင်၊ ပဲ့ပြင်နိစ္စ၊
• ကွပ်ဆုံးမသား၊ မိဘဆရာ စကားနာ၍၊
• ကျမ်းစာသိမြင်၊ တတ်အောင်သင်လော့၊
• ပေါ်လွင်မပြု၊ ကောင်းရာတုလျက်၊
• ကောင်းမှုမြတ်နိုး၊ ကောင်းအောင်ကြိုး၍၊
• ကောင်းကျိုးကိုယ်၌ တည်စေမင်း။

(အနီးမီးယား) Anemia ခေါ် ဒုက္ခသည်ရောဂါတမျိုး

ဒုက္ခသည်ကို (ရဖြူဂျီ) လို့ပြောရင် ပိုနားလည်ကြတယ်။ အိန္ဒိယကို ရောက်နေတဲ့ ကိုယ့်နိုင်ငံသူ နိုင်ငံသားတွေဟာ ဗမာမဟုတ်သူက အများကြီး များလို့ စကားအသုံးအနှုန်းကို အတော်ရွေးရပါတယ်။ ဗမာစကားကို ချ-လျော့ပြောမှ အနိုင်နိုင်။ တင်စားချက်တို့ ဥပမာ-ဥပစာတွေ မပါလေနဲ့။ ကလေးမီးဖွါးတာဆိုရင် “သားဦးလား” လို့ မေးတာမျိုးကို နားမလည်တတ်ကြဘူး။ ဒါ့ကြောင့် ခပ်လွယ်လွယ် ဗမာစကားနဲ့ ခပ်ရှင်းရှင်း အင်္ဂလိပ်စကား ပေးစားပြီး ပြောရတယ်။ “အရင်က Malaria ဖြစ်ဘူးလား”။ “ဒီနေ့ Bathroom ဘယ်နှစ်ခါသွားလဲ”။

ယမုန်နာဆေးခန်းကို (ရဖြူဂျီ) ဆေးခန်းလို့ ခေါ်ကြတယ်။ ကိုယ့်လူမျိုးတွေကို ဒုက္ခရောက်နေသူတွေလို့ မပြောချင်တာနဲ့ (ကွန်မြူနတီ) ဆေးခန်းလို့ နာမည်တပ်ပါတယ်။ အခေါ်က ဘယ်လိုခေါ်ခေါ် ဗမာပြည်က (ရဖြူဂျီ)တွေဟာ တကယ့် ဒုက္ခရောက်သူတွေပါ။ ဒီတော့ သူတို့အဖို့ ကျန်းမာရေးဆိုတာ ဖြစ်ခါမှဖြစ်ရော စားစရာ၊ နေစရာ၊ ၀တ်စရာတွေပြီးမှ စဉ်းစားရတဲ့ကိစ္စ ဖြစ်နေရတယ်။

ဆေးခန်းလာ လူနာတွေထဲမှာ ၆၀%ကျော်က အမျိုးသမီးတွေ ဖြစ်ပြီး၊ ကလေးမီးဖွါးသူ ဦးရေကလဲ ရာကျော်သွားပြီ။ ကိုယ်ဝန် လာအပ်တဲ့ အမျိုးသမီး အများစုဟာ အသားအရေ ဖြူဖတ်ဖြူရော်တွေ များတယ်။ တကယ်တော့ ကိုယ်ဝန် မဆောင်သူတွေနဲ့ ကလေးတွေပါ၊ ကျား-မ မရွေး၊ တွေ့နေရလို့ သွေးအားနည်းရောဂါ အကြောင်းလေး ရေးပါရစေ။

လူတိုင်း အသက်ရှူနေကြရတယ်။ ရှူသွင်းလိုက်တဲ့လေထဲက အောက်စီဂျင်ကို သုံးပြီး သွေးကို သန့်အောင် လုပ်ပေးဘို့ပါ။ သွေးထဲမှာ သွေးနီဥရှိတယ်။ သွေးနီဥမှာ အောက်စီဂျင်ကို အသုံးချနိုင်တဲ့ (ဟီမိုဂလိုဘင်)ဆိုတာက သံဓါတ် နဲ့လုပ်ရတာ။ ဒါ့ကြောင့် သံဓါတ်နည်းတာကို သွေးအားနည်းတယ်လို့ ယေဘူယျခေါ်တယ်။ သွေးစစ်ရင် “HB နည်းနေသည်”လို့ အဖြေ ထွက်မယ်။ ပုံမှန်ဆိုရင် အမျိုးသမီးတွေမှာ ၁၁ မှ ၁၂၊ နဲ့ ယောက်ျားတွေမှာ ၁၃ မှ ၁၄ g/dl ရှိရပါတယ်။

သွေးအားနည်းရောဂါက တမျိုးမကရှိတာ။ ရက်တိုနဲ့ နာတာရှည်။ နည်းနည်းဆိုးတာနဲ့ များများဆိုးတာ။ ဖြစ်ရင် မျက်ခွံ၊ နုတ်ခမ်း၊ အသားအရေ အရောင်ဖြူလျော့နေမယ်၊ မောလွယ်မယ်၊ အသက်ရှူမ၀၊ နှလုံးခုန်မမှန်၊ ရင်ပတ်နာ၊ ခေါင်းမူး၊ ခြေလက်အေးစက်၊ ခေါင်းကိုက်။

လစဉ် ရာသီသွေးဆင်းနေရတာကိုက သွေးအားနည်းစေတယ်။ နောက်ပြီး ကိုယ်ဝန်ရှိတာတို့၊ မစားနိုင်လို့-မစားတတ်လို့ အစားအစာ ရွေးလွန်းလို့၊ အရက် ကြာကြာသောက်သူတွေ၊ အူရောဂါတမျိုးရှိသူ၊ အူကို အရှည်ကြီး ဖြတ်ပြစ်ရသူ၊ နာတာရှည် ကျောက်ကပ်၊ အသဲ၊ ကင်ဆာ ရောဂါတွေရှိသူ၊ ဓါတုအဆိပ်မိသူတွေဟာ သွေးအားနည်းရောဂါ ဖြစ်စေနိုင်တယ်။ (ရူမတွိုက်) အဆစ်နာရောဂါ၊ AIDS တွေကြောင့်လည်း သွေးအားနည်း နိုင်သေးတယ်။

အများဆုံးကတော့ သံဓါတ်နည်း သွေးအားနည်းရောဂါ ဖြစ်တယ်။ ဖြစ်ရင် သံဓါတ်ပါတဲ့ အစား အစာတွေ ရွေးစားရပါမယ်။ အစားအမျိုးအစားတွေကို ချင့်ချိန်သိအောင် သံဓါတ်ပါတဲ့ ကိန်းဂဏန်းတွေနဲ့ တွဲမှတ်နိုင်ပါတယ်။ အသဲ (၇၀)၊ ပဲပုတ် (၅၀)၊ တခြားပဲ (၂၀-၂၅)၊ တိုဖူး (၂၀)၊ ဟင်းနုနွယ် (၂၀)၊ အမဲသား (၁၀-၂၀)၊ ကြက်သား (၆)၊ ပေါင်မုံ့ (၆)၊ ၀က်သား (၄)။ စပ်မိလို့ ရေးရအုံးမယ်။ ကျွန်တော်တို့ ဒေလီစရောက်ချိန်က အမဲသားဈေးက ၁ ကေဂျီမှ ရူးပီး ၁၈-၂၀။ အခု ၁၂၀ ပေးနေရတယ်။ တော်သေးတာက အသဲက ဈေးနဲနဲသက်သာလို့။

အထဲတုံးက မစားဘူးဘဲ၊ ချင်းတွေနဲ့တွေ့မှ စားဘူးတဲ့ ဘောက်ရွက်ဆိုတာလဲ သံဓါတ်ပါမယ်။ ကန်ဇွန်းရွက်ကို ကုလားများ မစားတတ်ဘူး။ အရင်က (ကပူး)တယောက် ရှာဖွေ ခူးပြီး၊ အိမ်တိုင်ယာရောက် လိုက်ရောင်းလို့ ကျေးဇူးတင်ရတယ်။ သူလဲ ကျေးဇူးတန်ခိုးနဲ့ တတိယတိုင်းပြည် (ဂိုး)သွားပြီ။ တော်ပါသေးရဲ့ အခု ကုလားတွေက ညဈေးမှာ အော်ရောင်းနေပြီ။

သွေးအားကောင်းစေတဲ့ ဆေးတွေကို ဆေးကုမ္ပဏီတွေက အမျိုးမျိုး ထုတ်တယ်။ Iron တမျိုးထဲအပြင် Folic acid နဲ့တွဲ၊ Vitamin B, C ပါ ရောထားတာလဲ ရှိတယ်။ (ဗမာပြည်မှာ ဖြူရာမင် ဘီစီ)။ ပုံမှန်သွေးအားနည်းနေတဲ့ အမျိုးသမီး တယောက်ကို သံဓါတ်ပါ စားဆေး (၃)လကြာ ပေးသင့်တယ်။ အချိန်ကာလ ကြာကြာသောက်ရမှာမို့ ဈေးချိုတာ ရှာဝယ်ပါလေ။ ဗမာပြည်တုံးကတော့ UNICEF ကနေ အလားကားဝေတာကို ထုတ်ရောင်းလို့ ၁၀၀၀ ဗူးကို ၁၀ မပေးရဘူး။

သံဓါတ်ဆေးဆိုတော့ သံချေးနံ့ရလို မကြိုက်သူတွေအတွက် အပေါ်ကသကြားအုပ်ဆေး ထုတ်တယ်။ ဆေး မမြိုတတ်သူတွေအတွက် ဆေးအရည်ထုတ်တယ်။ ကိုယ်ဝန်လာအပ်တဲ့ သားဦး မိန်းကလေးတယောက် အတော် သွေးအားနည်းနေလို့ ဆေးခန်းကို တခါလာရင် ဆေး ၁ ပါတ်စာပေးပါတယ်။ အရပ်စကား ပြန်ကြားမှ အနံ့မကြိုက်လို့ ဆေးမသောက်ဘူးဆိုတာ သိရတယ်။ ဒါနဲ့ နောက်တခါလာတော့ မသိချင်ယောင် ဆောင်ပြီး၊ ထိုးဆေး အ၀ယ်ခိုင်းပြီး ထိုးပေးတယ်။ အဲဒါလဲ သိပ်အဆင် မပြေပါဘူး။ ဆေးထိုးတာကလဲ နာလို့တဲ့၊ ၂ ခါဘဲ လာထိုးတယ်။ သူမွေးရင် အတော် ဂရူစိုက်ရလိမ့်မယ်လို့ ဆရာမတွေကို မှာထားရတယ်။

သံဓါတ်က ၀မ်းချုပ်တတ်လို့ ၀မ်းလွယ်အောင် သင်္ဘောသီး၊ မန်ကျီးမှည့်၊ ကန်ဇွန်းရွက်၊ စတာတွေကိုပါ စားသင့်တယ်။ မြန်မာဘယဆေးများကလည်း အသုံးဝင်လှပါတယ်။

သံဓါတ်အပြင် (ဖေါလစ်အက်စစ်) နည်းတဲ့ သွေးအားနည်းရောဂါဆိုတာရှိတယ်။ သာမန်အချိန်မှာ 400 နို့တိုက်နေရင် 500 ကိုယ်ဝန်ရှိရင် 600 mcg နေ့စဉ် လိုအပ်ပါတယ်။ Folic acid ပါတဲ့ အစာတွေကတော့ ပဲအမျိုးမျိုး၊ လိမ္မော်သီး၊ နာနတ်သီး၊ ခရမ်းချဉ်သီး၊ သင်္ဘောသီး၊ စပျစ်သီး၊ ပဲနို့၊ ဟင်းနုနွယ်၊ မုံညင်း၊ မုံလာ အမျိုးမျိုး၊ အာလူး၊ ကြက်သွန်နီပင်စတဲ့ အသီးအရွက် စိမ်းတွေ၊ နေကြာစေ့၊ မြေပဲ၊ အစေ့အဆံတွေ၊ အသဲ-အမြစ်၊ ပြောင်း-ပြောင်းဖူးထွက် အစာတွေ၊ ပေါင်မုံ့၊ ဂျုံမှုံ့၊ ခေါက်ဆွဲ၊ ဆန်တွေဖြစ်တယ်။

Folic acid ဟာ Spina bifida စတဲ့ မွေးရာပါ ဦးနှောက်-အာရုံကြောရောဂါတွေကို ကာကွယ်နိုင်ပါသေးတယ်။ Spina bifida ဆိုတာ (ရဖြူဂျီ)ထဲက ရခိုင်-ဗမာ ကလေးတယောက်မှာ ဖြစ်တာ။ ခွဲစိတ်ကုပေးနိုင်လို့ အတော်အခြေအနေ ကောင်းတယ်။ ကိုယ့်တိုင်းပြည်မှာဆို သနားပါတယ်ဘဲ ပြောနိုင်ကြမှာ။ အခု ပိုကံကောင်းတယ် ပြောရမယ် တတိယနိုင်ငံ ရောက်ပြီး၊ အတော် တိုးတက်နေပြီတဲ့။ ကျောင်းလဲတက်နေပြီ။

နောက်တမျိုးက ဗီတာမင် ဘီ-၁၂ နဲတဲ့ သွေးအားနည်းရောဂါ။ တနေ့ကို 7 mcg လိုအပ်ပါတယ်။ နည်းနေရင် Vitamin 12 ထိုးပေးရမယ်။ B-12 ဟာ သွေးအတွက်သာမက အာရုံကြောအတွက်လည်း အသုံးဝင်တယ်။ ဗီတာမင် ဘီ ၁၂ များတဲ့ အစားအစာတွေကတော့ ခရု၊ အသဲ၊ ကောက်နှံတွေ၊ ငါး၊ အမဲသား၊ ဒိန်ချဉ်၊ နွားနို့၊ ဥ၊ ကြက်သားတို့ပါ။

ဆရာဝန်ပေါက်စတွေကို ၀ါရင့်တွေက သင်ပေးသလို လူနာတွေက ဆရာဝန်ကို သင်ပေးတာလဲရှိတယ်။ ဆေးထိုးတဲ့အခါ ဗီတာမင်ဘီ ထိုးရင် နာတယ်။ ဘီ ၁၂ ကို ထိုးရင် မနာဘူး။ တချို့လူနာက ဆေးထိုးတာ မနာမှ ဒီဆရာဝန် လက်ကောင်းတယ်လို့ သတ်မှတ်တယ်၊ တချို့ကြ “ဆေးက နာလဲမနာဘူး၊ စွမ်းပုံမရဘူး”လို့ ပြောသူလဲရှိတယ်။ ဒါ့ကြောင့် (ဂျီပီ) ကောင်းချင်ရင် လူနာ့အထာ သိဘို့လိုတယ်။

(ရိုးတွင်းခြင်ဆီ) မကောင်းသူတွေမှာ Aplastic anemia နဲ့ (လူကီးမီးယား) သွေးအားနည်းရောဂါ ဖြစ်နိုင်ပါတယ်။ သွေးသွင်းပေးရတာတို့ ရိုးတွင်းခြင်ဆီ အစားထိုးပေးတာတို့ လုပ်ပေးရတယ်။ ဆိုးဝါးတဲ့ ရောဂါတွေဖြစ်လို့ ၀တ္ထုတွေ၊ ရုပ်ရှင်တွေမှာ ဇာတ်လိုက်ကို ဒီရောဂါရှိတယ်လုပ်ပြီး ဇာတ်နာအောင်လုပ်တတ်တယ်။ ရုပ်ရှင်မင်းသမီး Valerie French တို့၊ ဇောရိုး ဇာတ်ကားတွေ ရိုက်ခဲ့တဲ့ မင်းသား John Carroll တို့ဟာ တကယ်ဘဲ လူကီးမီးယား နဲ့ သေသွားကြရတယ်။

သွေးအားနည်းတာကို အိပ်ပေါက်နဲ့ ဖါးကောက်သလို မဖြစ်အောင် အကြောင်းရင်းကိုပါ ကုပေးရပါမယ်။ လိပ်ခေါင်းက သွေးယိုတာ၊ ရာသီဆင်းများတာ၊ သွားဖုံး-နှာခေါင်းက သွေးယိုတာတွေ ပြောတာပါ။ အစာလမ်းကနေ မသိမသာ သွေးယိုဖန်များပြီး၊ ရက်တွေ၊ လတွေကြာမှ သွေးအား အလွန်နည်းနေတာမျိုး ဖြစ်တတ်တယ်။ ၀မ်းသွားတဲ့အထဲ ပါတဲ့သွေးကို မျက်စိနဲ့ မမြင်နိုင်လို့ ၀မ်းစစ်မှ တွေ့နိုင်တယ်။ ဒုက္ခသည်တွေကြား ငှက်ဖျားကြောင့် သွေးအားနည်းသူတွေ မနည်းမနောရှိတယ်။

သွေးအားနည်းတာနဲ့ (ပရက်ရှာ)ကျတာ မတူဘူး။ ခုချက်ချင်းကြီး သွေးယို-သွေးဆင်းသူကို သွေးဖိအားခေါ်တဲ့ Blood Pressure တိုင်းရင်တော့ နည်းနေတာကို တွေ့ရပေမဲ့ ရက်ကြာကြာ သွေးအားနည်းနေသူတွေက (ပရက်ရှာ) ပုံမှန် ဖြစ်နေမယ်။ ဒါ့ကြောင့် BP ကောင်းပေမဲ့ သွေးအားနည်းနေနိုင်တယ်။

သွေးသွင်းတာဟာ အရေးပေါ်နဲ့ ဆိုးဝါးတဲ့ သွေးအားနည်းရောဂါတွေအတွက် အသက်ကို ကယ်နိုင်တယ်။ သွေးနီဥဆိုတာ ရက် ၉၀-၁၂၀ သာ အသက်ရှည်ပြီး အသစ်ထပ်ထပ်လဲနေကြတာ။ ဒါ့ကြောင့် သွေးလှူရှင် တဦးဟာ ရက် ၁၂၀ ဒါမှမဟုတ် ၄ လတခါ (သွေးလှူဘဏ်က လက်ခံရင်) စိတ်ချ လက်ချ လှူနိုင်ပါတယ်။

သွေးအားနည်းရောဂါကို ပညာတော့ ပေးနိုင်ပါရဲ့၊ (ရဖြူဂျီ)တွေက အာဟာရလဲ စုံအောင်မစားနိုင်၊ ဆေးလဲ အပြင်က မ၀ယ်နိုင်။ ဆေးခန်းကနေလဲ တခါလာမှ ၂ ရက်စာကနေ ၅ ရက်စာထက် ပိုမပေးနိုင်ဘူး။ (ရဖြူဂျီ)များ စားနိုင်-သောက်နိုင်-၀ယ်နိုင်တဲ့ ဘ၀ကို မြန်မြန်ကြီး ရောက်ကြပါစေ။

Dr. တင့်ဆွေ
၎-၁၂-၀၉

Wednesday, December 2, 2009

ယောက်ျား ဖေါင်စီး၊ မိန်းမ မီးနေ

ကလေးမီးဖွါးရတာ ဘယ့်လောက် အန္တရာယ်များလဲဆိုတာကို တင်စားပြောလိုက်တဲ့ စကားပါ။ အတော်ကို မှန်ပါတယ်။ တကမ္ဘာလုံး ၁ နှစ် ၁ နှစ်၊ သန်းတ၀က်မက ကလေးမီးဖွါးရင်း ကိုယ်ဝန်ဆောင်တွေ သေနေရဆဲပါ။ ဟိုအရင် ခေတ်ဟောင်းသမိုင်းမှာ ၁၀၀ မှာ ၁ ယောက် သေနိုင်ခဲ့နိုင်တယ်လို့ ထင်ကြတယ်။ ၁၈၀၀ ခုနှစ်များ ကတော့ အဆိုးဆုံးမို့ ၄၀%တောင် သေဆုံးရသတဲ့။ ၁၉၀၀ ပြည့်နှစ်တွေမှာတော့ ၁% ရှိခဲ့တယ်။

ကလေးဖွါးရင်း မိခင်တွေ ဘာ့လို့ သေဆုံးရသလဲဆိုတဲ့ အကြောင်းတွေထဲမယ် သွေးသွန် (သွေးလွန်) တာက ထိပ်ဆုံးကပါ။ ရောဂါပိုးဝင်တာက ဒုတိယ၊ ကိုယ်ဝန်ပျက်တာဖြစ်ဖြစ် ဖျက်တာဖြစ်ဖြစ် မှားလို့ သေရတာကလဲ ဒုတိယအဆင့်နဲ့ အတူတူဘဲ။ ကိုယ်ဝန်ဆောင်တုံး ကိုယ်တွေရောင် သွေးဖိအားတွေ တက်တဲ့ ကိုယ်ဝန် သွေးဆိပ်တက်ရောဂါ ဆိုတာက တတိယလိုက်တယ်။ မွေးလမ်းကနေ မမွေးနိုင်လို့က စတုတ္ထနေရာမှာ ရှိတယ်။

“ယောက်ျား ဖေါင်စီး၊ မိန်းမ မီးနေ” ဒီစကားက ပေါ်တာ ကြာပြီနဲ့ တူပါတယ်။ ကနေ့ခေတ်မှာ ကလေး မီးဖွါးရတာက အဲလောက် အဖိတ်အစင် မများတော့ပါ။ ပိုးသတ်ဆေးတွေ ပေါ်လာတာရယ်၊ သွေးသွင်း ပေးနိုင်လာတာရယ်၊ ကိုယ်ဝန်ဆောင်တွေကို ပိုပြီး ကောင်းကောင်း စောင့်ရှောက်ပေးနိုင်လာတာတွေကြောင့် မအေတွေ အသေနဲလာရတာပါ။ အရင်လောက် သိပ်မဆိုးတော့ဘူး။

ဆိုးတယ်၊ မဆိုးဘူးဆိုတာကို တိတိကျကျပြောရင် ဆေးပညာမှာ maternal mortality ratio (MMR) လို့ ခေါ်တာနဲ့ စာရင်းကောက် တွက်ချက်ရတယ်။ ကလေး ၁ သိန်းမွေးတိုင်း မွေးရင်းသေဆုံးရတဲ့ မိခင် ဘယ်လောက် ရှိလဲဆိုတာကို ပြောတာပါ။

ကလေးမီးဖွါးပြီး သေတယ်ဆိုတာ အဆန်းတော့ မဟုတ်ပါ။ သိဒ္ဓတ္ထမွေးပြီး၊ မယ်တော် မဟာမာယာဒေ၀ီ လဲ လုမ္ဗိနီသာမော အင်ကြင်းတောထဲမှာ သေဆုံးခဲ့ရတာ နှစ်ပေါင်း ၂၅၀၀ ကျော်က တကဲ့ အဖြစ်အပျက်ပါ။ ပုံပြင်တွေ၊ ၀တ္ထုတွေထဲမှာလဲ တကူးတက ထည့်ရေးကြတာ တွေ့ရပါမယ်။ မင်းသမီးလေး (စနိုးဝှိုက်) အမေက ဆုံးသွားလို့ ဘုရင်က နောက်မိန်းမ ယူရတာက ချောတော့ ချောပေမဲ့ စိတ်က အကျဉ်းတန်၊ ကဝေပညာလဲ တတ်သတဲ့။ စစ်နဲ့ငြိမ်းချမ်းရေး ထဲမယ် မင်းသား (အင်ဒရူး) ဇနီးဟာ သားလေး (နီကိုလိုင်) ကို မွေးပြီး သေဆုံးသွားရတယ်။ (အိုလီဗာ တွစ်) ကလဲ မိတဆိုးဘဲ မဟုတ်လား။

ရုပ်ရှင်တွေမှာလဲ ပါတာဘဲ။ (ဇောရိုး မျက်နှာဖုံး)ထဲမယ် လူဆိုးကြီး (ရဖယ်လ် မွန်တဲရိုး)ကနေ (အလီနာ) အမေကို ပြစ်သတ်၊ ကလေးမွေရင်း သေရတာလို့ လိမ်ပြောပြီး၊ မွေးစားခဲ့တယ်။ (ဟယ်ရီပေါ်တာ) ထဲမှာလဲ (လော့ဒ် ဗိုလ်ဒမ်မော့တ်) ရဲ့အမေ (မာရုပ် ဂေါက်-ရစ်ဒယ်လ်) ကလဲ ကလေးမွေးပြီး သေသွားရတယ်။

ထင်ကြမဲ့အတိုင်း အဆိုးမှန်သမျှ အာရှ၊ အာဖရိကမှာဘဲပေါ့။ အကောင်းဆုံးက အအေးဆုံးဖြစ်တဲ့ အိုက်စလန် မှာ ၁ သိန်းမွေးလို့ ၁ ယောက်တောင်မှ မသေဘူးတဲ့။ အမေရိကားမှာတော့ ၁၁ ယောက်သေတယ်။ သေရတဲ့ မိခင် ၉၀-၉၉% က ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာပါ။ ဗမာပြည်ဟာ ၁၉၈၇ ခုနှစ်ကတည်းက စာရင်းဝင်ခဲ့ရပြီး၊ ကနေ့အထိ ပြန်မထွက်နိုင်သေးတဲ့ အဆင်းရဲဆုံးတိုင်းပြည် LDC ဖြစ်တယ်။ ချမ်းသာတဲ့ တိုင်းပြည်တွေထက် LDC တွေက အဆ ၃၀၀ ပိုဆိုးပါသတဲ့။ ဒါ့ကြောင့်လဲ “မိန်းမမီးနေ” ဆိုတာကို ဗမာစကားနဲ့ တိတိကျကျ ရှိနေသေးတာ ဖြစ်မှာပေါ့။

ကုလသမဂ္ဂ အဖွဲ့အစည်းတွေဖြစ်တဲ့ WHO, UNICEF, UNFPA နဲ့ ကမ္ဘာ့ဘဏ်တို့က ပြုစုထားတဲ့ ၂၀၀၅ ခုနှစ် စာရင်းအရဆိုရင် ကလေး ၁ သိန်းအရှင်မွေးရင် မီးတွင်း သေဆုံးရတဲ့ မိခင်ပေါင်း ၅၀၀ ကျော်တာ ၆၅ နိုင်ငံ ရှိတဲ့ထဲမယ် မြန်မာနိုင်ငံက ၅၁၀ နဲ့ပါတယ်။ ပိုဆိုးတာက ၁၀၀၀ ကျော်ရှိတာ ၃၃ နိုင်ငံ၊ ၂ ထောင်ကျော် ၆ နိုင်ငံနဲ့ ဘိတ်ဆုံးဟာ ၃၇၀၀ နဲ့က (ဆာရာလီအွန်) ဖြစ်တယ်။

ကျွန်တော်တို့ တိုင်းပြည်မှာက သုတေသနဆိုတာ အတော်ကြီး နည်း၊ အတော်ကြီး ခက်ခဲနေသေးတယ်။ တာဝန်ရှိသူတွေကနေသာ ကိုင်တွယ် ထုတ်ပြန်လေ့ရှိတဲ့အပြင် မကောင်းတဲ့ စာရင်းဆို မပြတတ်တဲ့ အကျင့် ပါနေတယ်။ တာဝန်ရှိသူတွေလို့ ပြောတာကိုက မှားနေတယ်။ ကျန်းမာရေး ပြဿနာကို ကောင်းမွန် တိုးတက်အောင် ဖြေရှင်းရာမှာ အုပ်ချုပ်သူတွေနဲ့ ကျန်းမာရေးနယ်မှာ လုပ်နေကြသူတွေချည်းနဲ့ မလုံလောက်ပါ။

မအေတွေ အသေနဲလာရတဲ့ တခြား အရေးကြီးတဲ့ အကြောင်းတခုကတော့ နိုင်ငံရေးပါ။ အမျိုးသမီးတွေကို ပိုဂရုစိုက်ပေးဘို့ လိုတယ်ဆိုတဲ့ နိုင်ငံရေးအမြင်၊ လူမှုရေးအသိ ကောင်းလာလို့ ဖြစ်တယ်။ နိုင်ငံရေး အဖွဲ့ အစည်းတွေ၊ လူမှုရေး အသင်းအပင်းတွေ၊ အမျိုးသမီး အစုအစည်းတွေဟာ နေရာတိုင်းမှာ အရေးပါလှပါတယ်။ သူ့အသိစိတ်နဲ့သူ ဖွဲ့ကြရတာဖြစ်ဘို့လဲ လိုပါမယ်။

CEDAW လို့ခေါ်တဲ့ အမျိုးသမီးများ ခွဲခြားဆက်ဆံခံရမှုမျိုးစုံ ပပျောက်ရေး ကော်မတီဆိုတာရှိတယ်။ ကုလသမဂ္ဂ အောက်ကပါ။ ၂၀၀၀ ခုနှစ်က မြန်မာကိုယ်စားလှယ်ကနေ ၁၀၀၀ မှာ ၁ ယောက် သေနေတာက ၂၀၀၀ မှာ ၁ ယောက်သာ သေအောင်လုပ်မယ်လို့ နယူးယော့မှာ ကတိပေးခဲ့တယ်။ ဘယ်လောက် ကောင်းသလဲ။

လက်လှမ်းမီသလောက် စာရင်းလိုက်ရှာတော့ ၁၉၉၅ မှာ MMR ၁၇၀ ယောက်လို့ UNDP စာရင်းတခုမှာ တွေ့တယ်။ ၁၉၉၉ တုံးက (ဆာဗေး)လုပ်တော့ ၂၅၅ ယောက်လို့ ထုတ်ပြန်ခဲ့တယ်။ နောက်ထပ် တွေ့ရတာက ၁၉၉၀ မှာ ၅၈၀၊ ၂၀၀၀ မှာ ၃၆၀၊ ၂၀၀၇ မှာ ၃၂၀ ဆိုပြီး တွေ့ရတယ်။ ဒီထဲမှာ ၁၉၉၅ နဲ့ ၁၉၉၉ က စာရင်းတွေကို ထည့်မရေးတာ သတိထားမိမှာပါ။ နောက်နှစ်တွေမှာ ပိုဆိုးသွာတဲ့ သဘောဖြစ်နေလို့ စာရင်း မသွင်းတော့တာနဲ့ တူတယ်။ မီးတွင်းမှာ သေသွားရတဲ့ အမျိုးသမီးများ စာရင်းတောင် အသွင်းမခံရပါလား။

သတင်းတို့၊ စာရင်းတို့ ထုတ်ပြန်တော့ အရင်စာရင်းနဲ့ နောက်စာရင်း နှိုင်းယှဉ်ရင် “တိုးတက်၊ ကောင်းမွန်၊ အောင်မြင်တယ်” ဆိုတာကို သိပ်ပြောချင်ကြတယ်။ အကောင်းတွေ တိုးလာစေ၊ အဆိုးတွေ နည်းလာစေဆိုမှ မျက်နှာပန်းက လှမှာကိုး၊ သတိကြီးကြီး ထားတတ်ကြတယ်။ သတိကြီးတယ်ဆိုတာ ကောင်းတာပေါ့။ သတင်းရေးသူတွေ အမျိုးမျိုးရှိသလို ကိုးကားတာကလဲ တမျိုးတမျိုးကြီး ဖြစ်နေမှာပါဘဲ။ ဗမာပြည်မှာ စာရင်းဇယား၊ ကိန်းဂဏန်းဆိုတာ ကိုးကားချင်ရင် လေဖမ်း ဒန်းစီးရသလိုမျိုးကိုး။

ကျွန်တော်တို့တိုင်းပြည်မှာ ၁ နှစ်မှာ မွေးလူနာပေါင်း ၁့၃ သန်းရှိပါတယ်။ ၂၀၀၅ မေလ ၂ ရက်က (ဆင်ဟွာ) သတင်းဌာနကနေ ကျန်းမာရေးဌာနကို ကိုးကားပြီး မြို့နယ်ပေါင်း ၁၂၀ က၊ အိမ်ထောင်စုပေါင်း ၂ သိန်းခွဲကို UNICEF နဲ့ပေါင်းပြီး၊ ဆန်းစစ်မယ်လို့ ပါတယ်။ ၂၀၀၀ ခုနှစ် တုံးက မွေးလူနာ ၁ သိန်းမှာ သေရတဲ့ မိခင်ပေါင်းက ၄၃၀၀ ရှိတယ်လို့ပါတယ်။ ၂၀၀၉ ဇန္န၀ါရီလ သတင်းတခုမှာ UN Population Fund (UNFPA) အဆိုအရ နှစ်တိုင်း မိခင်ပေါင်း ၃၈၀၀ သေဆုံးနေရတယ်လို့ ဆိုတယ်။

၂၀၀၈ ခုနှစ်အတွင်း ကလေးဖွါးရာမှာ ၅၇%ကဘဲ ကြွမ်းကျင်တဲ့ သူတွေနဲ့ မွေးကြတယ်။ သေဆုံးရသူတွေထဲက ၈၇% က တောပိုင်းမှာ ဖြစ်တယ်။ သေသူတွေဟာ ဆေးရုံ ဆေးခန်းမှာ ၁၀%၊ လမ်းမှာ ၂% နဲ့ အိမ်မှာက ၈၈% ရှိတယ်လို့ တိတိကျကျ တွေ့တယ်။ သားဖွါး ဆရာမတယောက်ဟာ ရွာ ၁၆ ရွာကို ကြည့်ပေးနေရတယ်လို့ပါ ထောက်ပြတာ တွေ့ရတယ်။ ပြည်နယ်တခုမှာ အရံသားဖွါးဆရာမ ဖြစ်အောင် သင်တန်းပေးတာ ၃ လစာကို ၁ ပါတ်ထဲ ပေးလိုက်သတဲ့။ ဒီသတင်းအမှန်မျိုးက စာရင်းဇယား၊ သတင်းများမှာ ပါတာမဟုတ်ဘူး။

၂၀၀၉ ဇွန်လ တတိယပါတ်ထုတ် (မြန်မာ တိုင်းမ်) မှာ မိခင်နှင့်ကလေး ကျန်းမာရေး တိုးတက်လာတယ်လို့ ဖတ်ရတယ်။ သာဓုခေါ်ရမှာပေါ့။ တပါတည်း မှတ်ချက်ပြုထားတာက တိုးတက်လာတယ် ဆိုတာကို ကိန်း ဂဏန်းတွေနဲ့ ပြမရဘူးတဲ့။ ဘာ့လိုလဲဆိုတော့ ခိုင်လုံတဲ့ သတင်းအချက်အလက် ရဘို့ ခက်ခဲလို့ပါတဲ့။ အားရှိစရာလို့ ပြောရမလားတော့ မသိဘူး၊ ဗမာပြည်ဟာ အရှေ့တောင်အာရှမှာ အဆိုးဆုံးဖြစ်ပေမဲ့ ၂၀၀၅ မှာ ၁၉၉၀ ကထက် ၄၅့၅% တောင်မှ လျော့ကျခဲ့တယ်။ ၂၀၁၅ ရောက်ရင် မီးတွင်းသေနှုန်းကို ၄ ပုံ ၃ ပုံ လျော့ကျစေရမယ်တဲ့။ ဒုတိယအကြိမ် သာဓုခေါ်ပါတယ်။

Dr. တင့်ဆွေ
၂-၁၂-၀၉

Wednesday, November 18, 2009

သနားစိတ်၊ စာနာစိတ် နှင့် ဆရာဝန် Sympathy and Empathy

လူနာတဦးရဲ့ရောဂါအခြေအနေကို ညှာတာစိတ်နဲ့ သက်သာအောင်လုပ်ပေးချင်တာကို သနားစိတ် Sympathy လို့ ခေါ်မယ်။ လူနာတဦး ဖြစ်ပျက်ခံစားနေရတာကို ကိုယ်ချင်းစာပြီး၊ လူနာနဲ့ မျှဝေခံစားတာကို စာနာစိတ် Empathy ခေါ်ပါရစေ။

အဆက်အစပ် သဘောအရဆိုရင် Sympathy က နိမ့်ကျနေသူ၊ ကံအကြောင်း မလှသူတွေအပေါ်ထားတဲ့ စိတ်သဘော ဖြစ်ပြီး၊ Empathy ကတော့ ဆွေးမျိုး၊ မိတ်သင်္ဂဟတွေအပေါ် ထားတာမျိုးဖြစ်တယ်။ အသိဥာဏ်ကလာတဲ့ ပရဟိတ သဘောလဲ ဖြစ်ပါတယ်။ စိတ်လှုတ်ရှားမှုအရ ပြောရရင် Empathy က နီးနီးကပ်ကပ်ဆက်စပ်မှုဖြစ်ပြီး Sympathy က စောင့်ရှောက်မှု ပေးခြင်းသဘော ဆောင်ပါတယ်။

ဥပမာ “ခင်ဗျားမှာ ဒီရောဂါဖြစ်ရတာ ကျွန်တော် စိတ်မကောင်းပါဘူးဗျာ”လို့ ပြောတာနဲ့ ကိုယ်အမူအယာပြတာတွေက Empathy စိတ်။ “ခင်ဗျားမှာ ဒီရောဂါဖြစ်နေရတာကို ကျွန်တော် ဒီလိုအကောင်းဆုံးလုပ်ပေးပါမယ်”လို့ မပြောရင်တောင်မှ တကယ် လုပ်ပေးတာမျိုးက Sympathy စိတ်ဖြစ်ပါတယ်။

နှစ်မျိုးက တူပေမဲ့ ခြားနာပါတယ်။ Sympathy စိတ်က သူများဝေဒနာကို အသိအမှတ်ပြုရာရောက်ပြီး၊ Empathy စိတ်က ထပ်တူထပ်မျှ ခံစားတဲ့သဘောဆောင်ပါတယ်။ Empathy စိတ်ဟာ နှစ်ဦးသားအကြား တိုင်ပင်မထားကြပေမဲ့ ဆုံးဖြတ် လုပ်ဆောင်တာမှာ သွားတူနေတာမျိုးပါ။ လူနည်းစုလေးတခုမှာ ရှိတတ်တဲ့ ယဉ်ကျေးမှုမျိုးပေါ့။ Sympathy စိတ်က Empathy လို တဖက်သား အနားမှာရှိနေမှ ဖြစ်တတ်တာ မဟုတ်ပါ။

Sympathy စိတ်နဲ့ Empathy စိတ်ဟာ ဆက်စပ်နေတယ်။ လူနာကို ကုသပေးတဲ့နယ်ပယ်မှာ မတူတဲ့ အကျိုးတွေ ရစေပါတယ်။ ဆရာဝန်က Empathy စိတ်ထားရင် သူဟာ လူနာရဲ့ ဝေဒနာခံစားနေရတာကို နားလည်ပြီး ဝေဒနာရဲ့ အမျိုးအစားနဲ့ အရည်အသွေး (ဘာရောဂါလဲ၊ ဘယ်လောက်ဆိုးသလဲ) ဆိုတာအပေါ် အာရုံထားပါမယ်။ Sympathy စိတ်နဲ့ကြည့်တဲ့ ဆရာဝန်ကတော့ လူနာခံစားမှု ရဲ့ အရည်အသွေး (ဘယ်လိုနဲ့ ဘယ်လောက်အထိ ခံစားနေရသလဲ) ဆိုတာကို မျှဝေခံစားတာမျိုး၊ မတူကြပါဘူး။

ဒါ့ကြောင့် Empathy စိတ် ပိုလေလေ၊ ရောဂါကိုကုသရာမှာ အကျိုးများလေ ဖြစ်နိုင်ပြီး၊ Sympathy စိတ် များတာဟာ ဆရာဝန်က ဆုံးဖြတ်ချက်ချရာမှာ လိုအပ်တဲ့ ကြားနေသဘော ပျက်ယွင်းတဲ့အတွက် ပြောင်းပြန်အကျိုး ဖြစ်စေနိုင်တယ်။ တိတိကျကျ ပြောရရင် Empathy စိတ်ဆိုတာက မျဉ်းဖြောင့်သွားသလို များလေ၊ တိုးလေဖြစ်တယ်။ Sympathy စိတ် များတာက (ဂ)ငယ်မျဉ်းလို အစပိုင်းများတာက (အကောင်းသဘော) အတက်ဆီ ဦးတည်ပြီး၊ နောက် ဆက်များလာတာနဲ့ အောက်ပြန် ဆင်းသွားတာမျိုး။

ဟောပြောပွဲတခုမှာ တယောက်က “ပြောသွားတဲ့ဘာသာရပ်ကို ဟောပြောသူဘယ်လောက် ဂရုတစိုက်လေ့လာသလဲ empathetic study of the subject ဆိုတာ နားလည်နိုင်တယ်။” လို့ မှတ်ချက်ချမယ်။ နောက်တယောက်က “ငါတော့ ဟောပြောသူဟာ ဘာသာရင်ကို ပိုင်ပိုင်နိုင်နိုင် မရှိတဲ့အပေါ် only sympathize သနားတောင်သနားသေး။”လို့ ပြောတာမျိုး။

အခြေအနေတခုမှာ empathetic ဖြစ်ပေမဲ့ sympathetic မဖြစ်ဘဲရှိနိုင်တယ်။ ဥပမာ လူနာဟာ မဆင်မခြင်နေလို့ ရောဂါ ဆိုးဝါးသွားတာကို ဆရာဝန်က “သူ ဘာ့လို့ ဒီလိုဖြစ်သွားရတာပါလိမ့်”လို့ စောကြော ဆန်းစစ်တာဟာ empathetic စိတ်နဲ့ လုပ်တာပါ။

မိမိလူနာတယောက် ဆုံးပါးသွားတဲ့အခါ ဆရာဝန်ဖြစ်တဲ့စိတ်မျိုးက empathetic ဖြစ်တာ။ ဆရာဝန်ရဲ့ဆွေမျိုးသားချင်း ဆုံးတဲ့အခါမျိုးမှာတော့ empathetic ရော၊ sympathetic ရော နှစ်ခုလုံးဖြစ်ရပါတယ်။

Empathetic ဖြစ်ဘို့ ဆရာဝန်-လူနာဆက်ဆံရေးက အရေးပါတယ်။ Communications ကြွမ်းကျင်ပါမှ။ မတူတာ နောက်တခုကတော့ Empathy စိတ်ကိုတော့ သင်ယူ လေ့ကျင့်ပေးလို့ တိုးပွါးလာနိုင်ပါတယ်။ Sympathy စိတ်ဆိုတာကို မွေးယူ၊ သင်ပေးလို့ မရပါ။

Empathy စိတ်နဲ့ Sympathy စိတ် နှစ်မျိုးလုံးဟာ ကရုဏာစိတ် Compassion ရဲ့အခြေခံတွေဖြစ်ကြပြီး၊ မေတ္တာ Love ဆိုတာမှာလဲ နှစ်မျိုးလုံး အကြုံးဝင်ကြပါတယ်။

Dr. တင့်ဆွေ
၁၈-၉-၀၉

Tuesday, November 17, 2009

အညာသားများ ဆီစားကြသည် Trans fats

ငယ်ငယ်က ခုလိုနွေရာသီ ကျောင်းပိတ်ရင် ဇာတိရွာကို သွားလည်နေကျ။ အိမ်တိုင်းမှာ ဆီကြိတ်တဲ့ဆုံ ဆိုတာရှိတယ်။ သစ်ပင်ကြီးကြီးရဲ့ အောက်ခြေပင်စည်ကို အလည်မှာ တွင်းပေါက်တခု ထွန်းပြီး ဆုံလုပ်တာပါ။ ဆုံထဲကို မြေပဲဖြစ်ဖြစ် နှမ်းဖြစ်ဖြစ်ထည့်၊ သစ်ကျဉ်ပွေ့မှာ ၀ါးကိုင်းတပ်ပြီး နွားတကောင်ကို ဆွဲခိုင်းတယ်၊ ဆုံအောက်ခြေမှာ သစ်သားပြားကြီးကို ခွထောက်လုပ်ပြီး ထောက်ပေးထားတာမို့ နွားက ပတ်ခြာလည်သွားတယ်။ သစ်သားပြားကြီပေါ်မှာ တက်စီးလိုက်ရတာ ပျော်စရာ ကောင်းတယ်။ ကြာတော့ နှမ်းကနေ နှမ်းဆီ၊ မြေပဲကနေ မြေပဲဆီတွေ ထွက်လာပြီ၊ လူကြီးတွေက ဆီစစ်စစ်က မွှေးတယ်လို့ ပြောတာကို နားမလည် တတ်တဲ့အရွယ်ကပေါ့။

တချိန်ကဗမာပြည်ဟာ တကယ်ကို “ဆီကိုရေချိုး၊ ဆေးရိုးမီးလှုံ” ဘ၀မှာရှိခဲ့တာပါ။ ဆီဆုံခေတ်ကနေ ဆီစက်ခေတ် ရောက်တော့ အမျိုးမျိုး အထွေထွေသော ဆီဆိုတာတွေ ပေါ်လာတယ်။ မြေပဲထဲ၊ နှမ်းထဲ တခြားအစေ့ အဆံတွေ ရောရတော့တဲ့ခေတ် ရောက်လာတယ်။ ဒီနောက်တော့ ဆီကိုရေချိုးဘို့ နေနေသာသာ လက်ဖက်ကို ဆမ်းဘို့တောင် မလောက်တော့ပါ။

အရင်တုံးက တိရစ္ဆာန်အဆီထက် အသီးအနှံဆီက ပိုကောင်းတယ်လို့ ပြောခဲ့ကြတယ်။ အခုမဟုတ်တော့ပါ။ ကျန်းမာရေးနဲ့ မသင့်တဲ့ ဆီတွေဆိုတာ အင်္ဂလိပ်လို Trans fats or trans fatty acids လို့ခေါ်တယ်။ (ထရန့်ဆီ)ဟာ ၀ါစေ့ဆီ၊ ပဲပုတ်စေ့ဆီ တွေကနေ ထုတ်တာပါ။ လူတွေ သမားရိုးကျ စားသုံးခဲ့ကြတဲ့ဆီကို လူတွေကဘဲ ပြုပြင်ပြီး၊ (ထရန့်ဆီ) လုပ်ကြတာပါ။ သမားရိုးကျဆီကို ဟိုက်ဒရိုဂျင် ထပ်ပေါင်း ထည့်လိုက်တာတဲ့။ စလုပ်ခဲ့သူက ဂျာမန်လူမျိုး။ ၁၉၀၂ ကပေါ့။

အဲလိုလုပ် လိုက်တော့ ပြစ်သွားတယ်။ ပြစ်တော့ ဘာပိုကောင်း လာလဲဆိုတော့ လွယ်လွယ်ပြောရရင် အသုံးခံတာပေါ့ဗျာ။ ဒီဆီနဲ့ကြော်တဲ့ အစားအသောက်ကလည်း အရသာ တမျိုးထူးလာစေတယ်။ ပြန်ပြန် လဲသုံးနိုင်လို့ တွက်ခြေလဲကိုက်တယ်။ မကိုက်တာကတော့ ကျန်းမာရေးနဲ့ပါ။ နာမည်ကြီး (ကိုလက်စထော)ဆိုး တိုးစေတယ်။

(ကိုလက်စထော)ကလည်း အဆိုး(LDL) နဲ့ အကောင်း(HDL)ဆိုပြီး၊ နှစ်မျိုးနှစ်စား ရှိတာဘဲ။ လူတွေနဲ့ အတော်တူပါလား။ အဆိုးများရင် သိတဲ့အတိုင်း နှလုံးသွေးကြောကျဉ်းတဲ့ (စထုပ်ခ်) ရမယ်။ ဆီးချိုအမျိုးအစား ၂ ရမယ်။ နောက်ပြီး အ၀လွန်၊ အသဲ၊ ကင်ဆာ၊ အဇာမိုင်ယား ဆိုတဲ့ရောဂါတွေကိုလည်း ဖြစ်စေမယ်။ ကြောက်စရာကြီး။ အဇာမိုင်ယား ဆိုတာက နာမည်ကြီး ဟောလီဝုဒ်မင်းသားကနေ နှစ်ထပ်ကွမ်း (အော်စကာဆု မဟုတ်ဘူး) သမတဖြစ်ခဲ့သူ ရော်နယ်ရီဂင် အသက်ကြီးတော့ ဖြစ်တာမျိုးပြောတာ။

ဒီလိုမကောင်းပါရက်ကနဲ့ ဘာလို့ ပေါ်ပြူလာဖြစ်လာလဲဆိုတာ သိဘို့လိုတယ်။ ၁၉၉၀ (ရွေးကောက်ပွဲအကြောင်း ပြောမှာ မဟုတ်ဘူးနော်။) အရင်က (ထရန့်ဆီ)မကောင်းတာကို သိပ်မသိကြဘူး။ သူငယ်ချင်းတို့၊ လင်မယားတို့လို ပေါင်းကြည့်မှ သိတာမျိုးပေါ့။

လူစားတာတွေထဲမယ် ကဇီဓါတ်၊ သား-ငါး နဲ့ ဆီ-အဆီဆိုတဲ့ သုံးမျိုးကိုယှဉ်ကြည့်ရင် တဇွန်းချင်း တူတာတောင် ဆီ-အဆီ ကနေရတဲ့ (ကလိုရီ)ဟာ ကျန်တဲ့အုပ်စုတွေထက် နှစ်ဆမကများတာ။ လူတယောက်ဟာ ကိုယ်လိုတဲ့(ကယ်လိုရီ)ရဲ့ ဆယ်ပုံတပုံထက် (ထရန့်ဆီ) ကနေရတာဆိုရင်တော့ မကောင်းဘူးမှတ်ပါ။

အစားအသောက်တွေမှာ အဆီဘယ်လောက် ပါတယ်ဆိုတာ ရေးပြီးမှ ရောင်းရမယ်လို့ ဥပဒေထုတ်တဲ့ တိုင်းပြည်တွေမှာဆို သတိထားနိုင်ပါမယ်။ ဘာဥပဒေမှ ဂရုမစိုက်တဲ့နိုင်ငံဆိုရင် “ကံသာလျင်အမိ၊ ကံသာလျင်အဖ” သဘောထားပြီး၊ တရားနဲ့သာ ဖြေပေတော့။ (ကံ ကို မိဘလို အားထားရာလို့ ဆိုလိုတာပါ။ ကိုယ့်မိဘ အစစ်ကလွဲရင် တခြားဟာတွေက မိဘမဟုတ်တာ သတိထားပါ။)

သူများကိုဘဲ အပြစ်မပြောနဲ့ဗျို့။ (ထရန့်ဆီ)ဖြစ်အောင်မလုပ်ဘဲ နဂိုကတည်းက (ထရန့်ဆီ) ပါတဲ့ဆီတွေဆိုတာလည်း ရှိပါတယ်။ နွားနို့၊ အမဲ-ဆိတ်-သိုးအဆီ၊ ထောပတ်၊ မာဂျရင်း။

ဇာတိမြို့ရွာကနေ ချင်းတောင်ဖက်က ဖြတ်ထွက်ရတုံးက ကားလမ်းဘေးမှာ ကျောက်ဆုံထဲကို ချင်းနှမ်း မဲမဲတွေတည့်ပြီး ကြည်ပွေ့ကို လက်နဲ့မမောမပမ်း ထောင်းပြီး၊ ဆီဖြစ်အောင်လုပ်နေတဲ့ ချင်းမကြီးတွေ မြင်ခဲ့ရဘူးတယ်။ စိတ်မကောင်းဘူး။ ခုချိန်မှာ (ကပီး)တို့ ဆီထောင်းနိုင်သေးရဲ့လား။ ကျွန်တော့် ရွာမှာတော့ ဆီဆုံပျောက်တာ ကြာခဲ့ပါပြီကော။

လူတွေအားလုံး (ဂလိုဘယ်လိုက်)ဖြစ်ကုန်ပြီ။ (ဂလိုဘယ်လိုက်ဇေးရှင်း)နဲ့ အတူပါလာတဲ့ အစားအသောက်တွေမှာ (ထရန့်ဆီ) တွေပါတယ်။ (ဖရင့်ခ်ျ-ဖရိုင်း)၊ (ဒူးနတ်)၊ (ပက်စ်ထရီ)၊ (ပီဇာ)၊ (ကွတ်ကီးစ်)၊ အာလူး(ချစ်ပ်)၊ (ကင်ဒီ-ဘား)၊ ဟမ်းဘာဂါ၊ ကြက်ကြော်၊ (ပေါ့ပ်ကွန်)၊ (မာဂျရင်း-စတစ်)၊့။

ကဲ့ (မက်ဒေါ်နယ်)တို့၊ (ကေအက်ဖ်စီ)တို့၊ (ပီဇာ)တို့ သွားစားနိုင်သူများ ကံကောင်းပါစေ။

တင့်ဆွေ

Monday, November 16, 2009

အထူးကု Specialist

အထူးကု Specialist
ဆေးပညာဘွဲ့ရပြီးတဲ့နောက် သူငယ်ချင်းတချို့ ဘွဲ့လွန်တက်ကြရတယ်။ တချို့ကြ တခြားနိုင်ငံ သွားပြီးတောင် ဘွဲ့ထပ် ယူနိုင်ကြသေးတယ်။ သူတို့အားလုံး အတော်ကြိုးစားကြရတာပါ။ စာကြိုးစားတာတခုထဲတော့ ဘယ်ဟုတ်မလဲ၊ မရရအောင်လုပ်ရတဲ့ ကြိုးစားမှုတွေလဲ ပါရတာ။ ကံဆိုတာကလဲ လိုပြန်သေးတယ်။ အားလဲကျပါရဲ့၊ ကိုယ်မဖြစ်ရလို့ အများကြီးတော့ စိတ်မပျက်ပါ။ ခံစားမှုတော့ ရှိတာပေါ့။ ကိုယ်မဖြစ်တဲ့အခါ ခေတ်ကို ယိုးမယ်ဖွဲ့ဘူးတယ်။ အစောပိုင်း ကာလတွေတုံးကပေါ့။

အမှန်က ကျွန်တော်တို့နိုင်ငံမှာ ကြိုးစားသလောက် မပေါက်နိုင်တာ ဆေးလောက တခုထဲတော့ မဟုတ်ဘူး။ ပညာရေး လောက တခုလုံးလဲ မကဘူး။ ပိုပြီးသိသာတာက စီးပွါးရေး လုပ်တဲ့လူတွေ။ ကုန်ကုန်ရေးရရင် ကိုယ့်လယ်လေး၊ ယာလေး စိုက်ပျိုး စားသောက်သူတွေရော အကုန်ပါဘဲ။ ဒီတော့ ဘာလုပ်ကြရသလဲ။ ဗမာလူမျိုးတွေမှာ ထူးခြားတာတွေ ရှိတယ်။ အမှန်က လူမျိုးတိုင်းမှာလဲ ရှိတာပါဘဲ။ တူတော့ မတူကြဘူး။ ကမ္ဘာ့သမိုင်းမှာ တချို့က စစ်အင်အားအရာမှာ ခေတ်ကြီး တခေတ် ပြောင်းသွားစေအာင် စွမ်းနိုင်ခဲ့သူတွေရှိခဲ့တယ်။ ယဉ်ကျေးမှုသစ်ကြီးကို စတင်နိုင်သူတွေရှိတယ်။ တချို့က ကိုယ့်အသက်ကို စွန့်ရဲတာမျိုးကို လူမျိုးတွေလိုက် ထင်ရှားခဲ့တယ်။

ဗမာပြည်က လူတွေရဲ့ လွန်ခဲ့တဲ့နှစ် ၅၀ ကျော်က သမိုင်းကို ဆန်းစစ်ရင် “မရှိအောင် လုပ်ထားတဲ့ ခေတ်ကာလ” ကို အတော်ကြီး ကြာအောင် ဖြတ်သန်းခဲ့ကြရာတာမို့၊ “မရှိတဲ့အထဲကနေ ဖြစ်အောင်လုပ်တဲ့ အတတ်တွေ ထူးချွန်လာခဲ့တယ်။” အဟောင်း ပြင်ရာမှာ အကောင်းနဲ့ တူအောင် လုပ်တတ်တယ်။ ဟိုပစ္စည်း မရှိရင် ဒီပစ္စည်းနဲ့ တည့်အောင် တန်အောင် လုပ်တတ်တယ်။ ဂျစ်ကားဆိုပါတော့ ဒုတိယကမ္ဘာစစ်က ပေါ်ခဲ့တာ။ နောက်ထပ်လဲ မသွင်းဘူး။ ကနေ့အထိ သုံးဖြစ်နေအောင် လုပ်နိုင်စွမ်းရှိတယ်။ တချို့ဆို အသစ်လို ကောင်းနေအောင် တစီးလုံးကို ကိုယ့်ဖါသာ လုပ်နိုင်တယ်။ (စပ်မိလို့ ပြောရအုံးမယ်။ Jeep ကို ဘာ့လို ဒီနာမယ်ပေးလဲဆိုတော့ (ဂျီ-ပီ)၊ Government Purpose (GP) ကနေ လာတာတဲ့။ ကျွန်တော်တို့ ဆရာဝန်တွေအသုံးနဲ့ မဆင်ပါလား။)

ဆရာဝန်တွေလဲ အများနည်းတူ မဖြစ်ဖြစ်တဲ့နည်း လုပ်ကြရော။ တောရွာတွေမှာ ရောဂါတွေက တကယ့် (အင်မာဂျင်စီ) တွေ၊ (မေဂျာ)တွေ များမှ များ။ ပေါမှ ပေါ။ ဆေးရုံကြီးတွေမှာဆို အထူးကု ဆရာဝန်ကြီးတွေ။ မမတွေ ကိုယ်တိုင် ကိုင်ရတာမျိုးတွေ။ မမဆိုတာ ပါမောက္ခ ဆရာဝန်မကြီးတွေကို ချစ်-ကြောက်-ရိုသေ ခေါ်ကြတာပါ။ တောမှာ တယောက်တည်း တာဝန်ကျတဲ့ ဆရာဝန်အဖို့ကတော့ ဘာအထူးကုမဆို ကိုယ်။ သွေးစစ်ချင်ရင် နေရောင် ထောင်ကြည့် ပေရော့။ ဆီးစစ်ဘို့ကတော့ ပနယ်စလင် ပုလင်းခွံထဲထည့်။ အရက်ပြန်မီးခွက်က ရွာထဲက သံဖြူဆရာ့လက်ရာ၊ ကောင်းမှကောင်း။ အရက်ပြန်ကလဲ ရှားတော့ တောအရက် ဦးရေသည်သာ အားထားရာ။ (မီသိုင်လိတ်တက်) မဖြစ်လဲ မတတ်နိုင်ဘူး။ လျှပ်စစ်ဆိုတာ ဝေလာဝေး။ ခွဲဘို့စိတ်ဘို့ လိုသလား။ ဆီစက်ပိုင်က ပဲတွေ နှမ်းတွေကို ခွဲလူနာလာချိန်ကျမှ စက်လည်ပေးတဲ့အထိ စေတနာကောင်းတာ။ အုပ်ချုပ်တဲ့လူတွေက ရှားအောင် လုပ်တဲ့ ခေတ်မယ်၊ လူတွေက စေတနာ မရှားလို့ လူနာတွေ အကျိုးများရတယ်။

ထန်းပေါလှတဲ့အရပ် ထန်းလျောဆိုတာ လာလိုက်မှဖြင့် မသေရင် ခြေသလုံးကျိုး၊ ပေါင်ကျိုး။ ခါးကျိုး။ ယောဖက်ပိုင်းမှာ ထန်းလျောတယ်ဆိုရင် ဘယ်နှစ်ယောက်လဲ မေးရတာ။ မြို့သာဖက်မှာလို စီးပွါးဖြစ် ထန်းလျက်ချက်ဘို့ ထန်းတက်တာ မဟုတ်ဘူး။ ယောသားတွေက ထန်းရေခါးကို ထန်းပင်ပေါ် လင့်စဉ်ထိုးပြီး တက်သောက်ကြတာ။ ကျပြီဆိုရင် တယောက် ဘယ်ကမလဲ။

တတန်းထဲက တနှစ်တည်းအောင်တဲ့ သူငယ်ချင်းတယောက်က အင်္ဂလန်မှာ အရိုးအထူးကု လုပ်နေလေရဲ့။ ကျွန်တော်လဲ ကိုယ့်နေရာမှာကို အရိုးကို အထူးကုရတာပါဘဲ။ အရိုးအထူးကုဆိုတာ ပေါင်ကို အလေးဆွဲတတ်ရတာ။ လူကောင်ကြီးရင် အုတ်ခဲ ၄ ခဲ၊ သိပ်မကြီးရင် ၃ ခဲ၊ အတော်ဘဲ။ အုတ်ခဲတော့ နိုင်ငံခြားက မှာရတာ မဟုတ်ဘူး။ ကြိုးဆိုတာ နွားဖါးကြိုး အသစ်။ ဘယ်နှစ်ချောင်း လိုချင်လဲ။ ပေါင်အောက်နား ဒူးရိုးကို ကန့်လန့် ဖေါက်ထည့်ဘို့ သံချောင်း။ (ဆာဂျီကယ်-စတီးလ်)မှ လူ့ကိုယ်က လက်ခံတာဆိုတော့၊ ဘယ်ကရမလဲ။ လိုလျင်ကြံဆ နည်းလမ်းရ။ ဘယ်ကာလက ရှိနေလဲ မသိတဲ့ ကိုယ်ဝန် ဗိုက်တိုင်းတဲ့ ကရိယာက ခပ်ကွေးကွေး သံချောင်းတဖက်ကို ဖြုတ်၊ ဖြောင့်၊ သွေး၊ ချွန်၊ လိုသလောက် ဖြတ်။ ရရော့ မဟုတ်လား။ အကျိုးက တယောက်မကဘူးလား၊ ရတယ်။ ဗိုက်တိုင်းကရိယာတခုမှာ သံချောင်းက နှစ်ချောင်း ပါတာ။

ကျောင်းမှာ သင်ရတာချင်း အတူတူ၊ စာမေးပွဲအမှတ် ဖြစ်ဖြစ်၊ ကျောင်းပြီးလို့ နောက်ဆက်ဖြစ်ရတာဖြစ်ဖြစ်၊ တယောက်နဲ့ တယောက် မတူကြတော့ဘူး။ ကျယ်ပြန့်လှတဲ့ ဆေးပညာနယ်ပယ်ထဲက ဘာသာရပ်တခုခုကို ကွက်ပြီး သင်ယူလေ့လာလို့ အထူးကုလုပ်ရတာကလဲ ထူးခြားချက်လို့ မဆိုနိုင်ပါ။ “ဂျင်နရယ်လစ်” တွေထဲက “စပယ်ရှယ်လစ်” ဆိုတာကတော့ နဲနဲ ထူးသလိုရှိပါတယ်။ ဘာအထူးကုမှ မဖြစ်ကြရတဲ့ ကျွန်တော်တို့လို အကောင်းစားတွေအဖို့ တာဝန်ကျတဲ့ နေရာမျိုးတွေက မတူကြပြန်ဘူး။ ဆေးရုံတွေကို ရောက်သူတွေရယ်၊ စီမံကိန်းဌာနတွေရယ် ရောက်ကြတယ်။ စီမံကိန်း ဆိုတာတွေက ကာလသားရောဂါ၊ ငှက်ဖျား၊ တီဘီ၊ မျက်ခမ်းစပ် ဆိုတဲ့ တိုက်ဖျက်ရေးတွေကိုဆိုတာ။ ဒီတော့ နယ်ပယ် မတူတဲ့အတွက် မတူတာတွေ လုပ်ကြရ၊ ဖြစ်ကြရရော့။

ဆေးရုံဆိုတာကြပြန်တော့ ဆေးရုံကြီး။ ဆေးရုံလတ်။ ဆေးရုံငယ်တွေ မတူသေးဘူး။ ဘွဲ့လွန်တက်ချင်ရင် ဆေးရုံကြီးကို ရောက်ဘို့ လိုတယ်။ ဆေးရုံလတ် ရောက်ရင် ကံမဆိုးဘူး။ လက်တွေ့နယ်မှာ ကူညီသင်ပြပေးမဲ့ ကိုယ့်အရင် ဆရာဝန် ဖြစ်သူတွေ ရှိတာကိုး။ အဲ့ ဆေးရုံငယ်လေးတွေကို တန်းရောက်သွားမှဖြင့်၊ သောင်ပြင် အလွှတ်ခံရတဲ့ အကောင်မျိုး ဖြစ်ရော။ မေးစရာလဲ အနားမှာမရှိ။ ဖတ်စရာ စာအုပ်ကလဲ သူများပေးလိုက်ပြီ။ အတ္တာဟိ အတ္တနော နာထော အစစ်။

ဝါသနာလို့ ပြောတာထက် တန်ရာတန်ရာ၊ သန်ရာသန်ရာ ဖြစ်ရတယ်လို့ဆိုတာ ပိုနီးစပ်မယ်။ သူငယ်ချင်း တချို့က ဆေးဝါးနဲ့ကုရတာမှာ သန်တယ်။ တချို့က ခွဲတာစိတ်တာမှာ သန်တယ်။ တချို့က “ပတ်ဘလစ်-ဟဲ့လ်သ်” ခေါ်တဲ့ ရောဂါကာကွယ်ရေး သန်တယ်။ အတူတူနဲ့အနူနူထဲက တန်ရာ၊ သန်ရာတွေ ဖြစ်လာကြတယ်။ ဆေးကျောင်း ၇ နှစ်မှာ အတူတူချင်းပေမဲ့ နောက် ဘာလို့ မတူကြတော့တာလဲ။

ဗမာတွေက တိတိကျကျ ပြောမရတဲ့ ပစ္စည်းကို “ဓါတ်” ဆိုပြီး ခေါ်တယ်။ ဓါတ်ခဲ၊ ဓါတ်မီး၊ လိုမျိုးပေါ့။ လူ့ဘ၀မှာ ရေရေရာရာ မသိဘဲဖြစ်လာတဲ့ အကျိုးတရားမျိုးကို ကံကြောင့်လို့ ပြောလေ့ရှိတယ်။ ဆေးပညာမှာတော့ ဖြစ်စေတတ်တဲ့ အကြောင်းရင်း “ကော့စ်” ကို သေသေခြာခြာ မသိတာကို “Primary” လို့ သုံးတယ်။ ဥပမာ သွေးတိုး ရောဂါမျိုး။ ရှင်းမပြတတ်တာကို “X” လုပ်လိုက်တယ်။ ၁၈၉၅ ကပေါ်ခဲ့တဲ့ X-ray ဓါတ်မှန်။ ဒီနောက် ၁၉၆၀ မှာစပေါ်တဲ့ နာမယ်ကြီး ကာတွန်း၊ နောက် ရုပ်ရှင်ကိုလဲ X-men လုပ်တယ်။

အထူးကု မဟုတ်တဲ့ ဆရာဝန်တွေ တဖက်ဖက်မှာ ပိုပြီး ကြွမ်းကျင်လာတာမျိုးကို ဘယ်လိုပြောရင် အသင့်ဆုံးဖြစ်မလဲ။ ဆေးစကားနဲ့ဆိုရင် Acquired က အနီးစပ်ဆုံးလို့ ထင်တယ်။ မိဘတွေဆီက ပါလာတာလဲ မဟုတ်။ ကံကြောင့် ချည်းလဲ မဟုတ်။ အကြောင်းတိုက်ဆိုင်ပြီး ဖြစ်ရတာမျိုး။ Acquired ဆိုတာ AIDS ထဲက အေ ဆိုတဲ့ စကားလုံးကို ဆိုလိုတာ။ လုပ်လို့ ဖြစ်ရတဲ့သဘောလဲ ပါတယ်။ Acquired Specialist (AS) တော့ ဟုတ်ပါတယ်။ လက်ထောက်ဆရာဝန်ကိုလဲ အဲလို (AS) ခေါ်တာဘဲ။

Dr. တင့်ဆွေ
၁၆-၁၁-၀၉

Sunday, November 15, 2009

အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ Read if you are almost 18 years old

ကြားဘူးတယ် ဟုတ်၊ မဏိပူ (ကသည်း) ပုဏ္ဏားတွေဟာ အင်မတန် အသန့်ကြိုက်တယ်ဆိုတာ။ ထမင်းချက်ရင် စည်းဝိုင်းဝိုင်း ချက်တယ်။ ၀ိုင်းထဲကို ဘယ်သူမှ မ၀င်ရဘူး။ ရေမိုးချိုးပြီး၊ ပါးစပ်နဲ့ နှာခေါင်းကို အ၀တ်စီးတယ်။ အက်ႍေတာ့ မ၀တ္ဘူး။ တချို့ထူးတာက ဘယ်ဘက်လက်ကို စည်းဝိုင်းအပြင် ထုတ်ထားရသတဲ့။ ဘယ်လက်က (ရိုင်းတယ် ပြောတော့ဗျာ)၊ ၀မ်းသွားပြီးတိုင်း ဖင်ဆေး-သန့်ရှင်းရေး လုပ်တဲ့လက်မို့ ရွံတယ်ပေါ့။ မေးချင်တာက ၀မ်းသွားတဲ့ (ဖင်)ကတော့ စည်းဝိုင်းထဲမှာ မဟုတ်ပါလားလို့။

စအိုကနေ၀င်တဲ့ ကူးစက်ရောဂါဆိုတာ ဆေးစာထဲမှာ မရေးကြသေးပါ။ Feco-oral route စအို-ပါးစပ် လမ်းကြောင်းကနေ ကူးစက်တဲ့ ရောဂါတွေဆိုတာတော့ ရှိတယ်။ ၀မ်းလျော၊ ၀မ်းပျက်၊ ၀မ်းကိုက်၊ ကာလ၀မ်း၊ အူရောင်ငန်းဖျား၊ အသဲရောင် အေ၊ ပိုလီယို၊ ဆာလ်မိုနယ်လိုဆစ်၊ ရိုတာ-ဗိုင်းရပ်စ်၊ စတာတွေပါတယ်။ စအိုကနေ”ထွက်”ပြီး၊ ပါးစပ်ထဲကို တနည်းနည်းနဲ့ ၀င်လို့ ဖြစ်ရတာတွေပေါ့။ အခုခေတ်မှာကြ စအိုကနေ”၀င်”တာတွေ ဖြစ်လာနေပါပြီ။ စအိုကို တလွဲသုံးလာကြလို့ပါ။

ခန္ဓာဗေဒဆိုတာ ဆရာဝန်၊ သူနာပြုတွေ စစချင်းသင်ယူရတဲ့ဘာသာရပ်တခုပါ။ ၁၉၁၈ ကတည်းက ရေးခဲ့ပေမဲ့ ကနေ့အထိ ခန္ဓာဗေဒကို အပြည့်စုံဆုံး ရေးထားတဲ့စာအုပ်က Gray's Anatomy ဖြစ်ပါတယ်။ သူ့နောက် ခန္ဓာဗေဒ ပညာရှင်တွေ ရေးသမျှ စာတွေ-ကျမ်းတွေမှာလဲ ဖင်(စအို)ရဲ့တာဝန်ဝတ္တရားကို An excretory organ or an eliminative channel အညစ်အကြေး စွန့်ထုတ်ပေးရသောအင်္ဂါလို့ သတ်မှတ်ပါတယ်။ ၀မ်းသွား-လေလည်တာပေါ့။ ခုတော့ တာဝန်ပိုတွေပါ ထမ်းဆောင်နေရပါတယ်။

ကျား-ကျား လိင်တူ ဆက်ဆံတယ်ဆိုတာ AIDS ရဲ့သမိုင်းနောက်ခံပါ။ နောက် ဘီပိုးကလဲ တစခန်းထလာတော့ ပြောဘို့-ရေးဘို့ လိုလာပါတော့တယ်။ (ဂေး)အကြောင်း မဟုတ်ပါ။ ကျား-ကျား ဖြစ်ဖြစ်၊ ကျား-မဖြစ်ဖြစ် စအိုလမ်း အသုံးပြုပြီး ဆက်ဆံတာ၊ တဲ့တဲ့ပြောပါရစေ၊ (အေနယ်လ်-ဆက်စ်)ပေါ့။ Dangers of anal sex စအိုကနေ လိင်ဆက်ဆံတာရဲ့ အန္တရာယ်တွေကို ရေးခွင့်ပြုပါခင်ဗျား။

စအိုရဲ့မွေးရာပါအလုပ်ကို ပဌမ နားလည်သင့်ပါတယ်။ သူ့အထက်က Rectum အစာဟောင်းအိမ်ထဲမှာ မစင်(၀မ်း)တွေ ပြည့်လာတာနဲ့ ၀မ်းသွားချင်စိတ် ဖြစ်လာပြီး၊ စအိုနံရံတွေက ကျယ်လာပါတယ်။ အစာဟောင်းအိမ်က အပေါ်ကနေ အောက်ဆီ ဦးတည်တဲ့လှုပ်ရှားမှု Peristaltic waves အရ မစင်(၀မ်း)တွေဟာ စအိုထဲဝင်လာချိန် အထိန်းကြွက်သား အ၀ိုင်းတွေက လျော့ဖွင့်လိုက်လို့ ၀မ်းသွားခြင်း ဖြစ်လာတာပါ။ “စအိုထဲကို အပြင်ကနေ ထိုးသွင်းတာကို လက်ခံရမဲ့ အစီအမံဆိုတာ လုံးဝမရှိပါ။”

နှစ်ပေါင်း ၄၀၀၀ လောက်က ထွန်းကားခဲ့တဲ့ (အိန္ဒု)ယဉ်ကျေးမှုခေတ်ကတည်းက ရှိခဲ့ဘူးတဲ့ အထောက်အထားတွေ၊ နောက်ပြီး ၂ ရာစုက ရှိခဲ့တဲ့ (အာဂျန်တာ) လှိုင်ဂူက ရုပ်တုတွေ၊ တခါ ဟိန္ဒူဘုရားတဆူဖြစ်တဲ့ သျှီဗား ရဲ့တံခါးမှူး မြင့်မြတ်သော နွားလား နန္ဒီကနေ သူ့သခင်(ဘုရား) နဲ့ ဒုတိယ မယား (ပါရ်ဗသီ)တို့ရဲ့ ချစ်ကြွမ်းဝင်ကြပုံ (နည်းအစုံစုံ) တွေကို ကြားသိပြီးသကာလ နောင်လာနောက်သား လူအများအကျိုးငှာ ဖေါက်သည်ပြန်ချခဲ့လို့ သက္ကတဘာသာနဲ့ ရေးမှတ်ခဲ့တဲ့ (ကာမသျှတ္တရ)ကျမ်း ဆိုတာတွေ ကြည့်ရင် လိင်ဆက်ဆံမှုပညာဆိုတာဟာ သမားရိုးကျထက် ဆန်းပြားပါလားလို့ ပြောနိုင်ပါတယ်။ ဆန်းတာတွေ ရှေးကတည်းကရှိလို့ ဆန်းတာ ဘာဆန်းတာမှတ်လို့၊ လုပ်သာလုပ်၊ စမ်းချင်စမ်းလို့ အားမပေးလိုပါ။ ဆက်ဖတ်ပါခင်ဗျား။

Anal sex ဟာ အများထင်သလို အန္တရာယ်မရှိ မဟုတ်ပါ။ စအိုထဲမှာ ဖုံးထားတဲ့ အပေါ်ဖုံးအလွှာဟာ သာမန် အရေပြားလို မဟုတ်ဘူး လူ့အရေပြားဆိုတာက Kerotinized လုပ်တားတာ။ (ကရတင်)ဆိုတဲ့ ပိုခိုင်မာတဲ့ (တစ်ရှူး)နဲ့ ဖုံးနေတာ၊ စအိုထဲမှာ အဲဒါ မရှိဘူး။ နောက်ပြီး စအိုမှာ (စဖင်တာ)ဆိုတဲ့ ကြွက်သားဝိုင်းရှိတယ်။ နှစ်ထပ်တောင် ရှိတာ၊ အပြင်ကောင်က စိတ်ကနေ ထိန်းနိုင်ပြီး၊ အထဲဝိုင်းကတော့ ထိန်းမရဘူး။ သူတို့က ၀မ်းသွား-လေလည် အ၀င် အထွက်ကို ထိန်းပေးတာ။ တကယ်လို့ တစုံတခုက စအိုကို လာထိတာနဲ့ လူ့ကိုယ်ခန္ဓာရဲ့ သဘောဝအရ (စဖင်တာ)က ပိုပြီး တင်းတောင့် ပိတ်ဆို့တဲ့ တုံ့ပြန်မှု လုပ်ပါမယ်။ Reflex ခေါ်တယ်။

ဒါ့ကြောင့် မာတာနဲ့ ထိုးမိရင် စုတ်ပြဲသွားနိုင်တယ်။ တကယ်လို့ အလိုမတူသူ ဖြစ်နေရင် ပိုဆိုးမှာပါ။ အရေပြားလွှာ ၃ ထပ်ရှိတဲ့ မိန်းမကိုယ်နဲ့ မတူတာက ၁ ထပ်တဲရှိတဲ့ စအိုဟာ ဆန့်နိုင်ကြုံ့နိုင်စွမ်း အတော်နည်းပါတယ်။ သဘာဝအရလည်း မဆက်ဆံမီ မိန်းမကိုယ်က ထွက်လာရတဲ့ အရည်ဟာ အဆင်ပြေအလွန်းလို့ Honorably discharge လို့တောင် ခေါ်သေးတယ်။

လိင်ဆက်ဆံတဲ့အခါ တခါတလေ လိင်တံရဲ့ အရေပြားကလည်း ပွန်းပဲ့သွားတတ်တယ်။ အဲဒီနည်းနဲ့လိင်ဆံဘို့ Lubrication ချောဆီ သုံးရတယ်။ KY Jelly (KY Sexual Lubricant) က ပေါ်ပြူလာ အဖြစ်ဆုံးပါ။ သူက တခါသုံး မလာပါ။ တခါသုံး မဟုတ်တာ မှန်သမျှ စိတ်မချရတာ သိမှာပါ။ Jelly သုံးပေမဲ့ နဲနေရင်၊ ဒါမှမဟုတ် အလျင်အမြန် ထိုးသွင်းရင် သေခြာပေါက် စအို စုတ်ပြဲ ပါလိမ့်မယ်။ စုတ်ပြဲတာက သွေးထွက်ချင်မှ ထွက်ပါမယ်။ သေးသေးလေး ဖြစ်အုံးတော့ အင်မတိ အင်မတန် သေးငယ်လွန်းလှတဲ့ ဗက်တီးရီးယား၊ ဗိုင်းရပ်စ်တွေအတွက်ကတော့ (ဆူပါ-ဟိုင်းဝေး) ဖြစ်နေမယ်။

အဲဒီကနေ ပိုးဝင်လို့ ကူးစက်နိုင်တဲ့ ရောဂါတွေကတော့ အသဲရောင်ဘီ၊ လိင်ကတဆင့် ကူးစက်ရောဂါတွေ (ရှန်ကာ၊ ကြွက်နို့၊ ဖတ်းဂတ်စ်၊ ဂနိုးရီးယား) နဲ့ HIV တို့ ဖြစ်ကြပါတယ်။ စအိုဘေးက အရေပြားမှာ ပိုးရှိရင် ယားနာဆိုတာလဲ ကူးနိုင်ပြန်ပါသေးတယ်။ နောက်တချက် ယောက်ျားဆီးပြွန်ကပဲ Urine ဆီးရော Semen သုတ်အရင်ထွက်တဲ့ အရည်ချွဲရော၊ Sperm သုတ်ရည်ရော ထွက်ရတယ်။ ဒါ့ကြောင့် ဆီးလမ်းရောဂါပိုးကလဲ စအိုထဲ ၀င်နိုင်ပြန်ရော။ စအိုကင်ဆာ ကိုတော့ ဖြစ်နိုင်ခြေစာရင်းလောက်သာ ထည့်ပါမယ်။

Annal canal အရှည်က 2.5 to 4 cm သာ ရှိတာမို့ စအိုအထဲကို ဘယ်လောက်ပဲ ၀မ်း မရှိအောင် လုပ်ထားပါစေ ဘာထည့်ထည့် ပေကျံလာမှာပါ။ စအိုနဲ့ ထိပြီးသားအရာကို အမျိုးသမီးရဲ့ ဆီးလမ်းအ၀နဲ့ မထိပါမှ ဆီးလမ်းပိုး ၀င်တာ မဖြစ်မှာပါ။ မိန်းမကိုယ်အ၀ကို တဆက်တည်း ပြန်သုံးရင် ပိုးဝင်နိုင်တယ်။ ပါးစပ်ဆိုတာတော့ ပြောမနေနဲ့ပေါ့။ ဆိုတော့ မတိုင်ခင်ရော၊ ကြားထဲမှာရော၊ ကိစ္စပြီးချိန်မှာရော ဘယ်လောက် ကရိကထများလိုက်သလဲ။ သာယာမှုနဲ့ မျှပါသလား။ တပ်မက်မှုကြောင့်ဖြစ်လာတဲ့ လိင်ဆက်ဆံမှုက ရလိုတာဟာ သာယာမှု၊ ကျေနပ်မှု နဲ့ ပြည့်ဝမှု မဟုတ်ပါလော။

လိင်ဆက်ဆံတာဟာ နှစ်ဦးနှစ်ဖက်ကိစ္စပါ။ အသက်လည်းပြည့်ပါမှ နှစ်ဦးသဘောတူဆိုပါမှ Rape မဖြစ်မှာ။ နှစ်ဦး သဘောတူ ဆိုရာမှာ (နည်း)ပိုင်း၊ (အနေအထား)ပိုင်း၊ အချိန်ပိုင်းတွေမှာပါ နှစ်ဦးသဘောတူမှ ပြည့်စုံပါလိမ့်မယ်။ တဦးသဘောမတူတာကို တဦးက နည်းလည်မှုပေးဘို့ လိုမှာပါ။ မဟုတ်ရင် တချို့တိုင်းပြည်တွေမှာ ဥပဒေက ခွင့်မပြုပါ။ တကယ်လို့ ယောက်ျားနဲ့ မိန်းမ စအိုလိင်ဆက်ဆံနည်း သုံးမယ်ဆိုရင် ယောက်ျားဖြစ်သူဟာ Physiological and Psychological nature of the practice ဇီဝကမ္မဗေဒ အရရော စိတ်ပညာအရပါ နားလည်ဘို့ လိုမှာပါ။

စိတ်ပိုင်းဆိုင်ရာလဲ ထည့်ဆွေးနွေးရအောင်။ သဘာဝအားဖြင့် ကျား-မ လိင်ဆက်ဆံတယ်ဆိုတာ ဆက်ဆံချင်စိတ် ဖြစ်ပေါ်လာတာနဲ့ အမျိုးသမီးဟာ ယောက်ျားရဲ့ ကြီးစိုးလွှမ်းမိုးမှုကို Submission or Surrender စိတ်လိုလက်ရ နာခံလိုက်တာ ဖြစ်ပါတယ်။ မိန်းမရဲ့စအိုကို ဆက်ဆံချင်သူ ယောက်ျားမျိုးကတော့ ဒီလို လွှမ်းမိုးချင်စိတ် Domination ထက် ကဲပါတယ်။ စိတ်ပညာအလိုအရ အဲလို ယောက်ျားသားတွေဟာ Male domination complex ကျားလွှမ်းမိုးစိတ်ကဲမှု၊ Sexual deficiency complex လိင်ပိုင်းဆိုင်ရာ အားနည်းမှု၊ Low self-esteem မိမိကိုယ်ကိုယ် အထင်ရောက်မှု၊ Demeaning attitude towards women မိန်းမသားနဲ့ပတ်သက်ရင် အမြင်ကွဲလွဲမှု တခုခု ရှိနေတတ်ပြီး၊ မေတ္တာ-ချစ်တာ အားနည်းသူ ဖြစ်နေတတ်ပါသတဲ့။

နည်းအဆန်း စမ်းသူများ (ကွန်ဒွန်)သုတတော့ ရှိမယ်ထင်ပါတယ်။ ရှိအုံးတော့ (အေနယ်)နည်း သုံးရင် ပိုခိုင်မာတဲ့ (စပယ်ရှယ်-ကွန်ဒွန်) သုံးသင့်တယ်လို့ ဆိုပါတယ်။ အမေရိကမှာ အရေးပေါ်ဌာနတခုကိုလာတဲ့ စအိုထဲ ပစ္စည်းတခုခု (Foreign body) ၀င်လို့ လာသူတွေထဲမယ် ၇၈%ဟာ စအိုလိင်ကိစ္စကြောင့် ဖြစ်ရပါသတဲ့။

သိတဲ့အတိုင်း လိင်ဆက်ဆံက (အင်နာဂျီ) အတော် ကုန်တာပါ။ စအိုထဲ ထိုးသွင်း-ဆွဲထုတ်တာက ပိုပြီး (အင်နာဂျီ) သုံးပါတယ်။ နှစ်ယောက်လုံးက ကျန်းမာရေး ဒေါင်ဒေါင်မည်ရပါမယ်။

နောက်ဆက်တွဲက စအိုလိင်ဆက်ဆံတာ များလာတာနဲ့ ယောက်ျားဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ် စအိုထိန်းကြွက်သားတွေ အားနည်းလာမယ်။ ၀မ်းထိန်းရတာ၊ လေထိန်းရတာ အားနည်းလာမယ်။ ၀မ်းသွားမမှန်ဖြစ်လာမယ်။ Kegel exercises လေ့ကျင့်ခန်း အလုပ်ခိုင်းယူရပါလိမ့်မယ်။ လူကြားသူကြား သွားတိုင်း (ဒိုင်ပါ)တမျိုးကို အမြဲအပိုဝတ်ထားရပါတော့တယ်။

သိပ္ပံအရ ပြောပြော၊ သဘာဝအရ ဆိုဆို၊ ဆင်ခြင်တုံတရားအရ တွေးတွေး၊ စအိုဟာ စွန့်ထုတ်စရာသာဖြစ်ပြီး မိန်းမကိုယ် (မွေးလမ်းကြောင်း)လို ထိုးသွင်းရမဲ့ဒွါရ မဟုတ်တာ သေခြာပါတယ်။ သဘာဝတရားနဲ့ ဆန့်ကျင်တာ နောက်တခုကတော့ အထက်ကနေ အောက်ကို ဆင်းသက်တဲ့ လားရာကို ပြောင်းပြန် လုပ်မိတာပါ။ ဒီခေတ်ကြီးမှာ သဘာဝဆိုတာကို Environment သဘာဝပတ်ဝန်းကျင်၊ ဂေဟစနစ် နဲ့ Organic မပြုမပြင် အစားအသောက်ကိုသာ ကျယ်ကျယ် လောင်လောင် ပြောနေကြပြီး၊ သဘာဝမကျတဲ့ လူတွေရဲ့ အကျင့်စရိုက်တွေကိုကြတော့ ပိုဆိုးဆိုး လာနေတာဟာ အဆီအငေါ် မတည့်ဘူး ထင်ပါတယ်။

စအိုလိင်ဆက်ဆံနည်း ဥရောပကစတယ် ဆိုပါတယ်။ ဂရိ၊ ရိုမန်၊ ဘေဘီလုံ၊ ပါရှားခေတ်ကတည်းကပါတဲ့။ အာဖရိက မှာတော့ ဒါကို Taboo လို့ ယူဆပါတယ်။ မလုပ်သင့်ဘူးလို့ မှတ်ယူတာမျိုးပေါ့။ ဒါပေမဲ့ ကနေ့ခေတ်မှာ အာဖရိက နွယ်ဖွါး အမေရိကန်များမှာ ခေတ်စားလှပါတယ်။ သိတဲ့အတိုင်း အမေရိကားမှာ သူတို့တတွေရဲ့ အဆင့်အတန်းဟာ ဘာလဲလို့။ ကြားချင် ကြားဘူးမယ် သီချင်းထဲ ထည့်စပ်ကြတာ။ သူတို့တတွေပါဘဲ။ "Lick it till your tongue turn doo doo brown" "Da Butt" "Baby Got Back" နောက် မှတ်သားဘို့ ကောင်းတာတခုက အကျဉ်းစခန်းတွေမှာ အသုံးချစရာ စအိုသာရှိလို့ ထောင်ကလာတဲ့ ဇာတ်လမ်းလို့လဲ ဆိုနိုင်ပါသေးတယ်။

ကမ္ဘာကျော် ရေမွှေးကို ဂျာမနီ Cologne ကနေ ထုတ်တာ မဟုတ်ပါလား။ Jovan Musk ဆိုတာ ၁၉၇၃ ကစ ထုတ်တယ်။ သမင် တမျိုးကရတဲ့ ယောက်ျားသားတွေရဲ့ အနံ့ရှိတယ်ဆိုပြီး၊ လိင်ဆွဲဆောင်မှုအတွက် ရေမွှေးလုပ် ထုတ်တာဖြစ်ပါတယ်။ ရောင်းကောင်းလို့ ကျားသုံး-မသုံး နှစ်မျိုးလုံး ထုတ်ပါတယ်။ ဆိုချင်တာက လိင်ဆက်ဆံရေးမှာ အနံ့ရဲ့ အရေးပါတာကိုပါ။ အမျိုးသမီးများရဲ ယောနိကနေ Pheromones ဆိုတာ အလိုလို ထုတ်ပါတယ်။ ဆန့်ကျင်ဖက်လိင်ကို ဆွဲဆောင်နိုင်တဲ့ အနံ့ပါ။ စအိုမှာ အဲဒီအစွမ်းက ဗလာနတ္ထိ မရှိပါ။ မစင်နံ့သာ ရှိပါတယ်။

လူကြီးတွေက ဆုံးမတယ် အိမ်ပြင်ကအမှိုက် အိမ်ထဲမသွင်းနဲ့တဲ့။ ဆရာဝန်က အကြံပေးချင်တယ် အညစ်အကြေးကို အသစ်ကလေး မထင်နဲ့လို့။

Dr. တင့်ဆွေ

ဘီ ပိုး

လူပျိုမရှောင်၊ အပျိုမရှောင်၊ လင်ရော၊ မယားရော၊ ကလေးပါ ဒုက္ခပေးမဲ့အကောင်။

(ဘီ)ပိုးဆိုတာ (HBV) ဗိုင်းရပ်စ်ပိုးကိုခေါ်ကြတာပါ။ သူ့ကြောင့်ဖြစ်ရတဲ့ Hepatitis B ဟာ အဖြစ်များတဲ့ အသဲကူးစက်ရောဂါ အပြင်းစားဖြစ်တယ်။ သမိုင်းကြောင်းပါပြောရရင် သီပေါမင်း ပါတော်မူတဲ့ ၁၈၈၅ ခုနှစ်ကစပြီး ကပ်ရောဂါအသွင် စဖြစ်ခဲ့ပါသတဲ့။ ပိုးက သွေးထဲကို တနည်းနည်းနဲ့ ရောက်လာပြီး၊ ကိုယ်ထဲက အရည်တွေထဲထိ ၀င်လာတာ ဖြစ်တယ်။ တကမ္ဘာလုံးဆိုရင် ၃ ယောက်မှာ ၁ ယောက်ရှိနိုင်တယ်။ အဲဒီထဲက ၇ ယောက်မှာ ၁ ယောက်က နာတာရှည် အဆင့် ရှိနိုင်တယ်။ “နူရာ ၀ဲစွဲ” ဆိုသလို ဆင်းရဲကြတဲ့ အာရှ၊ အာဖရိကနဲ့ တောင်အမေရိကမှာ ပိုဖြစ်နေပါတယ်။

ဘယ်လိုလုပ် ကူးသလဲမေးရင် AIDS နဲ့ အတူတူပါဘဲ။ သွေးသွင်းတာ၊ သွေး-သွေးချင်းထိတာ (သွေးကိုကိုင်ရင် လက်အိတ် မသုံးတာ)၊ ပိုးသန့်မထားတဲ့ ဆေးထိုးအပ်သုံးတာ၊ အကာကွယ်မဲ့ လိင်ဆက်ဆံတာ (ကွန်ဒွန် မသုံးတာ)၊ ကိုယ်မှာရှိတဲ့ အရည်မှန်သမျှမှာလဲ ပိုးရှိနေမှာမို့ လိင်ဆက်ဆံတာနဲ့ ကူးရတာဖြစ်တယ်။ ရောဂါရှိတဲ့ မိခင်ကနေ မွေးလာတဲ့ကလေးဆီ ကူးတာတွေဖြစ်တယ်။ အမေသွေးဟာ အချင်း-ချက်ကြိုးကနေ ကလေးဆီ ရောက်ရတာ မဟုတ်လား။

အသေးစိတ်ပြောရရင် လှချင်တဲ့မိန်းကလေးများ မင်္ဂလာဆောင်သွားမှာမို့ နားကပ် လဲဝတ်တာ၊ ခပ်ပျင်းပျင်း ယောက်ျားလေးများ နုတ်ခမ်းမွှေးရိတ်တဲ့ဒါး၊ သွားတိုက်တံ၊ လက်သဲညှပ်၊ ရှယ်ယာလုပ်တာ။ ဆံပင်ညှပ်ဆိုင်၊ အလှပြင်ဆိုင်က တခါသုံးဒါး မသုံးရင်လဲ ကူးနိုင်တယ်။ ဆွဲဆောင်မှုရှိချင်လွန်းလို့ (တက်တူး) အရုပ် ထိုးသူတွေ၊ ဟိုနေရာ ဒီနေရာ ကွင်းတပ်သူတွေ။

ဒါပေမဲ့ အစိုးရိမ် မလွန်ပါနဲ့။ ပိုးရှိနေသူက ချက်ပြုတ်တာ စားမိလို့ မကူးပါ။ လက်တွဲလမ်းလျောက်လဲ မကူးပါ၊ နှာခြေ၊ ချောင်ဆိုးတာနဲ့ မကူးပါ။ အတူတူခြင်ကိုက်လဲ မကူးဘူး။ တဲအိုပျက်မှာ အတူနေယုံနဲ့လဲ မကူးပါခင်ဗျား။

ဒီပိုးဝင်လာရင် တခြားပိုးတွေဝင်လာတဲ့အခါ လုပ်သလို ခန္ဓာကိုယ်က ခံပြီးတိုက်ထုတ်ပါတယ်။ ကိုယ်ကနိုင်ရင် ပြီးပြီး ပျောက်ပျောက် ဖြစ်သွားရော။ ဘာလို့လဲဆိုတော့ (အင်တီဘော်ဒီ) လို့ခေါ်တဲ့ ခံနိုင်စွမ်း (အတွင်းအား ပေါ့ဗျာ) ရလာလို့ပါ။ နောက်ထပ် (ဘီ)ပိုးဝင်လာရင် ဒီဓါတ်ကနေ ပြန်တိုက်ပြစ်ပါမယ်။

ဝတ္ထုဇာတ်ကြောင်းရေးသလို တက်လိုက် ကျလိုက် ပြောပြရတော့မှာဘဲ။ ၆ လကြာလို့ ကိုယ်ကမနိုင်ရင်တော့ နာတာရှည် အသဲရောဂါ ဖြစ်ပါပြီ။ စိတ်သက်သာရဘို့တခုကတော့ ၉၀% သော ကျန်းမာတဲ့လူကြီးတွေဟာ နာတာရှည် ဖြစ်မသွားကြဘူး။ ကလေးတွေက ကံမကောင်းကြပါ။ ငယ်လေ မခံနိုင်လေ၊ သိပ်ငယ်လို့ကတော့ ၉၀% မခံနိုင်ကြပါ။ နာတာရှည် ဖြစ်တိုင်းလဲ လူက လူကောင်းလို အကြာကြီး နေနိုင်ပါတယ်။ နေနိုင်တယ်ဆိုပြီး ပေါ့လို့တော့ မရပါ။ ရောဂါလက္ခဏာသာ မရှိတာ ပိုးက အသဲကို တစစနဲ့ ဖျက်ဆီးနေပါပြီ။

သူ့ကြောင့် အသဲခြောက်ရောဂါ၊ ဒါမှမဟုတ် အသဲကင်ဆာ ဆက်ဖြစ်တတ်လို့ ဆိုးလွန်းပါတယ်။ အသဲက လိုသလောက် မလုပ်နိုင်တော့ချိန် ရောက်ရင်တော့ သေရတော့မှာပါ။

အသဲဆိုတာ အတော်အလုပ်လုပ်တဲ့အင်္ဂါဖြစ်ပါတယ်။ စားလိုက်တဲ့အစာထဲက အဆီ နဲ့ ဆီတွေကို အစာခြေပေးတယ်။ ဒီလိုလုပ်နိုင်ဘို့ (ဘိုင်းလ်) အစာခြေအရည်ထုတ်ပေးတယ်။ စိမ်းစိမ်း၊ နက်နက်၊ ခါးခါး အရည်ကို ပြောတာပါ။ တနေ့တာ စားတာနဲ့သုံးတာထဲက ပိုတဲ့ အား(အင်နာဂျီ)ကို သိုလှောင်ပေးထားတယ်။ အစာတို့ ဆေးတို့ထဲမှာ အဆိပ်အတောက် ပါလာရင်လဲ ဖယ်ရှားပေးတယ်။ နောက်ပြီး (ကိုလက်စတီရော)၊ သွေးခဲစေတဲ့ပစ္စည်း၊ ပရိုတင်းတွေကိုလဲ ထုတ်လုပ်ပေးပါသေးတယ်။ ဒီလို များလွန်းတဲ့ အလုပ်တွေ ၂ ရက်လောက် အလုပ်မလုပ်တော့ရင် လူဟာ သေရတော့မှာပါ။ အသဲအသက် ၂ ရက်၊ ဇာတ်နာပြီပေါ့ဗျာ။

(ဘီ)ပိုး စ၀င်လာချိန်မှာ တုပ်ကွေးလိုဘဲ နဲနဲဖျား၊ ကိုက်ခဲ၊ အစာမစားချင် ဆိုတာလောက်သာ ခံစားရပါတယ်။ ရှာရှားပါးပါး ဆိုပါစို့ ၁% လောက်သာ မျက်စိဝါ၊ ဆီးဝါ၊ အန်ချင် ဆိုတဲ့ ခပ်ပြင်းပြင်း ခံစားရတတ်ပါတယ်။

သွေးစစ်ရင် အဖြေ ၃ မျိုးထွက်နိုင်ပါတယ်။
HBsAb တွေ့ရင် ဒီလူ ကံကောင်းတယ်။ ခံနိုင်အားရှိနေပြီ။ သူများကိုလဲ မကူး၊ ကာကွယ်ဆေးလဲ မလိုဘူး။
HBsAg တွေ့ရင် သွေးထဲမှာ ပိုးရှိနေပြီ။ ၆ လကြာရင် တခါထပ်စစ်ပါ။ ရောဂါပြီးသွားတာ ဖြစ်လာနိုင်ပါတယ်။
HBcAb တွေ့တယ် ဆိုရင်တော့ ကူးစက်ခံနေရပြီမို့ အသဲအထူးကုဆရာဝန်နဲ့ တိုင်ပင်ရပါတော့မယ်။

ဆရာဝန်ဆီရောက်ပြန်တော့ တချို့က ဆေးကုပေးဘို့ မလိုပါ။ ၆ လတခါ ၁ နှစ်တခါတော့ ပြန်ပြပါ။ ဆရာဝန်က အနားခိုင်းမယ်။ အစာကောင်းကောင်း စားခိုင်းမယ်။ အဆီနဲရင် ပိုကောင်းပါတယ်။ အဆီချက်မဲ့စက်က ပျက်နေ မဟုတ်လား။ ရေများများ သောက်ခိုင်းမယ်။ ဆေးလိပ်၊ အရက် ဖြတ်ခိုင်းမယ်။ (အေ) ကာကွယ်ဆေး ထိုးခိုင်းမယ်။ တခြားနေမကောင်းထိုင်မသာဖြစ်ရင် ဆေးကို ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ သောက်ဘို့ သင့်ပါတယ်။ သိတဲ့အတိုင်း ဆေးမှန်သမျှ တိုင်းရင်းဆေးဖြစ်ဖြစ် မကောင်းကျိုးဆိုတာ ရှိတယ်။ မကောင်းတာ မှန်သမျှ ခြေဖျက်ပေးမဲ့ အသဲက မကောင်းဘူး မဟုတ်ပါလား။

(ဘီ)ပိုးဟာ HIV ထက် အဆ ၁၀၀ ပိုပြီး ကူးစက်တတ်လို့ သိထားရပါတယ်။ ဒါ့ကြောင့် ကာကွယ်ဆေးကို အားကိုးကြပါ။ ကာကွယ်ဆေးကို ၃ ကြိမ် ၃ ခါတိတိ ထိုးရပါမယ်။ ပဌမတခါထိုးပြီး နောက် ၁ လမှာ ဒုတိယ၊ နောက် ၅ လ မှာ တတိယ။

မွေးစကနေ အသက် ၁၈ နှစ်အောက်တွေကို ကာကွယ်ဆေး သေခြာပေါက် ထိုးပေးသင့်ပါတယ်။ လူကြီးတွေထဲကဆိုရင် ဆေးရုံ-ဆေးခန်းမှာ အလုပ်လုပ်သူတွေ၊ ထောင်မှာ အလုပ်လုပ်သူနဲ့ ထောင်ကျသူတွေ၊ မူးယစ်ထိုးဆေး သုံးသူတွေ၊ လိင်တူ ဆက်ဆံသူတွေ၊ ကျား-မ ဆက်ဆံဘက်များသူတွေ၊ ခန္ဓာကိုယ်ရင်းပြီး လုပ်ကိုင်ရသူတွေ၊ မိသားစုအတူနေထဲက တယောက် ယောက်မှာ ပိုးရှိနေရင်၊ ကာကွယ်ဆေး ထိုးပေးသင့်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်က ပိုးရှိနေရင် ကလေးကို မွေးပြီးပြီးချင်း ကာကွယ်ဆေးနဲ့ HBIG ဆိုတဲ့ဆေး ထိုးပါလေ။ ပိုးဝင်ပြီးသူများကတော့ ကာကွယ်ဆေး မထူးတော့ပါ။

(ဘီ)ပိုးရှိသူကို ဆေးပေးတာဟာ အသဲခြောက်တာနဲ့ ကင်ဆာအဆင့် ရောက်မသွားဘို့သာ ရည်ရွယ်နိုင်တာပါ။ ရိုးရိုးသားသား ပြောရရင် ပျောက်သွားအောင် ကုတဲ့ဆေး မရှိသေးပါ။ အသဲခြောက်တာဆိုရင်တော့ လုပ်ပေးနိုင်တာက အသဲအစားထိုးပေးတာပါဘဲ။ သိတဲ့အတိုင်း ဒီလိုလုပ်တာဟာ အင်မတန် ကရိကထများ၊ ငွေကုန်ကြေးကျများ၊ ရာသက်ပန် လူနာဘ၀ ရောက်သွားရတာမျိုးပါ။

အသဲကင်ဆာကတော့ ရောဂါနာမယ်တပ်ပြီး ၆ လ ထက် အသက်မရှည်ပါ။ ဒီလိုရေးတာက အတွေ့အကြုံအရ ရေးလိုက်တာပါ။ ဆေးကုသက်က အခုဆို အနှစ် ၃၀ တော့ ကျော်ပြီပေါ့။ နေရာဒေသလဲ စုံတယ်ပေါ့။ အသဲကင်ဆာ လူနာက ၁၀၀ မကျော်ပါ။ ကျွန်တော်သိတဲ့ အသဲကင်ဆာလူနာတွေထဲမယ် ဆင်းရဲတဲ့လူရော၊ ချမ်းသာသူရော၊ ဆရာဝန်ပါ ပါတယ်။ သုတေသန တခုဆိုတာ ဒီလောက်နဲ့ မရပါ။ သေခြောတာက ယောက်ျားက လုံးဝအများစုဖြစ်တယ်။ ကုသကြတာကလဲ တိုင်းပြည် ၃ ခု(မြန်မာပြည်၊ အိန္ဒိယ နဲ့ ထိုင်း)တွေမှာ ဖြစ်ပေမဲ့ အားလုံး ၅ နှစ်မခံကြပါ။

သုတေသနစာတွေကို လေ့လာရင် အများကြီးနဲ့ အမျိုးမျိုးတွေ့ပါမယ်။ ၅ နှစ်မက ခံသူတွေရှိပါသတဲ့။ ဒါပေမဲ့ “အသဲကင်ဆာ ကုသရေး” ဆိုတာ “ဘီလျံဒေါ်လာ စီးပွါးရေး”ဖြစ်ပါတယ်။ စီးပွါးရေးသမားတွေက အင်မတန် ကြော်ညာ ကောင်းကြတာကလား။

အသဲကောင်းကြပါစေ။

တင့်ဆွေ
၃၀-၈-၀၉

စီ ပိုး

စကားထာဖွက်မယ်။ အေမဟုတ်၊ ဘီမဟုတ်ဆိုတာ ဘာလဲ။

အသဲရောင်အသားဝါရောဂါဟာ ရာဇ၀င်နဲ့ပါ။ လွန်ခဲ့တဲ့ ရာစုနှစ်တ၀က်လောက်က တမျိုးထဲဆိုရလောက်အောင် လူသိလဲ နည်း၊ ဆိုးဝါးတာလဲ မဟုတ်ပါ။ မကြာခင် နောက်တမျိုးပေါ်လာတယ်။ နောက်ပေါ်က အတော် ဆိုးတယ်။ နာမည်တပ်တော့ အလွယ်ဆုံး ရွေးလိုက်တယ်။ အကြီးကောင်က အေ၊ နောက်ပေါက်ကို ဘီ။ မကြာပါဘူး၊ လူဦးရေ တိုးလာတော့ တတိယ အကောင်ကို အေမဟုတ် ဘီမဟုတ်လုပ်လိုက်ကြရော။ ခုဆို မွေးချင်း ၆ ယောက်တောင် ရှိနေပြီ။ အေ၊ ဘီ၊ စီ၊ ဒီ၊ အီး၊ နဲ့ ဂျီ။ တကယ်လို့ ၂၆ ထက်ကျော်ရင် ကားနံပါတ်ပေးရသလို လုပ်မှာပေါ့။

လူတကိုယ်မှာ အသဲတခုသာရှိပြီး၊ သူ့ကို စက်ရုံတခုလို့ တင်စားကြတယ်။ စားသမျှ၊ သောက်သမျှ၊ ကိုယ်ကနေ ထုတ်သမျှထဲက အဆိပ်အတောက် မှန်သမျှကို ခြေဖျက် သန့်စင်ပေးတယ်။ (ပရိုတင်း) နဲ့ အချို(သကြား)တွေကိုလဲ အသဲကပဲ ခန္ဓာကိုယ်ကနေ အသုံးပြုနိုင်အောင် ပြုပြင်ပေးတယ်။ ဒါတင်မက ဗီတာမင်၊ ဟော်မုန်း၊ (ကိုလက်စတီရော)၊ နဲ့ ဓါတ်ဆားတွေကိုလဲ လိုတဲ့အခါ ထုတ်ပေးဘို့ ဂိုထောင်လုပ်ပေးသေးတယ်။ စက်ရုံရော (၀ဲယားဟောက်စ်)ပါ ဖြစ်ရော။

အသဲရောင်ရတဲ့ အကြောင်းတွေထဲမှာ ဗိုင်းရပ်စ် အပြင် ဆေးတချို့၊ ရောဂါတချို့၊ အဆိတ်အတောက် နဲ့ ဗက်တီးရီးယား တွေလဲပါတယ်။ ဗိုင်းရပ်စ် အသဲရောင်ရောဂါကို ပိုးနာမယ်တွေအတိုင်း A, B, C, D, E, G ဆိုပြီး၊ ၆ မျိုး ခွဲထားတယ်။ (အေ) နဲ့ (အီး)တို့က ပါးစပ်ကနေ၀င်၊ စအိုကနေထွက်တဲ့လမ်းကြောင်းကနေ ကူးစက်တာ။ သိပ်မခံရပါဘူး။ ကုရတာကလည်း အနားယူ၊ ရေနဲ့အရည် များများအသောက်ခိုင်းယုံပါ။ (အီး)က ကုလားဗျ။ နယူးဒေလီမှာ စတွေ့ခဲ့တာ။ (ဘီ) အကြောင်းကိုတော့ ဆိုးလို့ သီးခြားရေးထားပါတယ်။ နောက်မှပေါက်တဲ့ရွှေကြာပင် (ဂျီ)ကတော့ လူမသိ-သူမသိ ရှိပါသေးတယ်။ (အက်ဖ်)ဆိုတာကို လူရာမသွင်းဘူး။

(စီ)က အဆိုးဆုံး။ (ဘီ)လိုဘဲ ဆိုးတာချင်းအတူတူ ကာကွယ်ဆေး မပေါ်သေးဘူး။ (စီ)ပိုးက ဒုတိယကမ္ဘာစစ် လောက်ကတည်းက ရှိခဲ့ပေမဲ့ နာမယ်ပေး ကင်ပွန်းတပ်ခံရတာက အသက် ၅၀ ရှိလို့ ၁၉၈၉ ကြမှပါ။ အရင်ကတော့ သူ့ကို အေမဟုတ်-ဘီမဟုတ်လို့ ခေါ်ခဲ့တဲ့အကောင်ပေါ့။

Hepatitis C virus (HCV) ဗိုင်းရပ်စ် စီ ပိုးဝင်ရင် သာမန်ကာရှန်ကာ ၁ ပါတ် ၂ပါတ်လောက်သာ ခံစားရတာမျိုးနဲ့ အသက်ကိုပါ ရန်ရှာတဲ့အဆင့်မျိုး ဖြစ်နိုင်တယ်။ အဆိုးနှစ်ကောင်ဖြစ်တဲ့ ဘီ နဲ့ စီ မတူတာက ဘီပိုးဟာ အထဲဝင်ပြီး၊ ကင်းစင်သွားနိုင်ပေမဲ့ စီပိုးကတော့ အမြဲ ရှိနေတတ်တယ်။ ဘီပိုးက လိင်ကနေတဆင့် ကူးစက်တာ များပြီး၊ စီပိုးကတော့ သွေးကတဆင့် ကူးတာက အဓိက ဖြစ်တယ်။

(စီ) ဖြစ်ရင် ရောဂါလက္ခဏာမရှိဘဲ နေတတ်လို့၊ အတော်များများက ဆေးစစ်တဲ့အခါ အမှတ်မထင် ပိုးရှိနေတာကို တွေ့ကြရတယ်။ တယောက်ယောက်မှာ (စီ)ပိုး တွေ့တယ်လို့ဆိုရင် သူဟာ ကမ္ဘာပေါ်က လူပေါင်း သန်း ၁၇၀ ထဲက တယောက်ပါ။ အကြောက်မကြီးအောင် ပြောရရင် ၁၀၀ မှာ ၈၀-ဂ၅ ယောက်လောက်က နာတာရှည် မဖြစ်ကြပါ။ နာတာရှည်ကနေ နောက်ဆက်တွဲ ဆိုးဝါးတာတွေဖြစ်တဲ့ ရာနှုန်းကလည်း ၅ ဂဏန်းအောက်မှာပါ။

နာမည်ကြီးလူဆိုး AIDS ဖြစ်စေတဲ့ HIV နဲ့ မတူတာက ပိုးရှိတဲ့မအေကနေ ကလေးကို စီမှာက ၅% လောက်သာ ကူးစေနိုင်ပါတယ်။ ဖအေမှာ စီပိုးရှိနေပေမဲ့ သူ့ကလေးကို (သွေးမထိမချင်း) မကူးဘူး။ လိင်လမ်းကနေ ကူးတာကလဲ HIV နဲ့ B တို့လောက် မဟုတ်ပြန်ဘူး။ (စီ)ကို တလင်တမယား လိင်ကနေကူးတယ်ဆိုတာ ရှားပါတယ်။

သွေး(မစစ်ဘဲ)သွင်းတာ၊ သွေး-သွေးချင်းထိတာ၊ ဆေးထိုးအပ် သီးခြားမသုံးတာ၊ နားကပ် လဲဝတ်တာ၊ မုတ်ဆိပ်ရိတ်ဒါး၊ သွားတိုက်တံ၊ လက်သဲညှပ် တွဲသုံးတာ၊ (တက်တူး)ထိုးတာ၊ ဟိုနေရာ ဒီနေရာ ကွင်းတပ်တာတွေကနေ ကူးရတာပါ။ ဒါပေမဲ့ ပိုးရှိနေသူ ချက်ပြုတ်တာ စားမိလို့ မကူးပါ။ လက်တွဲလျောက်တာ၊ နှာခြေ၊ ချောင်းဆိုး၊ တစ်အိမ်တည်း အတူနေတာနဲ့လဲ မကူးဘူး။ ချွေး၊ သွားရည်၊ မျက်ရည်တွေကနေ မကူးပါ။ ပိုးရှိတဲ့မအေက နို့တိုက်တာနဲ့ မကူးပါ။ ရာသီသွေးကတော့ ကူးနိုင်တယ်။

(စီ)ပိုး အ၀င်ခံရရင် အစတော့ တုပ်ကွေးလိုပါဘဲ။ မစားချင်မသောက်ချင်၊ အားယုတ်၊ ပျို့ချင်သလိုနေ၊ အဆစ်တွေ အသားတွေနာ၊ သတိထားရင် အသဲရှိရာ ဗိုက်ညာဘက်အထက်နားမှာ နာမယ်။ ကိုယ်ပူတာလဲရှိနိုင်တယ်။ ကြာလာရင် ၀ါလာမယ်။ အများသိကြတဲ့ (ဂျွန်းဒစ်)။ ကြာတယ်ဆိုတာ ဆယ်စုနှစ်နဲ့ချီနိုင်တယ်။ ရောဂါလက္ခဏာမပေါ်ပေမဲ့ ပိုးက အသဲကို ဖျက်နေပြီ၊ သူများကိုလဲ ကိုယ့်သွေးနဲ့ထိရင် ကူးနိုင်နေပြီ။

အသဲက စဖြစ်တော့ မာလာမယ်၊ နောက် အမာရွတ်လိုဖြစ်လာမယ်။ ၁၇% ကနေ ၂၀% လောက်က Cirrhosis အသဲခြောက်တာ ဖြစ်လာနိုင်တယ်။ ဆိုးဝါးလွန်းတဲ့ အဆင့်ရောက်ရင် အသားတွေ ၀ါမယ်၊ စိတ်က တွေးရ-ကြံရတာတွေေ၀၀ါးလာမယ်၊ အရည်တွေများလာလို့ ဗိုက်ဖေါင်းလာမယ်၊ အစာလမ်းကနေ သွေးယိုတာဖြစ်မယ်။ ကံဆိုးသူ ၂% ကတော့ Hepatocellular Carcinoma ခေါ်တဲ့ အသဲကင်ဆာမှာ အဖြစ်အများဆုံးရောဂါ ဖြစ်နိုင်တယ်။

သေခြာအောင်လုပ်ရမှာက သွေးစစ်ပါ။ ပိုးရှိ-မရှိ၊ ပိုးဘယ်လောက်များလဲ၊ Liver biopsy အသဲရဲ့ အသားစ ထုတ်ယူ စစ်ဆေးတာက အသေခြာဆုံးပါ။ နောက် Hepatitis C antibody test နဲ့ PCR test အပြင် အသဲအခြေအနေကို ဆန်းစစ်ဘို့ Liver function tests လုပ်ရတယ်။ တိကျအောင် Hepatitis C Genotype test ဆိုတဲ့ ပိုး အမျိုးအစား ခွဲတာလဲ လုပ်ရပြန်ပါသေးတယ်။ (စီ) ရှိနေရင် HIV ကိုပါ စစ်ပါ။ နှစ်ခုလုံး တွဲရှိသူတွေ ရှိတယ်။ HIV က ပိုဆိုးတာက ကိုယ်ရဲ့ ခုခံအားစနစ်ကြီးကို ဖျက်ပြစ်လို့ပါ။ နဲနဲကောင်းတာက HIV ကို ကုဘို့ ဆေးတွေရှိနေပြီ။ နဲနဲလို့ ပြောရတာက ဆေးက သက်သာစေဘို့သာ ဖြစ်ပြီး၊ အပျောက်မရသေးလို့ပါ။

မကူးအောင် ကာကွယ်နည်းအတိုင်း (စီ)ပိုးရှိသူတွေ ဆင်ခြင်ရပါမယ်။ မူးယစ်ဆေးသုံးတာ၊ (တက်တူး)ထိုးတာ၊ ဟိုကွင်း-ဒီကွင်းတပ်တာ၊ ကွန်ဒွန်းမပါ လိင်ဆက်ဆံတာတွေ ရှောင်ပါ။ အရက်ဖြတ်ပါ။ ကောင်းကောင်းနား၊ ကောင်းကောင်းစားပါ။ အသီးအရွက်၊ အသီးအနှံ၊ အစေ့အဆံ ဆိုရင် တခုလုံးပါတာမျိုး စားပါ။

ပိုးတွေ့ရင် ဆေးကုဘို့လို-မလို ဆရာဝန်ကဆုံးဖြတ်ပါမယ်။ ရောဂါက အန္တရာယ်နည်းနေရင် ဆေးပေးချင်မှ ပေးပါလိမ့်မယ်။ ဆေးက ထိုးဆေးရော စားဆေးပါပေးမှာပါ။ တနည်းက ၄၈ ပါတ်ကြာမှာဖြစ်ပြီး၊ တနည်းက ၂၄ ပါတ်။ လိုရင် နောက် တကြော့ လိုပါမယ်။ ဆေးက ၂ မျိုးသုံးနေပါတယ်။ Interferon ထိုးဆေး နဲ့ Ribavirin စားဆေး တွေပါ။ Injection Interferon ကို ၇ ရက် တပါတ်မှာ ၃ ကြိမ်ထိုးတယ်။ နောက်ပေါ်ဆေး Pegylated ကတော့ ၁ ပါတ်မှာ ၁ ကြိမ်နဲ့ရတယ်။ Ribavirin စားဆေးကို ၁ ပြား တနေ့ ၂ ကြိမ်။ ဆေး ၂ မျိုးတွဲကုတာမို့ Combination therapy ခေါ်ကြတယ်။ ပူးတွဲစစ်ဆင်ရေး ပေါ့ဗျာ။ ၆ လ ကနေ ၁၂ လကြာပါမယ်။

ဆေးတွေကတော့ ပြင်းတော့ တုပ်ကွေးခပ်ဆိုးဆိုး ဖြစ်နေသလို ခံစားရမယ်။ မောပန်း၊ ခေါင်းကိုက်၊ အဆစ်အမြစ်နာ၊ ချမ်း၊ အအိပ်ပျက်၊ ကိုယ်ပူ၊ စာကြည့်မရ၊ အာရုံစိုက်မရ၊ စိတ်ဓါတ်ကျတာလဲ ဖြစ်နိုင်တယ်။ နောက်ဆုံးကတော့ အသဲ အစားထိုးပေးရတာပါ။ နားလည်ဘို့က အသဲအစားထိုးပေမဲ့ ပိုးသေအောင် ဆေးလိုနေမှာပါ။ စီပိုးရှိသူတွေကို အေ နဲ့ ဘီ ကာကွယ်ဆေးတွေ ထိုးခိုင်းပါမယ်။

စီပိုးရှိသူများ အကိုက်အခဲ ပျောက်ဆေး Acetaminophen (Tylenol, Panadol) ကို ရှောင်ရမယ်။ Ibuprofen က အသဲမခြောက်သေးရင် သောက်လို့ရတယ်။ Aspirin ကတော့ အစာအိမ်ပြဿနာမရှိသ၍ သောက်နိုင်တယ်။ သံဓါတ်စားဆေး Iron supplements မပေးသင့်ဘူး ပြောကြတယ်။ အစားထဲပါသလောက် သံဓါတ်က ဘာမှမဖြစ်ပါ။

တခြားဆေးကုနည်းတွေလဲ ရှိပါသေးတယ်။ Aromatherapy အနံ့နဲ့ဆေးကုနည်း၊ Massage therapy အနှိပ်ခံနည်း၊ Yoga ရောဂနည်းတွေပါ။ အပန်းလဲမကြီး၊ စခန်းလဲနီးရင် သုံးပါ။ Meditation စိတ်တည်ငြိမ်အောင် ရှုမှတ်နည်းလဲ ပါတယ်။ စိတ်ရဲ့စွမ်းအားကို ကျွန်တော်တို့လူမျိုးတွေက အသိဆုံးမဟုတ်ပါလား။

Dr. တင့်ဆွေ
၇-၉-၀၉

ဆေးသိပ္ပံ နှင့် ၀ိဇ္ဇာပညာ၊ Medical Science and Arts

ဆေးကျောင်းသားဘ၀ကို ပြန်ပြီးအောက်မေ့၊ ဆင်ခြင်လိုက်ရင် တခြား ကောလိပ်-တက္ကသိုလ် ကျောင်းသားဘ၀တွေနဲ့ အတော်များများ အတူတူပါဘဲ။ ဆေးကျောင်းဖြစ်လို့ ၀ိဇ္ဇာဘာသာရပ်နဲ့ ခပ်ဝေးဝေး ဖြစ်တာတော့ အမှန်ဘဲ၊ ဒါပေမဲ့ အဝေးကြီး မဟုတ်ဘူး။ ၀ိဇ္ဇာပညာ၊ အနုပညာ၊ စာပေ-ယဉ်ကျေးမှု ဆိုတာတွေကို ဆယ်တန်းအမှတ်က အဝေးကြီး ပို့မပြစ်နိုင်ဘူး။

လျှပ်စစ်ဂီတာ ပေါ်စခေတ်မှာ ကောင်းကောင်း တီးခပ်နိုင်သူတွေ ဆေးကျောင်းမှာ ရှိတယ်။ ဆေးကျောင်းသား သူငယ်ချင်းတွေထဲမှာ အင်မတန်တော်တဲ့ ဂီတသမားတွေရှိတယ်။ နှစ်ယောက်ကဆို မျိုးရိုးအရကို တော်တာ။ တခါက ကျောင်းပွဲလေးတခုမှာ နာမည်ကြီးပြီးသား အဆိုတော် (ဆရာမလဲ ဟုတ်တယ်)၊ ကျောင်းပွဲတခုမှာ သီချင်းဆိုတာကို သူငယ်ချင်းက မယ်ဒလင် တီးပေးရတယ်။ ဆိုပြီးတော့ သူငယ်ချင်းက ပြန်ပြောတယ်၊ “ဆရာမ ဆိုတာ စည်းတချက် လွဲတယ်ကွ့”တဲ့။ တယောက်ရဲ့ ဖအေက တပြည်လုံးသိတဲ့ အလင်္ကာကျော်စွာဘွဲ့ရ သီချင်းရေးဆရာ။ သူ့သား ဆရာဝန်က ပုလွေနဲ့ တယောသမား ခွဲစိတ်အထူးကု။

စတီရီယိုတေးတွေ စပေါ်လာတဲ့ သီချင်းခေတ်ထဲမှာ နာမည်ကြီး တယောက် ဆိုတာတွေကို ရေးခဲ့သူ သီချင်းရေးဆရာက ကျွန်တော်နဲ့ အဆောင်အတူ နေရစဉ်က တကုတင်ကျော်မှာ နေတယ်။ မန္တလေး၊ ဖါသာလဖုန်း အဆောင်မှာပါ။ အဲဒီတုံးက အမြဲလိုလို သူ့ကိုတွေ့နေရတာက ရှမ်းဘောင်းဘီဝတ်ပြီး၊ ပုလွေတချောင်းနဲ့ ဂီတာတလက်၊ ဟောင်းနေပါပြီ၊ သူ့အဆိုတော် ဆုံးသွားရှာတာတောင် မကြာလှသေးဘူး။

မနက်တိုင်း ဆေးကျောင်းက နံရံကပ်သင်ပုန်းမှာ ကာတွန်းလက်ရာတခု နေ့စဉ် လိုလို အလကား ဖတ်ရတယ်။ ကောင်းလိုက်တာ မပြောပါနဲ့တော့။ ကျွန်တော်ကိုယ်တိုင်က ပန်းချီသမား၊ အပျော်တန်းအဆင့်ပါ။ ၁၉၇၂-၇၃ ဆေးကျောင်းမဂ္ဂဇင်း စထုတ်တော့ မျက်နှာဖုံးဆွဲရဘူးတယ်။ သူငယ်ချင်းတွေက သူတို့ ရည်းစားတွေပုံကို ပုံတူဆွဲ အပ်ကြတယ်။ ကျောင်းသူတယောက်ပုံကို ကြိုက်နေတဲ့ သူငယ်ချင်းက ခိုင်းလို့ (အနာတမီ) လက်တွေ့ခန်းထဲ သူများတွေ (ဒိုင်ဆက်ရှင်) လုပ်နေတုံး ခိုးပြီး ပုံတူ ဆွဲပေးရဘူးသေးတာ။

ဝါသနာရှိလို့ အရင်က ၀သ လို့ခေါ်တဲ့ မန္တလေးတက္ကသိုလ်ကို သွားသွားပြီး၊ စာပေဟောပြောပွဲတွေ နားထောင်ခဲ့တယ်။ ဆရာကြီးဦးကျော်ရင်ကို မီလိုက်တယ်။ မန္တလေးမှာက စာပေ ဟောပြောပွဲတွေ အတော်ခေတ်စားခဲ့တာ။ ဆရာကြီး ဦးဆန်းထွန်း ဟောတာကိုလဲ ခဏခဏနားထောင်ဘူးတယ်။ ရုပဗေဒပါမောက္ခ ဦးကျော်မြင့် လဲပါတယ်။ ဒါကလဲ သိပ္ပံလိုင်းဆိုတာ သီးခြားကမ္ဘာထဲ ရောက်သွားတာ မဟုတ်ဘူးလို့ ဆိုလိုက်တာဘဲ။ ဆေးကျောင်းသား သူငယ်ချင်း အချင်းချင်း စာအုပ်ငှား ဖတ်ရင် တက္တသိုလ်ဘုန်းနိုင် စာအုပ်ဖြစ် တတ်တယ်။ ဇ၀နရဲ့ ကောလိပ်ဂျင်ကြောင့် ဆေးကျောင်း မဟုတ်တဲ့ တက္ကသိုလ် ဆိုတာကိုလဲ အထင်မသေးမိပါ။

မန္တလေး ၀ိဇ္ဇာနဲ့သိပ္ပံက မြန်မာစာပါမောက္ခ ဆရာကြီးဦးချမ်းမြ ကျွန်တော်တို့ ဆေးကျောင်းလာပြီး ဟောတာ ပြောတာ ရှိတယ်။ ရကန်ကိုသူကိုယ်တိုင်ဆိုပြတာ မှတ်မိနေတယ်။ လူထုဦးလှ၊ ဒေါ်အမာတို့လဲ လာဟောတယ်။ ဆရာဝန် လုပ်မဲ့သူတွေကို ဒီလို အနုပညာနဲ့ မဝေးအောင် လုပ်ပေးဘို့ အသိရှိကြတဲ့ ဆရာဝန် ဆရာတွေကို ကျေးဇူးတင်ဘို့ သိပ်ကောင်းတယ်။ အဲလို မြင်ဆရာ-ကြားဆရာတွေ ကျေးဇူး ထင်ပါရဲ့ နောင် ကိုယ်တိုင် ကျန်းမာရေး ဖြစ်ဖြစ် တခြားအကြောင်းဖြစ်ဖြစ် လူတွေကို ပြောဟော စည်းရုံးရတော့ ပိုအဆင်ပြေတာ ဒီကျေးဇူးတွေပါ။

နောင်နှစ်တွေ အတော်ကြာရင် ကမ္ဘာထိ နာမယ်ပေါက်မဲ့ နှစ်ရှည် အကျဉ်းသားဖြစ်လာမဲ့ ပုဂ္ဂိုလ်နဲ့အတူ ပေါ်ထွန်းခဲ့ဘူးတဲ့ သတင်းစာတိုက်က စနေစကားဝိုင်းကိုလဲ မီတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်တွေတုံးက လုပ်ဖေါ်ကိုင်ဖက်တွေနဲ့ စနေ သတင်းစကားဝိုင်းကို ဖန်တီးခဲ့တာက အဲဒီက မျိုးစေ့ပါဘဲ။ စနေနေ့ ညနေ ၃ နာရီတိုင်း ၀ိုင်းပြီး စကားပြောကြတယ်။ Brain storming လို့ ခေါ်တာမျိုး၊ “ဦးနှောက်ဥာဏ်ပွါး-စကားဖလှယ်”လို့ ကျွန်တော် ဘာသာပြန် ကြည့်တယ်၊ တိုက်ရိုက် ပြန်တာမို့ သုံးလို့ သိပ်မတွင်ကျယ်ပါဘူး။

ဆရာဝန် စာရေးဆရာတွေကတော့ များသလား မမေးနဲ့။ သူတို့တတွေ အကြောင်း စာတပုဒ် သပ်သပ်ရေးမှ ဖြစ်မှာ။ အနားယူပြီး အပြင် ရောက်လာတဲ့ သူငယ်ချင်း ဆရာဝန်ဆိုရင် ပွဲလမ်းရှိတိုင်း ကဗျာရွတ်တယ်။ သူစပ်တာတော့ မဟုတ်ဘူး။ ဆရာတင်မိုး ကဗျာမှန်သမျှ အလွတ်ရွတ်တဲ့လူ။ “ကဗျာ ပေါ်တာဆွဲတာ”လို့ သူကပဲ ပြောတယ်။

ရှိသေးတယ်။ ဆေးကျောင်းမှာ သူငယ်ချင်းတယောက်က စောင်းတီး အတော်ကို တော်တာ။ ဗမာမဟုတ်ဘူး။ ရည်းစားပုံကို ကျွန်တော် ဆွဲပေးရသူတွေထဲက တယောက်ပေါ့။ နောင်နှစ်တွေကြာတော့ ပြည်ထောင်စုအရေးကို လုံးပမ်းမှုတွေ လုပ်တဲ့အထဲမှာ တိုင်းရင်းသား တဦးကနေ စာတပုဒ်ရေးဘူးတယ်။ သူညွှန်းတာက “တိုင်းရင်းသား သီချင်းတပုဒ်လောက်ကို ဗမာတယောက်က ပိုင်ပိုင်နိုင်နိုင်ဆိုပြရင်” ဆိုတာကို ဖတ်ရတော့၊ ကျွန်တော့်သူငယ်ချင်း ဆရာဝန်ကို သွားအမှတ်ရတယ်။

Dr. တင့်ဆွေ

အမ်ဘီဘီအက်စ် ဆိုတာ MBBS means

ဆရာဝန်ဖြစ်ကာစမှာ ကိုယ့်အရင် ဖြစ်ထားပြီးတဲ့ဆရာဝန်တွေဟာ လက်တွေ့နယ်က ဆရာတွေဘဲ။ ဆေးလောကမှာ စီနီယာတွေနဲ့ နောက်လူတွေဆိုတာ ဆေးကျောင်းမှာတည်းက ဖေးမ-ကူညီတဲ့ အစဉ်အလာရှိပြီးသား။ ဆေးစာအုပ် ဆိုတာတွေက အတော်ဈေးကြီး၊ အတော်လဲ ရှားတယ်။ ဒါ့ကြောင့် တနှစ်ပြီးသွားရင် နောက်တက်လာမဲ့ ကျောင်းသားတွေကို စာအုပ်တွေ ငှားတာဖြစ်ဖြစ်၊ ရောင်းတာဖြစ်ဖြစ် ပေးတာဖြစ်ဖြစ် လက်ဆင့်ကမ်းကြရတယ်။ ပညာတွင်းနက်တာပေါ့။

ဆရာဝန်ဖြစ်စတွေအဖို့ ဆရာ့ဆရာတွေရဲ့ကျေးဇူးကြီးပါတယ်။ ကျောင်းမှာတုံးက လက်တွေ့ဆိုပေမဲ့ လက်နဲ့ တွေ့ယုံသာ ရှိခဲ့တာ။ ရှေ့နေပျိုမှ-သမားအိုမှလို့ ဆိုတော့ အိုတယ်ဆိုတာက အတွေ့အကြုံ ရင့်ကျက်တာကို ညွှန်းတာဖြစ်မှာပေါ့။ ရင့်ကျက်လေလေ တည်ငြိမ်လေလေ။ အတွေ့အကြုံ များလေလေ အမှားနည်းလေလေ။ ကြွမ်းကျင်ရာ လိမ်မာဆိုတာ လေ့ကျင့်မှုတွေ များလာမှ ဖြစ်နိုင်တာမျိုး။ အတုယူစရာတွေဆိုတာ ယူတတ်လေ ရလေပါဘဲ။

တရားရုံးမှာ မှုခင်းဆေးပညာ အစစ်ခံရတာမှာ ဆရာဝန်ပေါက်စဆိုရင် ကိုရွှေရှေ့နေတချို့က ပညာပြ ချင်တတ်တယ်။ ဒါမျိုး ဘယ်လိုရင်ဆိုင်မလဲ ကိုယ့်ဆရာတွေက သင်ပေးပါတယ်။ ပြဿနာက ကြီးတာတော့ မဟုတ်ပါဘူး။ အဲဒီခေတ်က တရားသူကြီးဆိုတာ ဥပဒေပညာ မတတ်မှ ဖြစ်တဲ့ခေတ်။ သူတို့က ဘယ်နားလည်မလဲ။

“ပညာတွင်းနက်တယ်”ဆိုတဲ့စကားကို ဆရာဝန်ဖြစ်ပြီးနောက် ပြန်ကြားရတာရှိတယ်။ ကျန်းမာရေး လုပ်သားတို့ အရံသားဖွါးဆရာမတို့ မွေးထုတ်ရတဲ့ကာလတုံးက မှတ်မှတ်သားသား စကားရဘူးခဲ့တယ်။ စာရေးတတ်၊ ဖတ်တတ်သူတွေကို ကျန်းမာရေးလုပ်သားအဖြစ် ၂၁ ရက် သင်တန်းတွေပေးရတယ်။ မိန်းကလေးတွေ လေးတန်းအောင်ရင် အရံသားဖွါး တလသင်တန်းပေးတယ်။ စီမံကိန်းအလုပ်တွေပေါ့။ တချို့တော်ကြပါတယ်။ သူ့အရပ်နဲ့ သူ့ဇာတ် ကိုက်အောင် အကျိုးပြုနိုင်ကြတယ်။ တချို့လဲ ကိုယ့်သား သမီးလေးတွေ ဆေးကုတတ် လာပြီဆိုပြီး ဂုဏ်ယူကြတယ်။ ကျေးလက်ကျန်းမာရေးဌာနတခုစီ တာဝန်ယူရတဲ့ ကျန်းမာရေးမှူးလို ဖြစ်လာပြီလို့ ထင်ကြသူတွေလဲ ရှိတယ်။ တချို့ကြ ကိုယ့်သားလေး ဆရာဝန်ဖြစ်သွားပြီလိုလို မှတ်ကြတယ်။

ဆရာဝန်ဆိုတာ ၇ နှစ်တောင် သင်ရတယ်ဆိုတာသိတော့ “ဆရာတို့က ပညာပါရမီ တယ်နည်းတာကိုး၊ ကျမသားက ၂၁ ရက်နဲ့ ဆရာဝန်ဖြစ်တာ့ ”တဲ့။

အစိုးရခန့် ဆရာဝန်ဆိုတာ မြို့နယ်တခုမှာ ၂ ယောက်ထက် ပိုမရှိဘူး။ နယ်ကံကောင်းရင် တိုက်နယ်ဆေးရုံကို လူတွေက ကိုယ်ဖါသာကိုယ် ဆောက်ပြီး ဖွင့်နိုင်လို့၊ တိုက်နယ်ဆရာဝန်ပါ ပေါင်းရင် ၃ ယောက်အထိရှိနိုင်တယ်။ လူဦးရေက တသိန်းမအောက်ဘူး၊ ကျွန်တော်တို့ ဆေးကျောင်းမတက်ခင်က လူဦးရေ တသောင်းမှာ ဆရာဝန်တယောက်။ ဆရာဝန်ဖြစ်ချိန်ဆို ငါးထောင်ကို ဆရာဝန်တယောက် ရှိလာမယ်လို့ စီမံကိန်းလုပ် ထားတာ ဖတ်ရဘူးတယ်။ ဘာမဆို စီမံကိန်းခေတ်ကိုး။ နောက် ပြန်ကြည့်တဲ့အခါ မွေးထုတ်နိုင်တဲ့ ဆရာဝန်ဦးရေ၊ အင်ဂျင်နီယာဦးရေက မှန်းချက်နဲ့ ကိုက်သလောက်ဘဲ။ မကိုက်တာက မွေးထုတ်လိုက်တဲ့ ပညာတတ်ပြီးသားတွေကို အလုပ်ပေးဘို့ ဆေးရုံ၊ ဆေးဝါး၊ တခြားလိုအပ်တာတွေ နဲ့အညီ ဖြည့်ဆီးဘို့ လိုတဲ့ တိုးတက်လာရမဲ့ စီးပွါးရေးက နီးနီးစပ်စပ်တောင် မအောင်မြင်ဘူး။ အင်ဂျင်နီယာတွေလဲ ဘာထူးမလဲ။ ရရာအလုပ် ရှာကြရတော့တယ်။

တခါတော့ မြို့သာမှာတုံးက နယ်ကိုခရီးထွက်တဲ့အခါ ကိုယ်မွေးထုတ်ထားတဲ့ ကျန်းမာရေးလုပ်သား တယောက်အိမ်ကို ရောက်သွားတယ်။ ဒီကောင်က လူပေါင်းဆန့်တယ်၊ ဆက်ဆံရေးလဲ ကောင်းတယ်။ အောင်မြင်တဲ့ကျန်းမာရေးလုပ်သား တယောက်ပေါ့။ သူ့အမေကပြောတယ်၊ “ဆရာရယ် ကျမသား မောင်မြင့်ဌေးက မတတ်တာလဲမရှိဘူး၊ တတ်တာလဲ မရှိဘူး ဆရာရဲ့။”တဲ့။

ကျွန်တော့်တို့လို တောနယ်တွေမှာဘဲ တောက်လျောက် တာဝန်ကျခဲ့ရသူတွေ ဘွဲ့လွန် မတက်ရပါ။ ဒါ့ကြာင့် ဘာအတူးကုလဲ မေးရင် အကုန်လုံးကုတယ်လို့သာ ဖြေနိုင်တယ်။ အမှန်ဘဲလေ၊ တောတွေမှာ ဘာမဆို အကုန် မလုပ်လို့ကို မဖြစ်ဘူး၊ ခေါင်းကအစ ခြေထောက်အဆုံး၊ မျက်စိရော၊ အရိုးရော၊ သားဖွါး-မီးယပ်ရော၊ ကလေးရော အကုန်လုံးကို တာဝန်ယူရတာ။ မဟုတ်ရင် ကိုယ်က အထူးကုဆေးရုံ လွှတ်တာတောင် လူနာတွေ အများစုကြီးက သွားဘို့ငွေမရှိ၊ သွားစရာ လမ်းမပေါက်၊ ကံနဲ့ ဆရာ့ကိုသာ အားကိုးရရှာကြတာ။ ဒီတော့ ကိုယ့်တာဝန် ပုံကျရော။ ကိုယ်ဆိုတဲ့ တောဆရာဝန်ကလဲ လက်နက် တန်းဆာပလာသာ မရှိတာ၊ မဖြစ်ဖြစ်အောင် လုပ်ပေးရတာ များတယ်။

ဓါတ်မှန်မရှိ၊ ဓါတ်ခွဲခန်းမရှိ၊ အာလ်ထွာဆောင်းဆိုတာ ပေါ်တောင်မပေါ်သေး။ ဓါတ်မှန်၊ ဓါတ်ခွဲခန်း၊ အာလ်ထွာဆောင်းတွေ မရှိပေမဲ့ ရောဂါတွေကတော့ ရှိတယ်။ ရှိတဲ့ပစ္စည်းနဲ့ ဖြစ်အောင်လုပ်တဲ့ပညာကို ဆေးကျောင်းမှာ မသင်ရဘူး။ ကြာတော့ တောဆရာဝန် တွေ “ဂျင်နရယ်လစ်” တွေ ဖြစ်လာကြတယ်။ ဒီတော့ မတတ်တာလဲမရှိ-တတ်တာလဲမရှိ အစား ဖြစ်သွားကြရော။

အမ်ဘီဘီအက်စ် ဆိုတာ အဲဒီအဆင့်လောက်ပါ။

Dr. တင့်ဆွေ

တချိန်တုံးကတော့ နှင်းဆီ၊ Once a Rose

ဆေးကျောင်းကို ရောက်လာကြတဲ့ ကျောင်းသားတွေမှာ တူတဲ့ အချက် တခုကတော့ ဆယ်တန်းမှာ အမှတ်ကောင်းကောင်း ရခဲ့ကြတာ ဖြစ်တယ်။ ကျွန်တော်တို့အရင်က စီနီယာ ကျောင်းသားကြီးတွေက အဲဒီအချက်နဲ့ မတူတဲ့ အခြေခံတမျိုး ရှိကြတယ်။ သူတို့ ဆေးကျောင်း ရောက်ရတာက့ သိပ်တော့ မသိလှပါဘူး၊ သုတေသနလုပ်တာ မဟုတ်လို့။ အထင်နဲ့ ရေးရရင် ဆွေမျိုး အသိုင်းအ၀ိုင်းအရ အခြေအနေနဲ့ တွန်းအားတွေကြောင့်၊ ရည်မှန်းချက်တွေရှိရှိ၊ ပြင်ပြင်ဆင်ဆင်နဲ့ ရောက်ကြတာလို့ ထင်တယ်။

ကျွန်တော့် တယောက်အတွက် မှန်တာကတော့ ဆွေမျိုးအသိုင်းအ၀ိုင်းနဲ့ အခြေအနေ တွန်းအား မရှိဘူး။ ရည်မှန်းချက် ဆိုတာလဲ ဆယ်တန်းမှာ ငါဆရာဝန်ဖြစ်ရမယ်လို့ မှန်းပြီး စာလုပ်ခဲ့တာလဲ မဟုတ်ဘူး။ အဲဒီခေတ်က ပညာရေးစနစ် ပုံသွင်းတဲ့အထဲ ပါသွားတာပါ။

ဆေးကျောင်းသားတွေမှာ နောက် တူတဲ့အချက်တခု ရှိသေးတယ်။ ဘ၀င်ကိုယ်စီအနည်းနဲ့ အများရှိကြတာ။ ဘ၀င်ဆိုတာ အတိအကျ အသုံးစကား ဟုတ်ချင်မှ ဟုတ်မယ်၊ ဆေးကျောင်း တက်ရတာကို ဂုဏ်ယူကြတာမျိုး ဆိုချင်တာပါ။ အပြစ်မရှိလှဘူး ထင်ပါတယ်။ ဘာလို့လဲဆိုတော့ အဲဒီခေတ်မှာ ဆယ်တန်းအမှတ် အများဆုံးကိုမှ ဆေးလိုင်း သတ်မှတ်တာကိုး။ ဒီတော့ မိဘတွေ၊ ဆွေမျိုးတွေ၊ ဆွေမျိုးတော်ချင်သူတွေ အဖို့ ဒီ စံသတ်မှတ်ချက်ကို လိုက်တာပေါ့။ ကိုယ်ကြိုးစားလို့ ရတာကို ကျေနပ်မှုရှိတာ ပုံမှန်ဘဲ။

ဆွေမျိုးတော်ချင်သူဆိုတာ သိတဲ့အတိုင်း သားမက်၊ ချွေးမရွေးတာပါ။ ဗမာပြည်မှာ အကြိုက်ခေတ် ဆိုတာ ပြောင်းတတ်တယ်။ ခေတ်ကလဲ စနစ်နဲ့ ယှဉ်လိုက်နေသေးတယ်။ စနစ်ဆိုတာ နိုင်ငံရေး၊ လူမှုရေး စတာတွေ ရောနေတာမျိုး။ စစ်ဗိုလ်တွေ ပျိုတိုင်း ကြိုက်တဲ့ နှင်းဆီခိုင်ခေတ်မှာ ကျွန်တော်တို့ ကြီးခဲ့တယ်။ နောက်တခါ ဆရာဝန်က နှင်းဆီခိုင်ဖြစ်လာပြန်တယ်။ ဆိုရှယ်လစ်ခေတ် အတော်ခရီး ရောက်လာတော့ သင်္ဘောသားခေတ် ဖြစ်လာတယ်။ ကိုယ့်တိုင်းပြည်မှာတင် အလုပ်လုပ်ဘို့ အဆင်မပြေတဲ့ အခြေအနေဆိုတာ အဲဒီကတည်းက စခဲ့တာပါ။

စစ်ဗိုလ်တွေ တခါပြန်ပြီး တပါတ်လည်လာတယ်။ ဒီတခါ ပျိုတိုင်းကြိုက်တဲ့ စိန်ပန်းခိုင်။ တချို့လူတွေ စိန်စီနေချိန်၊ ဆန်စားဘို့ မလွယ်သူတွေက များလွန်းနေလို့၊ မုဒိတာပွါးဘို့ ခက်သူက မနည်းဘူး ထင်တယ်။

ကျွန်တော်တို့ ဆေးကျောင်းခေတ်မှာ စတိုင်ပင်က တလ ၇၅ ကျပ်။ ကျောင်းလခနဲ့ အဆောင်ကြေး ပေါင်းမှ ၇၂ ကျပ်တိတိ။ သင်္ဘောသားခေတ်ကနေ နိုင်ငံခြားသွားခေတ် ဖြစ်လာတယ်။ ပိုက်ဆံစကား ပြောရင် သိန်းနဲ့ချီ ပြောလာရတဲ့ အခုချိန်မှာ နိုင်ငံကထွက်ကြရသူကလဲ သိန်းမနည်းတော့ဘူး။

ဆရာဝန်ခေတ်တော့ တကြော့ပြန်တယ် မကြားမိဘူး။ နှင်းဆီခိုင်ခေတ် တုံးကတော့ သူငယ်ချင်းတွေ ရောင်းကောင်းခဲ့တာ မျက်စိအောက်မှာ များလှတယ်တော့ မထင်ဘူး။ မရှိဘူးတော့ မဟုတ်ပါ။ နောက်တော့ အိမ်ထောင်ရေး အဆင်မပြေတာတွေလဲ ကြားရတယ်။ အိမ်ထောင်ရေး ဆိုတာ ကိုယ်ကြိုက်-ကိုယ်ယူ တွေလဲ အဆင်မပြေတာ ရှိတာပါဘဲ။

အိမ်တောင်ရေးစံ သတ်မှတ်ချက်က နေရာဒေသ၊ ခေတ်၊ လူမျိုး၊ ဘာသာ မတူရင် ခြားနားကြတာ အရင်က သိပ်သတိမထားခဲ့မိဘူး၊ ကိုယ်သိထားတဲ့ စံကိုဘဲ ယူတာကိုး။ ပြည်ပရောက်တော့ ခေတ်မီ-ခေတ်ရှေ့ရောက်၊ တိုးတက်တယ်ဆိုတဲ့ တိုင်းပြည်က စံတွေကို ပြည်ပရောက်တွေက နာယူမှတ်သား။ သင်ကြား တတ်မြောက်လာကြတော့ ကျွန်တော်တို့ လင်မယားခေတ်က လူတွေအဖို့ အောက်ကုန်ပြီ ဆိုတဲ့ အတန်းအစား ဖြစ်ကုန်ကြရော။ အမျိုးသမီး အဖွဲ့အစည်း တချို့ကြားထဲ တလင်တမယားဆိုတဲ့ စကား ခါးသတဲ့ဗျ။ ကျွန်တော်တော့ ငယ်ငယ်ကတည်းက ကြိုက်တဲ့ တမာရွက်ကို ပီဇာနဲ့ မလဲပေါင်။

ချုပ်တည်း သည်းခံနိုင်စွမ်း ဆိုတာဟာ၊ လွတ်လပ်စွာ ပြောဆို-ရေးသား-လုပ်ကိုင်ခြင်း ရှိရမယ် ဆိုတာကို ဆန့်ကျင်တယ်လို့ ထင်တာ လွဲနေတယ်။ လူဆိုတာ လက်လွတ်စပယ် မနေ-မပြော-မလုပ်စွမ်း ရှိရတယ်။ ယဉ်ကျေးတာနဲ့ ရိုင်းတာကလဲ အဲဒီအစွမ်းတွေ များတာနဲ့ နည်းတာကို ခွဲခေါ်တာဖြစ်တယ်။ သူများတတွေထက် ချုပ်တီး-အောင့်အီး-သည်းခံနိုင်စွမ်း ကြီးမားသူတွေကို ဆရာတင်ရ၊ ဆီးကပ်ရ၊ ကိုးကွယ်ကြရတာဖြစ်တယ်။ အစဉ်အလာတွေဟာ အတားအဆီးတွေမို့ မလိုအပ်တော့ဘူး၊ လုပ်ချင်တာကို လွတ်လွတ်လပ်လပ် လုပ်သင့်တယ် ဆိုတာ အလွယ်ဆုံး အလုပ်မျိုးပါ။ သတ္တိလဲ မလိုဘူး၊ လေ့ကျင့်ဘို့လဲ မလိုဘူး၊ ရိုင်းရိုင်းပြောရရင် အရှက်နည်းဘို့ဘဲ လိုတာ။

ဗမာပြည်ထဲမှာတော့ နှင်းဆီတွေက မွှေးနေဆဲလို့ ထင်ပါတယ်။

Dr. တင့်ဆွေ

ဆေးကျောင်းသား Medical Student

ကျောင်းသားဘ၀ရောက်တော့ ဖဆပလ ခေတ်မှာပါ။ ၄ တန်း၊ ၇ တန်း၊ ၉ တန်း၊ ၁၀ တန်းတွေက အစိုးရစစ်လို့ ခေါ်တဲ့ တပြည်လုံးအတိုင်းအတာနဲ့ စာမေးပွဲစစ်တဲ့ စနစ်ဖြစ်တယ်။ အခုဆို အရင်လိုမဟုတ်တော့ဘူး။ ၁၀ တန်းကတော့ ခုလဲ မပြောင်းသေးဘဲ အစိုးရစစ် ဖြစ်ဆဲပါ။ ဒါတောင် ၁၂ တန်းစနစ် ပြောင်းတော့မလိုတော့ ကြားနေရတယ်။ အဲဒီတုံးက ၁၀ တန်းအောင်စာရင်းက အောင်ချက် ၁၄% မကျော်ဘူး။ ဘွဲ့ရဆိုတာ အတော်ကို နည်းသေးတယ်။ ဆယ်တန်းကို တက္ကသိုလ်ဝင်တန်း ခေါ်ပြီး၊ ကိုးတန်းကို ဟိုက်စကူးလ်ဖိုင်နယ် လို့ခေါ်ကြတယ်။ သူငယ်ချင်းတယောက်က ကျွန်တော်တို့ ရှစ်တန်း ရောက်တော့ "ဒု-အကြို-တက္ကသိုလ်ဝင်တန်း"လို့ ခေါ်လိုက်တယ်။ အတော် ကြံဖန်ပြောတတ်တဲ့ကောင်။

ရာထူး အခေါ်ဝေါ်တွေအကြောင်း ဆက်ပြောရရင် တော်လှန်ရေးကောင်စီ တက်လာတော့ သူတို့ ကိုယ်သူတို့ ၀န်ကြီး အလုပ်လုပ်ပြီး၊ ၀န်ကြီး မခေါ်ဘူး၊ တာဝန်ခံလို့ သမုတ်တယ်။ အစိုးရ၀န်ထမ်းတွေကိုလဲ ကြွမ်းကျင် အဆင့် ၁၊ ၂၊ ၃ စသဖြင့် ခေါ်တယ်။ အတော်ရှုတ်တာပေါ့။ သံတမန် (ပရိုတိုကောလ်) လုပ်ရတော့ (ဒစ်ပလိုမက်) မှန်သမျှက နားမလည်ကြဘူးတဲ့။ မကြာပါဘူး၊ တနှစ် နှစ်နှစ်လောက်မှာ ဒုံရင်း-ဒုံရင်း ပြန်ရောက်သွားတယ်။ အမေရိကန်တွေကလဲ ၀န်ကြီးဆိုတာ မလုပ်ဘူး။ အဲ့ သူတိုးများကတော့ အနှစ် ၂၀၀ ကြာလဲ မပြောင်းဘူး။ ခေတ် သိပ်နောက်ကျရှာပုံရတယ်။

ရှေးစကားတွေ ပြောရအုံးမယ်။ အဲဒီအချိန်က ကောလိပ်ရောက်ရင် ပဌမ နှစ်နှစ်ကို (အင်တာ)၊ (အင်တာ-မီဒီရိတ်) လို့ ခေါ်တယ်။ (အင်တာ-အေ)၊ (အင်တာ-ဘီ)။ (ဘီအေ)အတွက်က (အိုင်အေ)၊ (ဘီအက်စ်စီ)အတွက်က (အိုင်အက်စ်စီ)။ (အင်တာ) လောက်အောင်ရင်ဘဲ အတော်ဟုတ်လှပြီ။ (ဘီအေ) ဆိုရင် မြို့အုပ်လောက် ဖြစ်မယ်။ (ဘီအက်စ်စီ) က အရှားသား။

အဲဒီအရွယ်တုံးက အရေးပိုင်၊ ၀န်ထောက်ဆိုတာ တခုခု ဖြစ်နိုင်မယ်လို့ ကိုယ့်ကိုယ်ကို ထင်ခဲ့တယ်။ အဲလို မှန်းခဲ့မိတာက “အရွယ်နဲ့ ခေတ်အခြေအနေတွေဟာ လူတွေ ဖြစ်ချင်တာကို လွှမ်းမိုးနိုင်လို့ဘဲ”။ ဆရာဝန်ဖြစ်ဘို့ဆိုတာ အိပ်မက်တောင် မမက်ပါဘူး။ ဘာပြောပြော အဲဒီခေတ် ပညာရေးက နောက်လာတော့မယ့် ခေတ်တွေထက် အတော်ကို ကောင်းခဲ့တယ်လို့ ပညာရေးသမိုင်း ပြန်ပြောသူတွေက တညီထဲပြောကြတယ်။ ရန်ကုန်တက္ကသိုလ်ဆိုတာ အထင်ကရပေါ့။ အာရှမှာတောင် နာမည်ကြီးခဲ့တာ။ အဲဒီခေတ်မယ် အရှေ့တောင်အာရှ ဆိုပြီး ထင်ပေါ်သေးတာ မဟုတ်ဘူး။ (အာစီယံ)ဆိုတာ ဝေလာဝေး။ တောင်အာရှ (ဆပ်ခ်)ဆိုတာလဲ မရှိသေးဘူး။

တော်လှန်ရေးကောင်စီနောက် “မဆလ” လို့ အတိုကောက်ခေါ်တဲ့ ခေတ်မှာလဲ ဘာမဆို ခိုင်ခိုင်မာမာ လုပ်ရမှာမျိုးကို ခဏခဏ ပြောင်းခဲ့တယ်။ ဓါတ်ခွဲခမ်းထဲက (ဂီနီပစ်) တွေလို ခံရတဲ့လူတွေ အများကြီးထဲမှာ ကျွန်တော်ကိုယ်တိုင် ရင်ဆိုင်ခဲ့ရတာကတော့ ပညာရေးနဲ့ ကျန်းမာရေး ကိစ္စတွေပါ။

ဆေးကျောင်းဆိုတာက ရန်ကုန်မှာ တခုတည်းကနေ မန္ကလေး ဖွင့်လာတာ ကျွန်တော်တို့ ရှေ့တင် ဆိုပါတော့။ အဲဒီတုံးက ဆရာတွေရော၊ ဆေးကျောင်းသားတွေပါ အိန္ဒိယသားက များသေးတယ်။ (အင်တာ) နှစ်နှစ်မှာ (မိန်း) လို့လူအများခေါ်တဲ့ မန္ကလေးတက္ကသိုလ်မှာ တက်ကြရတယ်။ ဘာသာက (ဘိုင်အို) ယူရတယ်။ "ဘိုင်အို-ထိုင်ငို"လို့ လူသိများတဲ့ခေတ်ပေါ့။ (အင်တာ) အောင်တာနဲ့ ဆေးကျောင်းကို တက်နိုင်တယ်-မတက်နိုင်ဘူးဖြစ်တယ်။ သိပ်မကြာခဲ့ဘဲ၊ တော်လှန်ရေးကောင်စီ ခေတ်မှာ အပြောင်းအလဲတွေ လုပ်လိုက်တာ ၁၀ တန်း အောင်ချိန် ဆုံးဖြတ်တာမျိုး ဖြစ်လာတယ်။ ၀ိဇ္ဇာ-သိပ္ပံ ဆိုတာ ဖြစ်လာတာလဲ အဲဒီခေတ်က စခဲ့တာ။ ကျွန်တော်တို့တတွေ ဆေးကျောင်းကို တန်းတက်ရချိန်မှာ (မိန်း) ကနေ (၀သ) ခေါ်တဲ့ မန္ကလေး ၀ိဇ္ဇာနဲ့သိပ္ပံ တက္ကသိုလ် ဆိုပြီး၊ ဆိုင်းဘုတ်ပြောင်းလိုက်တယ်။

ကံတရားလို့ပြောတာကို ယုံကြည်တယ်။ ဗုဒ္ဓဘာသာတရားအရ ဆိုတာတင် မကဘူး၊ လက်တွေ့ဘ၀အရပါ ယုံတာ။
အထက်တန်း ကျောင်းသားဘ၀ ဖြစ်ခဲ့တာတခုက အဲလိုသာ မဟုတ်ခဲ့ရင် ကျွန်တော့်ဘ၀လဲ အခုလို ဟုတ်ချင်မှ ဟုတ်မှာ။ ကျွန်တော် ကိုးတန်းရောက်တော့ အသက်က ၁၅ နှစ် မပြည့်ဘူးတဲ့။ အဲဒါ စာမေးပွဲ မဖြေရဘူး။ တရားရုံးသွားပြီး “အသက်ပြည့်ပါတယ်” ကြမ်းကျိန်စာနဲ့၊ ဇာတာအကောင်းစာနဲ့ တင်တာလဲ မရဘူး။ ဒါနဲ့ ၉ တန်းကို မကျဘဲ နှစ်ခါ နေခဲ့ရရော။

ကိုးတန်းဖြေမဲ့ ကျောင်းသားတွေကို စစ်ဗိုလ်စုဆောင်းရေးလုပ်တယ်။ ဒီအက်စ်အေ ၀င်လျှောက်တော့ ရေးဖြေ၊ ဗိုလ်ရွေးအဖွဲ့ သွားဖြေရတယ်။ စစ်တာတွေ အကုန်အောင်ပြီး နောက်ဆုံး မစစ်တာက ကျလို့ စစ်ထဲ မရောက်ရဘူး။ ဆရာဝန်ဖြစ်ဘို့ ကံကဖန်လာတာဘဲ။

ဆေးပညာက သိပ္ပံဘာသာရပ်မို့ သိပ္ပံဘာသာတွဲယူမှ အဆင်ပြေတာမျိုး။ ခက်တာက အဲဒီတုံးက တပြည်လုံးမှာ သိပ္ပံသင်ပေးနိုင်တဲ့ ကျောင်းက သိပ်မရှိသေးဘူး။ ၁၀ တန်းရောက်တဲ့နှစ်မှာ ကိုယ်နေတဲ့ကျောင်းကို သိပ္ပံသင်ပေးနိုင်တဲ့ ဆရာတွေ ရောက်လာအောင် ကံတရားက ဖန်တီးပေးလိုက်တယ်။ ဆရာတွေရောက်မှ ရူပဗေဒ၊ ဓါတုဗေဒနဲ့ သင်္ချာကို တနှစ်ထဲနဲ့ သုံးနှစ်စာ သင်ယူရတယ်။ အဲဒီခေတ်က နောင်ခေတ်နဲ့ ကွာတာက သိပ္ပံဘာသာတွေ အားလုံး အင်္ဂလိပ်လို သင်ရတာ။ အာဏာသိမ်း အစိုးရ တက်ထာတာ နှစ်နှစ် သုံးနှစ်ရှိသေးတယ်၊ စာသင်လို့နှစ်တ၀က် မရှိခင် မြန်မာစာက လွဲရင် အင်္ဂလိပ်လို မသင်ရ လို့ ညွှန်ကြားတယ်။ သင်္ချာကလွဲရင် ဗမာလို ပြောင်းသင်ရ ပြန်ရော။ နိုင်ငံတကာ ဘာသာစကား အားမပေးတော့တာ၊ တလွဲ ဆံပင်ကောင်းခဲ့လို့။ စာမေးပွဲဖြေရင်လဲ ဗမာ-အင်္ဂလိပ် ကပြားဖြေနိုင်တယ်။ “အရည်အချင်းတွေ ရေရောတာမျိုး” စခဲ့တာ အဲဒီကတည်းက။

အစိုးရသစ်က စီမံကိန်းတွေဆွဲတော့ တနှစ်ကို ဆရာဝန် ၅၀၀ ထုတ်ရမှာတဲ့၊ သိပ္ပံမသင်ဘူးသူတွေပါ ခေါ်မှ ငါးရာက ပြည့်မှာကိုး။ ဘာခက်လဲ လူကြံရင် ဘာခံနိုင်မလဲ။ တီထွင်ရတာပေါ့။ အဲဒီ စမ်းသပ်မှုကို ကျွန်တော် လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်။

ဆယ်တန်းအောင် အမှတ်တွေကို စုစုပေါင်းနဲ့စဉ်လိုက်ရင် သိပ္ပံသမားတွေက တပမ်းသာတယ်။ ၀ိဇ္ဇာဆရာ-ဆရာမတွေက အတော် အမှတ်ပေး နှပြောကြ မဟုတ်လား။ အခုထိဘဲဗျ။ ဒါ့ကြောင့် အမှတ်စုစုပေါင်း တခုတည်းနဲ့ မဆုံးဖြတ်ဘဲ၊ IQ + Aggregate စနစ်ကို ထွင်လိုက်တာဘဲ။ ဆိုလိုတာက ဘာသာရပ်တိုင်းကို ဂရိတ် ဆယ်မှတ်စီနဲ့ ပြောင်းတယ်။ အမှတ် ၃၀ ကနေ ၄၀ ကို ဂရိတ် ဘယ်လောက်၊ ၄၀ ကနေ ၅၀ ဆိုဘယ်လောက်၊ စသဖြင့် တွက်တာမျိုး။ ၀ိဇ္ဇာသမားတွေ မနာအောင် လုပ်တာပါဘဲ။ မြန်မာစာ ဆိုပါတော့ ၅၀ ကနေ ၆၀ ဆို ဂရိတ် ကောင်းပြီ။ ဂရိတ်စုစုပေါင်းတာ တူနေရင် အမှတ်ပေါင်း အနည်းအများနဲ့ အဆင့်စီတယ်။ ကျွန်တော် ဘယ်လောက် ကံကောင်းလဲ ဆိုတော့ မြန်မာစာကို ၆၁ မှတ်ရလိုက်တာ ဂရိတ် ကောင်းသလား မမေးနဲ့။ မြန်မာစာကြောင့် ဆေးကျောင်း ရောက်ရတာလို့တောင် ပြောရမလားဘဲ။

ဆယ်တန်းဂေဇက်ထွက်ပြီး ပညာရေးစနစ် အခြေမကျသေးလို့ ချက်ချင်း ကောလိပ် ဆက်မတက်ကြရဘူး။ အလဲ-အပြောင်းတွေပေါ့။ “လဲတဲ့လူတွေ လဲပြီး၊ တက်လာသူတွေက ရှောက်ပြောင်းတာ”ကို ပြောချင်တာ။ ခုနစ်လ-ရှစ်လလောက် ကြာတယ်။ “လုပ်အားပေး”ဆိုတာ စခဲ့တဲ့ ခေတ်ပေါ့။ တပြည်လုံး မူလတန်းကျောင်းတွေကို ဆရာသွားလုပ်ရတာ။ နောင် ဆေးကျောင်းကို ရောက်ပြန်တော့လဲ တက္ကသိုလ် ကျောင်းသားတွေ ကျောင်း ပိတ်ရက်မှာ ကုန်သွယ်ရေး စာရင်းတွေ ၀င်လုပ်ရတဲ့ လုပ်အားပေးဆိုတာ လုပ်ရဘူးသေးတယ်။ “အဓမ္မလုပ်အားပေး”လို့ မခေါ်သေးပါဘူး။

တက္ကသိုလ်ဝင်ခွင့်စာအုပ် ပြာစိမ်းစိမ်းလေးတွေ တအုပ်စီရတယ်။ ဦးစားပေး ၃ မျိုး ရွေးနိုင်သတဲ့၊ အသက်မွေးဝမ်းကျောင်း နှစ်ခုနဲ့ (မေဂျာ) တခု ရေးတင်ရတာ။ (မေဂျာ)ကိုစတာလဲ အဲဒီခေတ်ပေါ့။ အသက်မွေးဝမ်းကျောင်းဆိုတာ ဆေး၊ သွား၊ စက်မှု၊ တိကု၊ စိုက်ပျိုးရေး၊ ဆိုတာတွေ။ ကျွန်တော့်အမှတ်က အကောင်းထဲပါနေတော့ ထိပ်ဆုံးက စ ကိုင်တာဘဲ။ ဆေး ကို ပဌမဦးစားပေး၊ ဟုတ်ပြီ။ ဒုတိယ ဘာရွေးမလဲ။ အစဉ်အတိုင်းက ဆေးပြီးရင် စက်မှု၊ စက်မှုထဲက ဗိသုကာဆိုတာ အဲဒီအချိန်က ကျွန်တော် အကြိုက်ဆုံးဘဲ။ စိတ်ကူးလေးတွေ ပြောင်းလာ ပြန်တာ။ ကျွန်တော်က ပုံဆွဲ ၀ါသနာပါတာမို့ ပုံတွေ၊ ဒီဇိုင်းတွေနဲ့ဆို ကိုက်မယ် ထင်တာကိုး။

အဲ့ ဒါပေမဲ့ ကျွန်တော့်ဘ၀ပေးက ရန်ကုန်သွားပြီး ကျောင်းမနေနိုင်ခဲ့ပါ။ စိတ်မကောင်း တချက်မှ မဖြစ်ပါဘူး။ ဆေးကျောင်းက မန္တလေးမှာလဲ ရှိတာဘဲ။ အဲတော့ မန္တလေး မှာဘဲရှိတဲ့ စိုက်ပျိုးရေးက ဒုတိယ ဦးစားပေး ရေးချလိုက်တယ်။ တတိယ မေဂျာ ကတော့ ဆယ်တန်းအောင်မှတ်ထဲက အများဆုံး ရထားတဲ့ ဓါတုဗေဒ။

အဖြေထွက်တော့ မန္တလေးဆေး။

Dr. တင့်ဆွေ
၁၃-၁၁-၀၉ နေ့က ပြင်ရေးသည်။

၇ နှစ်သင်တန်း Seven Years

ကျွန်တော်တို့ ဆေးကျောင်းတက်ရတာ ၇ နှစ်တိတိခေတ်က၊ ၁၉၆၅-၇၂။ နောက်တော့ ခြောက်နှစ်ခွဲ ဖြစ်သွားသတယ်။ ၇ နှစ်မှာ ပဌမ နှစ်နှစ်က အင်တာ (အင်တာမိဒိရိတ်) လိုပါဘဲ။ ဆေးကျောင်းမှာဘဲ၊ အင်တာဘာသာရပ်တွေ သင်ရတာ။

အယင်က ၁ နှစ်စီ နှစ်တန်း၊ Second MB Junior and Senior လို့ခေါ်ခဲ့တာကို ကျွန်တော်တို့ခေတ် ရောက်တော့ ပေါင်းလိုက်ပြီး၊ Second MB ဒုတိယနှစ် (ဆေး) ၁ နှစ်ခွဲတန်းမှာ တကယ့်ဆေးပညာ အခြေခံတွေစပြီ။ ခန္ဓာဗေဒ နဲ့ ဇီဝကမ္မဗေဒ သင်ကြရတယ်။ မန္တလေးဆေးကျောင်းမှာ ကျောင်းသား ၁၀ ယောက်လောက် တအုပ်စုမှာ လူ့အလောင်းတခု ရတယ်။ ဟုတ်လား မဟုတ်လားတော့ မသိဘူး၊ “ရန်ကုန်ဆေးကျောင်းမှာဆို ဒို့ လောက် အလောင်းမပေါဘူး” ဆိုပြီး အလောင်း အများပြိုင်ကြသေးတယ်၊ ကွယ်ရာမှာပေါ့။ လူ့အရိုးစုလဲ ကျွန်တော်တို့ ခေတ်မှာ မရှားပါဘူး။ တယောက် တစုံ၊ တချို့က တယောက် တခြမ်း ၀ယ်ပြီး၊ ကိုယ့်အခန်းထဲကို ချိတ်ထားကြတာဘဲ။ တစုံကိုမှ ၅၀ ကျော်လောက် ပေးရတယ်။

နောက်နှစ်က ၁ နှစ် ၁ တန်းစီနဲ့၊ နှစ်တန်းမှာ ရောဂါဗေဒ၊ ဆေးဝါးဗေဒ၊ အနုဇီဝဗေဒ နဲ့ လူမှုရေး ဆေးပညာ၊ နောက်ပြီး မှုခင်းဆေးပညာတွေ သင်ရတယ်။ ဆေးရုံလက်တွေ့ ဆိုတာလဲ စတယ်။ စာသင်ခန်းနဲ့ လက်တွေ့ခန်းက ကျောင်းထဲမှာရော၊ ဆေးရုံကြီးမှာပါ။ ကူးချီ-သန်းချီပေါ့။ ကျွန်တော့်အဖို့တော့ တတိယ အမ်ဘီတန်းရောက်တော့ နဲနဲ ပျင်းလာသလိုဘဲ။ စိတ်လေလာတာလဲ ပါတာပေါ့။ နှစ်ဘာသာ ပြန်ဖြေလိုက်ရတယ်။ နှစ်ကျတာတော့ မဟုတ်ဘူး။ (ကွန်ပတ်)လို့ ခေါ်တယ်။ စာမေးပွဲကြီးအပြီး နောက်တလအကြာမှာ လိုတဲ့ဘာသာကိုပဲ ပြန်ဖြေခိုင်းတာပါ။ အမှန်က အဲဒီ ဘာသာတွေဟာ အလွယ်စာရင်းထဲမှာ ပါတာတွေ။ သင်ခန်းစာရသွားလို့ ခက်ပေဆိုတဲ့ နောက်ဆုံးနှစ်တွေမှာ ရှောရှောရှူရှူ ဖြစ်သွားခဲ့တယ်။

ကျောင်းသားဘ၀ဆိုတာ နှစ်ကြာရင် အချိုးအကွေ့ တခုမှာ ပြောင်းတတ်တယ်။ ဆေးပညာဆိုတာက ၁၇နှစ် မာရသွန်နဲ့ တူတယ်။ သူငယ်ချင်းတချို့ ၁၀ တန်းတုံးက ဂုဏ်ထူး (ဒီ) ရခဲ့တဲ့ ဘာသာရပ်ကို ဆေးကျောင်း ပဌမနှစ်တွေမှာ ပြန်ဖြေရတယ်။ ကျွန်တော်ထက် စောပြီး စိတ်လေသွားတာနေမှာပေါ့။ အရွယ်ကလဲ ၁၆ နှစ်ကျော်စ၊ အပြောင်းအလဲ တွေကလဲ ကြီးတာကိုး။ ပတ်ဝန်းကျင်သစ်မှာ အထာမကျဖြစ်တာတို့၊ စိတ်လှုတ်ရှားတာ များသွားတာတို့ ရှိတတ်တယ်။ တိုက်ဆိုင်တာက ဒီအရွယ်တွေကလဲ အဖေါ်ရှာတဲ့အရွယ် ဖြစ်နေပြန်လို့ နှလုံးအကြောင်းသင်ရင် သင်ခန်းစာမှာ မပါတဲ့ နှလုံးသားကိစ္စကို စိတ်ဝင်တစားလေ့လာပြီး လက်တွေ့ပါ ဆင်းကြတယ်လေ။ အံကျပန်ကျ ဖြစ်တာက များပေမဲ့၊ မဖြစ်တာတွေလဲ ကြုံကြရတယ်။ ဆေးကျောင်းတုံးက တွဲခဲ့တဲ့အတွဲတိုင်း နောင်မှာ လက်ဆက်ဖြစ်ချင်မှဖြစ်တတ်တယ်။

တချို့ဆို ကျောင်းမပြီး၊ ဆရာဝန် မဖြစ်လိုက်ရတော့ဘူး။ ခါးတ၀က် ပြတ်သွားတာ ကျွန်တော်တို့ ဘက်ခ်ျ မှာ သူငယ်ချင်း နှစ်ယောက်ရှိတယ်။ မန္တလေးသားတွေ။ စိတ်မကောင်းဖြစ်ခဲ့ရတယ်။ အဲဒီတုံးက။ နောက် ပြန်စဉ်းစားမိရင် ဘာထူးမလဲ ဆရာဝန်ဖြစ်တဲ့လူနဲ့ မဖြစ်တဲ့လူဆိုတာလေး ကွဲလွဲတာအပြင် မထူးပါဘူး။ ဆရာဝန် ဖြစ်ချင်တဲ့ဘက်က နေကြည့်ရင်တော့ အနုတ်သဘော။ ဘက်မလိုက်ဘဲ ကြည့်တတ်ရင် ဘာမှ ထူးတာမဟုတ်။

ဆရာဝန် ဖြစ်ပြီးနောက် တာဝန်ကျဒေသတခုမှာ ဆရာတော် တပါးက အမေးနဲ့ တရားပြဘူးတယ်။ "ဒကာကြီး စစ်ကိုင်း တံတားဟာ အသွားလမ်းလား၊ အပြန်လမ်းလား" တဲ့။ အဲဒီလို သဘောပေါက်ဘို့ ဆေးကျောင်းသားဘ၀ဆိုတာ ငယ်သေးတယ်။ အမှန်ကတော့ နုသေးတာပါ။ အသိဆိုတာ အသက်နဲ့ အမြဲတန်း အချိုးကျတာ မဟုတ်ဘူး။ တ့တားကို တံတားဘဲလို့ မြင်မကြည့်တတ်သေးဘဲ ငါ မန္တလေးကနေသွားရင် တမျိုး၊ စစ်ကိုင်းကဆိုရင်တမျိုး၊ ဘာဖြေရမလဲ စဉ်းစား၊ ချွေးပြန်ခဲ့ဘူတဲ့ အရွယ်ပေါ့။

နောက်ဆုံး ၁နှစ်ခွဲကတော့ တကယ့်နောက်ဆုံး။ နောက်ဆုံးနှစ် အပိုင်း ခ လို့ ခေါ်တယ်။ တနှစ်ခွဲတန်း။ ဆေးပညာ ဘာသာကြီး ၄ ရပ်ပေါ့။ ဆေး၊ ခွဲစိတ်၊ သားဖွါး-မီးယပ် နဲ့ ကလေးဆေးပညာ။ ဆေးရုံကြီး မှာပဲ သင်ရတော့တယ်။ ညလဲ သွားရတာမျိုးလဲ ရှိတယ်။

ဆေးကျောင်းသာ လာတက်ရပြီး၊ စိတ်မပါဘူး ဆိုသူတွေလဲရှိတယ်။ မိဘတွေကြောင့် လာတက်ရတာလို့ ဆိုကြတယ်။ ဘွဲ့ရပြီးရင်လဲ ဆရာဝန် မလုပ်ဘူး ဆိုသူလဲရှိတယ်။ ကျောင်းပြောင်း၊ လိုင်းပြောင်း သွားတာ နဲနဲပါးပါး ရှိတယ်။ ကျောင်းသားဟောင်းကြီးတွေဆိုတာ ရှိသေးတယ်။ မအောင်နိုင်လို့ ပြန်ပြန် ဖြေနေရတယ်။ နောက်ဆုံးနှစ်ဆိုရင် အရင်က ဘယ်လောက်ကြာကြာရတယ်။ နောက်တော့ ၃ ခါ ပြန်ဖြေခွင့် ပေးတယ်။ ညီတော်မောင် တယောက်ဆို Final Part II မှာ ဘယ်နှစ်နှစ် ကြာသွားလဲတောင် မသိတော့ဘူး။

ပညာရေးညံ့လို့ကြောင့် မဟုတ်ဘဲ ဆရာဝန် မဖြစ်လိုက်ရသူတွေလဲရှိတယ်။ ဘာဆိုတာ စဉ်းစားကြည့်ပေါ့။ ခေတ်က အာဏာသိမ်း အစိုးရခေတ်မို့ နိုင်ငံရေးဆိုတာ ဘယ့်လောက် စာထုပ်စာပိုး ပိနေပေမဲ့ သက်ရောက်မှု ရှိတာဘဲ။ နိုင်ငံရေးကြောင့် ကျောင်းထုတ်ခံရတာတွေ နှမြောဘို့ ကောင်းလိုက်တာ။ သူများနိုင်ငံတွေမှာ မရှိတာမျိုး။ ထောင်ထဲက လွတ်လာပြီး၊ အသနားခံတာတွေ၊ ဘာတွေ လုပ်တာတောင် မေဂျာ လိုင်းကိုဘဲ သင်စေတယ်။

ကျွန်တော်က သိပ်နိုင်ငံရေးဆန်ခဲ့တဲ့လူ မဟုတ်ဘူး။ မိသားစုမှာရော အသိုင်းအ၀ိုင်းမှာပါ ခပ်ကင်းကင်းတွေဆိုပေါတော့။ ဒါတောင် Second MB တန်းရောက်တော့ တရုပ်အရေးအခင်းနဲ့ ကြုံတဲ့အခါ ပါခဲ့တာပေါ့။ အစိုးရ ဆန့်ကျင်ရေး မဟုတ်လိုက်လို့ ဘာမှ အရေးယူ မခံရဘူး။ မန္တလေး နန်းတွင်းက ထောင်ထဲမှာ နေ့ခင်း ခေါ်ထားပြီး။ ညရောက်တော့ မန္တလေးတောင်နားက စစ်တပ်တခုထဲ သွားအိပ်ကြရတယ်။ ခြင်ထောင်နဲ့ဘာနဲ့ပေါ့။ နောက်နေ့ညနေ ကျောင်းက အဆောင်မှူးလက်ထဲ ပြန်အပ်တယ်။

သင်ခန်းစာတချို့ ရလိုက်ပါတယ်။ ဆေးကျောင်းသားတွေနဲ့ ၀-သ လို့ ခေါ်ခဲ့တဲ့ ၀ိဇ္ဇာနဲ့ သိပ္ပံ ကျောင်းသားတွေ ချီတက်ပြီး ပေါင်းကြတာ၊ အေလမ်း ဟိုဘက်-ဒီဘက်၊ ကြားမှာ လုံခြုံရေးတွေက တားတာခံရတယ်။ အဟောအပြောကောင်းတဲ့ ဗိုလ်မှူးတယောက်က ပြေရာပြေကြောင်း တရားဟောတာ နာရတယ်။ ဒါလဲ မပြန်ကြလို့  မနက်မလင်း တလင်း အချုပ်ကားတွေ ရောက်လာတဲ့အခါ မတက်ကြဘူး။ စစ်တပ်က လိုက်လျောပြီး၊ တီအီး ၁၁ စစ်ကားတွေ ရောက်လာတယ်။ ထောင်ချီတဲ့ ကျောင်းသား အုပ်ကြီးထဲက ရာဂဏန်းဘဲ ပါလာတော့တယ်။ ဆေးကျောင်းက ၆ ယောက်လား ပါတယ်။ တက္ကသိုလ်ကျောင်းသားတွေ သန့်သန့်မို့ ဖျက်တာ-ဆီးတာ တခုမှ မလုပ်ကြပါ။

အနှစ် ၂၀ ကျော်လို့ ရွေးကောက်ပွဲလုပ်တော့ ဆရာဝန် ၅၀ တိတိ အရွေးခံကြရတယ်။

Dr. တင့်ဆွေ
၁၃-၁၁-၀၉ နေ့က ပြင်ရေးသည်။

ဟောက်ဆာဂျင် House Surgeon

ကျွန်တော် ဆရာဝန်ဖြစ်တာ၊ (အမ်ဘီဘီအက်စ်) ပြီးတာ၊ ၁၉၇၂ အောက်တိုဘာမှာ။ မန္တလေး ဆေးကျောင်းကပေါ့။ ကျောင်းပြီးတာနဲ့ အလုပ်သင်ဆရာဝန် ၁ နှစ်တိတိ လုပ်ရတယ်။ (ဟောက်ဆာဂျင်)လို့ ခေါ်တာ နုတ်ကျိုးနေပြီ။ အမှန်က (ဟောက်ဆာဂျင်) ဆိုတာ တိုင်းပြည်တခုနဲ့တခု မတူဘူး။ (ဟောက်စ်) ဆိုတာ ဒီနေရာမှာ ဆေးရုံကို ပြောတာ။ အမေရိကမှာ တာဝန်ကျရင် အဆင်သင့်ရှိနေရတဲ့ ဆေးရုံက လက်ထောက် ခွဲစိတ်ဆရာဝန်ကို ခေါ်တယ်။ ဗြိတိန်မှာတော့ လုပ်သက်ရင့် ခွဲစိတ်ဆရာဝန်ကို ပြောတာ။ သူ့အထက်က ခွဲစိတ်ဆရာဝန်ကြီးနေရာမှာ ၀င်ယူနိုင်တဲ့ ခွဲစိတ်ဆရာဝန် ဖြစ်တယ်။ နယူးဇီလန်မှာ ခေါ်တာနဲ့ ကျွန်တော်တို့ဆီမှာ ခေါ်တာက ပိုနီးစပ်တယ်။ သူတို့ဆီမှာက ၂ နှစ်လုပ်ရတာဘဲ ကွာတယ်။ ခွဲစိတ်လိုင်း (ဟောက်ဆာဂျင်) နဲ့ သမားတော်လိုင်း (ဟောက်ဖီဇစ်ရှင်) ဆိုပြီး ခွဲထားသေးတယ်။ အိန္ဒိယမှာတော့ (ဟောက်စ်-ဆာဂျရီ) ဒါမှမဟုတ် (အင်တန်းရှစ်ပ်) ၁ နှစ်လုပ်ရတယ်။

ကျွန်တော်တို့ဆီမှာ လက်ထောက်ဆရာဝန် မှန်သမျှကိုလဲ (အေအက်စ်) လို့သာ ခေါ်ကြတယ်။ လက်ထောက် ခွဲစိတ်ဆရာဝန်လို့ အတိအကျ ဘာသာပြန်နိုင်တာပါ။ ဆေးမှူး စတဲ့ တခြားဆေးပညာသယ်တွေနဲ့ အဓိကမတူတဲ့ အရည်အချင်းကတော့ ဆရာဝန်ဟာ လူနာကို ခွဲစိတ်ကုသနိုင်တာ ဖြစ်လို့ပါ။

(ဟောက်ဆာဂျင်) ၁ နှစ်ကို မေမြို့စစ်ဆေးရုံမှာ တာဝန်ကျတယ်။ (ဟောက်)လုပ်ရင်း နေရာပြောင်း (ထရန်စဖါ) ကျတာ အတော်တော့ ရှားမယ်ထင်တယ်။ သူငယ်ချင်း မေမြို့သူ ဟောက်ဆာဂျင်ကို သူ့မိဘတွေက မေမြို့မှာဘဲ လုပ်စေချင်လို့တဲ့၊ သူငယ်ချင်းကတော့ မန္တလေးမှာဘဲ နေချင်တယ် ပြောတာဘဲ။ ဒါနဲ့ ကျွန်တော်နဲ့ လဲရတာ ဖြစ်သွားပြီး၊ သူ့မိဘတွေ ကျေးဇူးနဲ့ ကျွန်တော် မေမြို့စစ်ဆေးရုံကနေ မန္တလေးပြည်သူ့ ဆေးရုံကြီး ပြောင်းရတယ်။

ကျွန်တော့်အကြိုက်လဲဖြစ်သွားလို့ သူ့မိဘတွေကို ကျေးဇူးတင်ပါတယ်။ အကြိုက် ဆိုတာက ကျွန်တော့်အဖို့ မန္တလေးမှာ ပိုအဆင်ပြေတယ်လေ၊ အမျိုးအဆွေတွေလဲ ရှိတာကိုး။ ပိုအရေးကြီးတာက မေမြို့ စစ်ဆေးရုံမှာ ဟောက်ဆာဂျင် လုပ်တဲ့သူတွေ အထဲကနေမှ စစ်တပ်ဆရာဝန်လုပ်ဘို့ ခေါ်လေ့ရှိတယ် မဟုတ်လား။ အမျိုးသားစစ်မှုထမ်း မလုပ်မနေရ ဥပဒေအရပေါ့။ ၃ နှစ် ၀င်လုပ်ရမှာ။ ကျွန်တော်က အဲဒါမျိုး မလုပ်ချင်ခဲ့ဘူး။

စစ်ထဲမ၀င်ချင်တာလို့လဲ အပြတ်ပြောချင်တာ မဟုတ်ပါဘူး၊ ၉ တန်း ဖြေနေတုံးက၊ စစ်တပ်ကနေ လျှောက်လွှာတွေ စာသင်ခန်းထဲအထိ လာဝေတယ်။ မေမြို့ စစ်တက္ကသိုလ် (ဒီအက်စ်အေ) တက်ဘို့ စစ်ဗိုလ် စုဆောင်းရေးပေါ့။ ၀င်ဖြေတယ်။ ဘာရယ်မဟုတ်ဘူးလို့ ပြောရမှာပေါ့။ အဲဒီတုံးက အသက် ၁၅ နှစ်ရှိသေးတာကိုး။ ဆရာဝန် ဘွဲ့ပြီးတော့ ၂၄ နှစ်ရှိပြီ။ ၁၅ နှစ်နဲ့ ၂၄ နှစ်၊ လုပ်ချင်တာ-မလုပ်ချင်တာတွေ မတူတော့ဘူး။ အိမ်ထောင်ကျပြီးပြီ။ အခြေအနေနဲ့ ဘ၀လဲ ခြားနား၊ အကြိုက်လဲ ပြောင်းပြီပေါ့။

မေမြို့ စစ်တက္ကသိုလ်တက်ဘို့ လျှောက်လွှာတင်သူတွေ အဲဒီတုံးက မုံရွာ၊ ခလရ ၁၅ တပ်ထဲ သွားပြီး ရေးဖြေဖြေရတယ်။ လူ ၁၀၀ ကျော်လောက်ရှိမှာပါ။ အဲဒါ လနဲနဲ ကြာတော့ အောင်သတဲ့။ မှတ်မိသလောက် မုံရွာက ၆ ယောက် အောင်တယ်။ ရန်ကုန်သွားပြီး နောက်တဆင့် ဖြေရမတဲ့။ ဖြေတာပေါ့။ ရထား၊ ကား၊ စရိတ်ငြိမ်းမို့ ရန်ကုန်သွား ဖြေဖြစ်တာလဲ ဟုတ်ပါတယ်။

အဲဒီတုံးက ပြည်လမ်း၊ ဗိုလ်ရှုခံနဲ့မျက်နှာချင်းဆိုင်၊ ဗိုလ်ရွေးအဖွဲ့လို့ ခေါ်တဲ့ အိုတီတီ တပ်ထဲမှာ နေပြီး ဗိုလ်ဖြစ်မဲ့သူတွေ ရေးဖြေ၊ နှုတ်ဖြေ၊ တခြား ဖြေစရာတွေ ဖြေရတယ်။ တခြားဆိုတာတွေက စိတ်ပိုင်းမေးတာ၊ စစ်မြေပုံဖတ်တာတို့၊ ကာယ အလုပ်တွေက အတော်ပါတယ်။ တက်တာ-ဆင်းတာ၊ ကျော်တာ-ဖြတ်တာတွေပေါ့။ ဒုတိယအကြိမ် အောင်စာရင်း ထုတ်တော့လဲ အောင်ပြန်ရော။

အံ့သြတာက ကျွန်တော်က အောင်လဲ ထူးပြီး စိတ်လှုတ်ရှားတာ မရှိသလို၊ မအောင်လဲ အသာ အိမ်ပြန်ဘို့၊ ဒုတိယအဆင့် မအောင်လို့ ငိုသူတွေရှိတာ အံ့ရော။ ကျွန်တော်က သူတို့ကို အောင်စေချင်လိုက်တာ။ စိတ်ပါလက်ပါ လုပ်ချင်သူကို ရွေးရင် ဘယ်လောက် ကောင်းလေမလဲ။ စိတ်ပိုင်းစစ်ဆေးသူတွေက မသိလေရော့သလား မပြောတတ်ပါ။

ကျွန်တော် ညံ့တာ ကိုယ့်ကိုယ်ကို အဲဒီတုံးက မသိဘူး။ သူများတတွေက ဘာတွေ မေးမယ်၊ ဘာတွေ ဖြေရမယ်၊ ဘာပြီး ဘာ၊ အတော်သိကြတယ်။ အဲဒါတွေ အားလုံးလဲဘဲ ကျွန်တော့်အဖို့ အံ့စရာတွေ။ ကိုယ်ရချင်-ဖြစ်ချင်တာတွေ ကိုယ်က ကြိုသိထားအောင် လုပ်တယ်ဆိုတာ အမှန်ကတော်တာပါ။ ကျွန်တော်က အတော့ ၈ တန်း၊ ၉ တန်း စာမေးပွဲတွေလို တနှစ် တတန်း၊ သင်ချိန် သင်။ စာကျက်ချိန် ကျက်၊ ဖြေချိန်ကျ ဖြေ၊ ဒီလောက်ထက် ပိုမသိခဲ့ဘူး။

စစ်ထွက် ဦးလေးတယောက်ရှိတာ “မင်း ဘာမေးမေး ဦးအောင်သာဖြေ။ ကြောက်မနေနဲ့” ဆိုတဲ့ အကြံကောင်းလေး တခုတော့ ဆောင်သွားတာ၊ စစ်မြေပုံဖတ်ခိုင်းတော့၊ ဦးလေး အကြံအတိုင်း သူများတွေထက် ဦးအောင် ကျွန်တော် ဖြေတယ်။ ဘယ်နေရာကို ရဟတ်ယာဉ်နဲ့ ဆင်းမယ်ဆိုတာ ကျွန်တော် အရင်ဆုံး ခပ်တည်တည် ပြောလိုက်တယ်။ အမှတ်တော့ရမယ် ထင်တာဘဲ။ စစ်တဲ့သူက ဆက်မေးတယ်၊ နောက်ပြီးတော့ရောတဲ့။ ကျွန်တော် ဘာမှ ဆက်မဖြေ တတ်တော့ပါ။

မကြောက်ရဘူး ဆိုတာတော့ သတ္တိမွေးနိုင်တယ်၊ မသိတာတော့ မဖြေတတ်ဘူး။

တတိယအဆင့်က ဆေးစစ်။ စစ်လိုက်တာ စုံနေတာဘဲ။ မင်္ဂလာဒုံ စစ်ဆေးရုံကြီးမှာ အခေါက်ခေါက်။ နောင် နှစ်အနည်းငယ်ဆို ကျွန်တော် ဆေးရုံ-ဆေးဝန်ထမ်း ဆိုတဲ့ဘ၀ကို ရမယ်ဆိုတာ ကြိုမသိခဲ့ပါ။

ဒါနဲ့ ဆေးစစ်လဲ အောင်တယ်။ အဲ နောက်ဆုံးက ဘာစစ်တာမှတော့ မရှိတော့ဘူး။ ဒါပေမဲ့ ကျွန်တော် ကျတယ်။ လူ ၁၀၀ လား မသိဘူး ရွေးခေါ်တယ်။ ကျွန်တော် မပါဘူး။ ကံတရားပေါ့ဗျာ။

စစ်တာဆေးတာ အကုန်အောင်၊ မစစ်တာကကျ။ အောင်မြင်စွာ ဆုတ်ခွါရတယ်ဆိုတာ ဒါမှ အစစ်။

မေမြို့စစ်ဆေးရုံမှာ (ဟောက်စ်) ၀င်လုပ်ကြရမဲ့ မန္တလေးက အောင်လာကြတဲ့ ကျွန်တော်တို့ သူငယ်ချင်းတတွေ အတော့်ကို ဟောင်းနွမ်း ဆွေးမြေ့နေတဲ့ စစ်ဆေးရုံထဲက တိုက်အိမ်တလုံးမှာ စုနေကြရတယ်။ စာမေးပွဲပြီးကြတာက သြဂတ်စ်လ၊ အလုပ်သင် ၀င်ရတာလဲ မကြာဘူး၊ ဆောင်းတွင်း ရောက်တာနဲ့ စတယ်။ မေမြို့က အေးလိုက်တာလဲ မပြောပါနဲ့။ ကိုယ်က မုံရွာ၊ မန္တလေးမှာ နေလာသူဆိုတော့ မေမြို့ဆောင်းကို ကြောက်တယ်၊ ရေတထပ်ချိုးဘို့ ဆိုတာ စွန့်စားခန်းဘဲ။ ဆရာဝန်စစ်ဗိုလ်တွေ အဲဒီမှာ ဘယ်လိုနေနိုင်ကြလဲ မသိဘူး။

နောက် အနှစ် ၂၀ လောက်ကြာရင် ဒီထက် ပိုအေးလှတဲ့ ချင်းတောင်တန်းကြီးကို ဒီဇင်ဘာလထဲ ၅ ညနဲ့ ၆ ရက်တိတိ၊ ခြေလျင်ဖြတ်ပြီး၊ တိုင်းပြည်ကနေ ထွက်ခွါရလိမ့်မယ်လို့ မခဲ့ပါ။

Dr. တင့်ဆွေ
၂၆-၁၀-၀၈ နေ့ကရေးခဲ့ပြီး ၁၅-၁၁-၀၉ နေ့က ပြင်ရေးသည်။

Thursday, October 8, 2009

ဆေးရုံလှလှ ကောင်းကောင်းမှာ လာတက်ကြမလား

အိမ်အ၀င်မှာ “ကြိုဆိုပါ၏” စာတမ်းလေးချိတ်ထားတာ မင်္ဂလာရှိလှပါတယ်။ ဆေးရုံလို၊ လူအိုရုံလို၊ နေရာမှာ (၀ဲလ်-ကမ်း) ဆိုတာ ရေးထားရင်တော့ တမျိုးကြီး မဟုတ်ပါလား။

နိုင်ငံကြီးများက မြို့ကြီးများရဲ့ ပုဂ္ဂလိကဆေးရုံကြီးတွေမှာ ရောဂါရှာဖွေတာ နဲ့ ဆေးကုသတာတွေမှာ မြန်လဲမြန်၊ စိတ်လဲ ချရတဲ့ ခေတ်ရှေ့ပြေး ကရိယာတန်းဆာပလာ မှန်သမျှ တပ်ဆင်ထားကြပါပြီ။ နည်းပညာအရသာမက လူနာတွေ သက်တောင့် သက်သာ ကိုယ့်အိမ်မှာကိုယ် ရှိနေသလို ခံစားစေရပြီး၊ ရောဂါပျောက်လည်း မြန်ဆန်အောင် စီမံလာထား နေကြပါပြီ။

ခွဲစိတ်ကုသပြီးတဲ့ လူနာတယောက်ရဲ့ အရေးကြီးလက္ခဏာတွေဖြစ်တဲ့ သွေးဖိအား၊ နှလုံးခုန်နှုန်း၊ အသက်ရှူနှုန်း တွေကို ဆရာဝန်က Wireless telemetry ခေါ်တဲ့ အဝေးကနေ ထိန်းကြည်နိုင်တဲ့ စနစ်နဲ့ စောင့်ကြည့် နိုင်ပါတယ်။ အထူးကု ဆရာဝန်တဦးအဖို့ အထူးခန်း ICU ထဲကလူနာရဲ့ အခြေအနေကို ဖုန်းခဏခဏ ဆက်မေးနေစရာ မလိုပါ။ အဲဒီ Telemetry ဆိုတာဟာ ခေတ်ရှေ့ပြေးနည်းပညာ တိုးတက်မှုတွေထဲက တခုဘဲ ရှိပါသေးတယ်။

ဆေးရုံတွေက လူနာ သက်တောင့်သက်သာရှိပြီး အစစအဆင်ပြေစေအောင် အဆက်မပြတ် ဆောင်ရွက် လာကြပါတယ်။ ဆေးရုံးကြီးတွေမှာ စာရွက် မသုံးတော့သလို၊ လူနာတွေကလည်း စာရွက်စာတမ်း၊ ဖလင်ပြား၊ ရီပို့တ်တွေ သယ်လာဘို့ မလိုတော့ပါ။ သူ့ (အိုင်ဒီ)နံပါတ်သာ မှတ်ထားရင် ရပြီ။ ဆေးရုံက အင်တာနက်မှာ အားလုံးကို သိုမှီး သိမ်းဆီးထားပါတယ်။ နောက်ပြီး ဆရာဝန်ကညွှန်းတဲ့ ဆေးဝါးကိုလဲ (ဖါမဆီ-နက်တ်ဝပ်ခ်)ကို တခါတည်း ပို့လိုက်တာမို့ ဆေးဆိုင်ကို သွားနေစရာ မလိုယုံမက ဆေးဆိုင်ကနေ အိမ်တိုင်ယာရောက် လာပို့ပါမယ်။

ဓါတ်မှန်ကိုလည်း ကွန်ပြူတာမျက်နှာပြင်မှာ အချိန်မရွေး ကြည့်နိုင်ပါတယ်။ ဆေးရုံထဲ တနေရာက တနေရာ သယ်ရ-သွားရချိန် နည်းစေအောင် လေစုပ်အား-လေဟာနယ်စနစ် Pneumatic chutes ကို အသုံးပြုထားလို့ လူနာရဲ့ သွေးနမူနာ စတာတွေကို လူနာစောင့်က ဓါတ်ခွဲခန်းတို့ သွေးဘဏ်တို့ကို သွားပို့ပေးစရာ မလိုတော့ပါ။

ဆရာဝန်နဲ့တွေ့ဘို့ ရက်ချိန်းကိုလည်း (အွန်လိုင်း)ကနေ လုပ်နိုင်တယ်။ ဆရာဝန်၊ သူနာပြု ခွင့်ရက်ကအစ ကွန်ပြူတာ (အွန်လိုင်း)မှာ ရှိနေတယ်။

ရောဂါရှာတာ၊ ကူသမှုပေးတာတွေမှာလည်း တိုးသည်ထက် တိုးတက်လာပါတယ်။ Digital x-rays, 64 slice CT-scan, MRI, PET-Scan နဲ့ ၄၀၀၀ သော ဓါတ်ခွဲစမ်းသပ်နည်းတွေကို ပိုမိုတိကျတဲ့ အဖြေရစေကာမို့ ထိရောက် မြန်ဆန် လှပါတယ်။ လူ့အမှားဆိုတာလဲ နည်းစေပါတော့တယ်။ Cutting-edge technologies နည်းပညာတွေ ရယူ သုံးစွဲထား နိုင်လို့ပါ။

ဗိုက်ဖွင့်-ရင်ဖွင့် ခွဲစိတ်နည်းနေရာမှာ ဒါးရာ အနည်းဆုံးနဲ့ အတွင်းထဲ ထည့်ကရိယာတွေ သုံးလာပါတယ်။ ခွဲစိတ်ဆရာဝန်များဟာလည်း လူနာတင်ထားတဲ့ ကုတင်ဘေးမှာ မဟုတ်ဘဲ၊ ခိုင်းသလိုလုပ်ပေးမဲ့ (ရိုးဘော့) စက်ရုပ်တွေကို အမိန့်ပေးတဲ့ ကွန်ပြူတာအနားမှာ ထိုင်ရပါတယ်။ လူ့အမှားနည်း၊ လူ့အသား ထိခိုက်မှုလည်းနည်း၊ ပိုးအ၀င်လည်း နည်းစေပါတယ်။ အပျောက်လည်း မြန်ဆန်၊ လူနာ့အဖို့ အနာလည်းသက်သာ၊ သွေးထွက်နည်းပြီး၊ အိမ်မြန်မြန် ပြန်နိုင်စေပါတယ်။ ကောင်းမှကောင်း ဆိုတာမျိုးပေါ့။

လေပြွန်ထဲကရိယာ ထည့်ကြည့်စစ်ဆေးတဲ့ Endoscopy and Bronchoscopy အတွက် လူနာကို ဆေးရုံတင်ဘို့ မလိုတော့ပါ။ အရင်က တပါတ်စာအလုပ်တွေဖြစ်ကြတဲ့ သည်းခြေအိပ်ထုတ်တာ၊ အူအတက်ထုတ်တာ၊ သွေးလွှတ်ကြော စစ်ဆေးတာ၊ သွေးလွှတ်ကြော ကျဉ်းတာကို ကုတာတွေဟာ တနေ့ထည်းပြီး ကိစ္စတွေသာ ဖြစ်လာပါတော့တယ်။

ဆေးရုံအတွင်းဒီဇိုင်းကိုလည်း (ဖိုက်စတား) ဟော်တယ်တွေလို Aesthetic Interiors နည်းတွေနဲ့ ပြုပြင် တည်ဆောက် ထားလို့ လူနာအဖို့ ကိုယ့်အိမ်မှာ နေနေရသလို ခံစားစေအောင် လုပ်ပေးတားပါတယ်။ အမြင်၊ အထိအတွေ့၊ အနံ့၊ နဲ့ စိတ်ခံစားမှု လေးမျိုးကို အဲလိုနေအောင် လုပ်ထားပါတဲ့။

လီယိုနာဒို-ဒါဗင်ချိ၊ အိုက်ဆက်-နူတန် တို့ခေတ်က စခဲ့တဲ့ (အရောင် သီအိုရီ) တွေ အခြေခံပြီး၊ အရောင်တွေရဲ့ လူ့စိတ်အပေါ်လွှမ်းမိုးမှု သဘောတရားကို အသုံးပြုတာလို့ ဆိုပါတယ်။ ထုံးစံရိုးရာ ဆေးရုံဆိုရင် အဖြူရောင်အစား အရောင်နုကလေးတွေ သုတ်ခြယ်လာပါတယ်။ ကလေးလူနာဆောင်၊ သားဖွါးမီးယပ်ဆောင်တွေဆိုရင် အရောင်ကို ပိုဂရုစိုက်ရပါတယ်။ Loud colors ဆိုတဲ့ အရောင်စိုစို၊ အရုပ်ထင်းထင်း ပန်းချီရုပ်တွေ ရေးဆွဲထားပါတယ်။

အပြင်လှမ်းကြည့်လိုက်ရင်လဲ စိမ်းစိုနေမယ်။ ကလေးတွေ ကစားဘို့ နေရာ-ပစ္စည်းတွေလဲ ထားတယ်။ ဆေးရုံအဆင်း (ဆူဗီနာ)လက်ဆောင်ဝယ်သွားဘို့ ဈေးဆိုင်ကန္နားများလည်း ထားပေးပါတယ်။

ကိုင်း ရောဂါဖြစ်ချင်စရာ ဆေးရုံတက်ချင်စရာ ဘယ့်လောက် ကောင်းပါသလဲ။ မစည်ကားအပ်သော အရပ်တွေထဲမယ် ဆေးရုံဆိုတာလဲ ပါမယ်။ အခုလို ဆေးရုံမျိုးတွေမှာ လူသိပ်စည်မယ်တော့ မထင်ပါ။ ဈေးကြီးလှလွန်းလို့။

ဒီလို ဆေးရုံကြီးမျိုးတခု ကုန်ကျစရိတ်ဟာ RHC ခေါ်တဲ့ ကျေးလက်ကျန်းမာရေးဌာန ၁၀၀ မကကို တိုးတက်အောင် လုပ်ပေးနိုင်ပါလိမ့်မယ်။ ဒီလိုဌာနမျိုးမှာတော့ လူစည်စေချင်ပါတယ်။

Dr. တင့်ဆွေ

Wednesday, October 7, 2009

ကာကွယ်ရေး နှင့် ကုသရေး

ဆေးပညာ စသင်ရလောက်ကတည်းက ကြားကြားနေရ၊ အခုထိ ခိုးလိုးခုလု ရှိတုံးမို့၊ ရေးချင်တာလေးတခုက ကုသရေးနဲ့ ကာကွယ်ရေး။

သူများတွေတော့ မပြောတတ်ဘူး၊ ကာကွယ်ရေးနှင့် လူမှုရေး ဆေးပညာဆိုတာ သင်ရတော့ ကျွန်တော့်အဖို့တော့ အတော် ပျင်းရိခဲ့တဲ့ ဘာသာရပ်ပါ။ သင်ပေးတဲ့ ဆရာအပေါ်လဲ တည်နိုင်တယ်။ ဘာသာရပ်ရဲ့ ဆွဲဆောင်မှုလဲပါမယ် ထင်တာဘဲ။ သေခြာတာကတော့ အသင်ခံရတဲ့ မောင်ကျောင်းသားရဲ့ အခံကိုက အထုံနည်းတာ ဖြစ်မယ်ထင်ပါရဲ့။ နောက်ကြမှ “အော့့် ငါ့ကိုယ်ငါကြ ဗီဇအထုံ လွဲချပြီး၊ အာစရိယနွယ်ဝင် သင်ဆရာကိုတော့ အသင်အပြ မကောင်းဘူး ထင်ခဲ့မိတာ အပြစ် မလွတ်ပါလား” လို့ သဘောပေါက်မိပါတယ်။ ကန်တော့ပါ ဆရာ။

ကျောင်းပြီးသွားတော့ အသီးသီး အသကအသက နေရာဒေသအမျိုးမျိုး ရောက်ကုန်ကြရော။ ဆေးကုပေးရတဲ့ ဆေးရုံဆရာဝန်တို့၊ ရောဂါတိုက်ဖျက်ရေး လုပ်နေရတဲ့ စီမံကိန်းဆရာဝန်တို့၊ အုပ်ချုပ်ရေးဘက် ရောက်သွားတဲ့ ဆရာဝန်တို့၊ စသဖြင့် လိုင်းတွေ ကွဲပြားသွားရတော့တယ်။

အဲဒီခေတ်က ကိုယ်ဖြစ်ချင်၊ လုပ်ချင်တာကို လွတ်လွတ်လပ်လပ် ရွေးဘို့ဆိုတာ သာမန်ပြောရရင် မဖြစ်နိုင်ခဲ့ဘူး။ အခုတော့ မသိပါ။ အနည်းစုဆိုရင် ဆရာဝန်တောင်ဖြစ်ချင်တာ မဟုတ်ဘဲ၊ ဆေးကျောင်း ရောက်လာရတာ ရှိသတဲ့။ ကျောင်းပြီး ပြန်တော့လဲ စာဆက်သင်ချင်သူတွေ-ဆက်သင်နိုင်သူတွေ ရှိသလို၊ မသင်ချင်-မသင်နိုင်သူတွေလဲ ရှိတာပေါ့။ ဘွဲ့လွန် တက်ချင်ပြန်အုံးတော့ ၀ါသနာ အပထားလို့၊ ဘာဘွဲ့လွန်ရရတောင် လုပ်မရတာတွေ အများကြီးဘဲ။ တဗြစ်တောက်တောက် ဘယ်လောက် ပြောပြော၊ ဗမာပီပီ နောက်ဆုံးကြ ကံပေါ့ဗျာ။

သားလေး လေးတန်းအောင်ကတည်းက ကျောင်းထုတ် အလုပ်လုပ်ခိုင်းရသလိုမျိုး၊ ၇ နှစ်ပြီးလို့ အလုပ်လုပ်ရသူဆရာဝန်က ပိုးများတယ်။ ဒီခါကြပြန်တော့ တမျိုး။ နယ်စွန်-နယ်ဖျားရောက်ရသူနဲ့ ဆေးရုံကြီးငယ်တွေ ရောက်သူနဲ့။ အကပ်-အယပ် မတော်သူများ၊ ကံတရားဘဲ မဟုတ်ပြန်ပါလား။ စွန့်စွန့်စားစားဆိုရမလား၊ ကိုယ်ခံ ကောင်းသူတွေလို့ ချီးမွမ်းရမလား၊ တိုင်တပါး ရောက်သွားသူတွေကလည်း မနည်းပါ။ ဆယ်နှစ်၊ အနှစ် နှစ်ဆယ်လောက်မှာ ပြန်ကြည့်လိုက်တော့ အရောင် အသွေးစုံညီ၊ ဘ၀ကိုယ်စီနဲ့ပေါ့။ နဲနဲ ကဗျာဆန်သွားပြီ။

ဘယ်နေရာတွေ၊ ဘာတွေ၊ ဘယ်လို၊ အမျိုးစုံနေအောင် ကွဲပြားပေမဲ့ ချုပ်လိုက်ရင် နှစ်မျိုးထဲလို့ ပြောကြည့်မယ်။ လူနာကို ဆေးကုနေရသူတွေနဲ့ တိုက်ရိုက်ဆေးမကုရသူတွေ။ ဒါကလဲ အလုပ်အကိုင်နဲ့ ခွဲခြားတာမို့ ပြဿနာလုပ်စရာ မရှိပါ။ ရေးချင်တာက အထင်-အမြင် မတူကြတာကိုပါ။ ဆေးကုနေသူတွေကို “ဆေးဘဲကုနေတယ်၊ ကာကွယ်ရေး မလုပ်ဘူး” ဆိုကြတယ်။ ယဉ်ယဉ်ကျေးကျေး ကဲ့ရဲ့တာလို့ ပြောရင် ပြောတဲ့လူက ရိုင်းရာကြမယ်။

ကျန်းမာရေးမှာ ကာကွယ်ရေးဆိုတာ အင်မတန် အရေးကြီးတာကို လက်ခံပါတယ်ဗျာ။ အကြွင်းမဲ့လို့တောင် သုံးလိုက် ချင်သေးတယ်။ ကျွန်တော် ပြောချင်နေတာက ကုသရေးနဲ့ ကာကွယ်ရေး ဘယ်ဟာက ပိုအရေးပါတယ်-မပါဘူး မဟုတ်ပါ။ ကုသရေးနဲ့ ကာကွယ်ရေး၊ လိုင်းတခုမှာ လုပ်နေတဲ့ ဆရာဝန် တယောက်ဟာ နောက်လိုင်းကို မလုပ်ဘဲ မနေဘူး ဆိုတာကို ထောက်ပြပါရစေ။ ဒီအချက်ကို သဘောတူရင် ဘာလို့များ အပြစ်ဆိုနေရသလဲ။ ကဲရဲ့ သဂြုင်္ိဟ် ပြုနေရသလဲ။

တနေ့ကဘဲ ဆရာဝန်တွေ စုရေးနေတဲ့ အင်တာနက်အုပ်စုမှ ဖတ်လိုက်ရတာရှိတယ်။ စပါယ်ရှယ်လစ်တွေ သူ့ စပါယ်ရှယ် မဟုတ်တဲ့ ရောဂါလူနာတွေကို ကုပေးတာကို ရေးတဲ့ဆရာက (အက်သစ်) ရှုဒေါင့်ကနေ ရေးတယ်။ “သိုးမဲ” လို့တောင် ခေါ်လိုက်သေး။ ဒီတော့ (ဂျနရယ်လိုက်စ်) လုပ်လိုက်ရင် “ဆရာဝန်များ ဆေးကုကြသည်။” ဆက်ချင်တာက “ဆေးကုယင်းနဲ့ ပညာပေး-ကာကွယ်ရေးလဲ လုပ်ကြသည်”လို့ ဖြစ်ပါတယ်။

တိုင်းပြည် အပြင်ရောက်နေတဲ့ ဆရာဝန်တွေ အများကြီးရှိတယ်။ (ဖေါ်ဂွတ်) တော့ (ဖေါ်ဂွတ်)ဘဲ။ ကိုယ့် ဆုံးဖြတ်ချက်နဲ့ ကိုယ် ရွေးချယ်ပြီး၊ ကောင်းဘို့ ထွက်လာရင် (ဖေါ်ဂွတ်)ပေါ့။ ကောင်းတာ မကောင်းတာက ကဏ္ဍတခု။ အဲဒီပုဂ္ဂိုလ်တွေ အကြား ပြောကြတာက “ဆေးမကုတဲ့ ဆရာဝန်”၊ “ဆေးဘဲကုနေတဲ့ ဆရာဝန်”။

ဆေးမကုတဲ့ ဆရာဝန်ဆိုတာ ကျန်းမာရေးနဲ့ မဆိုင်တဲ့ တခြားတာဝန်ကို ရွေးလိုက်ကြလို့ပါ။ ဆေးဘဲကုနေတဲ့ ဆရာဝန် ဆိုတာက ဆေးဘိုးဝါးခယူပြီး၊ ဆေးကုနေသူတွေကို ဆိုလိုတာ မဟုတ်ပြန်ပါ။ ထွက်လာစဉ်က ရည်ရွယ်ချက်အတိုင်း ဆရာဝန်အလုပ် မဟုတ်တာ လုပ်နေရင်းက ရသမျှ အချိန်ကလေးမှာ ဆေးကုပေးနေရသူတွေကို ဆိုလိုတာပါ။ ဒီဆရာဝန်မျိုးတွေက ဆေးဘဲ ကုပေးနေတယ်၊ ပြည်သူ့ကျန်းမာရေး မလုပ်ဘူလို့ လက်ညှိုးထိုးတာကို ပြောချင်တာပါ။

တတ်လဲ တတ်လေတော့ အကိုးအကား၊ အညွှန်းတွေတောင် ထည့်ပြောသေးတယ်။ (အယ်လ်မာတာ) ကြေညာချက် ၁၉၈၇ ကနေ စပြောတယ်။ အခု ကဇာကစ္စတန်နိုင်ငံပေါ်လာတော့ (အယ်လ်မတီ) ဖြစ်သွားပြီနော်။ ပန်းသီးတို့ တိုင်းပြည် ဆိုဘဲ။ သိတော့ သိတာပေါ့ဗျာ။ “အားလုံးကျန်းမာ သက္ကရာဇ် ၂၀၀၀ မှာ” ဆိုတာကို အော်ခဲ့၊ လုပ်ခဲ့တာဟာ ဆရာဝန်တိုင်း မဟုတ်ပါလား။

ဆေးပညာကနေ ကျန်းမာရေးလို့ ခေါ်လိုက်တာနဲ့ နိုင်ငံရေး ပါလာပြီ။ နိုင်ငံရေးဆိုတာက တခြားတော့ မထင်ပါနဲ့၊ ကွန်မြူနတီ၊ တိုင်းပြည်၊ ကမ္ဘာ၊ စသဖြင့် ကျယ်ပြန့်တဲ့ အတိုင်းအတာကို ထည့်တွက်ရ၊ လုပ်ရတာတို့၊ ဆေးပညာ သိသူတွေအပြင် တခြားနယ်ပယ်က ပုဂ္ဂိုလ်တွေပါ ပါလာရတာတို့၊ စီမံခန့်ခွဲဘို့ အုပ်ချုပ်ရေးက ပုဂ္ဂိုလ်တွေပါ ပါလာရတာတို့၊ ဒါတွေ စုပေါင်း-စပ်ပေါင်း၊ ဆောင်ရွက်ရတာမျိုးကို ပြောချင်တာပါ။ ဒီအခါမှာ “ဆရာဝန်များက ဆေးစကားထက်မက ပိုပြောလာကြတယ်။” ကွန်မြူနတီ ခေါင်းဆောင်လို၊ အုပ်ချုပ်ရေး ခေါင်းဆောင်လို ပြောလာကြတယ်။ ဒါ့ကြောင့် အတူတူချင်းကို အတူတူ မဟုတ်ဘူး ထင်မြင်လာတာ နေမယ်ထင်ပါတယ်။

သိပ် ခေတ်နောက်ကျန်နေတဲ့ နေရာဒေသတွေအတွက် “ဆရာဝန်မရှိရင်၊ ဘယ်လိုလုပ်မလဲ”။ “အမျိုးသမီးများ ဆရာဝန် မရှိရင် ဘာလုပ်မလဲ”၊ စတဲ့ စာအုပ်တွေဟာ အကြိမ်ကြိမ်ထုတ်၊ ဘာသာပေါင်စုံပြန်ဆိုရတဲ့အထိ ခေတ်စားလာတယ်။ ဗမာပြည်အတွက်လည်း တကယ် အသုံးဝင်လှပါတယ်။ နယ်စပ်တွေ၊ ဒုက္ခသည်တွေရှိတဲ့ နေရာတွေမှာဆို ကျန်းမာရေး (ဘိုင်ဘယ်) ဖြစ်ရော။ အသုံးတော့ အတော်ဝင်ပါရဲ့၊ ဒါပေမဲ့ ကျွန်တော့်အမြင်က သူ့နေရာနဲ့သူ ဖြစ်သင့်တယ်ထင်တယ်။

ဓါတ်ဆားရည်ဖျော်နည်းဆိုရင် သိပ် သင်ဘို့၊ ဟောပြာဘို့ ကောင်းတဲ့ အကြောင်းအရာ တခုပါ။ နဲနဲ အဆီအငေါ် မတည့်တာလေးတခု ရေးရအုံးမယ်။ နိုင်ငံကြီးတခုရဲ့ မြို့တော်မှာ ၀မ်းပျက်တာကို ဆရာဝန် မရှိရင်၊ ဘယ်လိုလုပ်မလဲ စာအုပ်ထဲက ဓါတ်ဆားရည်ဖျော်နည်းအတိုင်း ဆရာဝန်က အလုပ်ခိုင်းပါတယ်။ သူ့လူနာ ဆရာကတော်က ပြန်ပြောတယ်။ “ကျမတော့ ရှင့်နည်းအတိုင်း လုပ်မနေနိုင်ဘူး၊ ဆိုင်က ၃ ကျပ်ပေး ၀ယ်သောက်မယ်” တဲ့။

ဒီလိုဆရာသမားမျိုးတွေက ပြည်သူ့ကျန်းမာရေး ဆူပါ-စပါယ်ရှယ်လစ်တွေ ဖြစ်တယ်။ ဆေးကုတဲ့ ဆရာဝန် ဆိုရင် ကျပ်မပြည်တဲ့ လူတွေလို့ ထင်နေသလား မပြောတတ်ဘူး။ (ပရောဂျက်) ဆရာတွေ၊ ဟိုကော်မတီ၊ ဒီကော်မတီမှာ တာဝန်ရှိဆရာတွေက တမျိုး။ ဆေးကုနေတဲ့ ဆရာဝန်မျိုးဆိုရင် အမျိုးသားကျန်းမာရေး အပြင်ဘက်က လူတွေလို့ အစည်းအဝေးတွေ၊ သင်တန်းတွေမှာ ပို့ချတတ်တယ်။

ကျန်းမာရေးပညာပေးတဲ့ အလုပ်ဆိုတာ အတော် မလွယ်တဲ့ အလုပ်ပါ။ ရိုးရိုး ရှင်းရှင်းလေးနဲ့ မရတဲ့ အလုပ်မျိုးလို့ ထင်ပါတယ်။ “ကဲ့ လာကြပါ၊ ပညာပေးဟောပြောမယ်” ဆိုတာက နည်းတခုတည်းသာ ဖြစ်တယ်။ ပညာပေးပွဲတခု လုပ်ပြီးပြီလို့တော့ အစီရင်ခံစာထဲ ထည့်ရေးနိုင်တာပေါ့။ (ပင်ပလက်)တခု ထုတ်မယ်၊ လေးရောင်ခြယ် ပုံတွေနဲ့။ ကောင်းပါတယ်။ ပညာပေး စာအုပ်တအုပ် ဘာသာပြန်မယ်။ ကောင်းတာဘဲ။ ကက်ဆက် ခေတ်ကုန်ပြီ စီဒီ နဲ့ ထုတ်မယ်။ ဗွီစီဒီ ပိုကောင်းတာဘဲ။ သင်တန်းပေးမယ်။ တဖွဲ့က ဘယ်နှစ်ယောက်စီ။ ခွဲတမ်းချ။ ကောင်းပြန်သေးတာပဲ။ အဲ့ နှစ် အတော်ကြာလို့ ပြန်ဆန်းစစ်လိုက်ရင် ဘယ်လောက် အကျိုးများလာသလဲဆိုတာက ပိုအရေးကြီးပါလိမ့်မယ်။ ကျွန်တော်တို့ နိုင်ငံရဲ့ ကျန်းမာရေး အဆင့် ပြောရရင် ရှက်စရာပါဗျာ။ ကိုယ့်အောက်မှာ ဘယ်နှစ်နိုင်ငံဘဲ ရှိသလဲ။

ဆေးကုနေသူဆရာဝန်ဟာ တကယ် မကျန်းမာသူ လူနာတွေနဲ့ နဖူးတွေ့-ဒူးတွေ့ တွေ့နေရတယ်။ ဆိုပါစို့ အသဲရောင် အသားဝါလူနာ။ ဆရာက လူနာကို ဘယ်လိုက ဘယ်လိုဖြစ်တာ၊ ဘယ်လိုနေပါ၊ စသဖြင့် ပြောရတယ် မဟုတ်လား။ နှစ်ကိုယ်ခြား ပြောရတာ မဟုတ်ဘူးလေ။ လူနာစောင့်တွေလဲ ပါတယ်။ ဘေးမှာလဲ တခြားလူနာတွေ ရှိတယ်။ အဲဒါ ပညာပေးနေတာ မဟုတ်ဘူးလား။ ကာကွယ်ရေးလုပ်နေတာ မဟုတ်လား။ လူ့စိတ်ဆိုတာ သိတဲ့အတိုင်း အခုဖြစ်နေတာကို ပိုအာရုံစိုက်တတ်တယ်။ ဟောပြောပွဲလာ နားထောင်ရတာမျိုးနဲ့ မတူဘူး။ ဒီဘက်မှာ ကျန်းမာရေးဟောပြောပွဲလုပ်ရင် (အင်ဂျီအို)က ဆိုက်ကားခပေးမှ၊ ဆရာဝန်က ဟောပြောပြီးရင် ဆေးကုပေးမှ လူလာတယ်။ ကိုယ့်ရောဂါအတွက် ကိုယ့်စရိတ်နဲ့ကိုယ် လာတဲ့လူနာကို ဖမ်းပြီး ပြောပြရတာက ပိုရောက်တယ်။

အထူးကုဆရာဝန်တဦးကို ဆေးကုတဲ့ဆရာလို့ သတ်မှတ်ကြမယ်ထင်ပါတယ်။ အဲဒီဆရာတွေက ကျန်းမာရေး ပညာပေး စာတွေ ရေးမယ်။ ရေဒီယိုနဲ့ တီဗွီကနေ သူ့ဘာသာရပ်အကြောင်း ဟောပြောကြတယ်။ ကျန်းမာရေး ပညာပေးတာဟာ ကာကွယ်ရေးအတွက် လုပ်နေတာ မဟုတ်ပါလား။

ဆရာဝန်၊ သူနာပြုတွေထဲမယ် စာရေးဝါသနာပါသူ၊ စာရေးတော်တဲ့သူတွေ မနည်းပါ။ သူတို့တတွေက ရေးရင် ပရိတ်သတ် အားကောင်းလို့ ပညာပေးတာ ထိရောက်တယ်။ (ဘလော့ခ်)တွေ ပေါ်လာတော့ နည်းပေါင်းစုံနဲ့ ရေးကြတယ်။ အတုံးလိုက် အတစ်လိုက် မဟုတ်တော့ဘူး။ အသံတွေ၊ ရုပ်တွေ၊ (မူဗွီ)တွေပါလို့ ဆွဲဆောင်မှု ပိုရှိတယ်။ တချို့တွေဆိုရင် ဆေးကုနေသူလဲ မဟုတ်၊၊ (ပရောဂျက်)ဆရာတွေလဲ မဟုတ်ဘူး။ ဆရာဝန် နှစ်မျိုး နှစ်စားမက ဖြစ်သွားရော။ ရောက်ရာ အရပ်ကနေ တတ်သိပညာ-မနေသာ ဆိုသလို ရေးတာ၊ ဘာသာပြန်တာ၊ ဆွေးနွေးတာတွေ လုပ်နေကြတယ်။ ဟို(ဘလော့ခ်) ကနေ ဒီ(ဘလော့ခ်) ထပ်ဆင့် ဖြန့်ပေးသူရှိရင် ပရိသတ် ပိုများသွားပြီပေါ့။ ရုပ်ရှင် ကြိုက်သူများ အားလပ်ချိန်မှာ အောက်နားက ပညာပေးစာလေး ၀င်ဖတ်သွားတတ်သလို၊ ဘာသာရေး (ဘလော့ခ်) ထဲက ရေးထားတာလေး တွေ့သွားမျိုးလဲ ရှိတယ်လို့ (စီ-ဘော်က်စ်) ကနေသိရတယ်။

ဆေးခန်းတွေကနေ (ကွန်ဒွန်) ဝေတာတို့၊ ရေသန့်ဆေးပြားပေးတာတို့၊ ဆရာမတွေကနေ အမျိုးသမီးချင်း လိင်ကတဆင့် ကူးစက်ရောဂါအကြောင်း ပြောပေးတာတို့၊ သားဖွါးပေးရင်း မျိုးပွါးပညာ ပြောပြတာတို့၊ ဒါတွေဟာ ထိရောက် လက်တွေ့ကျတဲ့ ကာကွယ်ရေး-ပညာပေးရေးတွေပါဘဲ။

ချုပ်လိုက်ချင်တာက ဆရာဝန်များသည် ဆရာဝန်တို့ လုပ်အပ်သည်များကို တတ်စွမ်းသရွေ့လုပ်ကြသည်။ ဆေးကု-ကာကွယ်-ပညာပေး၊ အရေးသုံးပါး အားလုံးဖြစ်ပါသည် ခင်ဗျား။

Dr. တင့်ဆွေ

Sunday, August 23, 2009

Clotho (ကလိုသို) နတ်သမီး

(ကလိုသို) နတ်သမီး သို့မဟုတ် ဇာတာထဲကအတိုင်း အသက် ၁၂၀ ရှည်ချင်ပါသလား။

Clotho (ကလိုသို) ဟာ ရှေးဟောင်း ဂရိ နဲ့ ရောမ ဒန္တာရီများမှာပါတဲ့ နတ်သမီးတပါးရဲ့နာမယ် ဖြစ်ပါတယ်။ ရောမတို့အဆိုအရ (အူရန်နို) နဲ့ (ဂီး)တို့ရဲ့ သမီး (နိုနို) (နိုနာ)လို့ခေါ်ပြီး၊ ဂရိအလိုအရ (ဇီးယပ်)ဘုရင်ကြီးနဲ့ မိဖုရားကြီး (ဿီးမီးစ်)တို့၏ ကံကိုစီမံကြကုန်သော သမီးတော်သုံးပါးအနက် အထွေးဆုံးပါ။ အသက်ရှည်ခြင်း-တိုခြင်းမှာ သူမ၏ အလိုအရ ဖြစ်ရပါသတဲ့။


(ပရိုတင်း)အားဆေး တခုကို (ကလိုသို)လို့ နာမယ်ပေးထားတယ်။ ဖိုးသက်ရှည်-ဖွါးသက်ရှည်ဖြစ်အောင် (ကလိုသို) အပါအ၀င် Life extension drugs နှင့် Anti-aging drugs တွေဟာ စမ်းသပ်ဆဲ အခြေအနေမှာသာ ရှိပါသေးတယ်။ (အွန်လိုင်း) ကြော်ညာတွေကတော့ များလှပါဘိ။

“အသက်ရှည်စွာ၊ အနာမဲ့ကြောင်း” ဆိုတာ ကမ္ဘာဦးအစကတည်းက လူတွေ ရလို၊ ဖြစ်လိုတဲ့ အိပ်မက် မဟုတ်ပါလား။ သိပ္ပံစာရေးဆရာများကလည်း ရေးခဲ့လှပါပြီ။ ဥပမာ (ကွတ်-ဗွန်နဂတ်)၏ နက်ဖြန်-နက်ဖြန်-နက်ဖြန် ၀တ္ထု။ နောက် ရှေးဟောင်းဂရိ ၀တ္ထုတပုဒ်မှာလည်း (အီယို)နတ်သမီးက (တီသိုနီးယပ်စ်)ကို ချစ်ကြွမ်းဝင်ပြီးသကာလ၊ သူ့ချစ်သူကို အသက်မသေသူအဖြစ် ဖန်ဆင်းပေပါရန် (ဇီးယစ်) ဘုရင်ကြီးထံ လျှောက်ထားတဲ့အခါ၊ (ဇီးယစ်)ကလည်း တလုံးတ၀တည်း ပြည့်ဝစေသတည်း လုပ်ပေးပါသတဲ့။ မေ့သွားလိုက်တာ တခုကတော့ အစဉ်အမြဲ နုပျိုနေအောင် ဆိုတဲ့ဆု မပါလိုက်လို့ (တီသိုနီးယပ်စ်)ဟာ မသေပေမဲ့ အို-အို-အိုပြီးသကာလ နှံကောင်လောက်သာ အသံထွက်နိုင်တဲ့ဘ၀ ရောက်သွားရပါတော့တယ်။

တကယ်တန်း လိုချင်သလောက် အသက်ရှည်ဘို့အရေးကတော့ အတော်ကြီး ဝေးပါသေးတယ်။ ကြွက်တွေကို စမ်းသပ်ချက်အရ (ကလိုသို) မျိုးဗီဇ ဟာ ကယ်လ်စီယံ၏ အလုပ်တွေကို သက်ရောက်စေပြီး၊ (ကလိုသို) မျိုးဗီဇ ပြောင်းလဲသွားလို့ ကြွက်မှာ အိုစာသွားရကြောင်း တွေ့ရပါတယ်။ ဆက်ပြီးစမ်းတော့ (ကလိုသို)ဟာ ဦးနှောက်၊ ကျောက်ကပ်၊ (ပါရာသိုင်းရွိုက်-ဂလင်း) တို့မှာလည်း ပုံမှန်မဟုတ် ဖြစ်လာကြောင်း တွေ့ရပြန်ပါတယ်။

လူတွေဟာ အသက်ကြီးလာတာနဲ့ (ကလိုသို)လျော့နည်းလာကြတယ်။ (ကလိုသို)ဟာ သွေးတိုးကို ထိန်းဘို့ အသုံးချနိုင်ပုံရတာကို ခုရက်ပိုင်းလေးမှာ သိလာရတယ်။ (ကလိုသို)ကို ထိုးဆေးတလုံး ထိုးပေးတာနဲ့ သွေးတိုးကို ၃ လလောက်ကြာအောင် ထိန်းထားနိုင်တယ်လို့ ဆိုပါတယ်။ ဈေးကွက်ထဲ ရောက်လာရင် အတော်ကောင်းမှာပါ။

(ကလိုသို) မျိုးဗီဇဖြစ်ပြီး၊ သူ့ကိုဆွပေးတဲ့အခါ အသက်ကြီးခြင်းရဲ့ လက္ခဏာတွေဖြစ်တဲ့ အရိုးအားနည်းလာတာ၊ သွေးလွှတ်ကြောများအတွင်း သွေးသွားလာမှု နှေးကွေးလာတာ၊ ကြွက်သားများ အားယုတ်လာတာတို့ကို သက်ရောက်စေတာ တွေ့လာရတယ်။ (ကလိုသို) ကို ပိုမိုတက်ကြွအောင် လုပ်ပေးလိုက်တဲ့ ကြွက်ဟာ သာမန်ကြွက်ထက် အသက် ၂၀% မှ ၃၀% ပိုရှည်တာကို တွေ့ရပါတော့တယ်။ ဒါ့ပေမဲ့ ကလေးရတာတော့ နည်းသွားပါသတဲ့။ နောက်ဆိုးတာတခုက သကြားဓါတ်ထိန်းပေးတဲ့ (အင်စူလင်)ကိုလည်း သက်ရောက်တာမို့ "ဖိုးသက်ရှည် ဆီးချိုသမား" ဖြစ်သွားနိုင်ပါသတဲ့။

Thursday, August 6, 2009

လှယုံမက ၀ချင်သေးရင်

ကိုယ်အလေးချိန် တိုးချင်တာ လွယ်တဲ့ကိစ္စတော့ မဟုတ်ပါ။ မွေးရာပါ မျိုးဗီဇကိုက skinny body type ခပ်ပိန်ပိန် သမားများအတွက် ပိုခက်ပါမည်။ ငါးကျီးခြောက်ကြပ်တင်လို့၊ ငါးဖေါင်ရိုးခြောက်လို့ အခေါ်ခံနေရနိုင်တယ်။ ငါးများမှာတောင် ပိန်ရင် ငါးရာ-လူရာ မသွင်းဘူးထင်ပါရဲ့။ ကဲ ဘယ်လို အ၀တိုးကြမလဲ။

ဝချင်ပါရင် အရင်ဆုံးရောဂါဘယတွေ ကင်းနေဘို့လိုပါတယ်။ သိတဲ့အတိုင်း နာတာရှည်ရောဂါတွေက လူကို ပိန်သွား စေပါတယ်။ HIV-AIDS ကင်ဆာ၊ တီဘီ၊ လည်ပင်ကြီးဟော်မုန်းများနေသူ စသူတွေပါ။ တီဘီ ဖြစ်နေသူတယောက် ဆေးပါတ်လည်လို့ ပျောက်လာရင် သေခြာပေါက် ၀လာပါတယ်။ တိတိကျကျဆိုရရင် ညိုပြီး ၀လာတာပါ။ ကိုယ်အလေးချိန် ချိန်ကြည့်တာ ကောင်းတဲ့အကျင့်ဖြစ်လို့ ဟော်တယ်တွေက ရေချိုးခန်းထဲမယ် weighing machine ထားပေးတတ်တာပေါ့။ နေကောင်းပါလျက် ၀မလာတာသူတွေအတွက် ဒီစာရေးတာပါ။ ၀နေလျက်ကနဲ့ နေမကောင်းသူတွေလဲရှိတာကိုး။

ခပ်မြန်မြန် သဘောပေါက်အောင်ပြောရရင် ၀ချင်ရင် ကြီးကြီးကြံပါလေ။ များများကြီးစားပါ။ ကျွန်တော်တို့ အိန္ဒိယကို ရောက်ခါစ ဦးမာသီရိ ဆိုတဲ့ စာပေဆုရဘူးသူ မိတ်ဆွေကြီးကပေးတဲ့ အကြံတခုက ဘာလဲဆိုတော့ “တံငါဖြစ်မှတော့ ငါးကြီးကြီးမျှားပါ”တဲ့။ တခါစားလဲ များများ၊ အကြိမ်လဲများများ၊ ထမင်းလုပ်ကြီးကြီး၊ ထမင်းပန်းကန်အစား ဇလုံ၊ ယောက်ချိုလို ဇွန်းကြီးကြီးသုံးပါ။ အတွေ့အကြုံအရပြောရရင် လူကောင်ကြီးသူတွေ လက်ရေးလက်သားသေးသေး၊ လက်မှတ်က ငယ်ငယ်လေးဖြစ်တတ်တယ်။ အဲတော့ လက်ရေးပါပြောင်းချင်ပြောင်းလို့ အကြံပေးရမလားဘဲ။

ဝချင်ရင် အလေး(၀ိတ်)မ ခိုင်းတာ ငြင်းစရာတော့မရှိပါ။ များများစားဘို့လောက်တော့ မထိရောက်ပါ။ ပိန်သူတွေရဲ့ ဇီဝကမ္မ ဆိုတဲ့ သက်ရှိတို့ထုံးစံလုပ်ပေးနေရတဲ့ ဖြစ်စဉ်ကိုယ်၌က မြန်မြန်ကြီး လုပ်နေသူတွေဖြစ်လို့ (ကယ်လိုရီ)တွေ ပိုရဘို့ လိုပါတယ်။ စာသင်သလို ပြောရရင် အဆင့် ၅ ဆင့်။
၁။ ခါတိုင်း တနေ့မှာ (ကယ်လိုရီ)ဘယ်လောက်စားနေသလဲ။ ကိုယ်အလေးချိန် ချိန်ထားပါ။
၂။ စားနေတာထက် ၅၀၀ (ကယ်လိုရီ)ပိုစားပါ။ စားနိုင်အောင် ခါတိုင်း တနေ့ ၃ ထပ်ကနေ ၄-၅ ထပ်စားပြစ်လိုက်ပါ။
၃။ (၀ိတ်)မ ပါ။ gym သွားချင်သွား၊ အိမ်မှာဘဲ လုပ်လုပ်။
၎။ ကိုယ်အလေးချိန် ပြန်ချိန်ပါ။ တပါတ်အပြီး ၁-၂ ပေါင်တိုးရင် ကောင်းတယ်။ ၁၀ ပေါင်မတိုးချင်ပါနဲ့။ ကျန်းမာရေးအရ အကောင်း မဟုတ်ပါ။ ၁ လကုန်ရင် ၅-၈ ပေါင်တိုးတာ ကောင်းတယ်။
၅။ အလေးချိန် ဆက်မတိုးရင် နောက်ထပ် (ကယ်လိုရီ) ၂၅၀ ပိုစားပါလေ။

တနေ့ (ကယ်လိုရီ)ဘယ်လောက်လိုတာကို ဦးတိကျတွေအတွက် ဖေါ်မြူလာရှိတယ်။ အရင်ဆုံး ဘာမှမလုပ်ဘဲ နေတဲ့အချိန်မျိုးမှာ လိုမဲ့နှုန်းထားကို တွက်ရတယ်။ Resting Metabolic Rate (RMR) လဲခေါ်တယ် Basal Metabolic Rate (BMR) လဲခေါ်တယ်။ လမ်းလဲမလျောက်၊ ပြေးလဲမပြေး၊ အသားလေးနေတုံး ကိုယ်ခန္ဓာက အသက်ရှူဘို့၊ နှလုံးခုန်ဘို့၊ အစာခြေနေဘို့ စတာတွေရဲ့ ဇီဝအလုပ်တွေအတွက် လိုအပ်ချက်ကို ပြောတာပါဘဲ။

ပျင်းတော့ ပျင်းစရာကြီး။ သင်္ချာလို ထပ်ရှင်းရအုန်းမယ်။
RMR = 9.99w + 6.25h - 4.92a + 166g-161
w = ကိုယ်အလေးချိန် ကီလိုဂရမ်၊ h = အရပ် စင်တီမီတာ၊ a = အသက် နှစ်၊ g = ကျား-မ၊ (ကျား = 1 မ = 0)
တနေ့တာလိုမဲ့ (ကယ်လိုရီ) သိဘို့ RMR ကို 1.25 နဲ့ မြှောက်လိုက်ပါ။ ဘယ်အစားက (ကလိုရီ)ဘယ်လောက်ဆိုတာ စာရှည်မှာစိုးလို့ မထည့်တော့ပါ။ သီးခြားစာမှာ ဖတ်ပါလေ။

ပိုပြီးစားနိုင်အောင် စားပုံစားနည်း ပြောင်းသင့်ရင် ပြောင်းရမယ်။ အ၀စား ၃ ခါနဲ့ အဆာပြေ၊ သွားရည်စာ ၂ ခါ၊ ၃ ခါ စားပါ။ ကော်ဖီ၊ လက်ဘက်ရည် သောက်မဲ့အစား၊ နွားနို့၊ သစ်သီးဖျော်ရည် သောက်ပါ။ ပေါင်မုံ့စားရင် အညိုက အဖြူထက် ပိုတယ်။ အသီးအရွက်မှာလဲ ရေများများပါတာမျိုးဖြစ်တဲ့ ဂေါ်ဖီ၊ ပဲစိမ်းစားဥ၊ သခွါးသီးတို့ထက် အာလူး၊ ပဲမျိုးစုံ၊ မုံလာဥနီ၊ ပြောင်းဖူးတို့က သာတယ်။ အသီးတွေဆိုရင် လိမ်မော်၊ ပိခ်ျ၊ ဇီးသီး၊ ဖရဲသီးတွေထက် ငှက်ပျောသီး၊ သစ်တော့သီး၊ ထောပတ်သီး၊ နာနတ်သီး၊ ပန်းသီးတွေက သာတယ်။ (ဆု-ပ်)ဆိုတဲ့ ဟင်းရည်ဆိုရင် (ခရင်)ပါတာက အကြည်ရည်ထက် သာတယ်။

ဖြစ်နိုင်သမျှအစားအသောက်တွေထဲမယ် စားသုံးဆီထည့်ရပါမယ်။ သံလွင်ဆီ၊ အုန်းဆီ၊ ထောပတ်ဆီတို့က နေကြာစေ့ဆီ၊ ပဲဆီတို့ထက် သာတယ်။ သာတယ်ဆိုတာ (ကယ်လိုရီ)ပိုရတာကို ပြောတာပါ။

မဖြစ်မနေစားရမှာက (ပရိုတင်း)ဓါတ်ပါအစာတွေဖြစ်တယ်။ အသားမျိုးစုံ၊ ငါးမျိုးစုံ။ စားနိုင်တဲ့ အသားအမျိုးမျိုးအပြင် (ကယ်လိုရီ) များများပါတဲ့ ထောပတ်၊ ဒိန်၊ (အောလစ်ဖ်)ဆီ၊ (ခရင်မ်)ဆိုတာတွေ ထပ်ဖြည့်ပါ။ အသားမစားသူတွေလဲ ၀နိုင်တာပါ။ ကြွက်သားတွေ မာတင်းပြီး သန်ချင်ရင်တော့ အသားစားသူများက ပိုသာပါတယ်။

ရှောင်သင့်တာတွေကတော့ ကျန်းမာရေးနဲ့မကိုက်တဲ့ trans-fats တွေများတဲ့ (ပက်စထရီ)၊ ကိတ်၊ ကွတ်ကီး၊ ပြုပြင်ထားတဲ့ အသား-ငါး၊ (မာဂျရင်)၊ အလွယ်ဝယ်ရတဲ့အစားအစာတွေပါ။

စိတ်လှုတ်ရှားမှုတွေဟာ (ကလ်လိုရီ)အတော်ဖြုန်းပြစ်တယ်။ ဒါ့ကြောင့် စိတ်အေးအေးထားနိုင်အောင် လွမ်းစရာဝတ္တုတွေ မဖတ်နဲ့။ ဟောလိဝုဒ်က သရဲကား၊ (အေလီယန်)ကား၊ (အက်ရှင်)ကားတွေ မကြည်နဲ့၊ ဇာတ် မနာနာအောင်ရိုက်ထားတဲ့ ကိုရီးယားကား၊ ကုလားကားတွေ မကြည့်နဲ့။

စာခိုင်းတာတော့ ဟုတ်ပါပြီ၊ စားချင်စိတ် ပိုကောင်းအောင် ဘယ်လိုလုပ်မလဲ။ ဗီတာမင် ဘီအုပ်စုစားဆေး၊ သောက်ဆေး၊ ထိုးဆေးတွေက အထောက်အပံ့ ပြုပါမယ်။ Cyproheptadine (Cypon) ဆိုတဲ့ဆေးက (အလာဂျီ) စတာတွေအတွက် ဆေးဖြစ်ပေမဲ့ anorexia nervosa ခေါ်တဲ့ စားချင်သောက်ချင်စိတ် နဲနေသူတွေအတွက်လဲ ပေးနိုင်ပါတယ်။ ကလေးတွေဟာ နဲနဲဖြစ်လိုက်တာနဲ့ ကျသွား၊ ပိန်သွားဖြစ်တတ်တယ်။ (Cypon) တိုက်ရင်လဲ ခဏနဲ့ ပြန်စားချင် လာကြတယ်။ နောက်တခုက အစပ်စားတဲ့လူ၊ (မဆလာ)ကြိုက်သူ၊ အချဉ်ပါမှဆိုသူတွေ ခံတွင်းတွေ့ရင် စားသာစားပါလေ။ အစပ်တို့၊ ဟင်းခပ်အမွှေးအကြိုင်တို့ဆိုတာ စားချင်လာအောင်လုပ်ပေးတဲ့တန်ဘိုးရှိတာတွေပါ။ တရူပ်နံနံ(ကြံမဆိုင်) ခပ်ထားတဲ့ ဟင်းချိုရည်က ပိုချိုးသလိုမဟုတ်လား။

ကိုယ်ခန္ဓာကြီးထွားစေတဲ့ ဟော်မုန်းဆိုတာ လူ့ဦးနှောက်ကနေ ထုတ်ပေးနေတယ်။ အလေးမသူများ ကြွက်သားတွေ သန်မာလာတာ သူ့အစွမ်းပါ။ သဘာဝမဟုတ်ဘဲ အပိုဆောင်းချင်သူတွေအတွက် (စတီရွိုက်)ဟော်မုန်းဆေးတွေလဲ ရှိနေပါတယ်။ Growth hormone (GH), Growth factors and Testosterone-based analogs ဆိုတာတွေပါ။ ဒီဆေးတွေကို အရွယ်လွန်သူ ယောက်ျားတွေအတွက်ရော အားကစားသမားများအတွက်ရော သုံးနေကြပေမဲ့၊ သန်လာ၊ ကြီးလာအောင်လုပ်တာက အဓိကပါ။ ဒါပေမဲ့ ဟော်မုန်းဆိုတာ အစွမ်းကြီးပေမဲ့ သတိကြီးကြီးထား သုံးရတာမျိုးဖြစ်ပါတယ်။

ချုပ်လိုက်ရင် ရောဂါကင်ရှင်း၊ ထမင်းဟင်းများများ၊ ဆေးဝါးလဲစား၊ အလေးလဲ မပါခင်ဗျား။

ဆူမိုနည်း ကျန်သွားတာ ထပ်ဖြည့်ပါရစေ။
ဆူမိုနပမ်းသမားနည်းက (ကယ်လိုရီ)များတဲ့အစာတွေစား၊ အဆီများစေနဲ့။ (အင်စူလင်)ဆိုတဲ့ သကြားဓါတ်ထိန်းတဲ့ ဟော်မုန်းကို ဆွပေးစေတယ်။ (ကယ်လိုရီ)များရင် သိမ်းထားတဲ့ အဆီကို ထုတ်မသုံးစရာမလိုတော့ဘူး။ တခါတည်းများများစားနိုင်အောင် တချို့ မနက်စောစောစာ မစားဘဲနေတယ်။ ဆူမိုနပမ်းသမားတွေ တနေ့ကို (ကယ်လိုရီ) ၆၀၀၀ ကနေ ၂၀၀၀၀ အထိစားသတဲ့။ သူလိုကိုယ်လိုတွေက တနေ့မှ ၂၀၀၀-၃၀၀၀ သာစားတယ်။ အရက် (ဘီယာ)လဲ သောက်ပါတဲ့။ တထိုင်ထဲ ဘီယာ ဗူး ၁၀၀ ကုန်သူဆိုတာ ရှိဆိုဘဲ။ လေ့ကျင့်ခန်းပို ပြင်းပြင်းထံထံ နေ့တိုင်းလုပ်တာကြောင့် အစားစားချင်စိတ်တွေ ပိုလာတယ်။

ကနေ့ကျန်းမာရေးသတင်း အသစ်စက်စက်တခုက ဘာပြောလဲဆိုတော့ မျောက်တွေကို စုထားပြီး စမ်းတဲ့အခါ အကောင်ကြီးသူတွေက နိုင်ချင်လို့ စိတ်ညစ်တဲ့မျောက်တွေမှာ အဆီစုပြီး ၀မ်းခေါင်းကျယ်လာသတဲ့။ ကောက်ချက်ဆွဲရင် လူမှုစိတ်ဒုက္ခတွေကြောင့် ၀စေတယ် ဆိုဘဲ။ နိုင်လိုမင်းထက် အနှိပ်စက်ခံနေရသူများ အတော်ဘဲပေါ့။

Thursday, May 21, 2009